9
ရေနွေးစိမ်ထားသော ချည်ပဝါလေးသည် သူ့မျက်နှာနှင့် ခန္ဓာကိုယ်ပေါ်ရှိ ရွှံ့နှင့်ဂျီးများကို ညင်သာစွာဖယ်ရှားပေးလိုက်သည်။ ကျန်းယွင်လင်၏မျက်နှာလှလှလေးမှာ ရေပြင်ထက်တွင် တဖြည်းဖြည်းထင်ဟပ်လာခဲ့ပေသည်။ ယခုလေးတင် ဖြစ်ပျက်ခဲ့သည်များကို ပြန်တွေးကြည့်ရင်း ကျန်းယွင်လင်မှာ အိပ်မက်မက်နေသကဲ့သို့ ခံစားနေရဆဲပင် ဖြစ်သည်။ သူတကယ်ပဲ နေခွင့်ရခဲ့ပြီး လွတ်လပ်သူတစ်ဦးအနေဖြင့် နေခွင့်ရခဲ့ခြင်းလည်းဖြစ်၏။
ဟော်ချင်းမှ သူ့ကိုဟော်မိသားစုတွင်နေချင်သလားဟု မေးသောအခါ ကျန်းယွင်လင် အလွန်ဝမ်းသာသွားပြီး ချက်ချင်းပင် သဘောတူလိုက်သည်။ သူ့ဘဝ ခက်ခဲမည် မခက်ခဲမည်ကို သူ ဂရုမစိုက်ပေ။ ဤကဲ့သို့သော အခြေအနေမျိုးတွင် ဟော်မိသားစုမှ သူ့ကို လက်ခံပေးရန်ဆန္ဒရှိသည်ကိုပင် သူ အလွန်ကျေးဇူးတင်နေခဲ့ပြီပင်။ သို့ရာတွင် ကျေးဇူးတင်ပြီးနောက် အခြားအရာတစ်ခုကို သူချက်ချင်း တွေးမိသွားသည်။
နေထိုင်မည်ဆိုပါက သူသည် ဤအမျိုးသားကို လက်ထပ်ကာ သူ့ခင်ပွန်းအဖြစ် နေထိုင်ရမည်ဟု အဓိပ္ပာယ်သက်ရောက်နေပေသည်။ ကျန်းယွင်လင်သည် တကယ်တော့ ထိုသို့လုပ်ရန် ဆန္ဒရှိခဲ့သည်။ သူ့မိဘများမှ ဤအိမ်ထောင်ရေးကို စီစဉ်ပေးခဲ့ပြီး သူနှင့် ဟော်ချင်းတို့သည် စေ့စပ်ထားပြီးသားဖြစ်ရာ လက်ထပ်ခြင်းမှာဖြစ်သင့်ဖြစ်ထိုက်သော ကိစ္စပင်ဖြစ်သည်။ ကျားလင်မှလာကတည်းက ဤကိစ္စအတွက် သူကြိုတင်ပြင်ဆင်ထားခဲ့ပြီးသားပင်။ သို့ရာတွင် ဝမ်းနည်းခြင်းကာလကို သူဖြတ်သန်းနေရဆဲဖြစ်သောကြောင့် သူတို့လက်ထပ်ပွဲကို ရွှေ့ဆိုင်းပေးနိုင်မလားဟု ရှက်ရွံ့မှုတို့ဖြင့် ဟော်ချင်းနှင့် တိုင်ပင်သောအခါ ထိုအရပ်မြင့်မြင့်နှင့် ချောမောသောအမျိုးသားမှာ ပြတ်ပြတ်သားသားပင်ငြင်းဆန်ခဲ့ပေသည်။ ဟော်ချင်းမှပြောလိုက်၏။
"ဒီမှာပဲ နေပါ၊ မင်း ကိုယ့်ကိုလက်ထပ်ချင်တယ်ဆိုတဲ့ကိစ္စကတော့ မလိုအပ်ပါဘူး"
ကျန်းယွင်လင်မှာ လန့်သွားပြီး မသိစိတ်မှ မေးလိုက်မိသည်။
"ခင်ဗျားက ကျွန်တော့်ကိုလက်မထပ်ချင်ဘူးလား"
