အခန်း (၁) ကျောင်းသားဦးရေ အနည်းငယ်မျှသာ
“ငါတို့ အတန်းဖော်တွေ ဖြစ်ခဲ့ဖူးတာကို မင်းမှတ်မိရဲ့လား”
ကမ္ဘာဦးရန်သူတော်ဖြစ်သူ ရှုလင်းထံမှ ထိုစကားကို ကြားလိုက်ရသည့်အခါ နင်ရှန့်၏ မျက်ဝန်းများ အနည်းငယ် ဝိုင်းစက်သွား၏။ ၎င်းတို့နှစ်ဦးသည် အစည်းအဝေးခန်းမအတွင်း၌ စီးပွားရေးအရ ဆွေးနွေးညှိနှိုင်းရာမှ တစ်ဦးကိုတစ်ဦး ပုဂ္ဂိုလ်ရေးအရ တိုက်ခိုက်သည်အထိ ပြင်းထန်သော အားပြိုင်မှုကို ခုလေးတင်မှ အဆုံးသတ်ခဲ့ခြင်းဖြစ်သည်။
အခြေအနေမှာ မည်မျှအထိ ဆိုးဝါးသနည်းဆိုလျှင် တစ်ဖက်လူ၏ ရုံးခန်းအတွင်းရှိ လာဘ်ခေါ်အပင်ကို ရေနွေးပူဖြင့် လောင်းပြီး သတ်ပစ်ရန်အထိပင် နင်ရှန့် စဉ်းစားနေမိသည်။ သူက မိမိတက်ရောက်ခဲ့သော မူလတန်း၊ အလယ်တန်းနှင့် အထက်တန်း ကျောင်းသားဘဝတစ်လျှောက်လုံးကို ပြန်လည်ပုံဖော်ကြည့်သော်လည်း ရှုလင်းဆိုသည့် အရိပ်အယောင်ကို မည်သို့မျှ ရှာမတွေ့ခဲ့ပေ။
“ငါက လူကိုပဲ မှတ်မိတာ၊ ခွေးကိုတော့ မှတ်မထားဘူး”
သူက ခပ်ပြတ်ပြတ်ပင် ဆိုလိုက်၏။
“ခွေးတစ်ကောင်က စကားလာပြောရင်တောင် မင်းက ပြန်ထူးဦးမှာလား”
ရှုလင်းက မဲ့ပြုံးပြုံးရင်း ဆိုသည်။ ထို့နောက် သားရေဆိုဖာပေါ်၌ သက်သောင့်သက်သာ ထိုင်ချလိုက်ကာ လည်စည်းကို အနည်းငယ် လျှော့လိုက်သည်။ လိပ်တင်ထားသည့် အင်္ကျီလက်အောက်မှ သွယ်လျပြီး ကြွက်သားအမြှောင်းမြှောင်း ထနေသော လက်မောင်းနှင့် ထင်ရှားသည့် လက်ကောက်ဝတ်ပေါ်ရှိ စီးပွားရေးသမားတို့ ဝတ်ဆင်လေ့ရှိသော နာရီမှာ ပေါ်လွင်နေသည်။
“သခင်လေးနင်က အရေးပါတဲ့လူတစ်ယောက်ဖြစ်နေလို့ မှတ်ဉာဏ် သိပ်မကောင်းတာလည်း ဖြစ်နိုင်တာပဲ”
စားပွဲပေါ်တွင် ရှုလင်းနှင့် အင်တာဗျူးထားသည့် စီးပွားရေးမဂ္ဂဇင်းတစ်စောင် ရှိနေ၏။ မဂ္ဂဇင်းမျက်နှာဖုံးရှိ ဓာတ်ပုံထဲတွင် ရှုလင်းမှာ အနက်ရောင်ဝတ်စုံနှင့် ခန့်ညားတည်ကြည်နေပြီး ၎င်း၏ ရုပ်ရည်မှာလည်း အလွန်ပင် ချောမောလှပသည်။ ‘လူငယ်လူရွယ် ပညာရှင်’၊ ‘ဩဇာအာဏာရှိသူ’ နှင့် ‘စက်မှုလုပ်ငန်း၏ ရှေ့ဆောင်လမ်းပြ’ ဟူသော စကားလုံးများမှာလည်း မျက်စိကျဖွယ်ဖြစ်နေသည်။ ဤကဲ့သို့သော လူမျိုးနှင့် အတန်းဖော် ဖြစ်ခဲ့ဖူးလျှင် မည်သူက မေ့လျော့နိုင်ပါမည်နည်း။ ထိုသူမှာ အဘယ်မုသာဝါဒများကို ပြောဆိုနေသနည်းဟု ရှုလင်း တွေးနေမိသည်။
