အပိုင်း ၁၂၀
Viewers 28k

🐍Chapter 120



ချောက်ကမ်းပါးအောက်ခြေသို့ ရောက်ခါနီးတွင် ယင်ရှောင်ရှောင်း လုံးလုံးလျားလျား နိုးလာပြီး အောက်ခြေသို့ရောက်ရန် လက်တစ်ကမ်းသာ လိုတော့ကြောင်း တွေ့လိုက်ရသည်။ မော့လောင်တ ကျောပေါ်မှ ဆင်းသွားသော ယင်ရှောင်ရှောင်းက မျက်နှာအမူအရာ ပြောင်းလဲခြင်းမရှိဘဲ တည်တံ့နေသည်။ ကိုးကောင်မြောက်လေးဆီမှ ရွှေငွေများကို ယူကာ ကျန်သည့်အရာများကို မော့လောင်တထံသို့ လွှဲလိုက်သည်။ ထို့နောက် သူတို့မြွေအုပ်တစ်အုပ်လုံး ချောက်ကမ်းပါးအောက်ခြေသို့ ဦးတည်ထွက်ခွာခဲ့ကြပြန်သည်။

ချောက်ကမ်းပါးအောက်ခြေသို့ ရောက်သောအခါ ယင်ရှောင်ရှောင်းနှင့် မော့လောင်တတို့သည် ထူးဆန်းသော‌မြွေများဖြစ်သော ကောရှဲနှင့် ပါးရှဲ မရောက်လာမီအထိ ခဏတစ်ဖြုတ် လိုက်ရှာမိကြသည်။

မော့လောင်တနှင့် ယင်ရှောင်ရှောင်းကို တွေ့သောအခါ ကောရှဲနှင့် ပါးရှဲတို့ နှစ်ကောင်လုံး ပျော်ရွှင်သွားကြပြီး အခြားမြွေများကို အကြောင်းကြားရန် ချက်ချင်း ထွက်ခွာသွားကြသည်။

ကြိုတင်မတိုင်ပင်ထားဘဲနှင့် ထူးဆန်းသောမြွေများ အားလုံးက သူတို့၏ အရွယ်အစားကို သေးငယ်အောင် ကျုံ့လိုက်ကြသည်။ သူတို့၏ ကြီးလွန်းသော ခန္ဓာကိုယ်က မြွေပေါက်လေးတွေ မပြောနဲ့... ယင်ရှောင်ရှောင်းနှင့် မော့လောင်တကိုတောင် မနည်းမသက်မသာ ကြည့်နေရသော ကြောင့်ပင်။

ထူးဆန်းသော မြွေများက ယင်ရှောင်ရှောင်းနှင့် မော့လောင်တ နောက်တွင် ရပ်နေသည့် မြွေပေါက်ငယ်လေးများကို ဇဝေဇဝါနှင့် ကြည့်နေကြသည်။

"ဒီမြွေပေါက်လေးတွေက...."

မြွေထူးမြွေဆန်းများက ယင်ရှောင်ရှောင်း၏ ကိုယ်ဝန်နှင့် ပတ်သက်ပြီး ဘာတစ်ခုမှ မသိသည်ကို ထိုအခါမှ ယင်ရှောင်ရှောင်းနှင့် မော့လောင်တတို့ သတိရသွားသည်။

ထိုအခါ ယင်ရှောင်ရှောင်းက ဂုဏ်ယူဝံ့ကြွားစွာဖြင့် ချက်ချင်းလက်ငင်း ပြန်ဖြေလိုက်သည်။

"ဒီမြွေပေါက်လေးတွေက...ကျွန်တော်နဲ့ တဟေးတန်ရဲ့ ကလေးတွေလေ"

ထိုစကားအဆုံး‌ မြွေထူးမြွေဆန်းများအားလုံး မယုံကြည်နိုင် ဖြစ်သွားရသည်။ ယင်ရှောင်ရှောင်းနှင့် မော့လောင်တတို့ ဒီကို နောက်ဆုံးရောက်လာခဲ့သည့် အချိန်မှာ တစ်နှစ်ပင် မပြည့်သေးချေ။ ထို့အပြင် ယင်ရှောင်ရှောင်းနှင့် မော့လောင်တတို့ မိတ်ဖက်ဖြစ်သည်မှာလည်း တစ်နှစ်ပြည့်ခါစပင် ရှိသေးသည်။ ထိုသို့ဆိုလျှင် မော့လောင်တနှင့် ယင်ရှောင်ရှောင်းက မိတ်ဖက်ပြီး မကြာမီတွင် ကလေးရသွားခြင်း ဖြစ်သည်။

