Ch 15
Viewers 527

အခန်း(15) ဖယောင်းရုပ်ပြတိုက်(15)


ဘောလုံးက စတင်လိမ့်သွားပြီဖြစ်၍ မျောက်*ဖြစ်သည့် ဟောက်ဇီနှင့် ကျင်းဟိုင်တို့ကလည်း လက်ဖက်ရည် သောက်ခဲ့ကြရလေသည်။ ဝမ်ရှောင်ရှောင်သည်လည်း သောက်ခဲ့သည်။


လူအားလုံးတွင် လင်းချန်ချန်နှင့် ကျောက်ရူတို့ နှစ်ဦးတည်းသာ လက်ဖက်ရည် မသောက်ခဲ့ကြပေ။


ထိုအချိန်မှသာ သူတို့ နှစ်ယောက်က တစ်စုံတစ်ခုကို ရိပ်မိသွားကြလေ၏။


ကျောက်ရူက မျက်နှာတစ်ခုလုံး ဖြူလျော့သွားခဲ့သည်။


“ကျွန်.. ကျွန်မလည်း လက်ဖက်ရည် သောက်ချင်တယ်” 


“လက်ဖက်ရည် ကုန်သွားပြီ” 


မစ္စတာဟောက်စ်က အေးစက်သည့်လေသံဖြင့် ပြောလိုက်လေ၏။


လက်ဖက်ရည်အိုးက ဖောက်ထွင်းမြင်ရသော ဖန်အိုးဖြစ်သောကြောင့် အထဲတွင် လက်ဖက်ရည် တစ်ဝက်ခန့် ကျန်ရှိနေသေးကြောင်းကို ထင်ရှားစွာ မြင်တွေ့နိုင်သည်။


သို့သော်လည်း မစ္စတာဟောက်စ်ကမူ မရှိဟူ၍ပြောလာခဲ့သည်။


ကျောက်ရူနှင့် လင်းချန်ချန်တို့ ကြောင်အသွားကြပြီး မစ္စတာဟောက်စ်ကို ထပ်မံတောင်းဆိုခဲ့ကြသော်လည်း သူက အေးစက်သော အကြည့်များဖြင့်သာ ပြန်လည်ကြည့်ရှုလာခဲ့လေ၏။ 


သူတို့နှစ်ယောက်လည်း ကြောက်ရွံ့တုန်လှုပ်သွားကြပြီး ဆက်လက်  မပြောရဲကြတော့ပေ။ 


သူတို့၏ စိတ်ထဲတွင်သာ အတင်းအကြပ်တွေးပြီး ကိုယ့်ကိုယ်ကိုယ် ဖြေသိမ့်နေခဲ့ရသည်။


အဆင်ပြေမှာပါ။ သေချာပေါက် အဆင်ပြေလိမ့်မယ်။ 


လက်ဖက်ရည် မသောက်တာကမှ မှန်ကန်တဲ့ ရွေးချယ်မှု ဖြစ်နေရင်ဘယ်လိုလုပ်မလဲ။


လက်ဖက်ရည် သောက်ပြီးနောက် စကားပြောဆိုခြင်း စတင်လာခဲ့သည်။


“ကျွန်တော် ဒီမှာနေလာတာ နှစ်ရက်ရှိနေပြီ၊ အခုထိ မစ္စတာဟောက်စ်ရဲ့ နာမည်အပြည့်အစုံကို မေးဖို့ မေ့နေခဲ့တယ်” 


ချန်ချိုက်ရှင်းက အရင်ဆုံး စကားစလိုက်လေ၏။



မစ္စတာဟောက်စ်က သူ့ကို အရင်ကြည့်လိုက်ပြီးမှ အမှန်ပြန်ပြင်ပေးလာသည်။


“သုံးရက်ရှိပြီ၊ အက်ဒ်ဝပ်ဟောက်စ် ပါ” 


မျှော်လင့်ထားသည့်အတိုင်းပင်။ ချန်ချိုက်ရှင်းအနေဖြင့် လက်ရှိ၌ စာထဲတွင်ရေးသားထားသော ဆက်ဆံရေးအကြောင်းကို အသေအချာ သိရှိသွားပြီဖြစ်၏။ 


ဂျိုအန်နာနှင့် ဂျွန်တို့က ဇနီးမောင်နှံများ ဖြစ်ကြပြီး ဤဖယောင်းရုပ်ပြတိုက်၏ ပိုင်ရှင်အစစ်မှာ ဂျွန်ဖြစ်ရမည်။ အက်ဒ်ဝပ်က ဂျွန်၏ ညီငယ်ဖြစ်ပေသည်။