ထိုစကားလုံးများ ပါးစပ်မှထွက်သွားသည်နှင့် ယင်းမှာမသင့်တော်ကြောင်း သူသဘောပေါက်လိုက်သည်။ ယင်းမှာ သူ့ကို အတင်းအကျပ်လက်ထပ်ခိုင်းနေသကဲ့သို့ ဖြစ်နေသည်။ ကျန်းယွင်လင်၏နားရွက်များမှာ ထပ်မံ၍ပူထူလာခဲ့ပြန်၏။ ဟော်ချင်းပြုံးကာ ခေါင်းရမ်းလိုက်ပြီး ပြောလိုက်သည်။
"အဲဒီလို မဟုတ်ပါဘူး"
ထို့နောက် ပွင့်ပွင့်လင်းလင်းပင် သူဆက်ပြောသည်။
"ကိုယ်တို့မိသားစုရဲ့အခြေအနေက မင်းမြင်တဲ့အတိုင်းပဲဆိုတော့ မင်းသာကိုယ်တို့မိသားစုထဲကို လက်ထပ်ပြီးဝင်လာမယ်ဆိုရင် ကိုယ်နဲ့အတူ ဒုက္ခခံရုံပဲရှိမှာပေါ့၊ ဘာလို့ အဲဒီလိုလုပ်ရမှာလဲ၊ ပြီးတော့ ကိုယ်ကအခုလောလောဆယ် အိမ်ထောင်ပြုဖို့ အစီအစဉ်မရှိသေးဘူး"
ကျန်းယွင်လင်ကို သူတစ်ချက်ကြည့်လိုက်ပြီး ထပ်ပြောလိုက်သည်။
"မင်း မသိလောက်သေးတဲ့နောက်ထပ်ကိစ္စတစ်ခု ရှိသေးတယ်"
ထို့နောက် ဟော်ချင်းသည် မိသားစုနှစ်ခုမှ အိမ်ထောင်ရေးကို မည်သို့စီစဉ်ခဲ့ကြကြောင်းနှင့် နောက်ပိုင်းတွင် သူတို့မိခင်နှစ်ဦးကြား မည်သို့သဘောတူညီမှု ရယူခဲ့ကြကြောင်းကို အသေးစိတ် ပြန်လည်ပြောပြလေတော့သည်။ သူတို့ ကလေးဘဝ၌ သူနှင့်ကျန်းယွင်လင်ကြားဖြစ်ပျက်ခဲ့သည့် ကိစ္စများကိုမူ ကောလေးမှာလုံးဝမေ့သွားပြီဖြစ်သောကြောင့် ဟော်ချင်းထပ်မံမပြောတော့ပေ။ ဘာပဲဖြစ်ဖြစ် ထိုအရာများမှာ ကြီးကြီးမားမားကိစ္စများမဟုတ်ခဲ့ပေ။
ထိုစဉ် ကျန်းယွင်လင်သည် ဤအိမ်ထောင်ရေး သဘောတူညီချက်တွင် ဤကဲ့သို့သောကိစ္စများ ပါဝင်ပတ်သက်နေကြောင်းကို သိရှိသွားခဲ့သည်။ သူ အနည်းငယ် အံ့သြသွားခဲ့ပေ၏။ မိခင်ဖြစ်သူမှ သူ့ကိုအိမ်ထောင်ရေးအကြောင်းပြောပြစဉ်တွင် ဤကိစ္စများကို မပြောခဲ့သော်လည်း ယခုသူတွေးကြည့်သောအခါ သူသာသိသွားလျှင် ဟော်မိသားစုထံ လာရောက်နေထိုင်ဝံ့မည်မဟုတ်ဟု သူမစိုးရိမ်သောကြောင့် ဖြစ်နိုင်ကြောင်း သဘောပေါက်လိုက်သည်။ ကျန်းယွင်လင်သည် ခံစားချက်များ ရောထွေးနေခဲ့သော်လည်း ဟော်ချင်း ပြောသည်ကိုကြားလိုက်ရ၏။
"အခု မင်းအားလုံးကို သိသွားပြီဆိုတော့ ကိုယ်တို့ ဒီအိမ်ထောင်ရေးကို ဖျက်သိမ်းလိုက်တာပဲ ကောင်းမယ်လို့ ထင်တယ်၊ မင်းဒီမှာ အေးအေးဆေးဆေး နေလို့ရတယ်၊ ပြီးတော့ တစ်ယောက်ယောက်က မင်းကို လာမေးရင် ဒီအကြောင်းကို ဘယ်သူ့ကိုမှမပြောနဲ့"
