Ch 5
Viewers 1k

🌻 Chapter 5



စတုတ္ထမင်းသား၏ စာကြည့်ဆောင်တွင်၊ ကမ်းချန်အန်းက မြေပြင်ပေါ်တွင် ဒူးထောက်နေပြီး ထိတ်လန့်နေသော မျက်နှာဖြင့်  "စတုတ္ထမင်းသားကို တင်ပြပါတယ်၊ လန်အာက အိမ်မှာနေတုန်းကတော့ အနည်းငယ် ထိုင်းမှိုင်းပေမဲ့ ဝီရိယရှိပြီး လိမ္မာရေးခြားရှိပါတယ်၊ ဘာမှ ထူးခြားတာမျိုးမရှိလို့ ကျွန်တော်မျိုးက မင်းသားကို ဆက်သခဲ့တာပါ"


လိမ္မာတယ်? ဟက်... အပြင်ပန်းတော့ ဟုတ်သား၊ တကယ်ကျ သူမက အရမ်းစည်းမဲ့ကမ်းမဲ့နိုင်တာ။


ယင်ကျန်း စဉ်းစားကြည့်လိုက်သည်။ ဖြစ်နိုင်သည်မှာ သူတစ်ယောက်တည်းသာ သူမစိတ်ထဲကအသံကို ကြားနိုင်ခြင်းဖြစ်မည်။ အဘယ့်ကြောင့်ဆို ထိုအချိန်က ချန်ကော်ကော်နှင့် အခြားအစေခံများ ရှိနေခဲ့သော်လည်း ၎င်းတို့ မျက်နှာပေါ်တွင် မည်သည့်အရာမှပြောင်းလဲသွားခြင်း မရှိသောကြောင့် ဖြစ်သည်။


မူလတွင်သူသည် အိမ်တော်သို့ ဆရာတစ်ဦးပင့်ကာ အစီအရင်တစ်ချို့လုပ်ရန် စဉ်းစားခဲ့သေးသည်။ သို့သော် ခမည်းတော် ဧကရာဇ်မင်းမြတ်မှာ ဗုဒ္ဓဘာသာကိစ္စနှင့် ပတ်သက်၍ သူ့အား အပြစ်တင်ထားခါစဖြစ်သောကြောင့် သူ့ကိုယ်သူသာ ထိန်းချုပ်လိုက်ပြီး ခမည်းတော်ကို ထပ်မံ၍ ဒေါသထွက်အောင်မလုပ်သင့်ပေ။


တကယ်တမ်းကျ ဘိုးတော်ဧကရာဇ်မင်းမြတ်လည်း လောကကြီးကိုစိတ်ကုန်သွားလို့ ဘုန်းကြီးဝတ်သွားခဲ့တာပဲမလား။


သူကိုယ်တိုင်လည်း ဗုဒ္ဓဘာသာအား အလွန်စိတ်ဝင်စားသော် လည်း တိုင်းပြည်အတွက် အကျိုးပြုပြီးပြည်သူများကို အကျိုးဆောင်ပေးမည့် အခွင့်အရေးကို စွန့်လွှတ်ကာ မည်သို့တရားကျင့်လို့ ရမည်နည်း။


"ထပါ၊ မင်းက အိမ်မှာ ဘာမှ လုပ်စရာမရှိဘူးလို့ ကြားတယ်၊ ငါ့စံအိမ်တော်မှာ မီးသွေးရောင်း၀ယ်ရေးက ကြီးကြပ်ရေး တာဝန်တစ်ခု လစ်လပ်နေတယ်၊ မင်း လုပ်ချင်လား"


"ဟုတ်ကဲ့၊ သေချာပေါက် လုပ်ချင်ပါတယ်ခင်ဗျာ"


ကမ်းချန်အန်း ဝမ်းသာသွားသည်။ သူသည် အစတွင် ထိုမိန်းမယုတ်လေး သူ့အတွက် ပြဿနာရှာထားသည်ဟု ထင်ကာ ကြောက်ရွံ့စွာဖြင့် အဆူခံရန်ရောက်လာခြင်းဖြစ်သည်။


သို့သော် အခြေအနေများမှာ ရုတ်တရက် ပြောင်းသွားပြီး စတုတ္ထမင်းသားက သူ့ကို မျက်နှာသာပေးလာလိမ့်မည်ဟု မထင်ခဲ့ချေ။


ယင်ကျန်းက လက်ယမ်းပြကာ ကျန်းတာ့နျန်အား သူ့ကို ခေါ်သွားပြီး စီစဉ်ပေးရန် အမိန့်ပေးလိုက်သည်။