သို့သော် ယင်ရှောင်ရှောင်း၏ ဝိညာဉ်က လူသားတစ်ယောက်၏ ဝိညာဉ်ဖြစ်ကြောင်းကို တွေးလိုက်မိသောအခါ သူတို့အားလုံး စိတ်သက်သာရာ ရသွားကြသည်။ လူသား၏ ဝိညာဉ်ရှိ‌သောကြောင့် သာလျှင် ယင်ရှောင်ရှောင်းက မြန်မြန်ကိုယ်ဝန်ရပြီး အလွယ်တကူ မီးဖွားနိုင်ခြင်း ဖြစ်သည်။ မြွေပွေးများက ဤကဲ့သို့ လွယ်လွယ်ကူကူ မီးဖွားနိုင်ခြင်း မရှိသည်ကို ထူးဆန်းသောမြွေများအားလုံး သိကြသည်။

ဟေးလီက မြွေပေါက်လေးများကို အသေအချာကြည့်ရင်း အပြုံးလေးဖြင့် စကားဆိုလာသည်။

"ရှောင်ရှောင်းရဲ့ကလေး‌တွေက...သိပ်ချစ်ဖို့ကောင်းတာပဲ"

ထိုအခါ‌ ယင်ရှောင်ရှောင်းက ကျောကိုမတ်လိုက်ပြီး ဝင့်ဝင့်ကြွားကြွား ပြောလိုက်သည်။

"ဒါပေါ့...ဘယ်သူမွေးထားတဲ့ကလေးတွေမလို့လဲ"

အင်း... ယခုမှ ယင်ရှောင်ရှောင်းလည်း မြွေပေါက်လေးများ၏ ပါပါးဖြစ်နေသောကြောင့် ပထမဆုံး ဂုဏ်ယူရသောအချိန် ဖြစ်သည်။

မြွေပေါက်လေးများက သူတို့ပါပါးနှင့် ထူးဆန်းသောမြွေကြီး ပြောနေသမျှကို ငြိမ်ဆိမ်စွာ နားထောင်နေပြီး တစ်ခွန်းမှ ဝင်မပြောကြချေ။

သူတို့မျက်စိရှေ့တွင် ရှိနေသော မြွေများက မည်သူမည်ဝါဖြစ်သည်ကို မြွေငယ်လေးများက တပ်အပ်သိကြသည်။ သူတို့၏ မှတ်ဉာဏ်အမွေထဲတွင် ထိုမြွေများကို ထူးဆန်းသောမြွေကြီးများဟု ခေါ်ဆိုသည်။ ၎င်းတို့ကို မြွေပွေးများက ကြောက်ရွံ့ကြပြီး နီးနီးကပ်ကပ် မနေလိုကြချေ။ သို့သော် ထိုထူးဆန်းသည့်မြွေနှင့် စကားလက်ဆုံကျနေသော ပါပါးကြောင့် သူတို့အားလုံး ဇဝေဇဝါ ဖြစ်သွားကြသည်။ တစ်ပြိုင်နက်တည်းတွင် ပါပါးကို လေးစားအားကျသည့် စိတ်များလည်း ဝင်လာသည်။

ဟုတ်သည်... လေးစားအားကျခြင်းပင်။ ထူးဆန်းသော မြွေကြီးများ၏ ကြီးမားသော ဧရာမအရွယ်အစားနှင့် တုနှိုင်းမဲ့ အင်အားကြီးမှုတို့ကြောင့် အခြားမြွေများက သူတို့ကို ကြောက်ရွံ့ကြသည်။ သာမာန်မြွေများက ထူးဆန်းသောမြွေကြီးများနှင့် နီးနီးကပ်ကပ် မနေချင်ရသည့် အကြောင်းရင်းမှာ မနာလိုအားကျခြင်းထက် စိုးထိတ်ကြောက်ရွံ့မှုတို့ကြောင့် ဖြစ်သည်။ သို့သော် အတူ စကားလက်ဆုံ ကျရလောက်တဲ့အထိ ရင်းနှီးနေကြသော ပါပါးနှင့် ထူးဆန်းသောမြွေတို့၏ ဆက်ဆံရေးက ဘာအဓိပ္ပာယ်ပါလိမ့်။ သူတို့ပါပါးက တုနှိုင်းမဲ့ အင်အားကြီးနေသောကြောင့်များလား။ အဲဒီလိုမှမဟုတ်ရင် ထိုမြွေထူးမြွေဆန်းများနှင့် ဘယ်လိုလုပ်ပြီး သူငယ်ချင်း ဖြစ်နိုင်မှာလဲ။

