အခန်း ၂
'ဟာ... သွားပြီ၊ ဒါက ရုပ်ရှင်ဧကရာဇ်ကျန်းပဲ'
စန်းစန်းတစ်ယောက်ထိုသို့ မပြောနိုင်မီမှာပင် ဝမ်ချီ၏ မျက်နှာထက်၌ အမူအရာတစ်မျိုး ဖြစ်ပေါ်နေပြီး သူ၏ အနည်းငယ် ဝိုင်းစက်သော ဗာဒံစေ့ပုံစံ မျက်လုံးများဖြင့် ထိုအမျိုးသားအား စိုက်ကြည့်နေမိသည်။
'ခင်ဗျား တကယ်ကြီး ကျွန်တော့်ကို လှောင်နေတာလား'
ထိုအချိန်တွင် ဝမ်ချီကိုယ်တိုင် မသိလိုက်သည်မှာ သူ၏ပုံစံမှာ လူဆိုးတစ်ယောက်ကို အန္တရာယ်မပြုနိုင်သော ခြေသည်းလေးများဖြင့် ကုတ်ခြစ်ရန် ကြိုးစားနေသည့် အဖြူရောင် ကြောင်ပေါက်လေးတစ်ကောင်နှင့် အလွန်တူနေခြင်းပင်။
အင်မတန်မှ ကြောက်စရာကောင်းလှပေသည်။
ထို့နောက်တွင် ...
စန်းစန်း: "ဟာ... သွားပြီ! ဒါက ရုပ်ရှင်ဧကရာဇ်ကျန်းပဲ!"
ဝမ်ချီ: "?"
ဓာတ်လှေကားမှာ အချက်ပေးသံမြည်ကာ တံခါးပွင့်သွားသည်။ ဝမ်ချီမှာမူ ဖျော်ဖြေရေးလောက၏ အကျော်ကြားဆုံး ပုဂ္ဂိုလ်တစ်ဦးကို တည့်တည့်မတ်မတ် စိုက်ကြည့်မိခဲ့သည့် အရှိန်ကြောင့် ကြောင်တောင်တောင် ဖြစ်နေဆဲပင်။ ထိုသူမှာ အခြားသူမဟုတ်ဘဲ အစီအစဉ်တွင် သူနှင့် တွဲဖက်ပေးမည့် CP ဖြစ်နေ၏။
"မဝင်ဘူးလား"
ရုပ်ရှင်ဧရာဇ်ကျန်းက သာယာညင်သာစွာ မေးလိုက်သည်။
"အာ"
ဝမ်ချီမှာ အလိုအလျောက် အသံထွက်မိသွားပြီး ကုဒ်မှားနေသော NPC တစ်ယောက်ကဲ့သို့ တောင့်တောင့်မတ်မတ်ဖြင့် လျှောက်ဝင်သွားကာ ဓာတ်လှေကားထောင့်တွင် ကပ်ရပ်လိုက်၏။
စကားတစ်လုံးမျှ မဟတော့ပေ။
ဝမ်ချီ၏ သေဖို့အသင့်ပြင်ပြီး မြေမြှုပ်ခံရတော့မည့် အခြေအနေနှင့်မတူဘဲ စန်းစန်းမှာမူ စိတ်လှုပ်ရှားလွန်း၍ ဝမ်ချီ၏ ဟူဒီအင်္ကျီလက်ကို ဆွဲကိုင်ကာ တုန်ရင်နေသည်။
ဒါ ကျန်းစီဟန်းပဲ၊ ရုပ်ရှင်ဧကရာဇ်ကျန်းပဲ၊ ကျန်းလောင်ရှီးပဲ၊ ကျန်းစီဟန်းပဲ၊ ရုပ်ရှင်ဧကရာဇ်ကျန်းပဲ၊ ကျန်းလောင်ရှီးပဲ...