မြေအောက်ခန်းရှိ သစ်သားပုံးထဲတွင် ရှိနေသောသူမှာ ဂျွန်ဖြစ်နိုင်ပြီး အက်ဒ်ဝပ်သည်က သူတို့၏ရှေ့တွင် ‘အသက်ရှင်’လျက် ရှိနေ၏။ 


သို့ဆိုလျှင် ဂျိုအန်နာက  မည်သည့်နေရာတွင် ရှိနေသနည်း။


ချန်ချိုက်ရှင်း တတိယထပ် လသာဆောင်ရှိ ပန်းအိုးထဲမှ နူးညံ့လှပသော ပန်းပွင့်ကို မြင်ယောင်လိုက်မိ၏။ တတိယထပ်က ဗလာဖြစ်နေပြီး မည်သူမျှ နေထိုင်ခြင်း မရှိပေ။ 


သို့ဆိုလျှင် မစ္စတာဟောက်စ်က မည်သူ့အတွက် ထိုပန်းများကို ပုံမှန် လဲပေးနေပါသနည်း။ 


ထိုနေရာသည်က သစ်အယ်သီးပင်ဆီသို့ တိုက်ရိုက် မျက်နှာမူထားခြင်း ဖြစ်သည်။


ထိုနေရာမှ မြေပုံဟောင်းဆီသို့ပင်။


“...ဖယောင်းရုပ်ပြတိုက်က ငါ့ရဲ့အဖိုးဆီကနေ လက်ဆင့်ကမ်းလာခဲ့တာ၊ အဲဒီတုန်းက ဒီမြို့လေးမှာအတော်လေး နာမည်ကြီးခဲ့တယ်၊ ငါတို့ ဟောက်စ်မိသားစုက လုပ်တဲ့ ဖယောင်းရုပ်တွေက အစစ်နဲ့ အတူဆုံးပဲလေ၊ 

ဒါကြောင့် လူတွေ အများကြီး လာကြည့်ခဲ့ကြတယ်” 


မစ္စတာဟောက်စ်က ဟောက်စ်ဖယောင်းရုပ်ပြတိုက်၏ မိသားစုဂုဏ်သိက္ခာအကြောင်းကို ပြောပြနေခဲ့သော်လည်း သူ၏လေသံမှာ အတက်အကျမရှိဘဲ တည်ငြိမ်နေခဲ့လေသည်။


ဤကဲ့သို့သော ဇာတ်လမ်းမျိုးတွင် ‘သို့ပေမဲ့’ ဆိုသည့် အချိုးအကွေ့တစ်ခု အမြဲတစေပါဝင်တတ်သည် မဟုတ်ပါလား။


“နောက်ပိုင်းမှာ ဖယောင်းရုပ်ပြတိုက်ကို ငါ့ရဲ့အဖေက ဆက်ခံခဲ့တယ်၊ ဒါပေမဲ့ သူ့ရဲ့ လက်ရာက သာမန်ပဲဆိုတော့ အဖိုးလောက် မတော်ခဲ့ဘူး


ဒါကြောင့် အဖိုးက သူ့ရဲ့ မျှော်လင့်ချက်တွေ အားလုံးကို ငါနဲ့ ငါ့ရဲ့အစ်ကိုအပေါ်မှာပဲ ပုံအောခဲ့တယ်


စကားမစပ် ငါ့ရဲ့အစ်ကို နာမည်က ဂျွန်ဟောက်စ်တဲ့” 


မစ္စတာဟောက်စ်က ထိုသို့ပြောရင်း ကစားသမားများကို အကဲခတ်ကြည့်လိုက်သည်။


ထိုစာက NPC၏လက်ထဲတွင် ပျက်စီးသွားခဲ့ပေပြီ။ သူ ဂျွန်၏နာမည်ကို အဘယ်ကြောင့် ရှင်းလင်းမည်နည်း။ 


ချန်ချိုက်ရှင်းတစ်ယောက် အထင်အမြင်သေးစွာ လှောင်ပြောင်လိုသော ခံစားချက်မျိုးကို ရရှိခဲ့သည်။


ချန်ချိုက်ရှင်းက အရှက်အကြောက်မရှိဘဲ  မေးမြန်းလိုက်စည်။


“အဲဒီနောက်ကို  ဘာတွေဖြစ်သေးလဲ” 