ရှည်ကြာလှသော အစည်းအဝေးကြောင့် နင်ရှန့်မှာ မူးဝေအော့အန်ချင်သကဲ့သို့ ခံစားလာရသဖြင့် မျက်လုံးများကို ပွတ်သပ်လိုက်၏။ ထိုစဉ် ရှုလင်းက ပူနွေးသော ကိုကိုးခွက်ကို သူ၏ရှေ့သို့ တိုးပေးလိုက်သည်။ ကိုကိုးနံ့ သင်းသင်းလေးကြောင့် နင်ရှန့်၏ စိတ်အစုံမှာ လှုပ်ခတ်သွားရသည်။
“နည်းနည်းလောက် သောက်လိုက်ပါဦး”
ရှုလင်းက ဆိုသည်။
“မင်းရဲ့ နှုတ်ခမ်းတွေက ဖြူဖျော့နေပြီ”
“မလိုဘူး”
နင်ရှန့်က ရှုလင်း၏ လက်ချောင်းများကို တစ်ချက်ဝေ့ကြည့်လိုက်ကာ မျက်နှာကို တစ်ဖက်သို့ လွှဲလိုက်၏။
“မင်း အဆိပ်ခတ်ထားလားဆိုတာ ဘယ်သူသိမှာလဲ”
သို့သော် သူ မတ်တတ်ရပ်လိုက်သည်နှင့် တစ်ပြိုင်နက် မြင်ကွင်းတစ်ခုလုံး မှောင်အတိကျသွားကာ ခေါင်းမူးဝေလျက် ဘေးသို့ ယိုင်လဲသွားတော့သည်။ အကယ်၍ ဤအတိုင်း လဲကျသွားလျှင် ခေါင်းပေါ်၌ အဖုအကျိတ်တစ်ခု ထွက်လာနိုင်သည် မဟုတ်ပါလော။ ထိုစဉ် လက်တစ်ဖက်က သူ့ကို လှမ်းဖမ်းလိုက်သကဲ့သို့ ခံစားလိုက်ရပြီး တဖြည်းဖြည်းနှင့် အိပ်မောကျခြင်းအမှောင်ထုအတွင်းသို့ နစ်မြုပ်သွားတော့၏။
“မေမေ... သား ကျောင်းမသွားချင်ဘူး!”
“ဆရာမ... ဘောင်းဘီကို ဘယ်လို ပြန်ဆွဲတင်ရမလဲဟင်...”
“၅ အပေါင်း ၇ ဆိုတာက... ဝါး... ဆရာမ၊ ကျွန်တော့်မှာ လက်ချောင်းတွေ မလောက်တော့ဘူး”
“၁၂ လေ!”
သင်္ချာပုစ္ဆာတစ်ပုဒ်ကြောင့် နင်ရှန့် လန့်နိုးလာခြင်းဖြစ်သည်။ ပတ်ဝန်းကျင်တစ်ခုလုံးတွင် ဆူညံနေသည့် အသံများဖြင့် ပြည့်နှက်နေသည်။ သူ မျက်လုံးဖွင့်ကြည့်လိုက်၏။
ဟင်?
ဤနေရာ၏ အပြင်အဆင်နှင့် အရောင်အသွေးများမှာ သူ ငယ်စဉ်က တက်ခဲ့ဖူးသည့် ‘ရွှေရောင်နေမင်းကြီး’ မူလတန်းကျောင်းနှင့် တစ်ထပ်တည်း တူညီနေသည်။ ထိုစဉ်က သူ့ကို သင်ကြားပေးခဲ့သည့် ဆရာမမှာ ကျန်းဟု အမည်ရသည့် မိန်းကလေးငယ်တစ်ဦးဖြစ်ကြောင်း သူ ဝိုးတဝါး မှတ်မိနေ၏။
“ဆရာမကျန်း... ဖေဖေတစ်ယောက်က ကလေးမှားခေါ်သွားလို့တဲ့!”
တစ်စုံတစ်ဦးက တံခါးဝမှ အော်ပြောလိုက်သည်။ မြင်းမြှီးဆံပင်ပုံစံ မြင့်မြင့်စည်းထားသည့် မိန်းကလေးငယ်တစ်ဦး အပြေးထွက်သွားသည်။
“...သူ့အဖေကလဲ အိမ်ပြန်ရောက်မှ သတိထားမိရသလား”
နင်ရှန့်: “?”
