Ch 7
Viewers 1k


7




ထိုစကားကို ကြားလိုက်ရသောအခါ တံခါးဝရှိ လူသုံးဦးစလုံးမှင်တက်သွားကြသည်။ ဟော်ဝမ်မနေနိုင်ဘဲ နောက်သို့ခြေတစ်လှမ်းဆုတ်သွားကာ အစ်ကိုဖြစ်သူကို အံ့သြမှုနှင့် မသေချာမရေရာဖြစ်မှုတို့ ရောယှက်နေသော အကြည့်ဖြင့် ကြည့်လျက်မေးလိုက်သည်။




"အစ်ကို ဘာကြီးလဲ"




ဟော်ချင်း အစပိုင်းတွင် သူနားကြားမှားသည်ဟု ထင်ခဲ့သော်လည်း ပြောခဲ့သောစကားကို သဘောပေါက်သွားပြီးနောက် ဒေါသထွက်ထွက်ဖြင့် ရယ်ပင်ရယ်ချင်သွားသည်။ သူ ဤမျှအံ့သြတုန်လှုပ်ဖွယ်ကောင်းသော စကားကို ဆိုလာသည့် ရှေ့မှ လူငယ်လေးကိုစိုက်ကြည့်နေလိုက်သည်။ တစ်ဖက်လူကလည်း လူပြက်တစ်ယောက်လိုလုပ်မိသွားပြီကို သတိပြုမိသွားပုံရကာ သူ့မျက်နှာနီရဲသွားပြီး လက်များမှာလည်း အဝတ်အစားအစွန်းကို တင်းကျပ်စွာ ဆုပ်ကိုင်ထားသောကြောင့် လက်သည်းထိပ်လေးများပင် ဖြူဖျော့သွားရသည်။ သူ့နှုတ်ခမ်းများ ပွင့်ဟလိုက် ပိတ်သွားလိုက်ဖြစ်နေသော်လည်း စကားတစ်ခွန်းမှထွက်ပေါ်မလာခဲ့ပေ။




သူသည် မနက်အစောကြီး တံခါးဝတွင်လာရပ်ကာ လူတွေကိုလာရောက်လှန့်နေသူဖြစ်သော်လည်း ယခုတော့ သူ့ကိုယ်သူပြန်လန့်သွားပုံရသည်။ ဟော်ချင်း အနည်းငယ်အကူအညီမဲ့သလို ခံစားရကာ ရယ်လည်းရယ်ချင်သွားသဖြင့် မေးလိုက်နိုင်သည်။




"တောင်းပန်ပါတယ် ကိုယ်သေချာမကြားလိုက်လို့၊ ညီလေး ခုနကဘာပြောလိုက်တာလဲ"




ကျန်းယွင်လင် အလွန်တရာရှက်ရွံ့သွားသဖြင့် မြေကြီးကိုနှစ်ခြမ်းခွဲပြီး ဝင်ပုန်းချင်စိတ်ပင်ပေါက်သွားရသည်။ ဟော်မိသားစုနှင့် ပထမဆုံးတွေ့ဆုံမည့် မြင်ကွင်းပေါင်းများစွာကို သေချာပေါက် သူစိတ်ကူးယဉ်ထားခဲ့သော်လည်း တကယ်တမ်းတွေ့ဆုံချိန်တွင် ဂရုတစိုက် စဉ်းစားထားသော စကားတစ်ခွန်းမှထွက်မလာဘဲ ပထမဆုံး ပြောလိုက်မိသည့်စကားမှာ ဤစကားဖြစ်နေလိမ့်မည်ဟု ဘယ်သူက ထင်မည်နည်း။




ယခုတော့ အရာအားလုံး တကယ်ကို ရှုပ်ကုန်လေပြီ။ သူတို့က သူ့ကို လူယုတ်မာတစ်ယောက်ဟု ထင်မှတ်ကာ မောင်းထုတ်ပစ်လိုက်ကြမည်လား။ သူ စိုးရိမ်ပူပန်မှုများဖြင့် ပြည့်နှက်နေချိန်တွင် ဟော်ချင်းမှ ရုတ်တရက် ဤသို့ပြောလာသောကြောင့် သူ့အတွက် ထွက်ပေါက်တစ်ခု ရသွားခဲ့သည်။ ဤအချိန်တွင် ကျန်းယွင်လင်၌များများစားစား စဉ်းစားနေရန် အချိန်မရှိတော့ပေ။ သူ အရာအားလုံးကို ရေကာတာကျိုးကျသလို ပြောချလိုက်တော့သည်။




