Ch 4
Viewers 994

🌠 Chapter 4



နျဲ့မိသားစုအိမ်က မြို့တော်နှင့် ဝေးလံသော သီးခြားနေရာတွင်ရှိလေသည်။ မြို့တော်နှင့်ဝေးသော်လည်း တန်ဖိုးနည်းသည်ဟု မဆိုလိုပေ။ ဆန့်ကျင်ဘက်အနေဖြင့် ထိုနေရာတွင် နေနိုင်သောလူများက ချမ်းသာပြီး အဆင့်အတန်းတစ်ခု ရှိလေသည်။ ထိုနေရာက ကျော်ကြားသော သီးသန့်ဇိမ်ခံဥယျာဉ်နေရာ ဖြစ်လေ၏။


ကားက ဗီလာ၏ဝင်ပေါက်မှ ဖြည်းဖြည်းချင်းဝင်လာခဲ့ပြီး အစေခံများနှင့် အိမ်အကူများက သူတို့ကို ထွက်ကြိုနေကြလေသည်။ ကုပိုင်ခန္ဓာကိုယ်ထဲရှိ အာနိသင်က လျော့နည်းသွားသော်လည်း အကျိုးဆက်က ကျန်နေသေး၏။ လူတစ်ကိုယ်လုံးတွင် အားအင်အနည်းငယ်မျှ မရှိတော့ဘဲ ပျော့ခွေနေကာ သူ့အခန်းကို ကိုယ်တိုင်မပြန်နိုင်ပေ။


နျဲ့ချင်းစန်က သူ့ကိစ္စသူလုပ်ကာ သူ့ကို ဂရုမစိုက်သဖြင့် ကုပိုင်က အားတင်းကာ တစ်ဖက်လူ၏ လက်မောင်းကို တင်းတင်းကြပ်ကြပ် ဖက်တွယ်ထားလိုက်ပြီး သနားစဖွယ် မျက်လုံးလေးဖြင့် အကူအညီ တောင်းခံလိုက်လေသည်။


“သေစမ်း… စိတ်ရှုပ်စရာကောင်းလိုက်တာ…”

နျဲ့ချင်းစန်က မျက်မှောင်ကြုတ်လိုက်ပြီး သူ့အမူအရာက ခက်ထန်နေသော်လည်း အိမ်အကူများကို ထွက်သွားရန် လက်ဟန်ခြေဟန်ပြလိုက်ကာ ကောင်လေးကို ပွေ့ချီလျက် အခန်းထဲသို့ ပြန်ပို့ပေးလိုက်လေ၏။


သို့ရာတွင် ကောင်လေးက သူ့ရင်ခွင်ထဲသို့ ညင်ညင်သာသာဖြင့် မှီထားသည်ကို ခံစားလိုက်ရသည်။ ယုံကြည်အားကိုးခံရပြီး ရင်းနှီးသော ခံစားချက်က သူ့အား ထူးထူးခြားခြား ကျေနပ်စေလေသည်။


နျဲ့မိသားစုသို့ လုရုန်ချင်း ကလေးဘဝက ပထမဆုံးရောက်လာသည့်အချိန်ကို ပြန်အမှတ်ရသွားလေသည်။ ကောင်လေးက စကားနားသော်လည်း အလွန်လိမ္မာကာ ရိုကျိုးလေ၏။ သို့ရာတွင် ဤကဲ့သို့ ကြီးပြင်းလာမည်ဟု လုံးဝမထင်ထားချေ။ 


လုရုန်ချင်းကို အိပ်ရာပေါ်သို့ ချပေးပြီးနောက် နျဲ့ချင်းစန်က လူငယ်လေး၏ချွေးကြောင့် စိုထိုင်းထိုင်းဖြစ်နေသော သူ့အင်္ကျီကို ကြည့်ကာ မသက်မသာ ခံစားလိုက်ရလေသည်။ ကိုယ်ကိုယ့်ကိုယ် အပြစ်မတင်ဘဲ မနေနိုင်တော့ပေ။