ဒါတင်မကသေး။ မှတ်ဉာဏ်အမွေ ပါလာသော မြွေပေါက်ငယ်လေးများက သူတို့မိသားစု၏ ထူးဆန်းမှုကို သေချာပေါက် သတိထားမိသည်။ ယင်မြွေနှင့် မော့မြွေတို့မှ ဟေးမြွေတစ်ကောင်တစ်လေမှ မမွေးလာသည့် အကြောင်းရင်း တစ်ချက်တည်းနှင့်တင် သူတို့ပါပါးက အထင်ကြီးစရာ ကောင်းကြောင်း ညွှန်ပြနေသည်။ ထို့အပြင် ဟေးမြွေတစ်ကောင်မှ မမွေးလာသည့်တိုင်အောင် အနည်းဆုံးတော့ မော့မြွေအရေအတွက် များများမွေးလာလိမ့်မည်ဟု မျှော်လင့်လို့ ရသေးသည်။ သို့သော် မျှော်လင့်ထားသလို ဖြစ်မလာခဲ့ပေ။ မော့မြွေနှင့် ယင်မြွေအရေအတွက် တူညီစွာ မွေးဖွားလာခဲ့သည်။ ကိုးကောင်မြောက်လေးကမူ အသွင်အပြင်ပုံစံကအစ အတော်လေး ထူးဆန်းပြီး အင်အားကြီးလှသည်။ မော့မြွေလေးကောင်ပင်လျှင် ကိုးကောင်မြောက် အငယ်ဆုံးလေးလောက် မသန်မာပေ။ ထို့အပြင် မွေးချင်း အရေအတွက်ကလည်း ကိုးကောင် ဖြစ်သည်။ သုံးလေးကောင် မဟုတ်ဘဲ ကိုးကောင်တိတိ မွေးချလာသည်။ မော့လောင်တက မော့မြွေတစ်ကောင်ဖြစ်ပြီး အင်အားကြီးသောကြောင့် မျိုးပွားနိုင်ရန် ခက်ခဲသည်။ ဒီလောက် သားတွေအများကြီးတော့ မမွေးလာသင့်ပေ။ လုမြွေနှစ်ကောင် ပေါင်းလျှင်တောင် မြွေပေါက်ကိုးကောင်တော့ ထွက်မလာနိုင်ချေ။ ထို့အပြင် ပါပါးနှင့် ဖေဖေတို့ မိတ်ဖက်ပြီး လပိုင်းအကြာတွင် သူတို့မွေးဖွားလာခဲ့သည်မှာ ပါပါး၏ ပယောဂကြောင့်သာ ဖြစ်ပေလိမ့်မည်။

မည်သို့ပင်ဆိုစေ မြွေငယ်လေးများ၏ စိတ်ထဲတွင် သူတို့၏ပါပါးက ဖေဖေ့ထက်ပိုပြီး အင်အားကြီးကာ ရဲစွမ်းသတ္တိရှိသော ဖြစ်တည်မှုတစ်ခု ဖြစ်သည်။

ထူးဆန်းသောမြွေများက အတော်လေး ဖော်ဖော်ရွေရွေရှိပြီး မြွေပေါက်လေးများကို ကောင်းကောင်းဆက်ဆံသည်။ အခြားမြွေပွေးများကဲ့သို့ ခွဲခွဲခြားခြား ဆက်ဆံခြင်းမျိုးလည်း မရှိပေ။ မြွေထူးမြွေဆန်းများ အတွက်မူ ဤသို့ပင် ဖြစ်သည်။ ခင်မင်ရင်းနှီးသူ မိတ်ဆွေမြွေတစ်ကောင်၏ ကလေးက သူတို့၏ သွေးသားရင်းချာ ကလေးများကဲ့သို့ ဖြစ်သည်။

