အခန်း(8) )ဖယောင်းရုပ်ပြတိုက် (8)
ထမင်းစားပွဲတွင်ရှိနေသော လူများက သက်ပြင်းချနိုင်ခဲ့ကြသော်လည်း ချန်ချိုက်ရှင်းအနေဖြင့် မစ္စတာဟောက်စ်၏ မျက်နှာက အလွန်ပင် အုံ့မှိုင်းနေပြီး သူတို့ကို သတ်ဖြတ်လိုသော အငြိုးအတေး အပြည့်ဖြင့် စိုက်ကြည့်နေသည်ကို သတိပြုမိလိုက်သည်။
မကြာသေးမီက သူတို့ကို ‘ကလေးတို့’ ဟု စိတ်ပျော်ရွှင်စွာဖြင့် ခေါ်နေခဲ့သည် မဟုတ်ပါလား။
မျှော်လင့်ထားသည့်အတိုင်း ထိုသူ၏ ပါးစပ်မှ ထွက်လာသောစကားများက နားဝင်ချိုမနေပါချေ။
“မင်းတို့တွေ သန်းခေါင်ကျော်နေတာကို အခန်းပြင်ကိုထွက်ခဲ့ကြတယ်ပေါ့လေ၊ သေစမ်း! ငါ မင်းတို့ကို အပြင်မထွက်ရဘူးလို့ မပြောထားဘူးလား”
မစ္စတာဟောက်စ်မှာ အလွန်ပင် ဒေါသထွက်နေသောကြောင့် သူ၏မျက်နှာက တဆတ်ဆတ် တုန်ယင်နေပြီး သူတို့ကို အလွန်မုန်းတီးစွာ စိုက်ကြည့်နေလေ၏။
တစ်ဖက်လူက အမှန်တကယ် စိတ်ဆိုးနေသည်ကို မြင်နိုင်သော်လည်း ချန်ချိုက်ရှင်းအနေဖြင့် ထိုဒေါသနှင့် မုန်းတီးမှုများအောက်တွင် မစ္စတာဟောက်စ်က တစ်စုံတစ်ခုကို ကြောက်ရွံ့နေသည်ဟု ခံစားလိုက်ရသည်။
သူ ဘာကို ကြောက်နေရတာလဲ။
ကျောက်ရူ သန်းခေါင်ယံမှာ ကြားခဲ့ရတဲ့ တဒုန်းဒုန်းမြည်သံကိုလား။
နေ့လယ်စာ စားသောလိုသော စိတ်ဆန္ဒများမှာ လုံးဝ ပျောက်ကွယ်သွားခဲ့ကြပေပြီ ။
လူတိုင်းက သူတို့၏ အစားအစာများကို အလျင်အမြန်ပင် အပြီးသတ်လိုက်ကြ၏။ မစ္စတာဟောက်စ်က အခန်းထဲမှ မထွက်သွားဘဲ ရှိနေသည်ကိုလည်း သူတို့ သတိထားမိလိုက်ပေသည်။
သူ မည်သည့်အရာကိုမှမလုပ်သော်လည်း မိစ္ဆာတစ်ကောင်ကဲ့သို့ စောင့်ကြည့်နေခဲ့လေ၏။
ကျင်းကောအနေဖြင့် မူလက လူသစ်များကို တတိယထပ်သို့ လွှတ်ရန် စိတ်ကူးရှိသော်လည်း လက်ရှိတွင်တော့ ထိုအစီအစဉ်ကို ဖျက်သိမ်းကာ မည်သည့်အရာကိုမှမလုပ်ဘဲ စောင့်နေခဲ့သည်။
“ရှောင်ကျို့၊ ငါ့နောက်ကနေ သေချာလိုက်ခဲ့”
ချန်ချိုက်ရှင်းက ထိုကလေးဆီသို့ လက်ကို ကမ်းပေးလိုက်သည်။
