Ch 2
Viewers 996

🌠 Chapter 2



မူလခန္ဓာကိုယ်ပိုင်ရှင်၏ အမည်က လုရုန်ချင်းဖြစ်သည်။ သူ့ကလေးဘဝက မကောင်းမွန်ခဲ့ပေ။


သူ့အမေက ပညာမတတ်သော စားပွဲထိုးဖြစ်ပြီး သူ့အဖေက အလွန်အကြမ်းဖက်တတ်သော အရက်သမားဖြစ်လေသည်။


သူ့အသက်(၄)နှစ်အရွယ်တွင် သူ့အမေက သူ့အဖေ၏ အကြမ်းဖက်မှုများကို မခံနိုင်တော့ဘဲ မီးဖိုချောင်သုံးဓားဖြင့် သူ့အဖေအား သေအောင်ထိုးသတ်ခဲ့ပြီး သူမကိုယ်သူမ အဆုံးစီရင်သွားခဲ့လေသည်။ ငယ်ရွယ်သော သူ့သားကို အိမ်ထဲတွင် သွေးများ၊ အလောင်းများဖြင့် ထားခဲ့လေ၏။


သူ့အဒေါ်ကလည်း ချမ်းသာသည့်လူမဟုတ်ပေ။ သူမက ကလေးမရနိုင်သဖြင့် သူ့ခင်ပွန်းက ကွာရှင်းခဲ့ပြီး ချမ်းသာသောမိသားစုတစ်စုဖြစ်သည့် နျဲ့မိသားစုတွင် ကလေးထိန်းအဖြစ် အလုပ်လုပ်နေလေသည်။


နျဲ့မိသားစုက Bမြို့တော်တွင် ကျော်ကြားသော မိသားစုတစ်စုဖြစ်သည်။ နျဲ့မိသားစုက ဘီလီယံနှင့်ချီသော နိုင်ငံတကာ စီးပွားရေးလုပ်ငန်းများကို စီမံကွပ်ကဲနေ၏။ မစ္စနျဲ့၏ ကျန်းမာရေးက မကောင်းသော်လည်း မစ္စတာနျဲ့နှင့်လက်ထပ်ပြီး နှစ်များစွာအကြာတွင် ကိုယ်ဝန်ရခဲ့လေသည်။ သို့ရာတွင် ကလေးမွေးပြီးနောက် မကြာမီတွင် ကွယ်လွန်သွားခဲ့လေသည်။


မစ္စတာနျဲ့က စီးပွားရေးကိစ္စများနှင့် အပြင်ဘက်တွင် တစ်နေကုန် အလုပ်များလေ့ရှိသဖြင့် သူ့သားကို ဂရုမစိုက်နိုင်ပေ။ သို့ရာတွင် အမေတစ်ယောက်၏ ပြုစုစောင့်ရှောက်မှုမရှိသော ကလေးက မကောင်းသဖြင့် နူးညံ့ညင်သာသော အမျိုးသမီးတစ်ယောက်ကို လက်ထပ်ခဲ့ပြီး သူ့သားအား ကောင်းကောင်းစောင့်ရှောက်ပေးရန် မျှော်လင့်ခဲ့လေသည်။


သို့ရာတွင် ထိုအမျိုးသမီးက နှလုံးသားမည်းနက်နေသော မိထွေးတစ်ယောက် ဖြစ်လေ၏။ သူမက အပေါ်ယံတွင် အလွန်နူးညံ့ညင်သာသော်လည်း မစ္စတာနျဲ့၏နောက်ကွယ်တွင် သူ့သားအား အပြင်းအထန် နှိပ်စက်လေသည်။ သူမက ခင်ပွန်း၏ ဇနီးဟောင်းမှမွေးသော သားကို သတ်ပစ်ရန် မစောင့်နိုင်တော့ပေ။ သူမက မစ္စတာနျဲ့၏ ပိုင်ဆိုင်မှုများကို အနာဂတ်တွင် သူမ မွေးဖွားမည့် ကလေးများအတွက်သာ ချန်ထားချင်လေသည်။


