ကုမိုဟန်၏ ချောမောသောမျက်နှာမှာ မည်သည့်ခံစားချက်မျှ မရှိဘဲ တည်ငြိမ်နေဆဲ။
သူက အေးစက်စွာဖြင့် “စတုတ္ထသခင်ကို ရဲစခန်းကို ပို့လိုက်၊ ထောင်ထဲမှာပဲ ပုပ်သိုးသွားပါစေ"
"ကုမ္ပဏီသိမ်းယူမှုကိုတော့ ငါတို့ရဲ့ မူလစီမံကိန်းအတိုင်းပဲ ဆက်လုပ်ပါ” ဟု ပြောလိုက်သည်။
“ကောင်းပြီ”
ဖူချင်းလျန်က ခေါင်းညိတ်လိုက်သည်။
“ဒုတိယအစ်ကို၊ အစ်ကို အခု ဘယ်မှာနေလဲ"
"ကျွန်တော် အစ်ကို့အတွက် ထိပ်တန်းဗီလာတစ်ခုနဲ့ ပြုစုစောင့်ရှောက်ပေးဖို့ အလှပဂေး ရှစ်ယောက် ပြင်ဆင်ထားတယ်"
"ဒါက ကျွန်တော်တို့ရဲ့ VIP တွေအတွက်ပဲ သီးသန့်ထားတဲ့ အခွင့်အရေးမျိုးပါ၊ ကျွန်တော်
ကိုယ်တိုင်တောင် ဒီလိုမျိုး မခံစားဖူးသေးဘူး”
ဟု ဟောပေချန်က သူ၏ ကြိုးစားအားထုတ်မှုကို အသိအမှတ်ပြုခံရစေရန် ဂုဏ်ယူစွာဖြင့် ပြောလိုက်သည်။
ကုမိုဟန်က ထန်မော့အာကို ကြည့်လိုက်သည်။
သူမသည် ထိုင်ခုံမှထကာ ဒေါက်ဖိနပ်အပါးလေးများဖြင့် အိမ်သာရှိရာဘက်သို့ ယိုင်တိုင်တိုင် လျှောက်သွားနေပြီဖြစ်သည်။
သူက ဟောပေချန်ကို တစ်ချက်လှမ်းကြည့်ပြီး....
“အဲဒီဗီလာနဲ့ မိန်းမလှလေး ရှစ်ယောက်ကို မင်းပဲယူထားလိုက်ပါ၊ ဒီနေ့ မင်းကိုယ်မင်း ဆုချလိုက်ပေါ့”
ဟု ပေါ့ပေါ့ပါးပါးပင် လက်ခါပြလိုက်သည်။
ဟောပေချန်မှာ ပြောစရာစကားပင် မရှိတော့ပေ။
…
ထန်မော့အာသည် အိမ်သာသို့ သွားရန် ထလာခဲ့သည်။
သူမ မူးနေသည်ဟု မခံစားရပေ။
အမှန်တကယ်တော့ သူမ၏ အရက်သောက်နိုင်
စွမ်းမှာ ထင်သလောက် မနည်းလှချေ။
သို့သော် ခြေလှမ်းအနည်းငယ် လျှောက်ပြီးနောက်တွင်မူ အရက်ရှိန်က ခေါင်းထဲသို့ တရှိန်ထိုး တက်လာပြီး မူးဝေကာ ယိုင်သွားခဲ့သည်။
သူမသည် လူတစ်ယောက်ကို မတော်တဆ ဝင်တိုက်မိသွားပြီး ဟန်ချက်ပြန်ထိန်းရန် နောက်သို့ ဆုတ်လိုက်ရသည်။
သူမက ခေါင်းလေးငုံ့ကာ “တောင်းပန်ပါတယ်...” ဟု ဆိုလိုက်သည်။
သူမ တိုက်မိသွားသည့် အမျိုးသားက ချက်ချင်းပင် ဒေါသတကြီး အော်ဟစ်တော့သည်။
"နင် ဘာလုပ်တာလဲ၊ မျက်စိမှိတ်ပြီး လမ်းလျှောက်နေတာလား"
"ငါ့အဝတ်အစားတွေက ဘယ်လောက်တန်လဲ နင်သိလား"
"နင် မလျော်ပေးနိုင်ရင်..."