ယင်ရှောင်ရှောင်း၊ မော့လောင်တနှင့် မြွေငယ်လေးတို့ အုပ်စုမှာ ချောက်ကမ်းပါးအောက်တွင် တစ်လခွဲခန့် နေခဲ့ကြသည်။ ထို့နောက်မှ ယင်ရှောင်ရှောင်းလည်း စိတ်မကောင်းစွာဖြင့် ထူးဆန်းသော မြွေကြီးများနှင့် ခွဲခွာခဲ့ရပြန်သည်။ သို့သော် ဤတစ်ခေါက်တွင်မူ သူနှင့်အတူ ကစားရန် မြွေပေါက်လေးကိုးကောင် ရှိနေသောကြောင့် ယင်ရှောင်ရှောင်း အတော်လေး ပျော်နေမိသည်။

"အင်း...နောက်ထပ်ကတော့...တို့တွေကျိုးဖုန်းနဲ့ဝမ့်ယန်ကျန်းတို့ဆီသွားလည်ရအောင်"

ယင်ရှောင်ရှောင်းက ခေါင်းကိုမော့ကာ ကျောကိုမတ်လျက် ပြောလိုက်သည်။

မြွေငယ်လေးများက မယုံသင်္ကာဖြင့် မေးလာသည်။ 

"ကျိုးဖုန်းနဲ့ဝမ့်ယန်ကျန်းကဘယ်သူတွေလဲ"

အိုး... အဲဒီနှစ်ယောက်ရဲ့ နာမည်က သူတို့တွေထက်တောင် ထူးဆန်းနေသေးတာပဲ။

"လူသားတွေလေ"

"လူသားတွေလား..."

မြွေငယ်လေးများက တစ်ပြိုင်တည်း အလန့်တကြား အော်လာကြသည်။

"လူသားတွေက ဘာလို့ ဒီမှာရှိနေကြတာလဲ"

ထိုသို့နှင့် ယင်ရှောင်ရှောင်းလည်း မြွေငယ်များအား လွန်ခဲ့သော နှစ်နှစ်ဆယ်က လူသားတို့၏ ကျုးကျော်မှုအကြောင်းကို စတင်ပြောပြတော့သည်...

ရှေးဟောင်းနှောင်းဖြစ်များ ပြောပြီးချိန်တွင် ယင်ရှောင်ရှောင်းတို့ မြွေအုပ်ကြီးက ကျိုးဖုန်းနှင့် ဝမ့်ယန်ကျန်းတို့၏ အိမ်သို့ ရောက်သွားကြပြီ ဖြစ်သည်။

"ဒါကြီးကဘာကြီးလဲ"

မြွေငယ်လေးများက သူတို့ရှေ့တွင် ရှိနေသော အဆောက်အဦးကြီးကို စူးစမ်းစွာဖြင့် ကြည့်ရင်း မေးလိုက်သည်။ ဒါကြီးက ဒီတောင်ပေါ်မှာ ရှိမနေသင့်တဲ့ အရာတစ်ခု မဟုတ်လား။

"အိမ်လေ"

ယင်ရှောင်ရှောင်းက ပြန်ဖြေပြီး ကျယ်လောင်စွာ အော်တော့သည်။ 

"ကျိုးဖုန်း! ဝမ့်ယန်ကျန်း! ငါ ရှောင်ရှောင်းပါ"

သူ့အော်သံအဆုံး အိမ်တံခါးကြီးက ပွင့်လာပြီး တံခါးဝတွင် ကျိုးဖုန်းနှင့် ဝမ့်ယန်ကျန်းတို့ နှစ်ယောက်သား ပေါ်လာသည်။ စကားပြောရန် ပြင်လိုက်သော်လည်း သူတို့အကြည့်က မော့လောင်တနှင့် ယင်ရှောင်ရှောင်းတို့၏ အနောက်တွင်ရှိနေသော မြွေငယ်လေးများဆီသို့ အာရုံရောက်သွားသည်။

"ဒါတွေက..."