လင်းစန်းတစ်ယောက် သူမ၏ ဘဝတွင် ရုပ်ရှင်ဧရာဇ်ကျန်းနှင့် ဓာတ်လှေကား တစ်စီးတည်း အတူတူ စီးရလိမ့်မည်ဟု တစ်ခါမျှ စိတ်ကူးမယဉ်ခဲ့ဖူးပေ။
ဓာတ်လှေကားမှာ မသေးငယ်သော်လည်း ကျန်းစီဟန်းနှင့် သူ၏ နောက်လိုက် အမျိုးသား နှစ်ဦး ဝင်လာသည့်အခါတွင်မူ ဝမ်ချီမှာ လေထုထဲ၌ အောက်ဆီဂျင် နည်းသွားသကဲ့သို့ ခံစားလိုက်ရသည်။
သူက သူ၏ ခြေဖျားကိုသာ ငုံ့ကြည့်နေပြီး အာရုံအားလုံးကို ခြေချောင်းများပေါ်တွင်သာ ထားရှိလိုက်သည်။
'ဒီနေ့ ငါ့ရဲ့ ဘွတ်ဖိနပ်တွေက ပိုဖြူနေသလိုပဲ'
ခဏအကြာတွင် အဖြူရောင် ဘွတ်ဖိနပ်တစ်စုံက သူ၏ အမြင်အာရုံထဲသို့ ဝင်ရောက်လာ၏။ ထိုဖိနပ်မှာ သူ၏ဖိနပ်ထက် တစ်ဆိုဒ် သို့မဟုတ် နှစ်ဆိုဒ်ခန့် ပိုကြီးပုံရသည်။
"ညစာ စားပြီးပြီလား"
ကြည်လင်ပြီး သာယာသော အသံတစ်ခု သူ၏ ခေါင်းပေါ်မှ ထွက်ပေါ်လာသည်။
ဝမ်ချီမှာ ခုန်တက်လုနီးပါးဖြစ်သွားခဲ့သည်။ သူ လန့်ဖျန့်သွားပြီး ခန္ဓာကိုယ်မှာ သိသိသာသာ တုန်တက်လုနီးပါးဖြစ်သွား၏။
ဝမ်ချီမှာ လန့်သွားသဖြင့် သူ၏ ခန္ဓာကိုယ်မှာ သိသိသာသာ တုန်ခါသွားရသည်။
သူက ခေါင်းကို အမြန်မော့ကာ ကျန်းစီဟန်းကို တစ်ချက်ကြည့်ပြီး ဖြေလိုက်၏။
"ဟုတ်ကဲ့"
ကျန်းစီဟန်းမှာ သူ၏ အသံကြောင့် ထိုကောင်လေး လန့်သွားလိမ့်မည်ဟု မမျှော်လင့်ထားပေ။ သူက ဝမ်ချီကို ထပ်မံ ကြည့်လိုက်သော်လည်း ကောင်လေးမှာ ခေါင်းပြန်ငုံ့ထားသဖြင့် သူ၏ မျက်နှာကို ရှင်းရှင်းလင်းလင်း မမြင်ရချေ။
ဘေးနားရှိ ကျန်းစီဟန်းနှင့်အတူ ပါလာသော သက်ကြီးပိုင်း အမျိုးသားက လည်ချောင်းတစ်ချက် ဟန့်လိုက်ပြီး ကြောင်ပေါက်လေးကို စိုက်ကြည့်နေသော ကျန်းစီဟန်း၏ အာရုံကို လွှဲပြောင်းလိုက်သည်။
ကျန်းစီဟန်းက သူ့ကို အေးစက်စွာ တစ်ချက် ကြည့်လိုက်၏။
ဓာတ်လှေကားမှာ သူတို့၏ အထပ်သို့ လျင်မြန်စွာ ရောက်ရှိလာသည်။ စန်းစန်းက ခလုတ်ကို စောစောကတည်းက နှိပ်ထားခဲ့သော်လည်း ကျန်းစီဟန်းမှာ သူတို့နှင့် တစ်ထပ်တည်းတွင် တည်းခိုနေသည်ကို ဝမ်ချီက အံ့သြစွာ သိလိုက်ရ၏။
ဓာတ်လှေကားထဲမှ ထွက်လာသောအခါ ဝမ်ချီမှာ နှုတ်ဆက်စကား မည်သို့ပြောရမည်ကို စိုးရိမ်နေမိသည်။ သူ ရှေ့သို့ တစ်လှမ်း တိုးလိုက်ရာ ကျန်းစီဟန်းကလည်း နောက်မှ လိုက်ပါလာ၏။
ဝမ်ချီ ရပ်လိုက်သည်။ စန်းစန်းကလည်း သူ့နီးတူ ရပ်လိုက်၏။ ထူးဆန်းသည်မှာ ကျန်သည့် အမျိုးသား သုံးဦးစလုံးလည်း ရပ်သွားကြခြင်းပင်။