ကမ်းချန်အန်းက ပြုံးလျက်  "မိန်းမစိုးခေါင်းဆောင်ကြီး... ကျွန်တော့်သမီးက အိမ်တော်မှာ စကားမနားထောင်ဘူးလားဗျ၊ သူမ စကားမနားထောင်ရင် အလိုမလိုက်ပါနဲ့၊ သေချာသာ ရိုက်နှက်ဆုံးမပါ"


ကျန်းတာ့နျန်သည် လှောင်ပြောသည့်အလား နှုတ်ခမ်းတစ်ဖက် ကွေးလိုက်ကာ "ရိုက်နှက်ဆုံးမရမယ် ဟုတ်လား၊ ကမ်းကော်ကော်ရဲ့ ခန္ဓာကိုယ်လေးက အဲ့ဒီလောက် ပိန်လှီနေတာကို၊ မင်းက ဖခင်တစ်ယောက်အနေနဲ့ နည်းနည်းလေးတောင် ဂရုမစိုက်ဘူးလား"


ကမ်းချန်အန်း အနည်းငယ် ရှက်သွားကာ "ဂရုစိုက်တာပေါ့၊ သေချာပေါက် ဂရုစိုက်တာပေါ့ဗျာ ဟားဟား"


ကျန်းတာ့နျန်  "မင်းလည်း နောက်ဆိုရင် စံအိမ်တော်ထဲ အဝင်အထွက် ရှိလာတော့မှာဆိုတော့ ငါ မင်းကို စကားနည်း နည်းလောက် ပြောထားမယ်၊ ကမ်းကော်ကော်က မင်းအိမ်မှာဆို မင်းရဲ့သမီးပေမဲ့ စတုတ္ထမင်းသားရဲ့ အိမ်တော်ထဲ ရောက်လာရင်တော့ သူမက မင်းရဲ့သခင်တစ်ယောက်ပဲ၊ ငါတို့က အစေခံတွေဆိုတော့ သူမကို ရိုသေရမယ်၊ နားလည်လား"


ကမ်းချန်အန်း  "မိန်းမစိုးမင်း ပြောတာ မှန်ပါတယ် ကျွန်တော် ရိုသေရမှာပေါ့"


သူက လက်လှမ်းကာ ရင်ခွင်ထဲမှ ငွေစအနည်းငယ် ထုတ်ပြီး ကျန်းတာ့နျန်ကို ကမ်းပေးလိုက်သည်။


"ကျွန်တော့်ရဲ့ ဒီစေတနာနည်းနည်းကို ပ လက်ခံပေးပါဦးဗျာ"


ကျန်းတာ့နျန်က သူ့လက်ကို တွန်းဖယ်လိုက်ပြီး "မင်း ဘာလုပ်တာလဲ၊ ငါတို့ စတုတ္ထမင်းသားက ဒီလိုလက်ဆောင်ကိစ္စတွေကို လုံးဝလက်မခံဘူးဆိုတာ ဘယ်သူမသိဘဲ နေမှာလဲ၊ မင်း ငါ့ကို သေတွင်းပို့နေတာလား"


ကမ်းချန်အန်းက ပခုံးတွန့်ကာ မျက်မှောင်ကြုတ်လျက် "ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲဗျာ၊ ကျွန်တော်က မိန်းမစိုးကို လေးစားလွန်းလို့ ဂါရဝပြုချင်ရုံ သက်သက်ပါ"


ကျန်းတာ့နျန် "ကောင်းပြီ မင်းရဲ့ စေတနာကို ငါ သိတယ်၊ မင်း ငါ့ကို ဂါရဝပြုချင်တယ်ဆိုရင် နောက်ဆို အခွင့်အရေးတွေ ရှိလာမှာပဲ၊ လောလောဆယ်တော့ မင်းရဲ့ အဲ့ပိုက်ဆံနည်းနည်းလေးကို ငါ ဂရုမစိုက်ဘူး"


ယင်ကျန်းသည် ကမ်းကော်ကော်အပေါ် အနည်းငယ်တင်း ကျပ်ပုံရသော်လည်း ကျန်းတာ့နျန်သည် ယင်ကျန်းနှင့်အတူ ငယ်စဉ်ကတည်းက ကြီးပြင်းလာသူဖြစ်ရာ ယင်ကျန်း၏ စိတ်ကို ကောင်းကောင်းနားလည်သည်။