ဝမ့်ယန်ကျန်းက တုံ့ဆိုင်းစွာ မေးလာသည်။

ယင်ရှောင်ရှောင်းက ခေါင်းမော့ ရင်ကော့ကာ ပြန်ဖြေသည်။ 

“ဒါတွေက ငါနဲ့ တဟေးတန်တို့ရဲ့ သားတွေလေ”

ယင်ရှောင်ရှောင်း ဂူသင်္ချိုင်းဟောင်း၊ ချောက်ကမ်းပါးအောက်နှင့် ယခု ကျိုးဖုန်းနှင့် ဝမ်ယန်ကျန်းတို့၏ အိမ်သို့ရောက်သည်အထိ ထိုစကားလုံးများကို မမောနိုင် မပန်းနိုင် ဂုဏ်ယူဝံ့ကြွားစွာဖြင့် ပြောနေမိသည်။

"ရှောင်ရှောင်း... သူတို့တွေက မင်းရဲ့ သားတွေပေါ့"

 ကျိုးဖုန်းနှင့် ဝမ့်ယန်ကျန်းက မျက်ဝန်းများ ပြူးကျယ်လျက် တရစပ်မေးလာသည်။

ယင်ရှောင်ရှောင်းက အသည်းအသန် ခေါင်းညိမ့်ပြသည်။ 

"အင်း...သူတို့ကငါ့သားတွေ"

ဝမ့်ယန်ကျန်းက တီးတိုးရေရွတ်လိုက်သည်။ 

"ငါတောင်ပြောနေသေးတယ်...မင်းဒီကိုအလည်မလာတာတစ်နှစ်တောင်ရှိနေပြီလို့...အခုမှပဲသိ တော့တယ်...မင်းကကလေးမွေးဖို့အားထုတ်နေတာကိုး"

ထိုစကားအဆုံး ယင်ရှောင်ရှောင်းက ဝမ့်ယန်ကျန်းအား စူးစူးစိုက်စိုက် လှမ်းကြည့်လာသည်။ ဝမ့်ယန်ကျန်းလည်း ချက်ချင်းဆိုသလို ပါးစပ်ပိတ်လိုက်သည်။ ထို့နောက် ခေါင်းမော့ရင်ကော့ကာ သူဘာမှ မပြောခဲ့သလို နေနေသည်။

"ငါ့သားတွေက... လူအစစ်တွေကို အရင်က တစ်ခါမှ မြင်ဖူးခဲ့တာ မဟုတ်ဘူးနော်.. အဲဒါကြောင့် လူသားတွေက ဘယ်လိုမျိုးလဲ ဆိုတာကို ပြဖို့ ငါ့သားတွေကို ဒီခေါ်လာခဲ့တာ... အတွေ့အကြုံနဲ့ အသိပညာက အရမ်းအရေးကြီးတယ်... ငါ့သားတွေက လူသားတွေကို တစ်ခါမှ မမြင်ဖူးဘဲ ကြီးပြင်းလာခဲ့ရင် အဲဒါက တော်တော့်ကို ရှက်ဖို့ကောင်းမှာ"

ဝမ့်ယန်ကျန်းနှင့် ကျိုးဖုန်း : "......."

မြွေပွေးမျိုးဆက်သစ်တွေက လူသားတွေရဲ့ ပုံစံအစစ်အမှန်ကို သိနိုင်ဖို့ ငါတို့က တည်ရှိနေပေးရတာလား။

ဟေး... ယင်ရှောင်ရှောင်း... ကျိခန်းနဲ့ ကျိကျောက်က လူသားဝိညာဥ်တွေပဲ ဆိုရင်တောင်မှ သူတို့မှာ လူသားတစ်ယောက်ရဲ့ ပုံပန်းသွင်ပြင်တွေ ရှိနေပါသေးတယ်။ ဘယ်လိုလုပ်ပြီး မြွေငယ်လေးတွေက လူသားတွေရဲ့ ပုံစံကို မသိဘူးဆိုပြီး ပြောနိုင်ရတာလဲ။

ယင်ရှောင်ရှောင်းက စကားပြောပြီးနောက် အိမ်ထဲကို သူ့ဘာသာသူ ဝင်သွားသည်။

"ငါတို့ဒီည ဒီမှာနေမှာနော်... အိပ်ရာပေါ် အိပ်ရတဲ့ ခံစားချက်က ဘယ်လိုမျိုးလဲ ဆိုတာကို ငါ့သားတွေလည်း သိသင့်တယ်"