အမေက စောစီးစွာ သေဆုံးခဲ့ပြီး အဖေက သူ့ဘေးနားတွင်မရှိဘဲ မိထွေး၏ညှင်းပန်းနှိပ်စက်မှုများနှင့် ကြီးပြင်းရသဖြင့် နျဲ့မိသားစု၏ သခင်လေးဖြစ်သူ နျဲ့ချင်းစန်မှာ အထီးကျန်ပြီး ပြင်းထန်သော စိတ်ရောဂါကို ခံစားခဲရလေသည်။


ထိုအရာများက နျဲ့မိသားစုသို့ လုရုန်ချင်း၏ အဒေါ်ဖြစ်သူ ရောက်မလာမီက ဖြစ်သည်။ သူမက နျဲ့ချင်းစန်၏ ကလေးထိန်းဖြစ်လာပြီးနောက် မိထွေး၏ အပြုအမူများကို သိရှိခဲ့ပြီး မစ္စတာနျဲ့ကို တိုင်ကြားခဲ့သဖြင့် နောက်ဆုံးတွင် နျဲ့ချင်းစန်က အကယ်တင်ခံလိုက်ရလေသည်။


အန်တီလုက ကလေးမရနိုင်သဖြင့် နျဲ့ချင်းစန်အတွက် အလွန်ဝမ်းနည်းလေသည်။ ဤသည်မှာ သူက နျဲ့မိသားစု၏ သခင်လေးဖြစ်သောကြောင့် လုံးဝမဟုတ်ပေ။ သူမက သူ့ကို စစ်မှန်သောမေတ္တာဖြင့် ဆက်ဆံခဲ့ပြီး သူမ၏ ကိုယ်ပိုင်ကလေးကဲ့သို့ သဘောထားခဲ့လေသည်။ တဖြည်းဖြည်းဖြင့် နျဲ့ချင်းစန်က နှိပ်စက်ခံရသော စိတ်ဒဏ်ရာမှ ရုန်းထွက်လာနိုင်ပြီး ပုံမှန်ကဲ့သို့ ပြန်ကောင်းလာလေသည်။


ကလေးဘဝကတည်းက နျဲ့ချင်းစန်မှာ အန်တီလုနှင့် နက်ရှိုင်းသော ဆက်ဆံရေးရှိလေသည်။ သူတို့နှစ်ယောက်က သားအမိမဟုတ်သော်လည်း သားအမိအရင်းများထက်ပင် ခံစားချက်များက နက်ရှိုင်းလေ၏။ နောက်ပိုင်းတွင် အန်တီလုက ယာဉ်မတော်တဆမှု၌ နျဲ့ချင်းစန်အား ကာကွယ်ပေးပြီး ကွယ်လွန်သွားခဲ့လေသည်။


ထို့ကြောင့် အန်တီလုသေပြီးနောက် နျဲ့ချင်းစန်က တစ်ဖန်မိဘမဲ့ဖြစ်သွားသည့် လုရုန်ချင်းအား နျဲ့မိသားစုထဲသို့ခေါ်ကာ စောင့်ရှောက်ကာကွယ်ပေးရန် သူ့အဖေကို တောင်းဆိုခဲ့လေသည်။


လုရုန်ချင်း၏ဘဝက ကြီးမားသော အပြောင်းအလဲများကို ကြုံတွေ့ခဲ့ရ၏။ ဆင်းရဲသော မိဘမဲ့တစ်ယောက်ဘဝမှ နျဲ့မိသားစု၏ သခင်လေးတစ်ယောက် ဖြစ်လာခဲ့လေသည်။


နျဲ့မိသားစုတွင် အမျိုးသမီးမရှိချေ။ မစ္စတာနျဲ့နှင့် နျဲ့မိသားစု၏ တစ်ဦးတည်းသော ဆက်ခံသူဖြစ်သည့် နျဲ့ချင်းစန်က အလွန်အလုပ်များနေလေ့ရှိသည်။