"ကျွန်တော် တောင်းပန်ပါတယ်၊ ခုနက သေချာမရှင်းပြလိုက်ရလို့ပါ၊ ကျွန်တော့်နာမည်က ကျန်းယွင်လင်ပါ၊ ကျားလင်စီရင်စု ရှင်းနင်မြို့မှာနေပါတယ်၊ ကျွန်တော် လူတစ်ယောက်ကို လာရှာတာပါ၊ ဒါ ဟော်မိသားစုအိမ်လားမသိဘူး၊ ကျွန်တော်က အန်တီကျောက်ကို လာရှာတာပါ၊ ကျွန်တော့်အမေနာမည်က ကျီဝမ်ရုံပါ၊ သူကကျွန်တော့်ကို ဒီကိုလွှတ်လိုက်တာပါ"




မနက်အစောကြီး တံခါးဝတွင် လူငယ်လေးတစ်ဦးရပ်နေပြီး သူ့ခင်ပွန်းဖြစ်သည်ဟု ပြောဆိုနေခြင်းကို ဟော်ချင်း အစပိုင်းတွင် အဓိပ္ပါယ်မရှိဟု ထင်မှတ်ခဲ့သည်။ သို့ရာတွင် လူငယ်လေးမှနာမည်နှင့် နောက်ခံကိုဖော်ပြလာပြီး မိခင်ဖြစ်သူ၏နာမည်ကိုပင် တိကျစွာပြောဆိုလာသောအခါ ဟော်ချင်း၏မျက်နှာထားမှာ အံ့သြမှုမှသည် တည်ကြည်လေးနက်မှုဆီသို့ တဖြည်းဖြည်းပြောင်းလဲသွားခဲ့သည်။




မျိုးရိုးနာမည်က ကျန်း၊ ကျားလင်မှဖြစ်ပြီး မိခင်၏မျိုးရိုးနာမည်က ကျီ၊ ကောင်လေးမှ သူ့မိခင်ဖြစ်သူနာမည်နှင့် သူတို့နေထိုင်ရာအရပ်ကိုပင် သိရှိနေပြီး လက်ထပ်စာချုပ်ပေါ်ရှိ နာမည်နှင့်လည်း ကွက်တိကျနေသည်။ ၎င်းမှာ ကျန်းယွင်လင်ပင်ဖြစ်၏။ ယခုတစ်ကြိမ်တွင်တော့ မှင်တက်သွားရမည့်အလှည့်မှာ ဟော်ချင်းပင်ဖြစ်လေတော့သည်။ ခေတ္တမျှ သူအနည်းငယ် ရှုပ်ထွေးသွားခဲ့သည်။ 




ထိုစဉ်က လူငယ်လေး သူ့ကိုပေးခဲ့သော ကျောက်ခဲမှာ တကယ်ပဲ မျိုးစေ့ဖြစ်နေတာလား။ အပင်တောင် ပေါက်လာပြီလား။ သို့မဟုတ်လျှင် ဤမျှတိုက်ဆိုင်မှုမျိုးက မည်သို့ဖြစ်နိုင်မည်နည်း။