အပေါ်ကုတ်ကို လျစ်လျူရှုထားလိုက်ပြီး ဘေးရှိ အိမ်အကူပေးသော လက်ကိုင်ပဝါကိုယူကာ လက်ကို သုတ်လိုက်၏။ ထို့နောက် ကုပိုင်၏ ဖြူဖျော့နေသော မျက်နှာကို ကြည့်ကာ စိတ်မရှည်စွာဖြင့် သက်ပြင်းချလိုက်ပြီး မီးပိတ်လိုက်လေသည်။


တောက်ပနေသော မီးရောင်များက ပိတ်သွားသဖြင့် အခန်းထဲရှိ အရာအားလုံးက အမှောင်ထဲတွင် နစ်မြုပ်သွားလေသည်။ ကုပိုင်က ထွက်သွားသော နျဲ့ချင်းစန်၏ နောက်ကျောကိုကြည့်ကာ အမြန်ခေါ်လိုက်၏။

“ကော… ခဏလေး…”


အခန်းထဲမှ ထွက်သွားနေသော နျဲ့ချင်းစန်က သူ၏ အထိတ်တလန့် အော်သံကို ကြားချိန်တွင် စိတ်မရှည်စွာဖြင့် လှည့်ကြည့်လိုက်၏။


ထို့နောက် မီးပြန်ဖွင့်လိုက်လေသည်။


“ဘာဖြစ်ရပြန်ပြီလဲ…”


ဘာဖြစ်ရမှာလဲ… ခင်ဗျားရဲ့ ရွှေပေါင်လုံးကို ဖက်မလို့ပေါ့…

ကုပိုင်က စိတ်ထဲတွင် ကြိတ်ပြောလိုက်လေသည်။


သို့ရာတွင် သူ့မျက်နှာပေါ်၌ ကြောက်လန့်သော အမူအရာရှိနေပြီး တောင်းဆိုသောလေသံလေးဖြင့် တံခါးရှေ့ရှိ အမျိုးသားအား ပြောလိုက်လေသည်။ 

“ကော… ကျွန်တော် အမှောင်ကြောက်တယ်… ကျွန်တော်နဲ့ ခဏလောက် နေပေးလို့ရမလား…”


“မင်းက အမှောင်ကြောက်တာလား…”


နျဲ့ချင်းစန်မှာ မယုံနိုင်စွာဖြင့် မျက်လုံးပြူးသွားလေသည်။ တစ်ခန်းလုံးတွင် ပုံမှန်မဟုတ်သော ပိုစတာများ၊ ဦးခေါင်းခွံပုံများ စသည်တို့နှင့် ပြည့်နှက်နေလေ၏။


ဒီလိုလူက အမှောင်ကြောက်တယ်တဲ့လား… ဒီတစ်ခါရော ငါ့ကို ဘယ်လိုလှည့်စားဦးမလို့လဲ…


တောင်းဆိုနေသော ကုပိုင်နှင့် သူ၏ကြည်လင်သော မျက်ဝန်းများကို သတိရှိရှိဖြင့် ကြည့်လိုက်လေ၏။ လူငယ်လေး၏ အရည်လဲ့ကာ တောင်းဆိုနေသော မျက်လုံးများက သံမဏိနှလုံးသားကို အောင်အောင်မြင်မြင် အနိုင်ယူသွားလေသည်။


သူက စိတ်အနှောင့်အယှက် ဖြစ်နေသည့်ပုံနှင့် သက်ပြင်းချလိုက်ပြီးနောက် အိပ်ရာနားသို့သွားကာ ကြမ်းကြမ်းတမ်းတမ်းဖြင့် စောင်ကိုဆွဲလျက် ကုပိုင်ကို ခြုံပေးလိုက်၏။ 


ထို့နောက် အကြင်နာမဲ့စွာဖြင့် ပြောလိုက်လေသည်။

“တကယ်ကို အနှောင့်အယှက်ပဲ… မြန်မြန်အိပ်တော့…”