ဝမ်ချီတစ်ယောက် ရုတ်တရက် ဇဝေဇဝါ ဖြစ်သွား၏။
သူတင်မကဘဲ ကျန်အမျိုးသား နှစ်ဦးလည်း နားမလည်နိုင် ဖြစ်နေကြသည်။
'ဘာလို့ ငါတို့ ကရော ရပ်သွားတာလဲ'
လူငါးဦးမှာ ဓာတ်လှေကားအထွက်တွင် ကျောက်ရုပ်များကဲ့သို့ တောင့်ခဲနေကြသည်။
ခဏအကြာတွင် ဝမ်ချီက သူ အဘယ်ကြောင့် ရပ်နေရသနည်းဆိုသည်ကို သတိရသွား၏။ သူက ကျန်းစီဟန်းဘက်သို့ လှည့်ကာ ယဉ်ကျေးစွာဖြင့် အနည်းငယ် ဦးညွှတ်နှုတ်ဆက်လိုက်သည်။
"နှုတ်ဆက်ပါတယ် ကျန်းလောင်ရှီး"
အလွန်ပင် စနစ်ကျပြီး ရိုသေလွန်းလှသည်။
စောစောက သူ လှည့်ကြည့်ကာ စိုက်ကြည့်ခဲ့သည့် အချိန်မှလွဲ၍ ဤသည်မှာ ကျန်းစီဟန်းအနေဖြင့် ထိုလူငယ်လေး၏ မျက်နှာကို ပထမဆုံးအကြိမ် သေချာမြင်ဖူးခြင်းဖြစ်၏။
သူက အဖြူရောင် အင်္ကျီအပွလေးကို ဝတ်ဆင်ထားပြီး သူ၏ မျက်နှာသွင်ပြင်မှာ နုနယ်ကာ ထင်ရှားလှသည်၊ သူ၏ မျက်လုံးများမှာ ကြည်လင် တောက်ပနေသည်။ သူ၏ ရှည်လျားပြီး ကော့ညွှတ်နေသော မျက်တောင်များက မျက်လုံးအောက်တွင် အရိပ်ကလေးများ ထင်ကျန်နေစေ၏။ သူ့တွင် လူတစ်ဦးအား စိတ်အေးချမ်းစေသည့် လတ်ဆတ်သန့်ရှင်းသော အသွင်အပြင်မျိုး ရှိသည်။
စောစောက လည်ချောင်းဟန့်ခဲ့သော သက်ကြီးပိုင်း အမျိုးသားမှာ ကျန်းစီဟန်း၏ မန်နေဂျာ ကျိုးချန်ဖြစ်သည်။ သူ၏ အနုပညာရှင်က ထိုကောင်လေးကို စိုက်ကြည့်နေသည်ကို မြင်သောအခါ သူက ကျန်းစီဟန်းကို ဘေးသို့ အတင်းဆွဲခေါ်သွားရ၏။
ထို့နောက် သူက ဝမ်ချီကို နွေးထွေးစွာ ပြုံးပြကာ ပြောလိုက်သည်။
"နှုတ်ဆက်ပါတယ်"
ဝမ်ချီကလည်း ပြန်လည်ပြုံးပြကာ သူ၏ လက်ထောက်နှင့်အတူ အမြန်လှည့်ထွက်သွားတော့သည်။
ကျန်းစီဟန်း၏ အခန်းမှာ ထိုစင်္ကြံလမ်းတွင် မဟုတ်ပေ။ ဝမ်ချီနှင့် စန်းစန်းတို့ ထောင့်ချိုးသို့ လှည့်ဝင်ကာ ပျောက်ကွယ်သွားသည်ကို ကြည့်လျက် မန်နေဂျာ ကျိုးချန်က ကျန်းစီဟန်းကို ကြည့်ကာ စိတ်ပျက်လက်ပျက် ဖြစ်နေသည်။
"အခုနက မင်းမျက်နှာက အမူအရာကိုသာ ပါပါရာဇီတစ်ယောက်ယောက်က ဓာတ်ပုံရိုက်မိသွားရင် မနက်ဖြန် ဘာတွေ ထိပ်တန်းသတင်းဖြစ်လာမလဲဆိုတာ မင်းသိလား"
ကျန်းစီဟန်းက ဂရုမစိုက်ဟန်ဖြင့် လမ်းလျှောက်လျက်သာ မေးလိုက်သည်။
"ဘယ်လို သတင်းမျိုးလဲ"
"#ကျန်းစီဟန်းချိန်းတွေ့နေတယ်# #ညဘက်ကြီးကျန်းစီဟန်းကယောက်ျားလေးတစ်ယောက်နဲ့အတူရှိနေခဲ့တယ်#"
ကျိုးချန်က အတည်ပေါက် ပြောလိုက်သည်။
သူတို့၏ လက်ထောက်ဖြစ်သူ ရှောင်ဒူမှာမူ မရယ်ဘဲ မနေနိုင်တော့ပေ။
ကျိုးချန်: "..."