ပုံမှန်အားဖြင့် စတုတ္ထမင်းသားသည် အမျိုးသမီးတစ်ဦးကို သဘောကျပါက သူမအား အမြဲတမ်းပေါ်တင်ပဲ အလိုလိုက်  မျက်နှာသာပေးတတ်သည်။ ဥပမာ လီစဲဖူ ကဲ့သို့ပင်။


ထိုသူသည် သူဂရုမစိုက်ပဲမုန်းတီးသော သူဆိုလျှင် စတုတ္ထမင်းသားသည် သူမအား ဘေးဖယ်ထားခြင်း သို့မဟုတ် ဖယ်ရှားခြင်းမျိုး လုပ်လာမည်ဖြစ်သည်။ သို့သော် ယခုအခါ ကမ်းကော်ကော်ကိုတော့ စာကူးရေးခိုင်းပြီး အာဟာရပြည့်အောင် ဟင်းတွေ တမင်ပိုပေးနေရမည်နည်း။


ထို့ကြောင့် ကမ်းကော်ကော်အပေါ် စတုတ္ထမင်းသား၏ သဘောထားမှာ ရှုပ်ထွေးလှသည်။


ကျန်းတာ့နျန် ခေါင်းယမ်းလိုက်သည်။ သူသည် အစေခံအဖြစ် နှစ်ပေါင်းများစွာ အလုပ်လုပ်လာခဲ့ပြီး စတုတ္ထမင်းသား၏ အနားတွင် ယခုထိတိုင်နေနိုင်ခဲ့သူဖြစ်သည်။


သူထင်သည့်အတိုင်းပင် ထိုနေ့ညနေခင်းတွင် ယင်ကျန်းမှာ စိပ်ပုတီးတစ်ကုံးကို ကိုင်လျက် ထရပ်လိုက်ပြီး  "ကမ်းရဲ့ အဆောင်ကို သွားကြမယ်"


----


ကမ်းကော်ကော်သည် ဂါရဝပြုပြီးနောက်  ယင်ကျန်းလက်ထဲမှ စိပ်ပုတီးကို မြင်လိုက်ရသောအခါ သူမ မျက်ဝန်းထဲတွင် ရုတ်တရက် အလင်းရောင်များ တောက်ပသွားသည်။


[သူက တကယ့် ဘုရားဖြစ်မယ့် အုတ်နီခဲကြီးပဲ၊ ယုံကျိန်း နင့်ရဲ့ စရိုက်က ဒီလိုဖြစ်နေတာကို...  ငါ သိသွားပြီ၊ အား ဘယ်လိုတောင် ဒီဟန်ဆောင်နေတဲ့ ပုံစံလေးက မိမိုက်နေတယ်လို့ ထင်ရတာလဲ]


ယင်ကျန်းသည် သူမ စကားများကို ကြားသောအခါ အမှတ် တမဲ့ နှုတ်ခမ်းစွန်းလေးများတွန့်ကွေးသွားသည်။ သူမ၏ စကားလုံးများကို သူ အကုန်နားမလည်သော်လည်း သူ့ကိုချီးကျူးနေမှန်း သူ ကောင်းကောင်း သိလေသည်။


ယင်ကျန်းက လက်ကို နောက်သို့လှမ်းလိုက်ရာ ကျန်းတာ့နျန်က လက်ကောက်တစ်စုံကို ကမ်းပေးလိုက်သည်။ ယင်ကျန်းက ထိုလက်ကောက်ကို ကမ်းကော်ကော်ထံသို့ ပေးလိုက်ပြီး 


"မင်းကို ဆုချတာ" 


ကမ်းကော်ကော် မျက်နှာလေး ၀င်းလက်သွားပြီး ချက်ချင်းပင် လက်နှစ်ဖက်ဖြင့် လှမ်းယူလိုက်သည်။ သူမသည် ယင်ကျန်းက သူမကို မနှစ်သက်ဟု အမြဲထင်မိခဲ့သည်။


[ငါ့ကို ပေးတာတဲ့လား၊ ဒီမက်မွန်သစ်သား လက်ကောက်က ငါ့တစ်ယောက်တည်းအတွက် သီးသန့်လား၊ ဒါမှမဟုတ် စံအိမ်တော်ထဲက အစ်မတွေတိုင်းဆီမှာ ရှိနေတာများလား]


ယင်ကျန်း ချက်ချင်းပြန်ဖြေလိုက်သည်။ 


"လူတိုင်းဆီမှာ ရှိတယ်"