ရည်ရွယ်ချက် အောင်မြင်သွားလေသည်။ ကုပိုင်က နာနာခံခံဖြင့် ခေါင်းညိတ်လိုက်ပြီးနောက် အနည်းငယ် မျက်နှာချိုသွေးကာ တိမ်ကဲ့သို့နူးညံ့သော မွေ့ရာကို ဆုပ်ကိုင်လိုက်လေသည်။ သူ့ခေါင်းကို ပိုးသားခေါင်းအုံးပေါ်သို့ လှဲချလိုက်ပြီးနောက် မျက်လုံးများကို မှေးကျဉ်းကာ သူ့ပါးကို ခေါင်းအုံးနှင့်ပွတ်သပ်လျက် နူးညံ့မှုကို ခံစားနေလိုက်သည်။


ထိုအပြုအမူလေးကြောင့် နျဲ့ချင်းစန်က အနည်းငယ် ထိတ်လန့်သွားပြီး သူ့နှလုံးသားကို ဝင်မွှေသွားသကဲ့သို့ ခံစားလိုက်ရလေသည်။ ဤကောင်လေးက ကျိုးနွံနာခံနေချိန်တွင် အနည်းငယ် ချစ်စရာကောင်းမည်ဟု မမျှော်လင့်ထားချေ။ သူ့မျက်နှာပေါ်ရှိ မိတ်ကပ်များကိုမူ လျစ်လျူရှုထားရမည်ဖြစ်သည်။


“နောင်မှာ ဒီလိုမိတ်ကပ်တွေ မလိမ်းနဲ့တော့… အရမ်းရုပ်ဆိုးတယ်… အခန်းထဲက ဒီပစ္စည်းတွေကိုလည်း မနက်ဖြန်ကျရင် သိမ်းသွားမယ်… အမှောင်ကိုကြောက်တယ်လည်း ပြောတယ် အခန်းက သရဲအိမ်လိုပဲ… ဘာလို့မျက်လုံးဖွင့်နေသေးတာလဲ မြန်မြန်အိပ်တော့… ငါ့မှာ အလုပ်ရှိသေးတယ်… မင်းနဲ့အတူနေပေးဖို့ အချိန်မရှိဘူး…”

ကောင်လေး၏ ပြူးကျယ်နေသော မျက်လုံးများကိုကြည့်ကာ နျဲ့ချင်းစန်က မျက်မှောင်ကြုတ်လျက် အပြစ်ဆိုလိုက်လေသည်။ ထို့နောက် စောင်အစွန်းကို ဖိညှစ်လိုက်လေ၏။


လက်ပြန်ရုပ်လိုက်သည့်အချိန်တွင် လက်ချောင်းထိပ်က မတော်တဆဖြင့် ကုပိုင်၏ပါးကို ပွတ်မိသွားပြီး အနည်းငယ်လန့်သွားလေသည်။ နူးညံ့သည့်အသားအရေလေးကို ထိရသည်က အလွန်နှစ်သက်ဖွယ်ကောင်းပြီး လွှတ်ပေးရန် တုံ့ဆိုင်းစေလေ၏။


ကုပိုင်မှာ တစ်ဖက်လူတွေးနေသည်ကို မသိပေ။ သူ့အမူအရာက မှောင်မည်းလာသည်ကို မြင်ချိန်တွင် အနှောင့်အယှက်ဆက်ပေးရန် အစီအစဉ်မရှိတော့ချေ။ နောက်ပိုင်းမှ သူ့အမူအကျင့်များကို တဖြည်းဖြည်း ပြောင်းလဲမည်ဖြစ်သည်။ ယခုအချိန်တွင် သူ၏ ရုပ်ပိုင်းဆိုင်က အလွန်အားနည်းကာ မောပန်းနွမ်းနယ်နေလေ၏။


သူက နျဲ့ချင်းစန်ကို မျက်နှာချင်းဆိုင်ပြီး နှစ်သက်ဖွယ်ကောင်းအောင် ပြုံးပြကာ ပြောလိုက်သည်။

“ကော… ကောင်းသောညပါ…”


ထို့နောက် မျက်လုံးမှိတ်ကာ အိပ်လိုက်လေ၏။ မနက်ဖြန်တွင် မစ်ရှင်ဆက်လုပ်ရန် ပထမဦးစွာ အနားယူရမည်ဖြစ်သည်။