ခေတ္တမျှစဉ်းစားလိုက်ပြီးနောက် သူအမြန်ထပ်ပြောလိုက်သည်။
"မင်းကကိုယ့်အဒေါ်ရဲ့ အစ်မဘက်က ကလေးဖြစ်ပြီး မင်းမိသားစုမှာကပ်ဘေးဆိုက်လို့ ဆွေမျိုးတွေဆီ လာနေတာလို့ပဲပြောလိုက်ပါ"
ဟော်ချင်းသည် အရာအားလုံးကို သေချာတွေးတောထားခဲ့သည်။ သူသည် ကျန်းယွင်လင်ကို နေခွင့်ပေးမည်ဖြစ်သော်လည်း ကောလေးတစ်ဦးအနေဖြင့် သူနှင့်ဟော်ဝမ်တို့နှင့်အတူ နေထိုင်မည်ဆိုပါက သူ့ဂုဏ်သိက္ခာကိုမလွှဲမသွေ ထိခိုက်စေမည်ဖြစ်သည်။ ဆွေမျိုးတစ်ဦးဖြစ်သည်ဟုပြောခြင်းကသာ ပို၍လက်ခံနိုင်ဖွယ်ရှိပေမည်။ အနာဂတ်တွင် ကောင်းမွန်သော မိသားစုတစ်ခုနှင့် တွေ့ဆုံသောအခါ သူသည် ကောလေးအတွက် သင့်တော်သောအိမ်ထောင်ဖက်တစ်ဦးကို ရှာဖွေပေးမည်ဖြစ်ပြီး ယင်းကသူ့မိခင်နှင့် အန်တီကျီတို့ပြသခဲ့သော ကြင်နာမှုကို ကျေပွန်စေမည်ဖြစ်သည်။
ဤစကားကိုကြားသောအခါ အရာအားလုံးကို သိရှိသွားပြီဖြစ်သော ကျန်းယွင်လင်သည် လည်ချောင်းထဲတွင် ဆို့နင့်သွားကာ ငိုလုမတတ်ပင်ဖြစ်သွားခဲ့သည်။ သူ့မိခင် ပြောသည်မှာ မှန်ပေ၏။ ဟော်မိသားစုသည် တကယ်ကို သဘောထားပြည့်ဝကာ ကြင်နာတတ်သောသူများဖြစ်ကြသည်။ ဟော်ချင်းသည် အိမ်ထောင်ရေးစီစဉ်မှုကို လျှို့ဝှက်ထားနိုင်သော်လည်း သူက အလွန်ပွင့်လင်းခဲ့၏။
ကျန်းယွင်လင်ကို ရှင်းပြပြီးနောက် ဟော်ချင်းသည် အကြည့်လွှဲလိုက်သည်။ သူသည် သူ့ကိုညီတစ်ယောက်လိုဆက်ဆံရန် ဆုံးဖြတ်ထားခဲ့သော်လည်း ကျန်းယွင်လင်သည် ဘာပဲဖြစ်ဖြစ် ကောလေးတစ်ဦးဖြစ်ရာ သူ ခပ်ခွာခွာနေသင့်ပေသည်။ ခရီးဝေးနှင်လာရသဖြင့် ကောလေးပင်ပန်းနေမည်ကိုတွေးမိကာ ဟော်ချင်းမှ ကျန်းယွင်လင်အားပြောလိုက်၏။
"ကိုယ် မင်းကို အထဲအရင်ခေါ်သွားမယ်၊ မင်းခဏလောက် အနားယူလို့ရတာပေါ့၊ ရှောင်ဝမ်ကို ရေနွေးတည်ခိုင်းပြီး မင်းရေချိုးဖို့ အထဲကိုယူလာပေးခိုင်းလိုက်မယ်"
ဤစကားကို ကြားသောအခါ ကျန်းယွင်လင်သည် ကျေးဇူးတင်ဟန်ဖြင့် ခေါင်းညိတ်လိုက်သည်။ ပင်ပန်းနွမ်းနယ်မှုမှာ ဒုတိယအရေးကြီးသော ကိစ္စဖြစ်ပြီး သူ့ကိုအနှောင့်အယှက်ဖြစ်စေသည်မှာ လှေပေါ်တွင်ရက်အနည်းငယ်ကြာ ရေမချိုးရသဖြင့် သူ့ခန္ဓာကိုယ်မှာ ညစ်ပတ်စုတ်ပြတ်သတ်နေခြင်းပင်ဖြစ်သည်။ သူကိုယ်တိုင်ပင် သူ့ကိုယ်သူရှက်ရွံ့နေမိပြီး သေချာရေချိုးသန့်စင်ချင်နေခဲ့ပေသည်။