အတန်ကြာ နားထောင်နေခဲ့သော ဟော်ဝမ်သည် ကျန်းယွင်လင်၏စကားများကို လွန်ခဲ့သောရက်အနည်းငယ်က အစ်ကိုဖြစ်သူ ပြောပြခဲ့သည်များနှင့် တဖြည်းဖြည်း ဆက်စပ်ကြည့်လိုက်သည်။ သူ ကျန်းယွင်လင်ကို တစ်ချက်ကြည့်လိုက်ပြီးနောက် အစ်ကိုဖြစ်သူကို လှည့်ကြည့်လိုက်သည်။ ဆိုတော့ အစ်ကိုက သူ့ကိုမလိမ်ခဲ့ဘူးပဲ။ ထိုကဲ့သို့သောအိမ်ထောင်ရေးစီစဉ်မှုမျိုး တကယ်ရှိခဲ့သည်။ အစ်ကိုဖြစ်သူမှာ မှင်တက်နေပုံရပြီး ကျန်းယွင်လင်မှာလည်း အဖြေကို စောင့်ဆိုင်းနေရင်း ပို၍ပို၍ စိုးရိမ်လာသည်ကိုမြင်သောအခါ ဟော်ဝမ် ရှေ့သို့တိုးလာကာ အစ်ကိုဖြစ်သူလက်မောင်းကိုတွန်းလျက် တိုးညှင်းစွာ ခေါ်လိုက်သည်။




"အစ်ကို"




ထိုအခါမှ ဟော်ချင်း သတိပြန်ဝင်လာပြီး မော့ကြည့်လိုက်သည်။ တံခါးဝတွင် ရပ်နေသော လူငယ်လေးမှာ ပြာယာခတ်နေပုံရသည်ကို မြင်လိုက်ရသည်။ နဂိုကတည်းက စုတ်ပြဲနေသော သူ့အဝတ်အစားများမှာ အပိုင်းပိုင်းအစစ ပြဲလုမတတ်ဖြစ်နေပြီး မျက်နှာမှာလည်း တစ်နေရာရာမှ ပေကျံလာသဖြင့် ညစ်ပတ်နေကာ ဒဏ်ရာကြောင့်ရထားသော အမာရွတ်တစ်ခုလည်း ရှိနေပုံရသည်။ သူသည် လုံးဝကိုစုတ်ပြတ်သတ်နေလေ၏။




ဟော်ချင်း ခေတ္တရပ်တန့်သွားပြီး ယနေ့ သူဝက်များသွားဝယ်၍ မရနိုင်တော့ကြောင်း သဘောပေါက်လိုက်သည်။ သူ တွန်းလှည်းကို ခြံထဲသို့ပြန်တွန်းသွင်းလိုက်ပြီး တံခါးဝတွင်ရပ်နေသော ကျန်းယွင်လင်ဘက်သို့ လှည့်ကာပြောလိုက်သည်။




"ဒါက ဟော်မိသားစုအိမ်ပါ၊ ကိုယ်က ဟော်ချင်း၊ မင်း အရင်အထဲဝင်ခဲ့လေ"




ဤစကားကိုကြားသောအခါ ကျန်းယွင်လင် သက်ပြင်းတစ်ချက် ချလိုက်နိုင်သည်။ ကံကောင်းထောက်မစွာဖြင့် သူတို့က သူ့ကိုအရူးတစ်ယောက်ဟု မထင်မှတ်ခဲ့သလို မောင်းလည်း မထုတ်ခဲ့ကြပေ။ ကျန်းယွင်လင် သူ့နှုတ်ခမ်းကိုစေ့ကာ ပခုံးပေါ်ရှိအထုပ်ကြိုးကို တင်းကျပ်စွာဆုပ်ကိုင်လျက် ဟော်ချင်းနောက်မှ ခြံထဲသို့လိုက်ဝင်သွားသည်။ ဟော်ဝမ်ကလည်း သူတို့နောက်မှ လိုက်ပါသွား၏။ ဟော်ဝမ်မှာ ငယ်ရွယ်သူပီပီ သူတို့တံခါးဝသို့ရောက်လာသော ထိုအစ်ကိုကြီးကို အနည်းငယ်စူးစမ်းချင်စိတ်ဖြစ်မိသည်။ အစ်ကိုဖြစ်သူ၏ အင်္ကျီလက်ကို မနေနိုင်ဘဲဆွဲကာ တီးတိုးမေးလိုက်သည်။




"အစ်ကို သူကအမေစီစဉ်ပေးခဲ့တဲ့လူလား"