ယွမ်ကျို့ဝမ်၏ မျက်ဝန်းအစုံမှာ ကြောင်ကလေးတစ်ကောင်ကဲ့သို့ ဝိုင်းစက်သွားခဲ့ကာ ချစ်စဖွယ်ကောင်းလွန်းပေ၏။ သူက သူ၏လက်လေးကို ဆန့်ထုတ်ကာ ချန်ချိုက်ရှင်း၏ လက်ကို လှမ်းကိုင်လိုက်လေသည်။
သန်းခေါင်ကျော်အချိန်မှ ယခုအချိန်အထိ လူသုံးဦး သေဆုံးခဲ့ပေပြီ။ ထိုဝါရင့်ကစားသမားတစ်စုမှာ စိတ်ရူးပေါက်ပြီး မူလတန်းကျောင်းသားလေးအပေါ် အငြိုးအတေးဖြင့် တစ်စုံတစ်ရာ ပြုလုပ်လာမည်ကို ချန်ချိုက်ရှင်း စိုးရိမ်မိ၏။
ထိုမူလတန်းကျောင်းသားလေးက သေချာပေါက် ရိုးသားဖြူစင်ပြီး ချစ်စဖွယ်ကောင်းလွန်းသည်မဟုတ်ပါလား။
“မင်း ဟိုလေးယောက်နဲ့ ဝေးဝေးမှာနေရမယ်”
“ကျွန်တော် သိပါတယ် ကောကော၊ ကျွန်တော်က ကောကောရဲ့စကားကိုပဲ နားထောင်မှာ”
ယွမ်ကျို့ဝမ်က စိတ်ချစေရန်အတွက် ချန်ချိုက်ရှင်း၏ လက်နားကို နာခံစွာ တွယ်ကပ်လာခဲ့သည်။
ထို့နောက်တွင် လူတိုင်းက သဲလွန်စများကို စတင်ရှာဖွေခဲ့ကြလေ၏။ ပထမထပ်တွင် ဖယောင်းရုပ်များ ပြည့်နှက်နေသောကြောင့် အရှေ့ကလူ၏ အမှားကို သင်ခန်းစာယူကာ လူတိုင်းက အထူးဂရုစိုက်၍ ရှာဖွေကြရသည်။
ဧည့်ခန်းရှိ ဆိုဖာပေါ်တွင် ရက်ကန်းထိုး ပန်းပုံစံပါသော ကူရှင်များ တင်ထားသော်လည်း အချိန်ကြာမြင့်ပြီဖြစ်သဖြင့် အရောင်များမှာ လွင့်ပြယ်နေပေ၏။ အတော်လေးပင် ညစ်ပတ်ဟောင်းနွမ်းနေပေသည်။
ကော်ဖီစားပွဲပေါ်တွင် ပန်းအိုးတစ်လုံးနှင့် အလှဆင်ပစ္စည်းအချို့ကို တင်ထား၏။ ထိုအလှဆင်ပစ္စည်းများကို ကြည့်ခြင်းဖြင့် ဤနေရာမှာ တစ်ချိန်က နွေးထွေးသော အိမ်ထောင်စုတစ်ခု ဖြစ်ခဲ့ဖူးကြောင်း သိနိုင်ပေသည်။
ဤအိမ်တွင် အိမ်ရှင်မတစ်ဦး ရှိခဲ့ဖူးရပေမည်။
ချန်ချိုက်ရှင်း မီးဖိုချောင်သို့ သွားကြည့်ပြီးနောက် ဤနေရာ၌ တစ်ချိန်က အိမ်ရှင်မတစ်ဦး ရှိခဲ့ကြောင်းကို ပိုမိုသေချာသွားစေသည်။
ပန်းပွင့်လေးများပါသော အေပရွန် တစ်ထည်၊ ပန်းရောင်အိုးတစ်လုံးနှင့် တခြားသော အသေးစိတ်အချက်အလက်များက ဤသို့ကောက်ချက်ချစေခဲ့ခြင်းဖြစ်သည်။
အာ?