အိမ်ထဲ လုံးလုံးလျားလျား ဝင်သွားပြီးမှ ယင်ရှောင်ရှောင်းက တံခါးလျှောက်လမ်းမကြီးတွင် ထပ်ပေါ်လာပြန်သည်။ ထို့နောက် အားရပါးရ ပြုံးပြကာ ပြောလာသည်။ 

"ဒီညငါတို့ဘာစားကြမလဲ"

ကျိုးဖုန်းက ပြန်ဖြေတော့မည့် ဆဲဆဲတွင် မော့လောင်တ၏ မကျေမနပ် အသံက ထွက်ပေါ်လာသည်။ 

"ယင်ရှောင်ရှောင်း....မင်းဘာပဲလုပ်လုပ်...အစားစားဖို့ကိုတော့ခွင့်မပြုနိုင်ဘူး"

ယင်ရှောင်ရှောင်း၏ နှုတ်ခမ်းတို့ တွန့်ချိုးသွားပြီး ခန္ဓာကိုယ်ကို အနောက်သို့ ဆုတ်လိုက်မိသည်။ ဟမ်... အစားမစားနဲ့... ဘာမှမစားနဲ့... ရေးကြီးခွင်ကျယ် လုပ်မနေနဲ့။

ထိုညနေခင်းတွင် ကျိုးဖုန်းနှင့် ဝမ့်ယန်ကျန်းတို့ နှစ်ယောက်သား အလွန်အမင်း သက်သောင့်သက်သာ မရှိသော အစားတစ်နပ်ကို စားခဲ့ရသည်။ ယင်ရှောင်ရှောင်းက ထိုအစားအစာကို မျက်လုံးတောက်ထောက်နှင့် သရေကျပြီး ကြည့်နေစဥ် မော့လောင်တက သူတို့ကို ခြိမ်းခြောက်သည့် အမူအရာဖြင့် ကြည့်ပြီး ပြောလာသည်။ 

"အရူးပေါက်လေးကို...မင်းတို့တစ်ခုခုကျွေးရဲကျွေးကြည့်...ငါမင်းတို့ကိုအသေကိုက်သတ်ပစ်မှာနော်"

ထို့အပြင် လူသားတို့ရဲ့ အစားအသောက်ကို တစ်ခါမှ မမြင်ဖူးသောကြောင့် စပ်စပ်စုစု ကြည့်နေကြသော မျက်ဝန်းများလည်း ရှိသေးသည်။ ကျိုးဖုန်းနှင့် ဝမ့်ယန်ကျန်းတို့ စိတ်ထဲတွင် တီးတိုးရေရွတ်လိုက်မိသည်။ ဘုရားရေ... ယင်ရှောင်ရှောင်း... နောက်ဆိုရင်... ဒီကို မလာပါနဲ့တော့... ဒီလိုသာ ဆက်ဖြစ်နေမယ်ဆိုရင် ငါတို့လည်း သည်းမခံနိုင်တော့လောက်ဘူး။

ကျိုးဖုန်းနှင့် ဝမ့်ယန်ကျန်းလည်း အစားတစ်နပ်အတွက် ခက်ခက်ခဲခဲ စားလိုက်ရသည်။ ထို့နောက် မြွေငယ်လေးများအတွက် ချက်ချင်းဆိုသလို ဂွမ်းကပ်ခင်းပေးပြီး စားပွဲပေါ်ရှိ စားကြွင်းစားကျန်များကို ရှင်းလင်းရသည်။ ထို့နောက် သူတို့အိပ်ခန်းထဲသို့ တန်းဝင်သွားကာ လုံးဝ ပြန်မထွက်လာတော့ပေ။

ယင်ရှောင်ရှောင်း၏ အကြည့်တို့က စားကြွင်းစားကျန်များထံတွင် ကော်ကပ်သလို ကပ်နေသည်။ မော့လောင်တက ယင်ရှောင်ရှောင်းအား သူတို့အခန်းထဲသို့ အတင်းဆွဲခေါ်လာရသည်။