စီးပွားရေးလုပ်ငန်းရှင်ဖြစ်သည့် အစ်ကိုဖြစ်သူ နျဲ့ချင်းစန်က လုရုန်ချင်းအား ကာကွယ်ပေးထားသဖြင့် လူငယ်လေးက လမ်းမှားရောက်ခဲ့ပြီး မောက်မာသော သခင်လေးတစ်ယောက် ဖြစ်လာခဲ့လေသည်။ 


ထို့အပြင် ကလေးဘဝက အတွေ့အကြုံများလည်း ရှိသဖြင့် လုရုန်ချင်းက တစ်နေ့လုံး မှုန်ကုပ်ကုပ်ဖြစ်နေကာ သူ့စိတ်နေသဘောထားကလည်း အလွန်အပြောင်းအလဲမြန်လေသည်။


ထို့အပြင် သူက ယောက်ျားများကို သဘောကျ၏။ သူသဘောကျသည့် အမျိုးသားမှာ ဝူကျန်းကျန်းနှင့် တရားမဝင်သမီး သဘောကျသည့် ဖူဇီရွှမ်းဖြစ်လေသည်။ 


မူလတွင် သူက ဝူကျန်းကျန်းကို မနာလိုဝန်တိုခြင်းမရှိပေ။ သို့ရာတွင် ယောက်ျားတစ်ယောက်အတွက် မောက်မာသော မင်းသမီးလေးနှင့် စိတ်ဆတ်သော သခင်လေးက ကျောင်းတွင် ရန်ဖြစ်စကားများခဲ့လေ၏။


သို့ရာတွင် အဆိုးဆုံးအရာမှာ မူလပိုင်ရှင်၏ စိတ်က အလွန်ရိုးရှင်းခဲ့ခြင်းဖြစ်သည်။ တရားမဝင်သမီးက သူ့ကိုအသုံးချပြီး ဝူကျန်းကျန်းကို ဒုက္ခပေးခဲ့လေ၏။


ထို့ကြောင့် ဝူကျန်းကျန်း ပြန်လည်မွေးဖွားလာသည့်အချိန်တွင် တရားမဝင်သမီးပြီးနောက် လုရုန်ချင်းကို အမုန်းဆုံးဖြစ်ခဲ့လေသည်။


သူ့အား လက်စားချေရန်အတွက် သူမက ထောင်ချောက်များ ဆင်ထားခဲ့လေသည်။ မူလတွင် ခေါင်းမာပြီး အချိုးမပြေရုံသာဖြစ်သည့် လုရုန်ချင်းအား မကောင်းသည့်လမ်းသို့ တွန်းပို့ကာ မူးယစ်ဆေးများပေးခဲ့ပြီး ဖျော်ဖြေရေးကလပ်တစ်ခုတွင် အရူးလုပ်ခဲ့လေသည်။ သူက နာမည်ပျက်သွားပြီး နျဲ့မိသားစုထံမှ မလိုလားခြင်းကို ခံခဲ့ရလေ၏။


လက်စားချေရန်အတွက် ဝူကျန်းကျန်းက ရုပ်ရည်ချောမောပြီး မသမာသောနည်းလမ်းများ သုံးတတ်သည့်လူတစ်ယောက်အား သူ့အနားသို့ကပ်ရန် ရှာခဲ့လေသည်။


သူ့ခံစားချက်များကို ကစားကာ ညစ်ညမ်းသောပုံများ ရိုက်ယူပြီး ဆေးစွဲအောင်လုပ်လျက် ရက်စက်စွာဖြင့် ငရဲသို့တွန်းပို့ခဲ့လေသည်။ 


ဝူကျန်းကျန်းတွင် မကျေနပ်ချက်များရှိသော်လည်း လုရုန်ချင်းတွင်လည်း မကျေနပ်ချက်များစွာရှိလေသည်။


ဝူကျန်းကျန်း၏ ကိစ္စများက သူနှင့်လုံးဝမဆိုင်ပေ။ သူက တရားမဝင်သမီး၏ အကွက်ဆင်ခြင်းကို ခံရပြီး တရားခံအဖြစ် တွန်းပို့ခံရခြင်းဖြစ်သည်။