တံခါးဘေးရှိ နံရံအမြင့်တွင် နာရီတစ်လုံး ချိတ်ထားသော်လည်း နာရီမျက်နှာပြင်မှ မှန်က ကွဲအက်နေ၏။ နာရီလက်တံမှာ (၂၃) နာရီ (၃၇) မိနစ်တွင် ရပ်တန့်နေခဲ့သည်။
ည (၉)နာရီ (၃၇) မိနစ် ဖြစ်ပေသည်။
ချန်ချိုက်ရှင်း ထိုအချိန်ကို မှတ်သားထားလိုက်၏။ သူ မီးဖိုချောင်မှ ထွက်လာချိန်တွင် NPC က မီးဖိုချောင်တံခါးဝတွင် တစ်ချိန်လုံး ရပ်နေသည်ကို တွေ့လိုက်ရပြီး အုံ့မှိုင်းသောအကြည့်များဖြင့် သူ့ကို စိုက်ကြည့်နေခဲ့သည်။
“ပြသနာတစ်ခုခုရှိလို့လား”
မစ္စတာဟောက်စ်က သူ၏ နောက်ကျိနေသော မျက်လုံးအစုံဖြင့် သူ့ကို အချိန်အတော်ကြာ စိုက်ကြည့်နေခဲ့လေ၏။
ချန်ချိုက်ရှင်းက အရင်ဆုံးစကားပြောလိုက်သည်။
“ဘာမှမရှိရင်တော့ လမ်းလေးဖယ်ပေးဖို့ အကူအညီတောင်းပါရစေ၊ ခင်ဗျား လမ်းကို ပိတ်ထားတယ် ကျေးဇူးတင်ပါတယ်”
တစ်စက္ကန့်အကြာတွင် မစ္စတာဟောက်စ်က တောင့်တင်းစွာဖြင့် ဘေးသို့ ဖယ်ပေးလိုက်လေသည်။
ချန်ချိုက်ရှင်း သူ၏ညီလေးကို ခေါ်ဆောင်ကာ ဒုတိယထပ်သို့ တက်လာခဲ့လေ၏။
“ကောကော ခုနက တကယ်ကို စမတ်ကျတာပဲ”
ယွမ်ကျို့ဝမ်က လှေကားပေါ်သို့ တဒုန်းဒုန်းမြည်အောင် တက်လှမ်းရင်း ခေါင်းလေးမော့ကာ အထင်ကြီးလေးစားစွာဖြင့် မေးလိုက်သည်။
“ကောကော မကြောက်ဘူးလား”
“ငါတို့ ထမင်းစားနေတုန်းက သူက ငါတို့ကို သတ်ချင်စိတ်တွေ ပြင်းထန်နေပေမဲ့ ဘာမှမလုပ်ခဲ့ဘူး. ဆိုလိုတာက သေဆုံးရမဲ့ အခြေအနေ တစ်ခုခု ရှိနေလိမ့်မယ်၊ သူ့ကို လမ်းဖယ်ပေးဖို့ ယဉ်ယဉ်ကျေးကျေး ပြောတာကတော့ သေရမဲ့ အကြောင်းရင်း မဟုတ်ဘူးလေ”
မတိုင်ခင်က သူ တစ်ဖက်လူကို စမ်းသပ်ကြည့်ခဲ့ခြင်း ဖြစ်ပေ၏။
မစ္စတာဟောက်စ်သည်ကား လက်ရှိတွင် တစ်ဦးတည်းသော NPC ဖြစ်ပြီး သူ၏ အခန်းကဏ္ဍမှာ သတ်မှတ်ထားသော စကားလုံးများကို ရွတ်ဆိုပြရုံသက်သက်သာ ဖြစ်လိမ့်မည်ဟု သါမထင်ပါချေ။
ထို့အပြင် ဒေါသကြီးသော အမျိုးသား၏ အလောင်းကို မြင်လိုက်ရချိန်တွင် ပျော်ရွှင်သွားခြင်းနှင့် ဒုတိယထပ်တွင် အလောင်းကိုတွေ့ချိန်တွင် ဒေါသထွက်ကာ ကြောက်ရွံ့သွားခြင်းတို့မှာ ထို NPC ၌ ခံစားချက်ရှိကြောင်း သက်သေပြနေပေသည်။
သို့သော်လည်း သူက ကျိုးကြောင်းဆီလျော်စွာ စဉ်းစားတတ်ခြင်း ရှိ၊ မရှိကိုတော့ သူ မသိပေ။
“ကောကောက တကယ့်ကို အံ့သြစရာကောင်းတာပဲ၊ ကောကောက အတော်ဆုံးပဲ”
နူးညံ့ပြီးချစ်စဖွယ်ကောင်းသော မူလတန်းကျောင်းသားလေးထံမှ မရပ်မနား မြှောက်ပြောခြင်းကို ခံနေရသောကြောင့် ချန်ချိုက်ရှင်းတစ်ယောက် ရှက်ရွံ့လာရပြီး မျက်နှာတစ်ခုလုံးပင် နီရဲနေရပေသည်။