"ထန်မော့အာ"
ထိုအမျိုးသားသည် သူ့ရှေ့တွင် ရပ်နေသူမှာ ထန်မော့အာဖြစ်နေသည်ကို မြင်လိုက်ရသောအခါ ဒေါသတကြီး ပြောဆိုနေမှုများ ရပ်တန့်သွားသည်။
သူ၏ မျက်လုံးများက အရောင်တောက်သွားပြီး မောက်မာသော အပြုံးတစ်ခု ပေါ်လာ၏။
ထန်မော့အာ ထိုလူကို မှတ်မိသည်။
သူသည် ချမ်းသာသော မိသားစုမှ ဆင်းသက်လာသည့် ဒုတိယမျိုးဆက် သူဌေးသားဖြစ်ပြီး မော်ဒယ်များ၊ မင်းသမီးများနှင့် ပွေရှုပ်မှုကြောင့် နာမည်ကြီးသူ ဖြစ်သည်။
သူ ရည်းစားလဲသည့် အရှိန်မှာ အဝတ်အစားလဲသကဲ့သို့ မြန်ဆန်လှခြင်း။
သူသည် ယခင်က သူမကိုပင် ပိုးပန်းရန် ကြိုးစားခဲ့ဖူးသူ ဖြစ်သည်။
“ထန်မော့အာ၊ မင်း တစ်ယောက်တည်း အရက်သောက်နေရတာ တော်တော်ပျင်းစရာ ကောင်းမှာပဲ"
"လာ... ငါနဲ့အတူ သောက်ရအောင်” ဟု ဆိုကာ ထိုသူဌေးသားက ထန်မော့အာ၏ လက်မောင်းကို ဆွဲခေါ်ရန် ကြိုးစားတော့သည်။
ထန်မော့အာက သူမ၏ သွယ်လျသော ကိုယ်လုံးလေးဖြင့် ကျွမ်းကျင်စွာ ရှောင်တိမ်းလိုက်ရာ သူသည် သူမ၏ အဝတ်စကိုပင် မထိလိုက်ရပေ။
သူမက မျက်ခုံးလေး ပင့်လိုက်ပြီး အေးစက်သော အမူအရာဖြင့် “ရှင် ဘာလုပ်ချင်တာလဲ" ဟု မေးလိုက်သည်။
ထိုသူဌေးသားက ယုတ်မာစွာ ပြုံးလိုက်ပြီး...
“ထန်မော့အာ၊ မင်းရဲ့ စေ့စပ်ထားသူ စုကျယ် က ရှောင်ယွီ ဆိုတဲ့ မိန်းကလေးနဲ့ တွဲနေပြီး နင့်ကို မလိုချင်တော့ဘူးလို့ ငါကြားတယ်"
"မင်းက ယောက်ျားတစ်ယောက်ရဲ့ အစွန့်ပစ်ခံရတဲ့ မိန်းမတစ်ယောက်ပဲ၊ ငါ့ရှေ့မှာ အပြစ်ကင်းစင်ချင်ယောင် ဆောင်မနေပါနဲ့တော့” ဟု ပြန်ပြောလိုက်သည်။
ထန်မော့အာက အေးစက်စွာ ရယ်မောလိုက်ပြီး သူမ၏ အနီရောင် နှုတ်ခမ်းလွှာများက မထီမဲ့မြင် ပြုံးလိုက်ကာ...