ဤစကားကိုကြားသောအခါ ဟော်ချင်း ညီဖြစ်သူထံ တစ်ချက်ကြည့်လိုက်၏။ အကြောင်းရင်းကို မသိရသော်လည်း ဟော်ဝမ်သည် အစ်ကိုဖြစ်သူ၏အကြည့်မှာ အနည်းငယ် ရှုပ်ထွေးနေပြီး မျက်နှာမှာလည်း အနည်းငယ် မည်းမှောင်နေသည်ဟု ခံစားလိုက်ရပေသည်။ အတန်ကြာ တိတ်ဆိတ်သွားပြီးနောက် ဟော်ချင်း နောက်ဆုံးတွင်သက်ပြင်းတစ်ချက်ကို ဖြည်းညင်းစွာချလိုက်ပြီး ဟော်ဝမ်ခေါင်းကိုပုတ်လျက် ပြောလိုက်သည်။




"ကလေးတွေက လူကြီးတွေကိစ္စမှာ ဝင်မရှုပ်ရဘူး၊ သွား မင်းအခန်းဆီပြန်တော့"



ဟော်ဝမ် : ......



.......


ဟော်ချင်းမှ အိမ်ခန်းမကြီးထဲသို့ ခေါ်ဆောင်သွားပြီး ထိုင်ခိုင်းပြီးသည့်တိုင် ကျန်းယွင်လင်၏မျက်နှာမှာ ပူထူနေဆဲပင် ဖြစ်သည်။ သူသည် ငယ်စဉ်ကတည်းမှ ကောင်းမွန်စွာကြီးပြင်းလာခဲ့သူပင်။ မိဘများမှ သူ့ကိုအလိုလိုက်ကြသော်လည်း မိခင်ဖြစ်သူမှာတော့ သူ့အပေါ် တင်းကျပ်မှုလည်းရှိခဲ့ပေသည်။ သူ့ကိုယ်သူ အသိတရားရှိပြီး ယဉ်ကျေးသိမ်မွေ့သော လူငယ်တစ်ဦးဟု သူသတ်မှတ်ထားခဲ့သည်။ ယခုလေးတင် ဘာဖြစ်သွားမှန်း သူမသိလိုက်ပေ။ အလောတကြီးဖြင့် အမျိုးသားတစ်ဦးကို သူ့ခင်ပွန်းဖြစ်သည်ဟု ရုတ်တရက် ပြောချလိုက်မိသည်။ သူသေချာပေါက်ပြုစားခံလိုက်ရခြင်းဖြစ်ရမည်။




ကံကောင်းသည်မှာ မနက်အစောကြီးဖြစ်၍ အနီးအနားတွင် မည်သူမှမရှိခြင်းပင်ဖြစ်သည်။ အကယ်၍ လူတွေသာ ကြားသွားခဲ့လျှင် သူ့ကွယ်ရာ၌ ဘာတွေပြောကြမည်ကို ဘယ်သူသိနိုင်မည်နည်း။ ဟော်ချင်း ရေငှဲ့ပြီးပြန်လာသောအခါ ကျန်းယွင်လင် သူ့အဝတ်အစားများကို ဆုပ်ကိုင်ထားပြီး စိတ်ရှုပ်ထွေးကာ ရှက်ရွံ့နေဆဲဖြစ်သည်ကို မြင်လိုက်ရသည်။ ဟော်ချင်း မျက်ခုံးပင့်လိုက်ပြီး ရယ်လည်းရယ်ချင်ကာ စိတ်လည်းမသက်မသာ ဖြစ်သွားခဲ့ပေသည်။ သူ့မှတ်ဉာဏ်ထဲတွင် ထိုလူငယ်လေးမှာ အမြဲတမ်းငိုယိုတတ်သူလေးဖြစ်ခဲ့၏။ လူကြီးဖြစ်လာသည့်တိုင် ဤမျှမျက်နှာငယ်လေးဖြင့် ရှိနေလိမ့်ဦးမည်ဟု သူမမျှော်လင့်ထားခဲ့ပေ။ သို့ရာတွင် ယနေ့ သူတစ်ယောက်တည်း ဤနေရာသို့ ရုတ်တရက် ရောက်လာခဲ့ခြင်းကို သတိရမိသောအခါ ဟော်ချင်း၏မျက်နှာထားမှာ ပို၍ တည်ကြည်သွားခဲ့သည်။ ဟော်ချင်းစကားပြောရင်း ရှေ့သို့လှမ်းလာပြီး ကျန်းယွင်လင်ရှေ့တွင် ရေချပေးလိုက်၏။