“ငါက အဲဒီလောက်ကြီးလည်း မတော်ပါဘူး”
အိမ်သာထဲမှ အလောင်းနှစ်လောင်းမှာ ပျောက်ကွယ်သွားပြီဖြစ်ပြီး ကြမ်းပြင်ပေါ်၌ သွေးကွက်ခြောက်များသာ ကျန်ရစ်တော့၏။
အိမ်သာက စင်္ကြံလမ်း၏ အဆုံးတွင် ရှိပေသည်။ ချန်ချိုက်ရှင်း ထိုနေရာသို့ လမ်းလျှောက်ဝင်သွားပြီး တင်းကျပ်စွာ ပိတ်ထားသော ပြတင်းပေါက်တစ်ခုကို ဖွင့်လိုက်၏။
ထိုနေရာမှနေ၍ အိမ်နောက်ဖေးရှိ သစ်ပင်ကြီးကို လှမ်းမြင်နိုင်ပေသည်။
မူလက ရှိနေသော အလောင်းအပြင် တခြားသော အရာများလည်း ရှိနေသေး၏။
ချန်ချိုက်ရှင်း သေသေချာချာစိုက်ကြည့်လိုက်ချိန်တွင် ဒေါသကြီးသော အမျိုးသား၏ အပိုင်းပိုင်းပြတ်နေသော အသားစိုင်များကိုသာ ထပ်မံဖြည့်စွက်ထားသည်ကို တွေ့လိုက်ရလေ၏။
သူ မျက်စိမှားသည်လားတော့မသိပါချေ။ ဒေါသကြီးသော အမျိုးသား၏ ဦးခေါင်းကို ချိတ်ဆွဲထားသော သစ်ကိုင်းမှာ အနည်းငယ် လှုပ်ရှားသွားပြီး ထိုသူ၏ ဦးခေါင်းက သူရှိရာဘက်သို့ တိုက်ရိုက် လှည့်လာခဲ့လေသည်။
သေဆုံးသွားသော်လည်း ပိတ်မသွားသော မျက်လုံးအစုံထဲမှ အငြိုးအတေးများဖြင့် သူ့ကို စိုက်ကြည့်နေခဲ့သည်။
ချန်ချိုက်ရှင်း ထိတ်လန့်တုန်လှုပ်သွားရ၏။
မူလက သူ့အနေဖြင့် အော်ဟစ် ဆဲဆိုလိုက်ချင်သော်လည်း ယွမ်ကျို့ဝမ်၏ အထင်ကြီးလေးစားနေသော မျက်ဝန်းများနှင့် ဆုံမိချိန်တွင်မူ မည်သည့်အရာမှမဖြစ်သကဲ့သို့ ဟန်ဆောင်လိုက်ရသည်။
သူ လုံးဝမကြောက်ဘူး!
သူက မည်သည့်အမူအရာကိုမျှ မပြဘဲ ပြတင်းပေါက်ကို ပြန်ပိတ်လိုက်လေသည်။
“ဒီက အလောင်းတွေ ဘယ်ကိုရောက်သွားတာလဲ”
ချန်ချိုက်ရှင်း လေးနက်စွာ တွေးတောနေမိ၏။
ဒုတိယထပ်ရှိ အခန်းအနည်းငယ်မှာ ထူးခြားမှု မရှိပေ။ ချန်ချိုက်ရှင်း လှေကားထိပ်တွင် ရပ်နေရင်းဖြင့် တတိယထပ်ဆီသို့ လှမ်းကြည့်လိုက်သော်လည်း မှောင်လွန်းသောကြောင့် မည်သည်ကိုမျှ မမြင်ခဲ့ရပေ။
ချန်ချိုက်ရှင်းက အရိပ်တစ်ခုကဲ့သို့ အသွားအပြန် လုပ်နေသော မစ္စတာဟောက်စ်ကို တွေးမိပြီး အပေါ်သို့ မတက်ရန် ဆုံးဖြတ်လိုက်သည်။
သဲလွန်စများက အလွန်ပင် နည်းပါးလွန်းလွန်းပေသည်။
ထူထပ်သော မြူနှင်းများက မှောင်မိုက်မှိုင်းညှို့နေသော ကောင်းကင်ယံကို ဖုံးလွှမ်းထားသောကြောင့် နေရောင်ခြည်ကိုမတွေ့ရသည့်အပြင် နာရီကိုလည်း သုံး၍မရသောကြောင့် အချိန်ကို ခွဲခြားရန် မဖြစ်နိုင်ပေ။
ထို့အပြင် ချန်ချိုက်ရှင်းက ဤနေရာ၌ အချိန်များက ပိုမိုမြန်ဆန်စွာ ကုန်ဆုံးနေသည်ဟု ခံစားလိုက်ရ၏။