ကျန်းစီဟန်းက သူတို့ကို ဂရုမစိုက်ဘဲ သူ၏ ခြေတံရှည်များဖြင့် စင်္ကြံလမ်းအတိုင်း အမြန်လျှောက်သွား၏။ သူက ကတ်ကို ဆွဲကာ တံခါးဖွင့်လိုက်သော်လည်း အထဲမဝင်မီ ပုခုံးကျော်၍ လှည့်ကြည့်ကာ ပြောလိုက်သည်။
"မနက်ဖြန် ငါ့ကို နှိုးလိုက်"
ရှောင်ဒူက ချက်ချင်းပင် ပြန်ဖြေ၏။
"သိပါပြီ! ကျိုးကော ကို သတိပေးလိုက်ပါ့မယ်"
ကျိုးချန်: "?"
တံခါးပိတ်သွားသည်နှင့် ကျိုးချန်က ရှောင်ဒူ၏ ခေါင်းကို တစ်ချက် ခေါက်လိုက်သည်။
"ဘာလဲ၊ ငါ့ကို အသေခံခိုင်းပြီး ငါ့အလုပ်ကို စောစော ယူချင်နေတာလား"
ကျန်းစီဟန်း၏ မနက်ခင်း အပူမှာ နာမည်ကြီးလှ၏။ မည်သို့သော စိတ်မှန်သူက သူ့အား စောစော သွားနှိုးရဲမည်နည်း။
ပါးဖောင်းဖောင်းနှင့် ဖြူဖျော့ဖျော့ မျက်နှာရှိသော ရှောင်ဒူမှာမူ အပြစ်ကင်းစင်သည့် အမူအရာဖြင့် ကြည့်နေလေသည်။
နောက်တစ်နေ့တွင် ရာသီဥတုမှာ သာယာကြည်လင်နေပြီး ခရီးထွက်ရန် အကောင်းဆုံးပင်။
ဝမ်ချီ ညက အချက်ပေးသံ ငါးခု ပေးထားခဲ့သော်လည်း တတိယမြောက် အချက်ပေးသံ မြည်မှသာ နိုးလာ၏။
ယနေ့ ရိုက်ကူးရေးနှင့် တိုက်ရိုက်ထုတ်လွှင့်မှု တရားဝင် စတင်မည့်နေ့ ဖြစ်သည်။ ရိုက်ကူးရေးမတိုင်မီ အစည်းအဝေး ရှိမည်မဟုတ်ပေ။ ဒါရိုက်တာက ဤအစီအစဉ်မှာ စစ်မှန်မှုကို အခြေခံသည့် အချစ်နယ်ပယ် အစီအစဉ်ဖြစ်သည်ဟု ပြောထား၏။
လူတိုင်းမှာ သူတို့၏ ပထမဆုံး CP က မည်သူဖြစ်သည်ကိုသာ သိကြသည်။ သူတို့က အွန်လိုင်းတွင် လျှို့ဝှက်စွာ စုံစမ်းမှုများ ပြုလုပ်ထားနိုင်သော်လည်း လူချင်းတွေ့သည့်အခါတွင်မူ သူတို့၏ ပုံရိပ်များနှင့် ကွဲပြားနိုင်၏။
'နှလုံးသားရဲ့ ဝန်ခံချက်' မှာ အနုပညာရှင်များကိုသာ ရွေးချယ်ထားခြင်း မဟုတ်ဘဲ အချို့သော ဧည့်သည်များမှာ သာမန်လူများ သို့မဟုတ် နာမည်ကြီး လိုက်ဖ်လွှင့်သူများ ဖြစ်ကြသည်။
ည ၈ နာရီ ဝန်းကျင်တွင် ထုတ်လုပ်ရေးအဖွဲ့က ဧည့်သည်တစ်ဦးစီ၏ ဖုန်းသို့ မက်ဆေ့ခ်ျများ ပို့လိုက်ပြီး နှလုံးသားအိမ်တော်သို့ မည်သည့်အချိန်တွင် ထွက်ခွာရမည်ကို အသိပေးလိုက်၏။ သူတို့ ဟိုတယ်မှ ထွက်ခွာသည့် အချိန်မှစ၍ တိုက်ရိုက်ထုတ်လွှင့်မှု စတင်မည် ဖြစ်သည်။