အမှန်ပင် ဆရာမကျန်းရှိနေ၏။ ဤမူလတန်းကျောင်းမှာ သူ ငယ်စဉ်က ကျောင်းပင် ဖြစ်နေသလော။ နင်ရှန့် ခေါင်းအနည်းငယ် ကိုက်လာသဖြင့် နားထင်ကို ပွတ်သပ်လိုက်စဉ် ပေါင်ပေါ်ရှိ အရုပ်လေးကို သတိပြုမိသွားသည်။ ၎င်းမှာ သူ အသက်ငါးနှစ်အရွယ်တွင် အဖွားဖြစ်သူ ပေးခဲ့သည့် ခွေးရုပ်လေးဖြစ်သည်။ ထိုအရုပ်မှာ အသစ်စက်စက် ရှိနေသေးသည့်အပြင် အမြှီးနားရှိ တံဆိပ်မှာပင် မပြုတ်သေးချေ။
သို့ဆိုလျှင် သူက အသက်ငါးနှစ်အရွယ်သို့ ပြန်လည်ရောက်ရှိသွားခြင်းလား။ စိတ်ကို တည်ငြိမ်စေရန်အတွက် မုန့်တစ်ခုခု စားရန် လိုအပ်သည်ဟု သူ တွေးလိုက်သည်။ ရောင်စုံ ပလတ်စတစ်စားပွဲပေါ်တွင် မုန့်ထုပ်လေးတစ်ခု ရှိနေပြီး အရသာမှာလည်း အတော်ပင် ကောင်းမွန်လှသည်။ နင်ရှန့်က နှစ်ခုခန့် စားရန် ပြင်လိုက်သော်လည်း မုန့်ကို ကိုင်ထားသည့် သူ၏လက်ကို တစ်စုံတစ်ဦးက လှမ်းဖမ်းလိုက်၏။
“မင်း တစ်ခု ပိုယူလိုက်တာပဲ၊ ပြန်ချထားစမ်း!”
သူ၏နားနားသို့ အသံတိုးတိုးလေး တစ်ခု တိုးဝင်လာသည်။ နင်ရှန့် လှည့်ကြည့်လိုက်သည့်အခါ သူ၏ဘေးတွင် အခြားကလေးငယ်တစ်ဦး ထိုင်နေသည်ကို တွေ့လိုက်ရ၏။ ထိုကလေးက သူ့ကို စိုက်ကြည့်ရင်း သူ၏လက်ထဲမှ မုန့်ကို လက်ညှိုးငေါ့ငေါ့ထိုးကာ အင်္ကျီကော်လံကို ဆွဲလိုက်သည်။ ထိုကလေး၏ ပုံစံမှာ ဒေါသထွက်နေပုံရပြီး ရင်းနှီးနေသည့် စိတ်ပျက်ဖွယ် အငွေ့အသက်များ ရရှိနေသည်။
“ရှု... ရှုလင်းလား”
နင်ရှန့်က မသေချာသကဲ့သို့ မေးလိုက်၏။
“ဟုတ်တယ်”
တစ်ဖက်လူက ခေါင်းညိတ်ပြရင်း အမည်ကို ဝန်ခံ၏။
“ဒါပေမဲ့ ဆုတော့ မရှိဘူးနော်”
ရှုလင်းက နင်ရှန့်၏ လက်ချောင်းများကို ဆွဲဖြုတ်ကာ မုန့်ကို လုယူသွားတော့သည်။ နင်ရှန့်က ပတ်ဝန်းကျင်ကို တစ်ချက်ကြည့်လိုက်ပြီး ရှုလင်းကို ပြန်ကြည့်လိုက်သည်။ ရှုလင်း ပြောခဲ့သည့် ‘အတန်းဖော်’ ဆိုသည်မှာ အမှန်တကယ်ပင် သူငယ်တန်းအတန်းဖော်ကို ဆိုလိုခြင်းဖြစ်မည်ဟု သူ လုံးဝ မထင်မှတ်ထားခဲ့ပေ။
သို့သော် သူ၏ဘေးမှ လူဆိုးလေးမှာ အနက်ရောင် အင်္ကျီအထူကို ဝတ်ဆင်ထားပြီး နှုတ်ခမ်းကို တင်းတင်းစေ့လျက် စားပွဲပေါ်မှ မုန့်များကို အလွန်အမင်း ကာကွယ်စောင့်ရှောက်နေသည့် ပုံစံမှာ လူကြီးလူကောင်း ပုံစံပေါက်နေသည်။ ထိုသို့သော ရုပ်ရည်မျိုးမှာ လူအများကြားတွင် ပျောက်ကွယ်သွားနိုင်သည့် ရုပ်ရည်မျိုး မဟုတ်ချေ။ သို့သော် သူ အဘယ်ကြောင့် ရှုလင်းကို လုံးဝ မမှတ်မိရသနည်း။