ဟော်မိသားစုအိမ်ကို ဟော်ထျဲ့ဖုန်း သက်ရှိထင်ရှားရှိစဉ်၌ တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ ထိုစဉ်က မိသားစုမှာ အတော်အတန် ပြည့်စုံခဲ့သောကြောင့် ထိုအိမ်မှာ ယန်ရှီးရွာတွင် အကောင်းဆုံးအိမ်များထဲမှတစ်လုံးအပါအဝင် ဖြစ်ခဲ့ပေသည်။ ယင်းမှာ အပြာရောင်အုတ်များနှင့် ရွှံ့ကြွေပြားများဖြင့် တည်ဆောက်ထားသော အိမ်တစ်လုံး ဖြစ်သည်။ ဧည့်ခန်းမဆောင်၏ အနောက်ဘက်တွင် အိမ်ခန်းမကြီးနှစ်ခန်းရှိပြီး တစ်ခန်းမှာ ဟော်ထျဲ့ဖုန်းနှင့် သူ့ဇနီးတို့ သက်ရှိထင်ရှားရှိစဉ်၌ အိပ်ခဲ့ကြသောအခန်းဖြစ်ကာ အခြားတစ်ခန်းမှာ အလွတ်ဖြစ်နေလေသည်။
အရှေ့ဘက်ခြံဝင်းတွင် ဆက်လျက်တည်ရှိသော ဘေးဘက်အခန်းသုံးခန်းရှိပြီး တစ်ခန်းမှာ ဟော်ချင်းအတွက်ဖြစ်ကာ တစ်ခန်းမှာ ဟော်ဝမ်အတွက် ဖြစ်သည်။ အနောက်ဘက်တွင်တော့ မီးဖိုချောင်၊ ထင်းရုံနှင့် စပါးကျီတို့ အသီးသီးရှိ၏။ နောက်ဖေးခြံဝင်းတွင် ရေအိမ်၊ တိရစ္ဆာန်ခြံနှင့် ဟင်းသီးဟင်းရွက်ခင်းတို့ ရှိပေသည်။ ကျန်းယွင်လင်မှာ ကောလေးတစ်ဦးဖြစ်ရာ သူနှင့်ဟော်ဝမ်တို့ရှိသော အရှေ့ဘက်ခြံဝင်းတွင် အတူနေထိုင်ရန်မသင့်တော်ဟု တွေးမိသောကြောင့် ဟော်ချင်းသည် ကျန်းယွင်လင်ကို ဧည့်ခန်းမဆောင်အနောက်ဘက်ရှိ လွတ်နေသော အိမ်ခန်းမကြီးဆီသို့ ခေါ်ဆောင်သွားခဲ့သည်။
ထိုနေရာတွင် မည်သူမှမနေထိုင်သည်မှာကြာပြီဖြစ်ရာ တံခါးကိုဖွင့်လိုက်သည်နှင့် မှိုနံ့နှင့် ဖုန်မှုန့်များ သူတို့နှာခေါင်းထဲသို့ တိုးဝင်လာခဲ့၏။ ဟော်ချင်း သူ့လက်ဖြင့် လေကိုခါထုတ်လိုက်ပြီး ကျန်းယွင်လင်ကို အပြင်တွင်ခေတ္တစောင့်နေရန် ပြောလိုက်သည်။ အထဲသို့သူဝင်သွားကာ အနံ့အသက်များထွက်သွားစေရန် တံခါးများနှင့် ပြတင်းပေါက်များကို ဖွင့်လိုက်ပြီးမှ သူ့ကို အထဲသို့ ခေါ်လိုက်ပေသည်။ အခန်းမှာ အလွတ်ဖြစ်နေခဲ့သော်လည်း သူ လိုအပ်သည်များ အားလုံးရှိနေခဲ့၏။