လူတစ်ဦးစီတွင် ကိုယ်ပိုင် ကင်မရာဆရာနှင့် တိုက်ရိုက်ထုတ်လွှင့်မှု အခန်း တစ်ခန်းစီ ရှိ၏။
ဝမ်ချီက ရေဆေးကန်ရှေ့တွင် ရပ်ကာ မှန်ထဲရှိ သူ၏ ကစဉ့်ကလျား ဖြစ်နေသော ဆံပင်များကို ကြည့်လျက် ကြောင်နေမိသည်။
သူ ထွက်ခွာရမည့် အချိန်မှာ နံနက် ၈ နာရီ ၃၀ မိနစ် ဖြစ်သည်။ အခြားသူများအကြောင်း သူ မသိသော်လည်း ယခုအချိန်မှာ ၇ နာရီကျော်နေပြီ ဖြစ်သဖြင့် ဟိုတယ်၏ ဒုတိယထပ်တွင် မနက်စာ စားရန် အချိန်ရသေး၏။
ကြောင်တောင်တောင် ဖြစ်နေဆဲ ဖြစ်သော်လည်း သူက သွားတိုက်၊ မျက်နှာသစ်၊ အပေါ့သွားကာ အဝတ်အစားလဲလိုက်ပြီး အိတ်များကို ပြင်ဆင်၍ တံခါးပိတ်လိုက်သည်။
စန်းစန်းက တံခါးလာခေါက်သဖြင့် သူတို့နှစ်ဦး မနက်စာ အတူတူ သွားစားကြ၏။
ဝမ်ချီစားသောက်ပြီးသည်နှင့် ဝန်ထမ်းတစ်ဦး ရောက်လာပြီး ကားအသင့်ဖြစ်ပြီဖြစ်ကြောင်း လာပြောသည်။
အောက်ထပ်တွင် သူနှင့်တွဲမည့် ကင်မရာဆရာကို သူ လှမ်းမြင်လိုက်ရ၏။
လက်ထောက်များကို ကင်မရာရှေ့တွင် ပေါ်လာခွင့်မပြုသဖြင့် စန်းစန်းက သူ၏ ရှေ့မှ ခပ်သွက်သွက် လျှောက်သွားကာ ကားထဲသို့ ကြိုဝင်နှင့်လိုက်သည်။
ဝမ်ချီမှာ ရင်ဘတ်တွင် ကြက်ဥကြော်ပုံလေး ပါသည့် ခရင်မ်ရောင် ကော်လာဝိုင်း ဆွယ်တာအင်္ကျီ၊ မီးခိုးရောင် ဘောင်းဘီပွ၊ အဖြူရောင် ဘွတ်ဖိနပ်တို့ကို ဝတ်ဆင်ထားပြီး အနက်ရောင် Puffer ဂျာကင်ကို လက်မောင်းတွင် ချိတ်ထား၏။
သူ ဟိုတယ်အထွက်သို့ လျှောက်သွားသည့်အခါ ကင်မရာဆရာက အချက်ပြလိုက်သည်၊ တိုက်ရိုက်ထုတ်လွှင့်ရန် လက်ချိုးရေတွက်နေခြင်းပင်။
ဆယ်စက္ကန့်အကြာတွင် 'နှလုံးသားရဲ့ ဝန်ခံချက်' ၂ ၏ တတိယမြောက် တိုက်ရိုက်ထုတ်လွှင့်မှုမှာ စခရင်အမည်းရောင်မှ တိုက်ရိုက်ထုတ်လွှင့်မှုသို့ ပြောင်းလဲသွား၏။
[ OMG! အခန်းနံပါတ် 3 က နောက်ဆုံးတော့ လိုက်ဖ်လွှင့်ပြီ! ]
[ ဧည့်သည် နံပါတ် ၃ က ဘယ်သူလဲ ကြည့်ရအောင်! #ခွေးရုပ်ပြောင် ]
[ ဝမ်ချီဟုတ်လား ဝမ်ချီက ဘယ်သူလဲ သူက အနုပညာရှင် မဟုတ်ဘူးလား ]
[ အား... ဒီကောင်လေးက အရမ်းချစ်ဖို့ကောင်းတာပဲ #ဆာလိုက်တာ ]
[ ငါ့ရဲ့ အကြိုက်ဆုံး soft-boy မောင်လေး type ပဲ! ]
[ သူက ကလေးလေးပဲ!!! ]