“ငါ မင်းရဲ့မုန့်တွေကို မလိုချင်ပါဘူး”
နင်ရှန့်က ဆိုလိုက်၏။ တည်ငြိမ်ရင့်ကျက်သည့် လူကြီးတစ်ဦးအနေဖြင့် ကလေးတစ်ယောက်နှင့် အငြင်းပွားရန် မသင့်တော်ဟု သူ တွေးလိုက်သည်။ ရှုလင်းက စားပွဲအောက်မှ အံဆွဲကို ဆူညံစွာ ရှာဖွေနေပြီး နင်ရှန့် စကားကို ကြားခြင်း ရှိ၊ မရှိပင် မသေချာချေ။
“ဟေး... အတန်းထဲမှာ နာရီရှိလား။ နာရီဆိုတာ မင်းသိရဲ့လား”
နင်ရှန့်မှာ မိမိမည်သည့်အချိန်သို့ ပြန်လည်ရောက်ရှိလာသည်ကို သိလိုလှသည်။
“မင်း အချိန်ကြည့်ချင်လို့လား။ စောစောက ပြောရမှာပေါ့!”
နင်ရှန့်က သူ့ကို စကားလာပြောသဖြင့် ရှုလင်း အံ့အားသင့်သွားပုံရသည်။ သူက နင်ရှန့်ဘက်သို့ လှည့်လိုက်ကာ သူ၏အင်္ကျီလက်ကို မတင်လိုက်၏။ ဟုတ်ပေသည်၊ ဤသူမှာ ရှုလင်းပင်ဖြစ်သည်။ ငယ်ငယ်ရွယ်ရွယ်နှင့်ပင် နာရီဝတ်ဆင်နေသည်မှာ ထူးဆန်းလှ၏။ ထို့ကြောင့်လည်း နောင်တစ်ချိန်တွင် သူက အချိန်တိကျသူတစ်ဦး ဖြစ်လာခြင်းဖြစ်ပေလိမ့်မည်။ ယခင်ဘဝက အစည်းအဝေးသို့ တစ်မိနစ်ခန့် နောက်ကျမိသဖြင့် ရှုလင်း၏ ဆူပူကြိမ်းမောင်းမှုကို ခံခဲ့ရသည်မှာ မှတ်လောက်သားလောက်ရှိလှသည်။
နင်ရှန့် အနားသို့ တိုး၍ ကြည့်လိုက်၏။ ထို့နောက် သူ ငြိမ်ကျသွားတော့သည်။
“မင်းရဲ့ နာရီကို လှလှပပလေး ဆွဲထားတာပဲနော်”
ခဏအကြာတွင် နင်ရှန့်က စိတ်ရင်းနှင့်ပင် ချီးကျူးလိုက်သည်။
“ဒါပေမဲ့ စက္ကန့်တံတွေကတော့ အတော်လေး များနေသလိုပဲ”
“ကျေးဇူးပဲ”
ရှုလင်းက လက်ကို ပြန်ရုတ်လိုက်ကာ အင်္ကျီလက်ကို ပြန်ချလိုက်သည်။ ထို့နောက် ဆေးရောင်ခြယ် ဖောင်တိန်ဘူးကို ထုတ်လိုက်ပြီး နင်ရှန့်၏ လက်ကို တို့လိုက်သည်။
“မင်းရော တစ်ခုလောက် လိုချင်လား”
နင်ရှန့်၏ နှုတ်ခမ်းများ တွန့်ချိုးသွားကာ လက်ကို အိတ်ကပ်ထဲသို့ ထည့်လိုက်သည်။
“မလိုဘူး”
ရှုလင်း : “မင်းရဲ့ လည်ပင်းမှာတောင် ဆွဲပေးလို့ရတယ်နော်”
နင်ရှန့်က သူ၏ ပုဝါကို ပို၍ တင်းတင်းပတ်လိုက်မိသည်။
“ဘာမှ မလိုချင်ဘူး!”