သူ့ကို လောလွန်းသည့်အတွက် အပြစ်တင်၍မရပေ။


အချိန်က မိုးချုပ်နေပြီ မဟုတ်ပါလား။ အကယ်၍ ယနေ့တွင် အပြီးမသတ်နိုင်ဘဲ ဤအခွင့်အရေးကိုသာ လက်လွတ်လိုက်ရပါက မနက်ဖြန်တွင်လည်း လက်ဖက်ရည်သောက်ရင်း စကားဆက်မေးနိုင်မည်လား မသေချာတော့ပေ။


တစ်ရက်နှောင့်နှေးသွားသည်နှင့် အန္တရာယ်ရှိသော အပြောင်းအလဲများက ပိုမိုများပြားလာနိုင်ပေသည်။


“ဂျွန်က ဖယောင်းရုပ်လုပ်တဲ့နေရာမှာ ပါရမီပါလွန်းလို့ အဖိုးထက်တောင် လက်ရာပိုကောင်းခဲ့တယ်၊ အဖိုးဆုံးတော့ ဖယောင်းရုပ်ပြတိုက်ကို ဂျွန်ရဲ့လက်ထဲကို အပ်ပေးခဲ့တယ်လေ


အဲဒီနောက် သူက အဖိုးရဲ့ မျှော်လင့်ချက်တွေကို တကယ်ပဲ အကောင်အထည်ဖော်နိုင်ခဲ့တယ်၊ ဂျွန်ရဲ့ နာမည်က တစ်နေ့ထက်တစ်နေ့ ပိုကြီးလာပြီး အဖိုးထက်တောင် ကျော်ကြားသွားခဲ့သေးတယ်


အဲဒီတုန်းက မြို့တော်ဝန်ကိုယ်တိုင် ဒီကိုရောက်လာပြီး ဂျွန်နဲ့အတူ ဓာတ်ပုံတွဲရိုက်ခဲ့ရတဲ့အထိပဲ ၊ ဒါပေမဲ့ ကံမကောင်းစွာနဲ့ပဲ သိပ်မကြာခင်မှာ ဂျွန်က မတော်တဆဖြစ်ပြီး လက်တွေ ကျိုးသွားခဲ့တယ်လေ၊ ပြန်ကောင်းလာတဲ့အချိန်မှာ သူလုပ်တဲ့ ဖယောင်းရုပ်တွေက အရင်တုန်းကလို အသက်မဝင်တော့ဘူး”


“တဖြည်းဖြည်းနဲ့ ဖယောင်းရုပ်ပြတိုက်ရဲ့ စီးပွားရေးက ကျဆင်းလာခဲ့တယ်၊ ဂျွန်က အရာအားလုံးကို အပြစ်အနာအဆာမရှိဘဲ ပြည့်စုံစေချင်တဲ့သူဆိုတော့ ချို့ယွင်းချက်ရှိတဲ့ ဖယောင်းရုပ်တွေကို သူ သည်းမခံနိုင်ခဲ့ဘူး ၊ ဒါကြောင့် ပြတိုက်ကို ပိတ်ခဲ့တယ်၊ 


အဲဒီနောက်မှာတော့ သူ အိမ်ထောင်ပြုခဲ့တယ်၊ ငါလည်းပဲ အလုပ်ရှာဖို့အတွက် အဝေးကို ထွက်သွားခဲ့တယ်၊


ဒီလိုတွေဆက်နေခဲ့တာက သတင်းစာထဲကနေ မြို့လေးတစ်မြို့မှာ နှစ်စဉ်နှစ်တိုင်း လူတွေပျောက်ဆုံးနေတယ်ဆိုတဲ့ သတင်းတစ်ခုကို ဖတ်လိုက်ရတဲ့အချိန်အထိပဲ


နောက်ပိုင်းမှာ လူတွေက ပိုပြီး ပျောက်လာတဲ့အတွက် ထိတ်လန့်စရာ ဇာတ်လမ်းတွေလည်း အများကြီး ထွက်လာခဲ့တယ်လေ


မြို့ခံတွေအားလုံးကလည်း တဖြည်းဖြည်းနှင့် ရွှေ့ပြောင်းသွားခဲ့ကြတယ်၊ ငါလည်း စိတ်ပူပြီးတော့ မြို့ကို ပြန်လာခဲ့တယ်၊ 