"ရေအရင်သောက်လိုက်ဦး"




ကျေးလက်တောရွာမှ လူများတွင် ဖျော်ဖြေရေးအစီအစဥ် သိပ်မရှိသောကြောင့် စကားစမြည်ပြောရန် အခြားသူများအိမ်သို့ မကြာခဏ သွားရောက်လည်ပတ်လေ့ရှိကြသည်။ ပို၍ အသေအချာပြင်ဆင်တတ်သော မိသားစုများဆိုလျှင် ရုတ်တရက် လူလာပါက အဆင်သင့်မဖြစ်ဘဲ မနေရလေအောင် လက်ဖက်ရည်၊ နေကြာစေ့ သို့မဟုတ် အလားတူ တစ်ခုခုကို ပြင်ဆင်ထားတတ်ကြပေသည်။

သို့သော် သူနှင့်ဟော်ဝမ် ယောက်ျားသားနှစ်ယောက်မှာ ရိုးရှင်းသောဘဝကို ဖြတ်သန်းနေကြပြီး သူတို့ထံလာရောက်လည်ပတ်သူ အလွန်နည်းပါးသည်။ သူတို့တွင် ဘာမျှမရှိသောကြောင့် ကျန်းယွင်လင်ကို ရိုးရိုးရေတစ်ခွက်သာတိုက်နိုင်လေသည်။




ကျန်းယွင်လင် အသိပြန်ဝင်လာခဲ့သည်။ ဟော်ချင်း သူ့ကိုရေလာပေးသည်ကို မြင်သောအခါ နီမြန်းနေဆဲဖြစ်သော သူ့မျက်နှာမှာ ထပ်မံ၍ပူထူလာခဲ့သည်။ ကံကောင်းစွာဖြင့် သူ့မျက်နှာမှာ မီးသွေးပြာများဖုံးလွှမ်းနေသဖြင့် အရောင်ကိုကွယ်ဝှက်ထားနိုင်ခဲ့ပေသည်။ သူ့ကို ဆက်မကြည့်ဝံ့တော့ဘဲ ကျန်းယွင်လင် အမြန်မတ်တတ်ရပ်ကာ ကျေးဇူးတင်စကားပြောလိုက်၏။ ပြန်ထိုင်ပြီးနောက် ရေခွက်ကို လက်နှစ်ဖက်ဖြင့်ကိုင်ကာ ရေကိုတစ်ငုံချင်း သောက်လိုက်သည်။ ချိုမြိန်သော ရေတွင်းရေမှာ သူ့လည်ချောင်းကိုအေးမြသွားစေပြီး ကျန်းယွင်လင်၏ရှုပ်ထွေးနေသော စိတ်မှာလည်း နောက်ဆုံးတွင်တော့တည်ငြိမ်လာတော့သည်။ သို့သော် သူဘာကြောင့် ဤအဝေးကြီးကို ရောက်လာခဲ့ရသနည်းဆိုသည်ကို သတိရမိသောအခါ သူ မနေနိုင်ဘဲထပ်မံ၍ စိုးရိမ်လာပြန်ပေသည်။




ရေသောက်နေရင်း ကျန်းယွင်လင် အိမ်ထဲသို့မနေနိုင်ဘဲ ခိုးကြည့်လိုက်မိ၏။ ယနေ့ ဟော်မိသားစုမှညီအစ်ကိုနှစ်ယောက်သာ ရှိနေပုံရသည်။ သူ အိမ်ထဲရောက်နေသည်မှာ အတန်ကြာပြီဖြစ်သော်လည်း မည်သူမှထွက်မလာခဲ့သလို ကျောက်ရှီကိုလည်း မည်သည့်နေရာတွင်မျှ မတွေ့ရချေ။ ရေကုန်သွားပြီးနောက် ကျန်းယွင်လင် နောက်ဆုံးတွင် မနေနိုင်တော့ဘဲမေးလိုက်သည်။