“ဒါဆိုလည်း မနက်ဖြန်မှ ဆွဲပေးမယ်”
ရှုလင်းသည် ရှုပ်ပွနေသော ဆေးရောင်ခြယ် ဖောင်တိန်များကို လွယ်အိတ်ထဲသို့ ထည့်လိုက်ကာ စားပွဲပေါ်မှ မုန့်ကို ယူ၍ အကြီးတစ်ပိုင်း၊ အငယ်တစ်ပိုင်း ပိုင်းလိုက်၏။ နင်ရှန့် ငေးငိုင်နေစဉ် မုန့်တစ်ဝက်မှာ သူ၏ရှေ့သို့ ရောက်လာသည်။
“မင်းကို မုန့်တစ်ဝက် ချေးပေးမယ်”
ရှုလင်းက မလိုလားသကဲ့သို့ဆို၏။
“မနက်ဖြန်ကျရင် ငါ့ကို မုန့်နှစ်ခု ပြန်ပေးရမယ်နော်”
နင်ရှန့် : “?”
ဤလူဆိုးလေးမှာ ငယ်ငယ်ရွယ်ရွယ်နှင့်ပင် အတိုးကြီးကြီးဖြင့် ငွေချေးတတ်သည့် အကျင့်မျိုး ရှိနေပါလား။ ငါ ဘာမှ မလိုချင်ပါဘူးဆိုမှ…။
“ရှုလင်း!”
အတန်းတံခါးဝမှ အော်သံတစ်ခု ကြားလိုက်ရပြီး ကလေးသုံးလေးဦးမှာ ပြူးပြူးပြာပြာဖြင့် ထွက်လာကာ
“မင်း ဘာလုပ်နေတာလဲ!”
“မြန်မြန်လာပါ ရှုလင်းရဲ့၊ အချိန်မရှိတော့ဘူး!”
နင်ရှန့်သည် ထိုအော်သံကြောင့် လန့်သွားရ၏။
“ခဏနေဦး”
ရှုလင်းက ဆိုလိုက်သည်။ ထို့နောက် သူက ထိုင်ခုံကို ကန်ထုတ်လိုက်ကာ ရေသန့်ဘူးကို ကောက်ကိုင်ပြီး အပြင်သို့ ပြေးထွက်သွားတော့၏။
“သွားကြစို့ ညီအစ်ကိုတို့!”
ရှုလင်းက ဦးဆောင်လိုက်သည်။
“အကြီးအကဲကို သွားရှာပြီး တိုက်ခိုက်ကြမယ်!”
နင်ရှန့်မှာ မည်သို့မျှ မပြောနိုင်တော့ဘဲ ကြည့်နေမိတော့သည်။ ကလေးတစ်အုပ်လုံးသည် ‘The Lone Warrior’ သီချင်းကို သံကုန်ဟစ်ကာ ဘေးအတန်းသို့ ချီတက်သွားကြသည်။ နင်ရှန့် မျက်နှာကို လက်နှင့်အုပ်လိုက်မိ၏။ စီးပွားရေးလောကတွင် လူတိုင်းကို ကြောက်ရွံ့စေသည့် ရက်စက်ပြီး ကောက်ကျစ်သော ရှုလင်းမှာ ငယ်စဉ်က ဤကဲ့သို့သော ပုံစံမျိုး ဖြစ်ခဲ့တာလား။ သူ၏မှတ်ဉာဏ်ထဲတွင် ဤကဲ့သို့ ဆူညံလွန်းသည့် ကလေးများကို ‘ကျောင်းသားဦးရေ အနည်းငယ်မျှသာ’ ဟုသာ သတ်မှတ်ထားလေ့ရှိသည်။
ရှုလင်းအနေဖြင့် သူတို့နှစ်ဦး အတန်းဖော်ဖြစ်ခဲ့သည်ကို မှတ်မိရဲ့လားဟု သူ့ကို မေးရန် အခွင့်အရေး မရှိပေ။ လက်ထဲမှ မုန့်မှာ အရသာရှိလှသဖြင့် နင်ရှန့် အကုန်စားလိုက်၏။ သို့သော် မုန့်မှုန့်များမှာ လက်ပေါ်တွင် ပေကျံနေသဖြင့် လက်ဆေးရန် ပြင်လိုက်သော်လည်း သူ ထရပ်၍ မရခဲ့ပေ။ နင်ရှန့် သူ ထိုင်နေသည့် ဝှီးချဲကို ငုံ့ကြည့်လိုက်မိ၏။