အဲဒီကိုရောက်တော့ လူသူကင်းမဲ့နေတဲ့ မြို့လေးမှာ ဂျွန် စောင့်ရှောက်နေတဲ့ ဖယောင်းရုပ်ပြတိုက်ပဲ ကျန်တော့တာကိုတွေ့ခဲ့ရတယ် ၊ သူက အရင်ကထက် လက်ရာပိုကောင်းပြီး အသက်ဝင်လှပတဲ့ ဖယောင်းရုပ်တွေကို ပြန်လုပ်နိုင်နေပြီ


ဒါပေမဲ့ သူက အဲဒီရုပ်တုတွေကို အရမ်းတန်ဖိုးထားလွန်းလို့ တစ်ခုမှတောင် မရောင်းခဲ့ဘူး”


မစ္စတာဟောက်စ်က ဤစကားများကို ပြောနေချိန်အတွင်း ဂျိုအန်နာ၏နာမည်ကို တစ်ချိန်လုံး ရှောင်ရှားသွားသော်လည်း သူမ၏တည်ရှိမှုကို အရိပ်အမြွက် သိရှိနိုင်ပေသည်။ 


ဥပမာအားဖြင့် ဂျွန်က အိမ်ထောင်ပြုခဲ့သည်။ သူ အဝေးသို့ အလုပ်သွားလုပ်နေချိန်တွင် မြို့ခံများ ပျောက်ဆုံးသွားခဲ့သည်။ 


သူက စိတ်ပူ၍ ပြန်လာခဲ့သည်ဟု ဆိုခဲ့သော်လည်း မည်သူ့ကို စိတ်ပူနေကြောင်း ထည့်မပြောခဲ့ပေ။


ချန်ချိုက်ရှင်းတစ်ယောက် တတိယထပ် လသာဆောင်မှ နှင်းဆီပန်းကို ပြန်တွေးလိုက်မိပြီး အက်ဒ်ဝပ်သည်လည်း ဂျိုအန်နာကို သေချာပေါက်ချစ်မြတ်နိုးနေခဲ့သည်ဟု ယူဆလိုက်သည်။


“ကောင်းပြီ ကလေးတို့၊ ဒီည မင်းတို့နဲ့ စကားပြောရတာ တကယ်ပဲပျော်စရာကောင်းခဲ့တယ်၊ အခု မိုးလည်း ချုပ်နေပြီဆိုတော့ အားလုံးပဲ အနားယူဖို့ အိပ်ရာဝင်သင့်ပြီ” 


မစ္စတာဟောက်စ်က သူ၏စကားကို အဆုံးသတ်ပြီး ထရပ်လိုက်လေ၏။


သူ၏အကြည့်တို့က ဧည့်ခန်းအတွင်းရှိ ကျောက်ကျွင့်၏ ဖယောင်းရုပ်ထံသို့ ရောက်ရှိသွားပြီး အေးစက်သော လေသံဖြင့်  ဆက်ပြောလာပြန်သည်။


“သတိထားကြဦး၊ သန်းခေါင်ကျော်ရင် အခန်းပြင်ကို မထွက်ကြနဲ့” 


မစ္စတာဟောက်စ် ထွက်ခွာသွားခြင်းက သန်းခေါင်ယံအချိန်နီးကပ်လာပြီဖြစ်ကြောင်း အချက်ပေးလိုက်ခြင်းဖြစ်ပေသည်။


မည်သူကမျှ နှောင့်နှေးမနေတော့ဘဲ အပေါ်ထပ်သို့ တစ်ဦးပြီးတစ်ဦး တက်သွားခဲ့ကြလေ၏။


ယနေ့ည ရရှိလိုက်သော သတင်းအချက်အလက်များက အလွန်ပင် များပြားလှပြီး လူတိုင်းလည်း ကြားခဲ့ရသည်။


ထို့ကြောင့် လူတိုင်းက NPCပြောသွားသော စကားများကို ပြန်လည်စဉ်းစားနေကြလေ၏။ ချန်ချိုက်ရှင်းသည်လည်း ချွင်းချက်မရှိပေ။


သူက ယွမ်ကျို့ဝမ်ကို ခေါ်ပြီး ကိုယ်လက်သန့်စင်ပြီးနောက် စင်္ကြံလမ်းသို့ ပြန်ထွက်လာချိန်တွင် လင်းချန်ချန်နှင့် တွေ့ဆုံခဲ့သည်။


“ငါ တောင်းပန်ပါတယ် ချန်ချိုက်ရှင်း၊ အဲဒီအချိန်တုန်းက ငါ အရမ်းကြောက်သွားလို့ပါ နင့်ကို တမင်သက်သက်ချောက်တွန်းတာ မဟုတ်ပါဘူး ငါ့ကို ခွင့်လွှတ်ပေးမယ်မလား”