ဝမ်ချီမှာ ကင်မရာများနှင့် မစိမ်းပေ။ ယခင်က ရိုက်ကူးရေးများတွင် ကင်မရာ ငါးလုံး၊ ခြောက်လုံးက သူ့ကို ဝိုင်းထားလေ့ရှိသည်။ ယခု ကင်မရာတစ်လုံးတည်းကို ရင်ဆိုင်ရခြင်းမှာ သူ့အတွက် ဘာမှမဟုတ်ပေ။
သူက ကင်မရာကို ကြည့်ကာ အမြန် နှုတ်ဆက်လိုက်ပြီး သူ၏ အိတ်ကို နောက်ဖုံးထဲ ထည့်ကာ ကားထဲသို့ ဝင်ထိုင်လိုက်သည်။
ကားထဲတွင်လည်း နောက်ပိုင်း တည်းဖြတ်ရန်အတွက် ကင်မရာများ တပ်ဆင်ထား၏။
ဝန်ထမ်းတစ်ဦးက ရှေ့ခန်းတွင် ထိုင်နေပြီး မေးခွန်းအချို့ စတင်မေးမြန်းသည်။
ဝန်ထမ်း : "ချီရေ ဒါက မင်းအတွက် ပထမဆုံး ရသစုံရှိုးပေါ့နော် အဲဒါတင်မကဘဲ ချိန်းတွေ့ရမယ့် အစီအစဉ်လည်း ဖြစ်နေတယ် ဆိုတော့ ဘယ်လို ခံစားရလဲ"
ဤကဲ့သို့သော မေးခွန်းမျိုးတွင် ပုံသေ အဖြေများ ရှိပြီးသား ဖြစ်သည်။
ဝမ်ချီက ယဉ်ကျေးသော်လည်း အနည်းငယ် ရှက်ကိုးရှက်ကန်း ဖြစ်နေသည့် အပြုံးလေးကို ပြုံးလိုက်၏။
"အင်း... စူးစမ်းချင်စိတ်လည်း ရှိတယ်၊ စိတ်လည်း လှုပ်ရှားမိပါတယ် ဘာပဲဖြစ်ဖြစ် အစီအစဉ်မှာ ပါဝင်မဲ့ လူတိုင်းနဲ့ တွေ့ရဖို့ မျှော်လင့်နေပါတယ်"
[ ဟားဟားဟား ဒီအဖြေက တကယ့် စာအုပ်ကြီးအတိုင်းပဲ ]
[ သူ တစ်ခုခု ထူးထူးခြားခြား ပြောမယ် ထင်နေတာ။ ပျင်းစရာကြီး ငါတော့ ထွက်ပြီ ]
[ သူ့ ကြည့်ရတာ အေးအေးဆေးဆေးပဲ lol ]
[ ဒီကလေးက အသက်ဘယ်လောက်ရှိပြီလဲ ၂၀ ဝန်းကျင်လောက်ပဲ ထင်ရတယ် ]
[ အား... ငါ့ရဲ့ ချီသကြားလေး ရောက်လာပြီ! သူက ဒီနှစ်မှ ၂၃ နှစ် ရှိသေးတာ ]
ဝန်ထမ်း : "ချီရဲ့ စံပြချစ်သူက ဘယ်လိုမျိုးလဲ ကျွန်တော်တို့ကို ဝေမျှပေးလို့ ရမလား"
ဤမေးခွန်းက ဝမ်ချီကို အငိုက်မိသွားစေသည်။ သူက အလေးအနက် စဉ်းစားပြီး ဖြေလိုက်၏။
"ဖြစ်နိုင်ရင်... သဘောကောင်းပြီး ဂရုစိုက်တတ်တဲ့..."
ဝန်ထမ်းက လှမ်းကြည့်လိုက်သည်။ သူ၏ ခရင်မ်ရောင် ဆွယ်တာကြောင့် သူ၏ အသားအရေမှာ ပို၍ပင် ဖြူဝင်းနေ၏။
ဝန်ထမ်းက သူ သဘောကောင်းသော မိန်းကလေးများကို ကြိုက်သည်ဟု ပြောတော့မည်ဟု ထင်နေစဉ်မှာပင် ဝမ်ချီက ဆက်ပြောလိုက်သည်။
"ဟုတ်ကဲ့၊ ကျွန်တော်က သဘောကောင်းပြီး ဂရုစိုက်တတ်တဲ့... ယောကျ်ားလေးတွေကို ပိုသဘောကျမယ် ထင်တယ်"
'ဒါက ဘာမှ ကြိုတင် သတိမပေးဘဲ တည့်တည့်ကြီး ဖွင့်ပြောလိုက်တာမလား'
ဝန်ထမ်း : "..."