ထိုစဉ်က အဖြစ်အပျက်ကို သူ ပြန်လည်သတိရသွားသည်။ သူ အသက်ငါးနှစ်အရွယ်တွင် မတော်တဆမှုတစ်ခု ဖြစ်ခဲ့ဖူးပြီး လမ်းလျှောက်ရန် ခက်ခဲသဖြင့် ဝှီးချဲပေါ်တွင် နှစ်အနည်းငယ်ကြာ နေခဲ့ရဖူးသည်။ ထိုအချိန်တွင် သူက ကျေးလက်ရှိ အဖွားအိမ်သို့ ပြောင်းရွှေ့နေထိုင်ခဲ့ပြီး ဤတောင်ပေါ်မြို့လေးရှိ ကျောင်းတွင် ပညာသင်ကြားခဲ့ခြင်းဖြစ်သည်။ သို့သော် ထိုအချိန်က သူက အလွန်ပင် အထီးကျန်နေခဲ့ပြီး ပတ်ဝန်းကျင်မှ လူများကို သိပ်၍ ဂရုမစိုက်ခဲ့သဖြင့် မည်သူ့ကိုမျှ သေချာမမှတ်မိခဲ့ခြင်း ဖြစ်ပေလိမ့်မည်။
လူကြီးများအတွက် သေးငယ်သော အရာဟု ထင်ရသော်လည်း ကလေးများအတွက်မူ ထိုအရာမှာ ကျော်လွှားရန် ခက်ခဲသော အတားအဆီးတစ်ခု ဖြစ်နေတတ်သည်။ ဆရာမကျန်းမှာလည်း အနားတွင် မရှိသဖြင့် ဝှီးချဲကို တွန်းပေးမည့်သူ မရှိချေ။ နင်ရှန့်က ယခင်ကကဲ့သို့ အားငယ်မနေတော့ဘဲ မိမိဘာသာ အားကိုးရန် ဆုံးဖြတ်လိုက်ကာ ဝှီးချဲကို လက်ဆေးခန်းဘက်သို့ တွန်းသွားလိုက်တော့၏။
အတန်းပြင်ပရှိ နံရံနားတွင် ကလေးငယ်တစ်သိုက်မှာ ဒဏ်ပေးခံရသဖြင့် တန်းစီ၍ မတ်တတ်ရပ်နေကြသည်။
“ရှုလင်း”
ဘောလုံးတစ်လုံးကဲ့သို့ လုံးပတ်နေသော ကောင်လေးတစ်ဦးကဆို၏။
“မင်း ခုနက မင်းသမီးလေးနဲ့ စကားပြောနေတာ ငါ မြင်တယ်နော်”
“သူ စကားတွေ အများကြီး ပြောတယ်”
ရှုလင်းက နံရံကို မှီရင်း ခပ်အေးအေးပင်ပြန်ဖြေ၏။
“မင်းသမီးလေးက ဒီနေ့ မင်းကို စကားပြောတယ်ပေါ့”
ထိုကလေးက အားကျစွာဖြင့် ဆိုသည်။
“သူက ငါတို့ကို မြင်တောင် မြင်တာ မဟုတ်ဘူး”
“အဲဒါက မင်းတို့ကိုပဲ နေမှာပါ”
ရှုလင်းက ဆိုလိုက်၏။
နင်ရှန့်က သူတို့၏ အတန်းသို့ ပြောင်းရွှေ့လာသည့် ကျောင်းသားသစ် တစ်ဦးဖြစ်သည်။ ဤမြို့ငယ်လေးတွင် ကြီးပြင်းလာသည့် ကလေးများနှင့်မတူဘဲ နင်ရှန့်မှာ အလွန်ပင် သန့်ရှင်းလှပပြီး အသားအရေမှာလည်း ဖြူစင်ဝင်းပနေသည်။ သို့သော် နင်ရှန့်က စကားလည်း မပြော၊ လမ်းလည်း မလျှောက်ဘဲ ပုံပြင်ထဲမှ မင်းသမီးလေးတစ်ပါးကဲ့သို့ သူ၏ ရာဇပလ္လင်ပေါ်တွင်သာ ငြိမ်သက်စွာ နေလေ့ရှိသည်။
“ငါ အဲဒီတောင်စောင်းနားကဖြတ်သွားတော့ မင်းသမီးလေးရဲ့ အိမ်ကြီးက အရမ်းကြီးတာပဲ၊ သူ့မှာစားစရာတွေ အများကြီး ရှိမှာပဲနော်”
ထိုကလေးက သွားရည်ကျရင်း ဆို၏။