နေ့လယ်စားပြီး အိမ်နောက်ဖေးသို့ တစ်ခေါက်သွားရုံမျှဖြင့် ညစာစားချိန် ရောက်ရှိလာခဲ့ပေပြီ ။
သူ အောက်ထပ်သို့ ဆင်းပြီး မကြာမီမှာပင် မီးဖိုချောင်မှ ဟင်းနံ့များ လွင့်ပျံ့လာခဲ့သည်။
ထမင်းစားရန် အချိန်တန်လေပြီ။
“အချိန်တွေ ကုန်တာ မြန်လိုက်တာ၊ ကျွန်မတို့ ဘာမှတောင် မလုပ်ရသေးဘူး၊ ညနေစောင်းသွားပြီ”
လူသစ် အမျိုးသမီးတစ်ဦးက ထမင်းစားခန်းသို့ သွားရင်း ပြောလိုက်၏။ ထို့နောက် သူမက အကောင်းမြင်စိတ်ဖြင့် ပြောလာပြန်သည်။
“ဟောက်ဇီကော၊ အချိန်တွေက ဒီလောက်မြန်မြန်ကုန်နေတာဆိုတော့ (7) ရက်ဆိုတာ ခဏလေးပဲကြာမှာမလား၊ အဲဒီအချိန်ကျရင် ကျွန်မတို့ အိမ်ကိုပြန်လို့ရပြီ”
ဝမ်အမည်ရှိ ဝါရင့်ကစားသူက သူ၏ ထမင်းပန်းကန်ကို စားပွဲပေါ်သို့ အသံ မြည်အောင် အားပြင်းပြင်းနဲ့ ချလိုက်၏။
ထိုအမျိုးသမီးလည်း ထိတ်လန့်သွားရလေသည်။ သူမ မည်သည်ကို မှားပြောမိကြောင်းကို မသိသော်လည်း ချန်ချိုက်ရှင်းသည်ကား အချိန်မြန်မြန်ကုန်ဆုံးခြင်းက သူတို့အတွက် ကောင်းသောလက္ခဏာ မဟုတ်ကြောင်း သိရှိလိုက်သည်။
ဝါရင့်ကစားသူများက တစ်စုံတစ်ခုကို ဖုံးကွယ်ထားပြီး သူတို့ကို အသိမပေးခြင်းဖြစ်ရပေမည်။
အကယ်၍ အချိန်စေ့သွားသော်လည်း ဖယောင်းရုပ်ပြတိုက်၏ လျှို့ဝှက်ချက်ကို ‘အဖြေမဖော်’ နိုင်ခဲ့လျှင် မည်သို့သော နောက်ဆက်တွဲ အကျိုးဆက်များ ရှိလာနိုင်မည်ကို မသိနိုင်ပေ။
“ဟီးဟီး...”
မစ္စတာဟောက်စ်၏ ညှို့မှိုင်း၍အေးစက်သော ရယ်သံက ထောင့်တစ်နေရာမှ ပဲ့တင်ထပ်လာခဲ့သည်။
သူ၏ ရယ်သံက သူတို့၏အတွေ့ကို ထိုးဖောက်သိမြင်ပြီး အဖြေပေးနေသည့်ပုံရသည်။
နောက်ဆက်တွဲ အကျိုးဆက်များက အလွန်ပင် ထိတ်လန့်ဖွယ်ကောင်းလိမ့်မည်ဟု ချန်ချိုက်ရှင်း ခန့်မှန်းလိုက်မိသည်။
ညစာက နေ့လယ်ကကဲ့သို့ ခမ်းနားခြင်းမရှိသော်လည်း အရသာက မဆိုးလှပေ။
ချန်ချိုက်ရှင်းတစ်ယောကာ ဝါရင့်ကစားသူများကို အကဲခတ်လိုက်လျှင် ထိုသူတို့က မနက်ပိုင်းကကဲ့သို့ တည်ငြိမ်မှုများ မရှိတော့သည်ကို သတိပြုမိလိုက်၏။
ဟောက်ဇီ၏ မျက်နှာမှာ သိသိသာသာပင် ပျက်ယွင်းနေပြီး အစာကို အလွန်မြန်စွာ စားနေခဲ့သည်။ မတိုင်ခင် စကားပြောခဲ့သော အမျိုးသမီးမှာ ရှုပ်ထွေးနေလေ၏။
သူမသည်က မည်သည့်အရာများ ဖြစ်နေသည်ကို မသိသော်လည်း ပတ်ဝန်းကျင်၏ ဖိအားကို ခံစားနေခဲ့ရသည်။ သူမ အနည်းငယ်မျှ စားပြီးနောက် အသံတိုးတိုးဖြင့် ပြောလိုက်သည်။
“ဟောက်ဇီကော၊ဒီည ကျွန်မနဲ့ တစ်ခန်းတည်း အတူနေပေးလို့ ရမလားဟင်”
*