"အစ်ကိုဟော် ဒီနေ့ အန်တီကျောက် အိမ်မှာမရှိဘူးလား"




ဟော်ချင်း ခေတ္တရပ်တန့်သွားပြီး ထိုမေးခွန်းကိုမဖြေဘဲ အသာပြန်မေးလိုက်သည်။




"လင်ကောအာ အမေ့ဆီကို မင်းပြောစရာကိစ္စရှိလို့လား"





သူ ထိုစကားပြောပြီးသည်နှင့် နဂိုကတည်းမှ ရှက်ရွံ့နေသောလူငယ်လေးမှာ ပို၍ပင် စိုးရိမ်မကင်းဖြစ်သွားပုံရသည်။ သူ့ပခုံးများ တောင့်တင်းသွားပြီး ခွက်ကိုကိုင်ထားသော လက်များလည်း တင်းကျပ်သွားကာ တစ်ခုခုပြောချင်သော်လည်း မည်သို့ပြောရမည်ကို မသိသကဲ့သို့ ဟော်ချင်းကို ကြည့်နေသည်။

ထိုအချိန်တွင် ကျန်းယွင်လင် တကယ်ပင် အလွန်စိုးရိမ်မကင်းဖြစ်နေခဲ့ပေသည်။ ရိုးရိုးသားသားပြောရလျှင် ယနေ့ အရာအားလုံးသည် လှေပေါ်တွင် သူစိတ်ကူးထားခဲ့သည်များနှင့် အလွန်ကွာခြားနေခဲ့သည်။




ဟော်မိသားစုသို့ရောက်ပြီးနောက် သူ ပထမဆုံးတွေ့ရမည့်သူမှာ ကျောက်ရှီဖြစ်မည်ဟု ထင်မှတ်ထားခဲ့သည်။ မိခင်ဖြစ်သူ၏အဆိုအရ ကျောက်ရှီသည် အလွန်နူးညံ့သိမ်မွေ့ပြီး ကြင်နာတတ်ကာ သူတစ်ပါးအပေါ် စာနာထောက်ထားတတ်သူဖြစ်သည်။ သူမသာ ရှိနေလျှင် အခြေအနေများမှာ ဘယ်သောအခါမျှ အလွန်အမင်းအနေရခက်စရာ ဖြစ်လာမည်မဟုတ်ဘဲ လူငယ်လေးတစ်ဦးအနေဖြင့် သူမနှင့် စကားပြောရသည်မှာ ပို၍လွယ်ကူပေမည်။




သို့သော် အခြေအနေအရကြည့်လျှင် ကျောက်ရှီ ယနေ့အိမ်မှာမရှိပေ။ သူမ ဘယ်သွားသည်ကို ဟော်ချင်းမှမပြောခဲ့သော်လည်း အချိန်တိုအတွင်းပြန်ရောက်လာမည့်ပုံ မပေါ်ချေ။ အခွင့်အရေးကို သူလက်လွတ်သွားခဲ့သော်လည်း ယခုလောလောဆယ်တွင် ကျန်းယွင်လင်၌ အခြားရွေးချယ်စရာမရှိတော့ပေ။ သူ ကျားလင်စီရင်စုမှ ဤနေရာထိ တစ်ယောက်တည်း နောက်ဆုံးတွင်ရောက်လာခဲ့ပြီဖြစ်ရာ ဘာပဲဖြစ်ဖြစ် ကြိုးစားကြည့်ရမည်သာ ဖြစ်သည်။ အရှက်ရစရာအကောင်းဆုံး စကားများကိုပင် ပြောပြီးသွားပြီဖြစ်ရာ ကျန်းယွင်လင် နှုတ်ခမ်းကိုကိုက် စိတ်ကိုဒုံးဒုံးချပြီး အရာအားလုံးကို တစ်ဟုန်ထိုး ပြောချလိုက်တော့၏။