နဂိုတွင် ဂွမ်းကပ်က မော့လောင်တနှင့် ယင်ရှောင်ရှောင်းတို့၏ ခန္ဓာကိုယ်နှင့် ဆန့်အောင် ပြုလုပ်ထားခြင်း ဖြစ်သည်။ ယခုတွင် မြွေပေါက်လေးကိုးကောင် တိုးလာသော်လည်း ကလေးများ၏ ခန္ဓာကိုယ်က အလွန်သေးငယ်သောကြောင့် သိပ်ပြီး ကြပ်သိပ်မနေပေ။ မော့လောင်တကို ရစ်ပတ်ခွေနေရင်း ဂွမ်းကပ်၏ ထောင့်တစ်နေရာတွင် စုပြုံပြီး အိပ်နေကြသော မြွေပေါက်လေးများကို ယင်ရှောင်ရှောင်း စိုးရိမ်တကြီး ကြည့်လိုက်မိသည်။ 

"ညအိပ်တဲ့အခါ...ကျွန်တော်တို့သူတို့ကိုမတိုက်မိလောက်ပါဘူးနော်"

မော့လောင်တလည်း ထိုးထွက်နေသည့် ယင်ရှောင်ရှောင်း၏ ခေါင်းကို ပြန်တွန်းချကာ သူ့ခေါင်းကို ရှောင်ရှောင်းအပေါ်တွင် အုပ်မိုးရင်း တည်ကြည်လေးနက်သော လေသံဖြင့် ပြောလိုက်သည်။ 

"ကိုယ်အိပ်နေတဲ့အချိန်မှာ...မင်းလိုဟိုဟိုဒီဒီကန်တာတွေ...လူးလှိမ့်တာတွေမှမရှိတာ"

ယင်ရှောင်ရှောင်း: "......"

မြွေငယ်များက ထိုစကားကို မကြားချင်ယောင် ဆောင်နေကြသည်။ သူတို့ဖေဖေက အင်အားကြီးသော မြွေတစ်ကောင် ဖြစ်သည့်တိုင် တစ်ခါတစ်လေကျရင် အလွန်ရှက်စရာကောင်းလှသည်။

မြွေဆယ့်တစ်ကောင်နှင့် လူသားနှစ်ယောက်အနက် ယင်ရှောင်ရှောင်းက ထုံးစံအတိုင်း နောက်ဆုံးမှ အိပ်ရာနိုးလာသည်။ နေမြင့်နေပြီ ဖြစ်သော်လည်း ယင်ရှောင်ရှောင်းက နည်းနည်းလေးမှ မရှက်ပေ။ သူကိုယ်တိုင် စားခွင့်မရှိသော်လည်း ကျိုးဖုန်းနှင့် ဝမ့်ယန်ကျန်း စားသောက်နေသည်ကို ကြည့်ရင်း အိပ်ရာမှထကာ မော့လောင်တနှင့် မြွေငယ်များကို ချက်ချင်း ဆွဲခေါ်လိုက်သည်။ သူလည်းစိတ်လွတ်နေပြီနဲ့ တူပါရဲ့။

တံခါးလျှောက်လမ်းတွင် ရပ်နေသည့် ကျိုးဖုန်းက မေးလာသည်။ 

"ရှောင်ရှောင်းက သူ့မှာ ကလေးရှိတဲ့အကြောင်း... ငါတို့ကို ပြောဖို့ ရောက်လာတာများလား"

ဝမ့်ယန်ကျန်းက တံခါးပေါက်ဝတွင် ဆောင့်ကြောင့်ကလေး ထိုင်ရင်း နှုတ်ခမ်းစွန်းများ ကော့တက်ကာ ဤနေရာတွင် အထီးများ ကိုယ်ဝန်ဆောင်နိုင်သည့် အကြောင်းကို ထိတ်လန့်စဖွယ် တွေးနေမိသည်။ ကျိုးဖုန်းကို သူ့ထဲမဝင်ခိုင်းမိတာ တော်သေးသည်။ သို့မဟုတ်လျှင် သူလည်း ကလေးတစ်ဒါဇင်လောက်နှင့် ဖြစ်နေလောက်ပြီ။ ထိုအကြောင်းကို စဥ်းစားရင်း ဝမ့်ယန်ကျန်းတစ်ယောက် အတော်လေး တုန်လှုပ်သွားသည်။

ဝမ့်ယန်ကျန်း၏ ထူးဆန်းသော အမူအရာကြောင့် ကျိုးဖုန်းလည်း စိုးရိမ်တကြီး မေးလိုက်မိသည်။ 