လင်းချန်ချန်၏ အားနည်းသော လေသံနှင့် ဖြူလျော့နေသည့် မျက်နှာအမူအရာတို့က သူတပါး၏ သနားညှာတာမှုကို အလွယ်တကူရရှိစေနိုင်သည်။


သို့သော် ထိုသူများထဲတွင် ချန်ချိုက်ရှင်း မပါဝင်ပေ။


“ငါ ခွင့်မလွှတ်ဘူး” 


ချန်ချိုက်ရှင်းက ညှာတာခြင်းမရှိပြန်ပြောလိုက်လေ၏။


လင်းချန်ချန်တစ်ယောက် တိုက်ရိုက်အငြင်းခံလိုက်ရသောကြောင့် မျက်နှာပျက်သွားကာ ရေရွက်လာခဲ့သည်။


“တကယ့်ကို စိတ်သဘောထားကျဉ်းမြောင်းတဲ့လူပဲ၊ နင်လည်း မသေခဲ့ဘူးလေ၊ အခု ကောင်းကောင်းမွန်မွန်နေနိုင်တာပဲမလား၊ ငါ နင့်ကို တောင်းပန်နေတာကိုတောင် ဘာလို့ မပြီးနိုင်ဖြစ်နေတာလဲ” 


“ငါက မပြီးနိုင်တာ မဟုတ်ဘူး”


ချန်ချိုက်ရှင်းက လင်းချန်ချန်နှင့် စကားများမနေချင်သောကြောင့် အေးစက်သောမျက်နှာဖြင့် ပြောလိုက်သည်။


“သန်းခေါင်ယံအချိန်ကို  ရောက်တော့မယ်၊ မင်း မပြန်သေးဘူးလား” 


မျှော်လင့်ထားသည့်အတိုင်း လင်းချန်ချန်တစ်ယောက် အလွန်ကြောက်လန့်သွားပြီး ချန်ချိုက်ရှင်းကို အသက်တိုမည့်သူ၊ ယောကျ်ားမဟုတ်သူဟု ကျိန်ဆဲကာ အမြန်ထွက်သွားလေသည်။


ချန်ချိုက်ရှင်း၏ မျက်နှာတို့က မည်းမှောင်သွားရ၏။ 


သူက ဘာလို့ ယောကျ်ားမဟုတ်ရမှာလဲ။


သူ ဒီပစ္စည်းကြီးကို ထုတ်ပြလိုက်တော့မှာ!


ချန်ချိုက်ရှင်းတစ်ယောက် တီးတိုး ရေရွတ်လိုက်သော်လည်း ယွမ်ကျို့ဝမ်က သူ၏စကားကို ကြားသွားခဲ့လေသည်။ ထိုကလေးက စပ်စုလို သော မျက်လုံးလေးများဖြင့်  မေးလာသည်။


“ကောကော ၊ ပစ္စည်းကြီးကို ထုတ်ပြမယ်ဆိုတာ ဘာလဲ၊ ကျွန်တော့်ကို ထုတ်ပြပါဦး၊ အဲဒါက ရတနာပစ္စည်းလား” 


“…”


ချန်ချိုက်ရှင်းတစ်ယောက် သူ့၏ညီငယ်လေးက ညစ်ညမ်းသောတစ်စုံတစ်ခုကို ဆုတ်ကိုင်ထားသည်ဟု ခံစားလိုက်ရသော်လည်း သက်သေပြစရာ မရှိနေခဲ့ပါချေ။


နောက်ပြီး ရှောင်ကျို့က ခုနစ်နှစ်သားပဲ ရှိသေးတာလေ။ ဒါမျိုးတွေကို ဘယ်လိုလုပ် သိနိုင်မှာလဲ။ သူ့ရဲ့ ပါးစပ်က မစောင့်စည်းနိုင်တာကိုပဲ  အပြစ်တင်ရလိမ့်မယ်။


“ငါ့ရဲ့ ဗိုက်က မင်းထက် ကြီးတယ်”


ချန်ချိုက်ရှင်း ဆင်ခြေတစ်ခု ပေးလိုက်ရလေ၏။


ယွမ်ကျို့ဝမ်က ချန်ချိုက်ရှင်း၏ ဗိုက်ဆီသို့ အကြည့်ရွှေ့လာခဲ့သည်။



*