သူအိပ်ပျော်သွားချိန်တွင် နျဲ့ချင်းစန်က လူငယ်လေး နိုးမလာစေရန် အမှတ်တမဲ့ဖြင့် ခြေသံကို ခပ်ဖွဖွနင်းကာ အခန်းထဲမှ ထွက်သွားလေသည်။


တံခါးဝတွင်ရပ်ပြီး အသက်မှန်မှန်ရှူကာ အိပ်နေလျက်ပင် လှပသော ကောင်လေးကို ကြည့်လိုက်ပြီးနောက် သူ့နှုတ်ခမ်းထောင့်စွန်းက အမှုမဲ့အမှတ်မဲ့ဖြင့် ကွေးတက်သွားလေသည်။


လုရုန်ချင်းက နျဲ့မိသားစုကို ဝင်လာစကဲ့သို့ အမြဲတမ်းနာခံကျိုးနွံနေလျှင် ကောင်းမည်ဖြစ်သည်။


တစ်ညတာက ကုန်ဆုံးသွားပြီး နောက်တစ်နေ့မနက်သို့ ရောက်ရှိလာလေသည်။


ကုပိုင်က ကောင်းကောင်းအိပ်ခဲ့ရ၏။ သူအိပ်ဖူးခဲ့သမျှထဲတွင် အငြိမ်းချမ်းဆုံး အိပ်စက်ခြင်းဖြစ်၏။ 


နျဲ့မိသားစုက ချမ်းသာပြီး အာဏာရှိသောမိသားစုဖြစ်သည်။ အိမ်ရှိလူနေမှုဘဝက သာမာန်လူများ ခံစားနေထိုင်နိုင်သော ဘဝမျိုး မဟုတ်ပေ။ နူးညံ့နေသော အိပ်ရာက ယခင်ဘဝရှိ သူငှားနေခဲ့ရသောအိမ်မှ မာကျောသောအိပ်ရာနှင့် လုံးဝမတူသဖြင့် သက်တောင့်သက်သာရှိစွာ အိပ်စက်ခဲ့ရလေသည်။


သူ အိပ်ရာမှထကာ ရေချိုးလိုက်ပြီး အဝတ်ဗီရိုရှေ့တွင် ရပ်လိုက်သည်။ တောင်ပြောင်ကာ ကိုးရိုးကားယားနိုင်သော အဝတ်များပြည့်နေသည့် ဗီရိုကိုကြည့်လိုက်၏။ ထို့နောက် နေ့တစ်ဝက်ခန့်ကြာသည့်တိုင်အောင် ခက်ခက်ခဲခဲရွေးပြီး အနည်းငယ် ပုံမှန်ဖြစ်သည့် တီရှပ်နှင့် ဂျင်းဘောင်းဘီကိုဝတ်ကာ မနက်စာစားရန် အောက်ဆင်းသွားလိုက်သည်။


မနက်စာစားနေသည့် နျဲ့ချင်းစန်က ကုပိုင်၏မျက်နှာကို မြင်ချိန်တွင် ရပ်တန့်သွားလေ၏။ လုရုန်ချင်း၏ နေ့စဉ်လုပ်ရိုးလုပ်စဉ်အရ မနက်စောစောထသည်မှာ လုံးဝမဖြစ်နိုင်ပေ။


“ကော… ကောင်းသောမနက်ခင်းပါ…”


ကုပိုင်က နျဲ့ချင်းစန်မျက်နှာပေါ်ရှိ အံ့ဩနေမှုကို လျစ်လျူရှုလိုက်ပြီး ယဉ်ယဉ်ကျေးကျေးနှုတ်ဆက်ကာ သူနှင့်မျက်နှာချင်းဆိုင်တွင် ထိုင်လျက် မနက်စာစားလိုက်လေသည်။ အပြုအမူက နှေးကွေးကာ ကြော့ကြော့မော့မော့ ဖြစ်နေ၏။