"ဘာဖြစ်လို့လဲ....အေးနေတာလား"

ဝမ့်ယန်ကျန်းက သူမအေးကြောင်းကို အသည်းအသန် ခေါင်းယမ်းလျက် ပြန်ဖြေသည်။ ကျိုးဖုန်းသာ သူ့အတွေးကို သိသွားခဲ့ရင် ဘယ်လိုလုပ်ရပါ့။ သူရော ကလေးတွေ လိုချင်နေမလား။ ဘယ်လိုပဲဖြစ်ဖြစ် သူကတော့ ကလေးမမွေးချင်ပါ။

အေးအေးဆေးဆေး လျှောတိုက်သွားရင်း နောက်ထပ် ဘယ်နေရာကို သွားလည်ရမလဲဟု ယင်ရှောင်ရှောင်း စဥ်းစားနေမိသည်။ သို့သော် တစ်ကယ်တမ်းတွင် သွားစရာနေရာက မရှိတော့ပေ။ ယင်ရှောင်ရှောင်း စိတ်ပျက်လက်ပျက်နှင့် လက်မှိုင်ချမိသည်။ မိတ်ဆွေအနည်းငယ်သာ ရှိခြင်းက ကောင်းသောအရာ မဟုတ်ပါချေ။ နောက်ဆုံးတော့ ရွေးချယ်စရာ မရှိသောကြောင့် အိမ်ပြန်ဖို့သာ ဖြစ်လာခဲ့သည်။

သို့သော် မထင်မှတ်ထားစွာဖြင့် လမ်းတစ်ဝက်တွင် ယင်ရှောင်ယိ၊ ဟေးအာလုတို့နှင့် ပက်ပင်းတိုးလေသည်။

"အာလုနဲ့ ကောကောက ပါပါးနဲ့ ဖေဖေ့ကို တွေ့ခဲ့တယ်လေ... သူတို့က ရှောင်ရှောင်းတို့ ဘယ်မှာနေလဲဆိုတာ ပြောပြလိုက်တာ... အဲဒါနဲ့ ကောကောတို့လည်း ရှောင်ရှောင်းတို့ နေတဲ့နေရာကို သွားလည်သေးတယ်... ဘယ်သူမှမရှိလို့ ပြန်ထွက်လာခဲ့တာ... ဒီမှာလာဆုံမယ်လို့ မထင်ထားမိဘူး"

ယင်ရှောင်ရှောင်းကို တွေ့သောအခါ ယင်ရှောင်ယိက ပျော်ရွှင်စွာဖြင့် ပြောလာသည်။

ဟေးအာလုက မော့လောင်တနှင့် ယင်ရှောင်ရှောင်း၏ အနောက်တွင် ရှိနေသော ကလေးငယ်များကို ကြည့်ရင်း မနေနိုင်စွာ ပြောလိုက်သည်။ 

"မွေးစားပါပါးရဲ့ကလေးတွေကအရမ်းချစ်ဖို့ကောင်းတာပဲ"

ထိုစကားအဆုံး ယင်ရှောင်ရှောင်း အားရပါးရ ပြုံးလိုက်မိသည်။ 

"ဟုတ်တယ်နော်...သူတို့ကတကယ့်ကိုချစ်ဖို့ကောင်းတာ...သူတို့အားလုံးကပါပါးနဲ့တဟေးတန်ရဲ့သားတွေလေ"။

မော့လောင်တနှင့်အခြားမြွေငယ်များ : "....."

ထပ်ပြီးစလာပြန်ပြီ။

ယင်ရှောင်ယိနှင့် ဟေးအာလုတို့ မပြန်မချင်း မော့လောင်တနှင့် အခြားမြွေငယ်များက စကားတစ်ခွန်းမှ မပြောဘဲ တိတ်ဆိတ်နေသည်။ သို့သော် ယင်ရှောင်ရှောင်းက အလွန်အမင်း ကျေနပ်နေကာ ဟေးအာပန်တို့ မိသားစုဆီ ဆက်ပြီး အလည်အပတ် သွားချင်နေသေးသည်။ ကံမကောင်းစွာဖြင့် မော့လောင်တက သူ့ကို အတင်းအကျပ် တားဆီးတော့သည်။