'အိုကေ၊ ဒါက မမျှော်လင့်ထားတာပဲ'
ယခုခေတ်တွင် လိင်တူချစ်သူ အတွဲများမှာ ပိုမို များပြားလာပြီး လူ့အဖွဲ့အစည်းက လွန်ခဲ့သော နှစ်အနည်းငယ်ကထက် ပို၍ လက်ခံလာကြပြီဖြစ်သည်။ ပြီးခဲ့သည့်နှစ်ကပင် နာမည်ကြီး လိင်တူချစ်သူ အနုပညာရှင် အတွဲတစ်တွဲ ဖျော်ဖြေရေးလောကတွင် လူသိရှင်ကြား ဖွင့်ပြောခဲ့ကြ၏။
ပရိသတ်များနှင့် အင်တာနက် အသုံးပြုသူများမှာ အံ့သြသွားကြသော်လည်း အများစုကမူ ဆုတောင်းပေးခဲ့ကြသည်။
[ ဘာလို့ ချောတဲ့ကောင်လေးတွေ အကုန်လုံးက ဂေးနေကြတာလဲ T_T ]
[ ငါ သိသားပဲ ချောတဲ့သူတွေက ချောတဲ့သူတွေကိုပဲ ချစ်ကြတာ ]
[ ဒါပေမဲ့ သူက အစီအစဉ်မှာ မိန်းကလေးတစ်ယောက်နဲ့ တွဲမိသွားရင် ဘယ်လိုလုပ်မလဲ ]
[ စိတ်မပူနဲ့ အဲဒါမျိုး ဖြစ်မှာမဟုတ်ဘူး ဒါရိုက်တာက အလိုက်တသိ စစ်ထုတ်ထားပြီးသား ]
[ ဟုတ်တယ်၊ သူတို့က ဂေးတစ်ယောက်ကို မိန်းကလေးနဲ့ တွဲပေးမှာ မဟုတ်ဘူး အကုန် စီစဉ်ထားပြီးသားပဲ ]
ဝန်ထမ်းက အနည်းငယ် ရှက်ကိုးရှက်ကန်း ရယ်ကာ ပြောလိုက်သည်။
"အော်... ဟုတ်ကဲ့၊ သိပါပြီ"
သူမက နောက်ထပ် မေးခွန်းအချို့ မေးမြန်း၏။ ဝမ်ချီမှာ အလွန် ဘေးကင်းပြီး ပုံသေကားကျ အဖြေများကိုသာ ပေးခဲ့သည်။ သူက လူသိမများသောကြောင့်လည်း ဖြစ်နိုင်သည်၊ သူ၏ စကားဝိုင်းမှာ လူကြိုက်များလောက်သည့် အခြေအနေမျိုး မရှိပေ။ တိုက်ရိုက်ထုတ်လွှင့်မှု အခန်း သုံးခုအနက် သူ၏ အခန်းမှာ ကြည့်ရှုသူနှင့် တုံ့ပြန်မှု အနည်းဆုံး ဖြစ်နေ၏။
ကြည့်နေဆဲ လူများမှာလည်း သူ၏ မျက်နှာကို ကြည့်ရန်အတွက်သာ ရှိနေကြခြင်း ဖြစ်နိုင်သည်။
နောက်ကွယ်တွင် ဝန်ထမ်းတစ်ဦးက တိုက်ရိုက်ထုတ်လွှင့်မှု အချက်အလက်များကို စောင့်ကြည့်နေ၏။ ဝမ်ချီ၏ အခန်းကို တာဝန်ယူရသော ဝန်ထမ်းမှာ ကြည့်ရှုသူ အရေအတွက် ကျဆင်းလာသည်ကို မြင်ရသဖြင့် မျက်မှောင်ကြုတ်နေမိသည်။
အမှန်အတိုင်း ပြောရလျှင် လွန်ခဲ့သော နှစ်ရက်က ဝမ်ချီကို တာဝန်မပေးအပ်မီအထိ သူ ဤလူအကြောင်းကို တစ်ခါမျှ မကြားဖူးပေ။ နာမည်မရှိသော သရုပ်ဆောင်လေး တစ်ဦးသာ ဖြစ်ပုံရသည်။
ဇဝေဇဝါ ဖြစ်နေသော ဝန်ထမ်းမှာ ဒါရိုက်တာဘက်သို့ လှည့်ကာ မေးလိုက်၏။
"ကော၊ ဘာလို့ ဝမ်ချီကို အစီအစဉ်မှာ ပါဝင်ခွင့်ပေးလိုက်တာလဲ ဒီလောက်အထိ လူကြိုက်နည်းတဲ့ အနုပညာရှင်မျိုး ကျွန်တော် တစ်ခါမှ မတွေ့ဖူးဘူး"
ပထမဆုံး တိုက်ရိုက်ထုတ်လွှင့်မှု အခန်းရှိ လိုက်ဖ်လွှင့်သူလေးပင် သူထက် ကြည့်ရှုသူ အဆပေါင်းများစွာ ပိုများနေသည်။
ဒါရိုက်တာက ပြန်မဖြေဘဲ စာရွက်စာတမ်းများကိုသာ လှန်လှောကြည့်နေ၏။