သူက မိဘမဲ့ဂေဟာတွင် ကြီးပြင်းခဲ့သဖြင့် ချမ်းသာသောလူများ၏ အပြုအမျိုး မရှိချေ။ သို့ရာတွင် မူလပိုင်ရှင်၏ မှတ်ဉာဏ်များကို လက်ခံပြီးနောက် ၎င်းက ပြဿနာတစ်ခုမဟုတ်တော့ချေ။ နျဲ့မိသားစုရှိ စည်းမျဉ်းများက အလွန်တင်းကြပ်ပြီး လုရုန်ချင်း၏ ပင်ကိုစရိုက်က ထူးဆန်းပင်လျှင် နျဲ့မိသားစု၏ သခင်လေးတစ်ယောက်အနေဖြင့် ကျင့်ဝတ်ထုံးတမ်းများကို သင်ယူရမည်ဖြစ်သည်။


နျဲ့ချင်းစန်က ခပ်ဖွဖွ ခေါင်းညိတ်ကာ စားသောက်နေသည်ကို အာရုံစိုက်နေပုံ ပေါ်လေ၏။ အမှန်တွင် မျက်လုံးထောင့်မှတစ်ဆင့် ကုပိုင်ကို ကြည့်နေခြင်းဖြစ်သည်။


မနက်စာစားရသည်ကို မကြိုက်သော ကောင်လေးက ဤကဲ့သို့ ကောင်းကောင်းစားပြီး ပျော်ရွှင်နေသည်ကို မြင်ရလေ၏။


စားတာလေးပဲမလား… ပျော်စရာဘာရှိလို့လဲ…


နျဲ့ချင်းစန်က ခေါင်းငုံ့ကာ စိတ်ထဲတွင် ပြောလိုက်သော်လည်း ရုတ်တရက် ယနေ့မနက်စာက အမှန်တကယ် အရသာရှိနေသည်ကို ခံစားလိုက်ရလေသည်။


စားပြီးနောက် ကုပိုင်က ထရပ်ကာ ကျောင်းသွားရန်အတွက် ယဉ်ယဉ်ကျေးကျေး နှုတ်ဆက်လိုက်ချိန်တွင် နျဲ့ချင်းစန်ကလည်း တူကိုချကာ ပါးစပ်သုတ်ပြီး ပြောလိုက်လေ၏။

“ခဏလေး... ငါဒီနေ့ အရမ်းအလုပ်မများဘူး... မင်းကိုလိုက်ပို့မယ်...”


ယမန်နေ့ညက အတွေ့အကြုံနှင့် ကောင်လေး၏ မတူညီသောတစ်ဖက်ခြမ်းကို မြင်လိုက်ရပြီးနောက် သူအနည်းငယ် ပြောင်းလဲသွားလေသည်။ သို့ရာတွင် သူစိတ်အေးသည်ဟု မခံစားရပေ။ ဆိုရိုးစကားရှိ၏။ တောင်တန်းနှင့်မြစ်များသာ ပြောင်းလဲနိုင်သည်။ သို့ရာတွင် လူတစ်ယောက်၏ အကျင့်စရိုက်က မပြောင်းလဲနိုင်သဖြင့် လုရုန်ချင်းအပေါ် သူ့ယုံကြည်နိုင်စွမ်းက မမြင့်ပေ။


“တကယ်လား... ကျေးဇူးတင်ပါတယ်...”


ရွှေပေါင်လုံးကြီးက သူ့ကိုလိုက်ပို့ပေးရန် အစပြုခဲ့သဖြင့် ကုပိုင်က ချက်ချင်းခေါင်းညိတ်ကာ  သဘောတူလိုက်လေသည်။ သူ့မျက်နှာပေါ်တွင် အံ့အားသင့်နေသည့် အမူအရာကို ထုတ်ဖော်ပြထားလေ၏။


နျဲ့ချင်းစန်က သူ့အမူအရာကြောင့် အနည်းငယ် ကြောင်အသွားလေ၏။ သူ့အမေက စောစီးစွာ ကွယ်လွန်သွားခဲ့ပြီး သူ့အဖေကလည်း အလုပ်များနေလေ့ရှိခဲ့သည်။ အန်တီလုမှလွဲပြီး သူ့ကလေးဘဝတွင် ပျော်ရွှင်မှုကို ခံစားခဲ့ရသည်မှာ ရှားပါးလေ၏။