အမှန်တရားကိုမသိသည့် ဝူကျန်းကျန်းက အပြစ်များအားလုံးကို သူ့အပေါ်တွင်သာ ပုံချခဲ့လေသည်။ သူမ၏ လက်စားချေလိုစိတ်မှာ အလွန်ပြင်းထန်သဖြင့် လုရုန်ချင်းမှာ ပြန်လည်ခေါင်းထူရန် အခွင့်အရေးမရှိတော့ချေ။


နန်လီချန်းထံမှ စွန့်ပစ်ခံရပြီးနောက် သူက သီးသန့်ပါတီပွဲတစ်ခုသို့ အခေါ်သွားခံရပြီး အခြားလူများ၏ ကစားခြင်းကိုခံရကာ ပျက်စီးခဲ့ရလေသည်။ ပြန်လည်ပြင်ဆင်ရန် အခွင့်အရေးလုံးဝမရှိတော့ဘဲ သူ၏ အဆုံးသတ်က တရားမဝင်သမီးထက်ပင် ဆိုးရွားခဲ့လေသည်။


သူက ဝူကျန်းကျန်း၏ အမိန့်အောက်၌ သူ့ခံစားချက်များကို လိမ်လည်ခဲ့သော နန်လီချန်းကို အလွန်မကျေနပ်ခဲ့ပေ။


သူ့ကလေးဘဝမှ ရရှိခဲ့သော အရိပ်မည်းကြောင့် သူ့နှလုံးသားက အလွန်နုနယ်လေသည်။ နျဲ့မိသားစုကို မဝင်ခင်အချိန်တွင် သူက အိမ်နီးချင်းကလေးများထံမှ အလှောင်ပြောင်ခံ အနိုင်ကျင့်ခံခဲ့ရလေ၏။


သူ၏ တစ်ဦးတည်းသောဆွေမျိုး သေဆုံးခဲ့ပြီးနောက် နျဲ့မိသားစုတွင် နေထိုင်ခဲ့ပြီး သူတို့က သူ့အား အလွန်ကောင်းမွန်စွာ ဆက်ဆံလေသည်။ သို့ရာတွင် အဆုံး၌ သူတို့က သွေးမတော်သဖြင့် ဆက်ဆံရေးကွာဟချက်တစ်ခု ရှိလေသည်။


နောက်ပိုင်းတွင် မစ္စတာနျဲ့နှင့် သူ့သားက ကုမ္ပဏီကိစ္စများနှင့် အလုပ်များနေခဲ့သဖြင့် သူ့အနားကပ်ရန် အချိန်မရှိပေ။ အိမ်အကူများက သူ့အား သခင်လေးဟုခေါ်သော်လည်း  နောက်ကွယ်တွင် သူ့အကြောင်းများကို ပြောလေ၏။ ထိုကဲ့သို့ မဆင်မခြင် အပြောများက ကလေးတစ်ယောက်အပေါ် စိတ်ပိုင်းဆိုင်ရာ သက်ရောက်မှုများ ရှိနိုင်သည်ကို မစဉ်းစားခဲ့ကြပေ။


ထို့ကြောင့် လုရုန်ချင်းက ပုန်ကန်ဆိုးသွမ်းတတ်ပြီး မှုန်မှိုင်းစွာဖြင့် ကြီးပြင်းလာလေသည်။


ဖူဇီရွှမ်းကိုမူ ချစ်သည်ဟု မဆိုနိုင်ဘဲ သဘောကျရုံသာဖြစ်လေ၏။ နန်လီချန်းကသာ သူ အမှန်တကယ် ချစ်ခဲ့ရသော ယောက်ျားဖြစ်လေသည်။