ပြတင်းပေါက်ဘေးတွင် အပူပေးကုတင်တစ်လုံးရှိပြီး အခန်းဘယ်ဘက်ခြမ်းတွင် သစ်သားဗီရိုကြီးတစ်လုံးရှိကာ ယင်းဘေးတွင် ခွေးခြေဝိုင်းလေးတစ်လုံးချထားသည်။ တံခါးဝမှနေ၍ အခန်းကိုလှမ်းကြည့်လိုက်သောအခါ ကျန်းယွင်လင်သည် အစပိုင်းတွင် အနေရခက်သွားခဲ့၏။ အိမ်ခန်းမကြီးမှာ ဘေးဘက်အခန်းထက်ပိုကြီးမားနေပြီး သူမှဤမျှကျယ်ဝန်းသောနေရာကို ယူရမည်ကို ရှက်ရွံ့အားနာမိလေသည်။ ဟော်ချင်း သူ့ကို စိတ်အေးစေရန်ပြောလိုက်၏။
"ဒီအခန်းက အမေ့ရဲ့မမွေးလာရသေးတဲ့ ကလေးအတွက် ပြင်ဆင်ထားခဲ့တာလေ၊ ဘယ်လိုပဲဖြစ်ဖြစ် အလွတ်ကြီးဖြစ်နေတာဆိုတော့အိပ်ဖို့အတွက် သုံးလိုက်တာပေါ့"
ထို့နောက် ကျန်းယွင်လင်ကို အရှေ့ဘက်ခြံဝင်းတွင် ဘာကြောင့်မထားရသနည်းဆိုသည်ကို သူရှင်းပြလိုက်ရာ ကျန်းယွင်လင် ခေါင်းညိတ်လိုက်ပြီး သူ့အတွက် ဤမျှသေချာစဉ်းစားပေးသော ဟော်ချင်းကို အလွန်ကျေးဇူးတင်မိသည်။ အခန်းမှာ လူမနေသည်မှာ အတော်ကြာပြီဖြစ်ရာ သဘာဝကျကျပင် သန့်ရှင်းရေးလုပ်ရန်လိုအပ်နေ၏။ ဟော်ချင်းသည် ပထမဆုံးဟော်ဝမ်ကို မီးဖိုချောင်သို့ခေါ်ကာ ရေနွေးတည်ခိုင်းလိုက်ပြီး တံမြက်စည်းတစ်ချောင်းယူကာ အပူပေးကုတင်နှင့် ကြမ်းပြင်ပေါ်ရှိ ဖုန်များကို သူလှဲကျင်းလိုက်သည်။
ဗီရိုများနှင့် ခွေးခြေများကိုသုတ်သင်ပြီးနောက် ဗီရိုထဲမှ အခင်းနှင့်မွေ့ရာတစ်ခုကိုထုတ်ယူကာ ခင်းကျင်းပေးလိုက်သည်။ စောင်အတွက်မူ အိမ်တွင်စောင်သစ်များမရှိသောကြောင့် ရာသီဥတုသာယာသော မွန်းလွဲပိုင်းတွင်ခြံထဲသို့ထုတ်ကာ နေလှန်းပြီးမှသာ သုံးနိုင်မည် ဖြစ်သည်။ သူ အလုပ်လုပ်ပြီးစီးချိန်တွင် ဟော်ဝမ်၏ရေနွေးမှာလည်း အဆင်သင့်ဖြစ်နေပြီပင်။ အိမ်တွင် ရေချိုးစည်ပိုင်းတစ်ခု ရှိသော်လည်း ယင်းမှာ ဟော်ဝမ်အတွက်ဖြစ်သည်။
ဟော်ဝမ်မှာ အားနည်းပြီး ဆောင်းရာသီ ရေချိုးချိန်များတွင် အအေးမိလွယ်သောကြောင့် မိသားစုက ရေချိုးစည်ပိုင်းတစ်ခု ဝယ်ထားခဲ့ခြင်းဖြစ်ပြီး ဟော်ချင်းကလည်း တစ်ခါတစ်ရံ အသုံးပြုလေ့ရှိသည်။ သို့သော် ညီအစ်ကိုနှစ်ယောက် သုံးထားသော ပစ္စည်းများကို ကျန်းယွင်လင်အား ပေးမသုံးနိုင်ပေ။ ထို့ကြောင့် ဟော်ချင်းသည် ရေများကို သစ်သားဇလုံကြီးတစ်ခုထဲသို့ လောင်းထည့်ကာ ကျန်းယွင်လင် ရေချိုးရန်အတွက် အထဲသို့ယူလာပေးလိုက်ရသည်။