သူနှင့် လုရုန်ချင်းက သွေးသားတော်စပ်မှု မရှိသော်လည်း ညီလေးထံမှ ရင်းနှီးလေးစားခံရသော ခံစားချက်က အလွန်ကောင်းလေသည်။ အမှန်တွင် သူက အန်တီလုကြောင့်သာ လုရုန်ချင်းကို ဂရုစိုက်နေခြင်းဖြစ်၏။


နှစ်ယောက်သားက အတူထွက်လာပြီး ကားထဲဝင်လိုက်သည်။ လမ်းတွင် ကုပိုင်က မစ်ရှင်အတွက် ဆက်လက်လုပ်ဆောင်ရမည့် ကိစ္စကို စဉ်းစားနေသဖြင့် တိတ်ဆိတ်နေလေ၏။ နျဲ့ချင်းစန်ကလည်း လုရုန်ချင်းနှင့်အတူ သွားလေ့မရှိသဖြင့် သူတို့နှစ်ယောက်ကြားတွင် ပြောစရာခေါင်းစဉ်မရှိဘဲ လေထုက တိတ်ဆိတ်နေလေသည်။


အချိန်အတော်ကြာပြီးနောက် နျဲ့ချင်းစန်က ကားအနောက်မှန်ထဲမှတစ်ဆင့် လူငယ်လေးကိုကြည့်ကာ ပြောလိုက်လေ၏။

“မင်း ဘာတွေစဉ်းစားနေတာလဲ... ဘာလို့စကားမပြောတာလဲ...”


ရွှေပေါင်လုံး၏တန်ဖိုးက အလွန်ကြီးမားသဖြင့် ကုပိုင်က ချက်ချင်း အတွေးများကို ပြန်သိမ်းလိုက်လေသည်။


နျဲ့ချင်းစန်၏ စကားများကိုကြားချိန်တွင် ကုပိုင်က သူနှင့်စကားပြောပြီး ရင်းနှီးသောဆက်ဆံရေးကို တည်ဆောက်ချင်လေသည်။ သို့ရာတွင် ဇာတ်ကြောင်းထဲ၌ နျဲ့ချင်းစန်က အလွန်တည်ငြိမ်ပြီး အလေးအနက်ရှိသောလူ ဖြစ်လေသည်။


လုရုန်ချင်း၏ မှတ်ဉာဏ်ထဲတွင် နျဲ့ချင်းစန်နှင့် အတူရှိနေသောပုံရိပ်က အလွန်သနားဖွယ်ဖြစ်လေ၏။ မိနစ်အနည်းငယ်ကြာသည်အထိ သူနှင့်စကားပြောရန် အကြောင်းအရာ ရှာမတွေ့သေးချေ။ သူစကားဟလိုက်လျှင် ရှက်စရာဖြစ်နေမည်မှာ သေချာလေသည်။


သို့ရာတွင် ရွှေပေါင်လုံးကြီးက စကားစပြောခဲ့၏။ သူပြန်မပြောလျှင် လျစ်လျူရှုသကဲ့သို့ ဖြစ်သွားမည်စိုးသဖြင့် ကုပိုင်က သနားစဖွယ်အမူအရာ လုပ်လိုက်လေသည်။

“ကော... ကျွန်တော်မနေ့က အမှားလုပ်ခဲ့ပါတယ်... ကောစိတ်ဆိုးနေသေးမှာကို ကြောက်လို့ပါ...”


နျဲ့ချင်းစန်က သူ၏ရိုးသားပြီး သနားစဖွယ်အကြည့်ကြောင့် အံ့အားသင့်သွားလေ၏။ သူ့မျက်နှာအမူအရာက တောင့်တင်းကာ အနည်းငယ် ရယ်စရာကောင်းနေလေသည်။ 


ဒီကောင်လေး  ဘယ်အချိန်တုန်းက အမြင်မှန်ရသွားပြီး ကြောက်ရကောင်းမှန်း သိသွားတာလဲ...