သူက သူ့နှလုံးသားတစ်ခုလုံးကို ပေးခဲ့သော်လည်း လိမ်လည်လှည့်ဖြားခံရမည်ဟု မထင်ထားခဲ့ပေ။ နုနယ်သောနှလုံးသားရှိသည့် ကောင်လေးတစ်ယောက်အနေဖြင့် ဤကဲ့သို့ လိမ်လည်ခံလိုက်ရခြင်းက သူ့ကမ္ဘာကြီးတစ်ခုလုံး ပျက်စီးသွားသည်ထက် လျော့နည်းမနေပေ။


၎င်းက အမုန်းဟုလည်း ဆိုနိုင်လေသည်။ နန်လီချန်းအပေါ်  မူလပိုင်ရှင်၏ ခံစားချက်များမှာ ရှုပ်ထွေး၏။ အချစ်၊ အမုန်း၊ မကျေနပ်မှု၊ အထီးကျန်မှုနှင့် ရှင်းမပြနိုင်သော ခံစားချက်များဖြစ်သည်။


ဇာတ်ကြောင်းကို လက်ခံပြီးနောက် ကုပိုင်က သက်ပြင်းချလိုက်ကာ အနည်းငယ် စိတ်ပူပန်နေပြီး နားထင်ကို ပွတ်လိုက်လေသည်။


ဤကမ္ဘာက သွေးထွက်သံယိုအခြေအနေ မဟုတ်သော်လည်း အလွန်ပြင်းထန်ရက်စက်လေ၏။ ကုပိုင်က အနည်းငယ် စိုးရိမ်နေလေသည်။ ဤနေရာတွင် အခမဲ့နေ့လည်စာကဲ့သို့ အရာများ ရှိပုံမပေါ်ပေ။ သူ အသက်ရှင်ချင်သော်လည်း ၎င်းက လွယ်ကူသည့်မစ်ရှစ် မဟုတ်ပေ။


သူမျက်လုံးဖွင့်ကြည့်လိုက်ချိန်တွင် ထိုအခန်းထဲ၌ပင် ဖြစ်လေ၏။ ဇာတ်ကြောင်းတွင်ပါဝင်သော အကြောင်းအရာများက ကြီးမားသော်လည်း အပြည့်အဝ လက်ခံရန် မိနစ်အနည်းငယ် ကြာမြင့်လေသည်။


ယခုအချိန်မှာ ဇာတ်ကြောင်းက ဝူကျန်းကျန်း သူ့အား ထောင်ချောက်ဆင်သည့်အပိုင်းသို့ ရောက်နေပြီဖြစ်၏။ ယနေ့တွင် သူက သူ့သူငယ်ချင်းများနှင့် ဆေးသုံးရန် ရောက်လာခြင်းဖြစ်သည်။


မူရင်းဇာတ်ကြောင်းအရ ဖျော်ဖြေရေးကလပ်တွင် သူက ဆေးသုံးထားပြီး လှပသောအသွင်အပြင်ရှိသဖြင့် ဧည့်သည့်အချို့၏ ဆော့ကစားခြင်းကို ခံခဲ့ရလေသည်။


ဝူကျန်းကျန်းက ၎င်းကို အခွင့်ကောင်းယူပြီး ဓာတ်ပုံရိုက်ထားကာ ဖြန့်ခဲ့လေသည်။ သူက နျဲ့မိသားစုကို အရှက်ရစေသဖြင့် နျဲ့မိသားစုက သူ့အား စက်ဆုပ်ခဲ့လေသည်။ နျဲ့ချင်းစန်ကလည်း သူ့အား အလွန်စိတ်ပျက်သွားခဲ့လေသည်။


သူ့အတွက် အဝတ်အစားနှင့် စားစရာများ ထောက်ပံ့ပေးသေးသော်လည်း သူ့အား ဂရုမစိုက်တော့ချေ။ နျဲ့ချင်းစန်၏ သန်မာသော နောက်ခံကို ဆုံးရှုံးသွားပြီးနောက် သူမည်မျှ ဒုက္ခရောက်စေကာမူ မည်သူကမှ သူ့အတွက် မရပ်တည်ပေးတော့ချေ။