“ဟုတ်တယ်မလား ရှုလင်း”
ရှုလင်းက သူ့ကို ဂရုမစိုက်ဘဲ လျှောစီးစင်ဘက်သို့သာ လှည့်ကြည့်လိုက်သည်။ နင်ရှန့်က ဝှီးချဲပေါ်တွင် ထိုင်နေပြီး အနက်ရောင် ပုဝါကို မေးစေ့အထိ ဆွဲတင်ထားသည်။ သူ၏ ဆံပင်နက်နက်လေးများအောက်တွင် ကြောင်ပေါက်လေးတစ်ကောင်ကဲ့သို့ ဖြူစင်သည့် မျက်ဝန်းတစ်စုံသာ ပေါ်လွင်နေ၏။
အပြင်ဘက်တွင် အတော်လေးအေးနေသဖြင့် သူ နှစ်ချက်ခန့် ချောင်းဆိုးလိုက်သည်။ ပုဝါပေါ်မှတဆင့် ပါးစပ်ကို အုပ်ထားသည့် သူ၏ လက်ချောင်းလေးများမှာ အအေးဒဏ်ကြောင့် နီရဲနေသည်။ နင်ရှန့်က အပြင်သို့ ထွက်လာမိသည်မှာ မှားသွားပြီဟု တွေးလိုက်မိ၏။ သူသည် မိမိ၏ ခန္ဓာကိုယ်အင်အားကို အထင်ကြီးမိခဲ့သည်။ ဝှီးချဲမှာ အလွန်လေးလံလှသဖြင့် ခဏအကြာတွင်ပင် သူ မောပန်းလာတော့သည်။ ထို့ကြောင့် လျှောစီးစင်နားတွင် ခဏနားနေစဉ် အအေးဒဏ်ကြောင့် ချောင်းများ ပို၍ ဆိုးလာရသည်။
“မင်း အတန်းထဲ ပြန်သွားမလို့လား”
လူရိပ်တစ်ခု ထွက်လာ၏။
“မင်း အမှိုက်ပုံးထဲ ပြုတ်ကျလာတာလား”
နင်ရှန့်က နှာခေါင်းရှုံ့ရင်း မေးလိုက်၏။ ခဏအတွင်းမှာပင် ရှုလင်း၏ ဆံပင်များမှာ ရှုပ်ပွနေပြီး အင်္ကျီပေါ်တွင်လည်း ရွှံ့များ ပေကျံနေသည်။
“ကျောင်းက အမှိုက်ပုံးတွေက တော်တော်လေး သန့်ရှင်းပါတယ်”
ရှုလင်းက ပြန်ဖြေ၏။
“...ငါ့နား မလာနဲ့”
နင်ရှန့်မှာ အမြဲတမ်း သန့်သန့်ရှင်းရှင်း နေလိုသူဖြစ်သည်။ ထို့အပြင် ရန်သူဖြစ်သူ၏ အကူအညီကိုလည်း သူ မယူလိုပေ။
“ငါ့ဘာသာ နေပါရစေ၊ ငါ နေပူစာ လှုံနေတာ”
ဆောင်းရာသီ၏ အအေးဓာတ်မှာ ပို၍ ပြင်းထန်လာ၏။
“ဒါဆိုလည်း ပြီးရော”
ရှုလင်း အဝေးသို့ ပြေးထွက်သွားတော့သည်။
နင်ရှန့်က အတန်းထဲသို့ ခက်ခက်ခဲခဲ ပြန်သွားနေရင်း ဤဝှီးချဲကို လျှပ်စစ်ဝှီးချဲဖြင့် လဲလှယ်ရန် စဉ်းစားနေမိ၏။ သူက မောပန်းနေပြီး အဖြူရောင်အင်္ကျီပေါ်တွင်လည်း ရွှံ့များ ပေကျံသွားသည်ကို တွေ့လိုက်ရသည်။ သူ၏ ရန်သူမှာ ငယ်သည်ဖြစ်စေ၊ ကြီးသည်ဖြစ်စေ စိတ်အနှောင့်အယှက်ပေးတတ်သည်မှာ အတူတူပင်။ သူ ရှုလင်းကို စိတ်ထဲမှ ကျိန်ဆဲနေစဉ် ရွှေရောင် အရာဝတ္ထုတစ်ခုမှာ ကောင်းကင်ပေါ်မှ ပြုတ်ကျလာသကဲ့သို့ သူ၏ ပေါင်ပေါ်သို့ ရောက်လာ၏။
နင်ရှန့် : “?”