အမှန်တွင် သူသည် ကြင်ယာတော်တိုင်းအား မက်မွန်သစ်သားလက်ကောက်များ ပေးခဲ့သော်လည်း ကမ်းကော်ကော်ကို ပေးလိုက်သော လက်ကောက်သည်တော့ ဇင်ဆရာတော် ဝမ်ကျွဲ့ကိုယ်တိုင် အစီအရင်လုပ်ပြီး မကောင်း ဆိုးဝါးများကို နှင်ထုတ်နိုင်စွမ်းရှိသော လက်ကောက်ဖြစ် သည်။


အခြားသူများတွင်ရှိသော လက်ကောက်များမှာ ဟန်ပြသက် သက်သာဖြစ်ပြီး ကမ်းကော်ကော် လက်ကောက်မှ အစစ် အမှန်ရတနာဖြစ်သည်။


သို့သော်လည်း သူမ မျက်နှာအမူအရာမှာ အလွန်တည်ငြိမ်နေသဖြင့် မိစ္ဆာတစ်ကောင် မဟုတ်လောက်ပေ။ သူမသည် သာမန် မိန်းကလေးငယ်တစ်ဦးသာ ဖြစ်လောက်ပြီး သူ ထင်ယောင်ထင်မှား ဖြစ်နေခြင်းသာ ဖြစ်နိုင်သည်။


ကမ်းကော်ကော်၏ မျက်လုံးများ ပြူးကျယ်သွားပြီး သူမ စိတ်ထဲတွင်သာတွေးနေပြီး အပြင်ထုတ်မပြောခဲ့‌တာ သေချာသောကြောင့် နားမလည်ဟန်ဖြင့်  "မင်းသား ဘာပြောလိုက်တာလဲ"


ယင်ကျန်းလည်း သူ စကားမှားသွားကြောင်း သတိထားမိလိုက်သည်။ သို့သော် သူသည် မင်းသားတစ်ဦးဖြစ်ရာ ရှင်းပြနေစရာ မလိုသဖြင့် စကားလွှဲလိုက်သည်။


"ငါ့ကို မင်းကူးရေးထားတဲ့ အမျိုးသမီးများ လိုက်နာရမည့် ကျင့်ဝတ်များ စာအုပ်ကို ယူခဲ့စမ်း၊ ကြည့်ရအောင်"


ကမ်းကော်ကော်သည် စားပွဲပေါ်ရှိ မှင်အိုးအောက်တွင် ဖိထားသော စာရွက်အထပ်ကို ယူကာ လက်နှစ်ဖက်ဖြင့် ကမ်းပေး လိုက်သည်။


ယင်ကျန်းသည် စာရွက်အထပ်ကို ကိုင်ပြီး တစ်ရွက်ချင်းစီ လှန်လှောကြည့်နေသည်။


ကမ်းကော်ကော်သည် ယင်ကျန်း မျက်နှာအမူအရာကို ဘေးမှနေ၍ စောင့်ကြည့်နေပြီး သူမ၏ စိုးရိမ်ပူပန်နေသော ပုံစံမှာ အလယ်တန်းကျောင်းတုန်းက မြန်မာစာဆရာမ စာစစ်နေ သည်ကို စောင့်ကြည့်နေရသကဲ့သို့ပင်။


အရေးအကြီးဆုံးအချက်မှာ သူမသည် စာရေးရာတွင် မကျွမ်းကျင်လှပေ။ သူမသည် ခေတ်သစ်မှလူသာဖြစ်ပြီး လက်ရေးလှ လေ့ကျင့်ခဲ့ဖူးခြင်းလည်း မရှိချေ။ သို့ဖြစ်ရာ သူမရေးထားသည်များကို စာလုံးလို့ သတ်မှတ်လို့ရရင်ကိုပဲ တော်လှပြီဖြစ်သည်။


သို့သော် ကမ်းကော်ကော်သည် သူမကိုယ်သူမ အလွန်ယုံကြည်အလွန်ရှိနေသောကြောင့် ယုံကျိန်း မည်မျှစည်းကမ်း ကြီးသည်ကို မေ့သွားခဲ့ပုံရသည်။


ယခုအခါ အခြေအနေမှာ တင်းမာလာပြီး လေထုမှာလည်း ငြိမ်သက်လို့သွားသည်။ ယင်ကျန်း၏ မျက်မှောင်များမှာ မှောင်ကုတ်လာပြီး သူ့မျက်နှာမှာလည်း ပိုမိုမည်းမှောင်လာကာ စာရွက်များကို လှန်နေရာမှ တစ်ရွက်ပြီးတစ်ရွက် ဆုတ်ဖြဲပစ်လိုက်လေသည်။