ဝူကျန်းကျန်း၏ဆေးက အလွန်ပြင်းလေသည်။ ယခုအချိန်တွင် သူ့ခန္ဓာကိုယ်ထဲရှိဆေးက အာနိသင်ပြနေလေ၏။ ဇာတ်ကြောင်းကို လက်ခံပြီးနောက် ကုပိုင်မှာ ခေါင်းမူးလာပြီး သူ့ခန္ဓာကိုယ်က ပူလောင်လာလေသည်။ သူ့အရေပြားက လောင်ကျွမ်းနေသကဲ့သို့ ခံစားနေရပြီး သတိလွတ်စွာဖြင့် ခန္ဓာကိုယ်က ကြမ်းပြင်ပေါ်တွင် လူးလှိမ့်နေလေသည်။


ကုပိုင်က စိတ်ကိုရှင်းရှင်းထားရန် လျှာကိုဖိကိုက်လိုက်ပြီးနောက် အားတင်းကာ မတ်တတ်ရပ်လိုက်သည်။ ထို့နောက် ခုံပေါ်သို့ စမ်းတဝါးဝါးဖြင့် တက်လိုက်ပြီးနောက် နျဲ့ချင်းစန်၏ ဖုန်းနံပါတ်ကို ခေါ်လိုက်သည်။


မူရင်းဇာတ်ကြောင်းအရ ဤနေရာတွင် တစ်ယောက်တည်းဆက်နေလျှင် အလွန်အန္တရာယ်များလေသည်။ လုရုန်ချင်း‌၏ ဆိုးရွားသော ကံတရားကဲ့သို့ သူ မကြုံချင်ပေ။


လုရုန်ချင်းက ပြဿနာရှာသဖြင့် နျဲ့ချင်းစန်က သူ့အား စိတ်မရှည်သော်လည်း အန်တီလု၏ ကျေးဇူးများနှင့် နှစ်ပေါင်းများစွာ အတူရှိခဲ့သော ဆက်ဆံရေးကြောင့် သူ့အား လုံးဝစိတ်မကုန်သွားမီတွင် လျစ်လျူရှုမည်မဟုတ်ပေ။ 


ဖုန်းခေါ်ပြီးနောက် ကုပိုင်က ကြမ်းပြင်ပေါ်တွင် လှဲချလိုက်လေသည်။


အချိန်မည်မျှ ကုန်ဆုံးသွားသည်ကို မသိပေ။ ရုတ်တရက် တံခါးပွင့်လာပြီး ခြေသံများကို ကြားလိုက်ရလေသည်။


တစ်ယောက်ယောက်က အထဲဝင်လာပြီး သူ့ရှေ့တွင် ရပ်လိုက်သည်ကို ခံစားလိုက်ရသည်။ ထို့နောက် အေးစက်ကာ ဒေါသထွက်နေသော အသံကို ကုပိုင်ကြားလိုက်ရလေသည်။

“လုရုန်ချင်း… မင်း တစ်နေ့လောက် ငါ့ကိုဒုက္ခမပေးရရင် မနေနိုင်ဘူးလား…”


နျဲ့ချင်းစန်က အမူအရာကင်းမဲ့နေပြီး သူ့ခန္ဓာကိုယ်က တောင့်တင်းကာ ကြမ်းပြင်ပေါ်တွင် လူးလှိမ့်နေသော လူငယ်လေးကို စိုက်ကြည့်လိုက်နေလိုက်သည်။ အမြဲတမ်း တည်တည်ငြိမ်ငြိမ် နေတတ်သောသူက ယခုအချိန်တွင် ဦးနှောက်ဆဲလ်များ ကိုက်ခဲနေသကဲ့သို့ ခံစားနေရ၏။


ကလေးအရွယ်တွင် ချစ်စရာကောင်းပြီး နာခံတတ်သော သူ့ညီက မည်သည့်အတွက်ကြောင့် ယခုကဲ့သို့ ဖြစ်လာသည်ကို သူ တကယ်နားမလည်နိုင်ပေ။ လွန်ခဲ့သောနှစ်များ၌ သူရှာခဲ့သော ပြဿနာများနှင့် အရှက်ရမှုများက အနည်းအကျဉ်းမဟုတ်ပေ။