"စုကျယ် က ကျွန်မရဲ့ ယောက်ျားဖြစ်ခဲ့တာ။ ရှင်က သူ့ကို ယှဉ်နိုင်မယ် ထင်နေတာလား"
"ရှင်က သူ့ခြေဖျားတောင် မမီဘူး" ဟု ခနဲ့လိုက်၏။
“မင်း"
သူသည် ပြင်းထန်စွာ တုံ့ပြန်လိုက်ပြီး ဒေါသတကြီးဖြင့် သူမကို စိုက်ကြည့်လိုက်သည်။
ဒေါသထွက်နေသော်လည်း သူ၏ မျက်လုံးများက ထန်မော့အာ၏ ခန္ဓာကိုယ်အနှံ့ကို ကြည့်ရှုနေမိသည်။
သူမ၏ မျက်နှာသွင်ပြင်က အလွန်ပင် ထူးကဲလှပသည်။
သေးငယ်သော မျက်နှာလေးပေါ်တွင် ကြည်လင်တောက်ပသည့် မျက်ဝန်းတစ်စုံ ရှိနေ၏။
ထိုမျက်ဝန်းများမှာ စိတ်ဆိုးနေသည်ဖြစ်စေ၊ ဒေါသထွက်နေသည်ဖြစ်စေ လူတစ်ယောက်၏ ဝိညာဉ်ကို စုပ်ယူနိုင်စွမ်းရှိသည်။
သူမ၏ ကောက်ကြောင်းအလှများကလည်း မည်သည့်အမျိုးသားကိုမဆို ရူးသွပ်စေနိုင်သည့် အလှမျိုးပင်။
သူသည် မိန်းမများစွာနှင့် ပျော်ပါးဖူးသော်လည်း သူမကဲ့သို့သော အမျိုးသမီးမျိုးကို တစ်ခါမျှ မတွေ့ဖူးခဲ့ပေ။
သူမက သူ့ကို စင်ကြယ်ပြီး ဆွဲဆောင်မှုရှိသော ခံစားချက်မျိုး ပေးစွမ်းသည်။
သူမကို စတင်မြင်ဖူးသည့် အချိန်မှစ၍ ယခုသည်လည်း ဤမျှအေးစက်ပြီး မောက်မာလှပသော သုကို ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်သည်။
သူမ၏ အလှတရားက မှော်ဆန်ပြီး အမျိုးသားတိုင်း၏ ရင်ထဲတွင် အန္တရာယ်ရှိသော အလိုဆန္ဒများကို နိုးကြားစေသည်။
သူ သူမကို သဘောကျနေသည်မှာ ကြာပြီဖြစ်ပြီး ပိုးပန်းရန်လည်း ကြိုးစားခဲ့သေး၏။
သို့သော် အချည်းနှီးသာ ဖြစ်ခဲ့ရခြင်း။
သူမက မောက်မာလွန်းပြီး သူ့ကို လှည့်ပင်မကြည့်ခဲ့ပေ။
သို့သော် သူက သူမအပေါ်တွင် ပို၍ပင် စွဲလမ်းလာခဲ့သည်။
ညတိုင်း အခြားမိန်းမများနှင့် အတူရှိနေချိန်တွင်ပင် သူ ခေါ်မိသည့် နာမည်မှာ ‘ထန်မော့အာ’ သာ ဖြစ်သည်။
သူမနှင့် နီးကပ်နေချိန်တွင် သူ၏ မျက်လုံးများက ကာမရာဂစိတ်များဖြင့် ဖုံးလွှမ်းသွားသည်။
သူ သူမကို ရအောင်ယူမည်။
“ထန်မော့အာ၊ ငါ့နောက်ကို လိုက်ခဲ့စမ်းပါ"
"ငါ မင်းကို ကောင်းကောင်း ဆက်ဆံမှာပါ” ဟု ပြောကာ သူက သူမ၏ ကိုယ်ပေါ်သို့ ဖိကပ်လာပြီး အခြား VIP အခန်းတစ်ခုဆီသို့ အတင်းအကျပ် တွန်းပို့ရန် ကြိုးစားတော့သည်။
ထန်မော့အာ၏ မျက်ဝန်းများက သတိပေးသည့်အနေဖြင့် ဝင်းလက်သွားသည်။
အနုပညာလောကထဲသို့ စတင်ဝင်ရောက်ကတည်းက သူမသည် ကမ်းလှမ်းမှု ညစ်ညစ်ပတ်ပတ်များစွာ ကြုံခဲ့ဖူးသော်လည်း ဤကဲ့သို့ အတင်းအကျပ် လုပ်ဆောင်ရန် မည်သူမျှ မဝံ့ရဲခဲ့ကြပေ။
“ကျွန်မကို ထိရဲရင် ရှင့်ကို ကျွန်မအဖေက အပိုင်းပိုင်းခုတ်ပြီး ခွေးစာ ကျွေးပစ်လိမ့်မယ်"
ဟု ထန်မော့အာက မကြောက်မရွံ့ဘဲ လှောင်ပြုံးဖြင့် ပြောလိုက်သည်။
ထိုအမျိုးသားမှာ ချက်ချင်းပင် တောင့်ခဲသွားသည်။
သူမ၏ စကားလုံးများက သူ့ကို မနာလိုစိတ်များ ဖြစ်ပေါ်စေသည်။
ထန်မော့အာမှာ မြို့တော်ဝန်၏ သမီးဖြစ်သည်ကို မည်သူက မသိဘဲ ရှိမည်နည်း။