သူ့ဘေးတွင် ထိုင်နေသောသူက ဇဝေဇဝါ ဖြစ်နေသော ဝန်ထမ်း၏ ပုခုံးကို ပုတ်ကာ တီးတိုးပြောလိုက်သည်။
"တကယ်တော့ ဒီနေရာက ဝမ်ချီအတွက် မဟုတ်ဘူး အစက သဘောတူထားတဲ့ လူက ရုတ်တရက် မလာနိုင်တော့ဘူးလို့ ပြောလို့၊ သူတို့ ကုမ္ပဏီက ဝမ်ချီကို အစားထိုး ထည့်ပေးလိုက်တာ"
"အစက ဧည့်သည်က ဘယ်သူလဲ"
ဝန်ထမ်းကမေးလိုက်သည်။
"ရွှီကျိုးဝေ လေ အခုတလောမှ အရမ်းနာမည်ကြီးလာတဲ့ အိုင်ဒေါပေါ့"
ထိုနာမည်ကို ကြားလိုက်သည်နှင့် ဝန်ထမ်းမှာ သူတို့ ဘာကြောင့် ပျက်ကွက်ခဲ့သနည်းဆိုသည်ကို ချက်ချင်း နားလည်သွားသည်။
အိုင်ဒေါများ၏ သက်တမ်းမှာ သရုပ်ဆောင် သို့မဟုတ် အဆိုတော်များနှင့် မတူပေ။ သရုပ်ဆောင်များက သရုပ်ဆောင်မှုအပေါ် အခြေခံပြီး အဆိုတော်များသည် အသံအပေါ် အခြေခံ၏။ သူတို့၏ ပရိသတ်များမှာ အလုပ်အပေါ်တွင်သာ အဓိက ထောက်ခံကြသည်။
'အကယ်၍ မင်းက သရုပ်ဆောင်ကောင်းရင် ဒါမှမဟုတ် သီချင်းကောင်းကောင်း ဆိုနိုင်ရင်၊ စရိုက်ကလည်း မဆိုးဘူးဆိုရင် မင်း လူပျိုဖြစ်ဖြစ်၊ အိမ်ထောင်သည်ဖြစ်ဖြစ် ဘယ်သူမှ ဂရုမစိုက်ကြဘူး'
သို့သော် အိုင်ဒေါများမှာမူ ထိုသို့မဟုတ်ပေ။ သူတို့အနက် အများစုမှာ အရည်အချင်းစစ်ရှိုးများမှ တဆင့် ပွဲထွက်လာကြခြင်းဖြစ်ပြီး သူတို့၏ ဆွဲဆောင်မှုမှာ ပုံရိပ်ပေါ်တွင် တည်ဆောက်ထားခြင်း ဖြစ်သည်။ သူတို့၏ ပရိသတ် အများအပြားမှာ ရည်းစားအဖြစ်သတ်မှတ်ထားသော ပရိသတ်များ ဖြစ်ကြသည်။ ထိုအမျိုးသမီးများသည် အိုင်ဒေါကို သူတို့၏ ရည်းစားအဖြစ် စိတ်ကူးယဉ်ကြသူများပင်။ အချို့မှာ သူတို့၏ အိုင်ဒေါ၊ အခြား မည်သည့် အမျိုးသမီးနှင့်မျှ ပတ်သက်နေသည်ကို မကြည့်ရက်နိုင်ကြပေ။
အကယ်၍ အိုင်ဒေါတစ်ယောက်က နာမည်ကြီးနေချိန်တွင် ချိန်းတွေ့ရမည့် အစီအစဉ်တစ်ခု၌ ပါဝင်လိုက်ပါက ၎င်းသည် ပရိသတ်များ အစုလိုက်အပြုံလိုက် စွန့်ခွာသွားစေပြီး သူတို့၏ လူကြိုက်များမှုကို ထိခိုက်စေနိုင်သည်။
၎င်းမှာ ဤသို့ဖြစ်လိမ့်မည် : ငါတို့ ရည်းစားလို သတ်မှတ်ထားတဲ့ ပရိသတ်တွေကပဲ မင်းကို ဒီနေရာ ရောက်လာအောင် မဲပေးခဲ့ကြတာ၊ ပိုက်ဆံတွေ အကုန်ခံခဲ့ကြတာ၊ အခုတော့ မင်းက အချစ်နယ်ပယ် အစီအစဉ်မှာ သွားပြီး ပရောပရည် လုပ်နေတယ်ပေါ့၊ မင်း ငါတို့ကို သစ္စာဖောက်လိုက်တာပဲ ငါတို့ မင်းကို လက်လွှတ်လိုက်ပြီ
ဝန်ထမ်းက သက်ပြင်းချကာ ဝမ်ချီ၏ တိုက်ရိုက်ထုတ်လွှင့်မှုကိုသာ ပြန်ကြည့်လိုက်၏။
ထိုအချိန်တွင် ကားလည်း နှလုံးသားအိမ်တော်၏ ဂိတ်တံခါးရှေ့သို့ ဆိုက်ရောက်လာတော့သည်။