ရှုလင်း ထွက်သွားပြီးနောက် ပြန်ရောက်လာခြင်းဖြစ်၏။ သူသည် သူ၏လက်များကို အင်္ကျီနှင့် အခါခါ ပွတ်သပ်လိုက်ပြီးမှ နင်ရှန့်၏ ဝှီးချဲကို တွန်းပေးရန် ပြင်လိုက်သည်။
“ဒီနေ့ နေသာမှာ မဟုတ်ဘူး”
ရှုလင်းက ဆိုသည်။
“အပြင်မှာ အရမ်းအေးတယ်၊ ဒါလေးယူပြီး အတန်းထဲမှာပဲ နေပူစာလှုံတော့”
နင်ရှန့်၏ ပေါင်ပေါ်တွင် ရွှေရောင်ပလတ်စတစ်ဖြင့် ပြုလုပ်ထားသည့် နေမင်းကြီးပုံစံ အချပ်ပြားကြီးတစ်ခုရှိနေ၏။ နင်ရှန့်မှာ မည်သို့မျှ မပြောနိုင်ဘဲ ငြိမ်သက်သွားတော့သည်။ သူက ရှုလင်းကို ထပ်မံ၍ မနှင်ထုတ်တော့ဘဲ အတန်းထဲသို့ တွန်းပို့ခွင့် ပြုလိုက်သည်။ သူ၏ နီရဲနေသောလက်ညှိုးလေးဖြင့် အေးစက်နေသော ပလတ်စတစ် နေမင်းကြီးကို တို့ကြည့်လိုက်မိသည်။
ရှုလင်းမှာ ငယ်စဉ်ကတည်းက အမြဲတမ်း စိတ်အနှောင့်အယှက်ပေးခဲ့သူ မဟုတ်ကြောင်း သူ ခံစားလိုက်ရ၏။
“ဒါက အပူဓာတ်မှ မရှိတာ၊ နေပူစာ ဘယ်လိုလှုံရမှာလဲ”
သူက တိုးတိုးလေး ရေရွတ်လိုက်၏။
အတန်းထဲသို့ ရောက်ခါနီးတွင် နင်ရှန့်က အထဲမှ ပူနွေးသည့် အငွေ့အသက်များကို ခံစားလိုက်ရကာ နှုတ်ခမ်းအစုံမှာ အနည်းငယ် ပြုံးယောင်သန်းသွားသည်။ ထိုစဉ် ဆရာမကျန်း၏ အော်သံကို ကြားလိုက်ရသည်။
“ကျောင်းဝင်းတံခါးဘေးက ‘ရွှေရောင်နေမင်းကြီး’ မူလတန်းကျောင်း အမှတ်တံဆိပ်ကို ဘယ်သူ ဖြုတ်ယူသွားတာလဲ!”
နင်ရှန့်: “...”
ရုတ်တရက်ပင် သူ၏လက်ထဲမှ ‘နေမင်းကြီး’ မှာ ကိုင်ထားရန် ခက်ခဲလောက်အောင် ပူလောင်လာသကဲ့သို့ ခံစားလိုက်ရတော့၏။
T/N- ဒီဇာတ်လမ်းလေးက ချစ်ဖို့ကောင်းတဲ့ ဇာတ်ကောင်တွေရဲ့ နေ့စဉ်ဘဝနဲ့ သိမ်မွေ့တဲ့ သံယောဇဉ်တွေကို ပုံဖော်ထားတာ။ ဇာတ်လမ်းအသွားအလာက နည်းနည်း နှေးကွေးနိုင်ပေမဲ့ ဇာတ်ကောင်တွေရဲ့ ကလေးဘဝကနေကြီးပြင်းလာတဲ့အထိ ခံစားချက်တွေ တဖြည်းဖြည်းတိုးတက်လာပုံကို ခံစားရမှာပါ။ တကယ်လို့ သင်က ရင်ခုန်စိတ်လှုပ်ရှားဖွယ်ကောင်းတဲ့အချစ်ဇာတ်လမ်းတွေကို နှစ်သက်သူဆိုရင် ဒီဝတ္ထုလေးကို သဘောကျမယ်လို့ မျှော်လင့်ပါတယ်။