ကမ်းကော်ကော်မှာ ထိုအချိန်မှ ကြောက်ရွံ့ရမှန်းသိသွားပြီး သူမ၏ ကျောပင်ချမ်းလာကာ တုန်တုန်ရီရီပင်ဖြစ်လာသည်။


သွားပြီ... သွားပြီ၊ ငါလေးဘ၀တော့ ပြီးပြီပဲ၊ မကြည့်ပါနဲ့တော့၊ ဆက်မကြည့်ပါနဲ့တော့၊ ဘဝမှာ မျှော်လင့်ချက်တွေဆိုတာလည်း ဘာလုပ်ဖို့ထားဦးမှာလဲ၊ ငါ့ကို ဘာလုပ်ချင်လဲသာ ပြောလိုက်ပါတော့၊ ရိုက်တော့မရိုက်ပါစေနဲ့၊ မျက်နှာကိုတော့ မရိုက်ပါနဲ့လို့ ဝူးးဝူးး...


သူမသည် ဝိညာဉ်လွင့်ထွက်သွားသူကမာ စိတ်ထဲတွင် ကပေါက်တိကပေါက်ချာ စတင်တွေးနေတော့သည်။


ယင်ကျန်းသည် အစက အလွန်ဒေါသထွက်နေခဲ့သည်။ သူသည် သူ့ကိုယ်သူနှင့် သူ့လူများအပေါ် အလွန်မျှော်လင့်ချက်ကြီးမားသူဖြစ်ကာ ကမ်းကော်ကော်၏ အလွန်ညံ့ဖျင်းသော လက်ရေးများက သူ့ကို အံ့သြသွားစေခဲ့သည်။


သို့သော်ငြား ကမ်းကော်ကော်၏ စိတ်ထဲက ကပေါက်တိက ပေါက်ချာ အတွေးများက သူ့ကို ရယ်ချင်အောင် လုပ်နေ သည်။


သူ၏ အေးစက်စက် ပုံရိပ်ကို ထိန်းသိမ်းရန်  နှုတ်ခမ်းထောင့်ကို အတင်းဖိထားကာ အေးစက်သော မျက်နှာထားဖြင့် လေးနက်စွာ မေးလိုက်သည်။


 "မင်း အိမ်မှာနေတုန်းက လက်ရေးလှ မလေ့ကျင့်ခဲ့ဘူးလား"


ကမ်းကော်ကော်က ခေါင်းခါလိုက်ပြီး သူမ လက်ချောင်းများဖြင့် မက်မွန်သစ်သားလက်ကောက်ကို အမှတ်တမဲ့ ညှစ်ထားမိသည်။


ယင်ကျန်း  "လက်ရေးတွေက ခွေးခြေရာတွေလို ရှုပ်ပွနေတာ မဆန်းပါဘူး"


[ဟေး... ရှင်က လူကြီးလူကောင်းတစ်ယောက်လေ၊ စကားကို အဲ့လိုရိုင်းရိုင်းစိုင်းစိုင်း ပြောရလား]


ယင်ကျန်းက သူမကို အထက်စီးမှနေ၍ စိုက်ကြည့်ကာ "ဘာလဲ၊ မကျေနပ်ဘူးလား"


ကမ်းကော်ကော်က ခပ်တိုးတိုးလေး ဖြေလိုက်သည်။


 "မဟုတ်ပါဘူး၊ ကျွန်မ အမှားပါ"


ယင်ကျန်းက အမှိုက်ပုံးကို ကြည့်လျက် "စာရွက်တွေ... ငါ ဆုတ်ဖြဲလိုက်ပြီ"


[အိုး... ခွေးလက်သည်းနဲ့ ကုတ်ခံလိုက်ရပြီ]


ရုတ်တရက်ဆိုသလို သူမ ပတ်ဝန်းကျင်ရှိ လေထုအပူချိန်သည် သုံးဒီဂရီခန့် ကျဆင်းသွားသည်ဟုပင် ခံစားလိုက်ရကာ အသက်ရှူဖို့ပင် ခက်ခဲလာသည်။


သူမ မော့ကြည့်လိုက်သောအခါ ယင်ကျန်း၏ပါးလွှာသော နှုတ်ခမ်းများမှာ မျဉ်းဖြောင့်တစ်ကြောင်းလို စေ့ပိတ်နေပြီး သူ့နက်မှောင်သော မျက်လုံးအိမ်ထဲတွင် အန္တရာယ်ရှိသော အရိပ်အငွေ့များ စုပြုံနေသည်ကို မြင်လိုက်ရသည်။