ရေနွေးယူလာပေးပြီးနောက် ဟော်ချင်းသည် အပြင်သို့ထွက်ကာ တံခါးကိုပိတ်ပေးခဲ့ပြီး ကျန်းယွင်လင်အား သေချာအနားယူရန်နှင့် တစ်ခုခုလိုအပ်ပါက ခေါ်လိုက်ရန်ပြောခဲ့၏။ ယခုအခါ အခန်းထဲတွင် တစ်ယောက်တည်း ကျန်ရစ်ခဲ့ပြီဖြစ်ရာ ကျန်းယွင်လင်သည် စိတ်ပိုမိုအေးချမ်းသွားပြီး အဝတ်အစားများကို ဖြည်းညင်းစွာ စတင်ချွတ်လိုက်သည်။ သူသည် ပထမဆုံး မျက်နှာသစ်ရန် ရေအနည်းငယ် ခပ်ယူလိုက်ပြီး ခန္ဓာကိုယ်ကိုသုတ်လိုက်သော နွေးထွေးသည့်ပဝါလေးမှာ သူ့ပင်ပန်းနွမ်းနယ်မှုများကို ဆေးကြောဖယ်ရှားပေးလိုက်သည်။
ကျန်းယွင်လင်မှာ လန်းဆန်းသွားသလို ခံစားရပြီး မနေနိုင်ဘဲကျေနပ်စွာ သက်ပြင်းချလိုက်မိ၏။ ရုတ်တရက် နောက်ဖေးခြံဝင်းထဲရှိ ကြက်မမှတွန်ကျူးလာသောကြောင့် ကျန်းယွင်လင်မှာ အတွေးလွန်နေရာမှလန့်ဖြတ်သွားခဲ့သည်။ အပြင်ဘက်တွင် တိတ်ဆိတ်နေ၏။ ကျန်းယွင်လင်သည် မနေနိုင်ဘဲ ပြတင်းပေါက်ကို အနည်းငယ်ဟကာ အပြင်သို့လှမ်းကြည့်လိုက်မိသည်။ သူ့ပတ်ဝန်းကျင်ရှိ အရာအားလုံးမှာ စိမ်းသက်နေသော်လည်း ကျန်းယွင်လင်၏ရင်ထဲတွင် သူရောက်စအချိန်လောက် စိုးရိမ်ပူပန်မှုများမရှိတော့ပေ။
ဟော်မိသားစုသည် မိသားစုကောင်းတစ်ခုဖြစ်သည်ဟု သူတွေးလိုက်သည်။ ပြီးခဲ့သည့် ရက်အနည်းငယ်အတွင်း အတက်အကျများကိုကြုံတွေ့ခဲ့ရပြီးနောက် ကျန်းယွင်လင်သည် အရာအားလုံးကို တဖြည်းဖြည်းလက်ခံနိုင်လာခဲ့သည်။ ဘဝဆိုသည်မှာ ဆက်လက်ရှင်သန်ရမည်သာဖြစ်ပြီး ဟော်ချင်းမှ သူ့ကိုလက်ခံပေးခဲ့ပြီဖြစ်ရာ သူသည် ဤနေရာကိုသူ့ကိုယ်ပိုင်အိမ်အဖြစ် သဘောထား၍ သူတို့အတွက် ကောင်းမွန်သောဘဝတစ်ခု ဖန်တီးနိုင်ရန် ဟော်ညီအစ်ကိုများနှင့်အတူကြိုးစားလုပ်ကိုင်သွားမည် ဖြစ်သည်။ ရေချိုးသန့်စင်ပြီးနောက် အဝတ်အစားသန့်သန့်များကို လဲလှယ်ဝတ်ဆင်ကာ ကျန်းယွင်လင်သည် ဇလုံထဲမှညစ်ပတ်နေသောရေများကို သွန်ပစ်လိုက်ပြီး ဟော်ချင်းကို ရှာရန်ထွက်လာခဲ့၏။