နျဲ့ချင်းစန်က ဆူပူသည့်စကားများ ပြောချင်သော်လည်း ကုပိုင်၏ သနားစဖွယ် မျက်လုံးလေးများကို မြင်ချိန်တွင် နျဲ့ချင်းစန်က သူ့စကားများကို ပြန်သိမ်းထားလိုက်၏။


သူ ကုပိုင်ကို စကားပြောချင်သော်လည်း ဘာပြောရမည်ကို မသိပေ။ နောက်ဆုံး၌ စကားတစ်ခွန်းသာ ပြောလိုက်လေသည်။

“ငါစိတ်ဆိုးတယ်ဆိုတာ မင်းသိရင် နောက်တစ်ကြိမ်ကျ ပိုပြီး လိမ်လိမ်မာမာနေ...”


“ကျွန်တော်သိပါပြီ... ကော...”


ကုပိုင်က ပြုံးလျက် ခေါင်းညိတ်ကာ ကတိပေးလိုက်လေသည်။ သို့ရာတွင် စကားများများ မပြောခဲ့ပေ။ စကားနည်းလေ အမှားနည်းလေဖြစ်၏။ သူ့အကျင့်စရိုက်ကို အလျင်စလို မပြောင်းနိုင်ပေ။ မဟုတ်လျှင် နျဲ့ချင်းစန်က သူ့အား သံသယဝင်နေမည်ဖြစ်၏။ နျဲ့ချင်းစန်က ငတုံးမဟုတ်ပေ။


သူ့အပေါ်  နျဲ့ချင်းစန်၏ ထင်မြင်ချက်က မည်သို့ပင်ရှိစေကာမူ သူ့ကိုမမုန်းသရွေ့ အဆင်ပြေလေသည်။ ယခုအချိန်တွင် အရေးကြီးသည်က မိန်းမယုတ်မ ဝူကျန်းကျန်း၏ အစီအစဉ်အား မည်ကဲ့သို့ ရင်ဆိုင်ဖြေရှင်းရမည်ကို စဉ်းစားရန်ဖြစ်လေသည်။


ယခုအချိန်တွင် ဇာတ်ကြောင်းတိုးတက်မှုက ရောက်ရှိနေပြီဖြစ်၏။ ဝူကျန်းကျန်းက ပြန်လည်မွေးဖွားလာသည်ကို အခွင့်ကောင်းယူကာ တရားမဝင်သမီးကို ရှင်းထုတ်ခဲ့လေသည်။ တရားမဝင်သမီးက ဂုဏ်သတင်း ပျက်စီးသွားပြီး မကြာမီတွင် အိမ်မှ နှင်ထုတ်ခံရမည်ဖြစ်သည်။


ထို့ကြောင့် ဝူကျန်းကျန်းက သူမ၏ပစ်မှတ်ကို မူလပိုင်ရှင်ထံသို့ ရွှေ့လိုက်ခြင်းဖြစ်၏။ ဇာတ်ကြောင်းတိုးတက်မှုအရ မူလပိုင်ရှင်အနားသို့ ဝူကျန်းကျန်းပို့မည့်လူက ပေါ်လာတော့မည်ဖြစ်သည်။ 


ငါ ဘာလုပ်ရမလဲ...


သူ တိုက်ရိုက်မရှောင်နိုင်ပေ။ ဝူကျန်းကျန်းက မူလပိုင်ရှင်အပေါ်တွင် ပြင်းထန်သော အမုန်းတရားများရှိ၏။ နန်လီချန်းမရှိလျှင်ပင် အခြားလူများ ရှိနိုင်သေးသည်။ ရန်သူနှင့်မိတ်ဆွေကို မခွဲခြားနိုင်လျှင် သူ့အတွက် ပိုပြီးအန္တရာယ်များလေ၏။ 


သူ့အကွက်နဲ့ သူ့ကိုပြန်ရိုက်ချလိုက်ရင်ရော...


ကုပိုင်က စဉ်းစားပြီးနောက် သူ့မျက်နှာပေါ်ရှိ ဖြူစင်သောအပြုံးလေးက ပိုမိုသိသာလာကာ အနည်းငယ် လိမ္မာပါးနပ်ပုံပေါ်သည့် အရိပ်အယောင်ကြောင့် နျဲ့ချင်းစန်မှာ ရင်ခုန်သွားလေသည်။



🌠🌠đŸŒ