အန်တီလု၏ ကျေးဇူးသာမရှိလျှင် သူ့အရှုပ်များကို ထပ်ခါတလဲလဲ လိုက်ရှင်းနေရန် စိတ်ရှည်မည်မဟုတ်ပေ။


ဆယ်ကျော်သက်အရွယ်မှာပင် သူ့နေ့စဉ်ဘဝက ရန်ဖြစ်ခြင်း၊ သောက်စားရမ်းကားခြင်း၊ ကလပ်တက် ကခုန်ခြင်းများနှင့်သာ ပြည့်နှက်နေလေသည်။ သူ၏ ပြဿနာရှာတတ်သော အပြုအမူများကြောင့် စိတ်ရှည်သည်းခံမှုများက တဖြည်းဖြည်း ကုန်ဆုံးလာလေသည်။


ယခုအချိန်တွင် အခြားလူများထံမှ ဆေးသုံးရမည်ကိုပင် သင်ယူတတ်လာလေသည်။ သူသုံးထားသောဆေးက စိတ်ကြွဆေးဖြစ်၏။ သူအချိန်မှီရောက်မလာလျှင် ဖရိုဖရဲဖြစ်နေပြီး နူးညံ့သော လူငယ်လေးက ပြောင်စင်အောင် အစားသုံးခံလိုက်ရမည်ဖြစ်သည်။


သရုပ်ပျက်သည့် အဝတ်အစားများ၊ အရောင်စုံနေသော ဆံပင်နှင့် ထူပိန်းနေသော မိတ်ကပ်များလိမ်းထားသော ကြမ်းပြင်ပေါ်ရှိ ကောင်လေးကိုကြည့်ကာ နျဲ့ချင်းစန်က စိတ်မရှည်စွာဖြင့် သူ့လည်စည်းကို ဆွဲလိုက်ပြီး ကောင်လေးကို ဆူပူကြိမ်းမောင်းလိုက်လေသည်။

“လုရုန်ချင်း… ငါမင်းကို နောက်ဆုံးအကြိမ် သတိပေးတာပဲ… နောက်ပိုင်းကျရင် မင်း ငြိမ်ငြိမ်နေတာ ပိုကေင်းမယ်…. ငါ့ကို ဒုက္ခမပေးနဲ့တော့… မဟုတ်ရင် ငါ့ကို အဆိုးမဆို….”


သူက စကားကို ဆုံးအောင်မပြောဘဲ သူ့ရှေ့ရှိ လူငယ်လေးကို ငုံ့ကြည့်လိုက်သည်။


လှပသော ကောင်လေး၏မျက်နှာက နီရဲနေပြီး နာနာကျင်ကျင်ဖြင့် ရုန်းကန်နေကာ နူးညံ့သော ဆံသားများက ချွေးများနှင့်ပါးပေါ်တွင် ကပ်တွယ်နေပြီး နူးညံ့ပုံပေါ်နေလေသည်။ ဤမောက်မာပြီး ဆိုးသွမ်းသော ဆယ်ကျော်သက်လေးက သနားစဖွယ်ဖြစ်အောင်လုပ်နိုင်ပြီး ကြမ်းတမ်းသော စကားများ ထွက်မလာနိုင်အောင် လုပ်နိုင်လေသည်။


နျဲ့ချင်းစန်က သူ့အတွေးများကို လှောင်ပြောင်လိုက်လေသည်။ ဤလုရုန်ချင်းက တစ်နေကုန် ဒုက္ခပေးနေပြီး သရဲကဲ့သို့ မှုန်မှိုင်းနေသော အသွင်အပြင်ရှိသဖြင့် လူများက သူ့အပေါ် သနားညှာတာစိတ်ရှိသည်မှာ မဖြစ်နိုင်ပေ။ သူ့ကို ဒုက္ခမပေးလျှင် ပိုကောင်းမည်ဖြစ်လေသည်။



🌠🌠🌠