Ch 5
Viewers 1k

5




ဟော်ချင်း သူ့မိခင်မှသူ့အတွက် အိမ်ထောင်ဖက် စီစဉ်ပေးခဲ့ကြောင်း ပထမဆုံး သိလိုက်ရချိန်တွင် အနည်းငယ် မလိုလားခဲ့ပေ။ အထူးသဖြင့် တစ်ဖက်လူမှာ ထိုနေ့မွန်းလွဲပိုင်း၌ ဖခင်ဖြစ်သူထံမှ သူ့ကိုအရိုက်ခံရအောင်လုပ်ခဲ့သော ပဲပင်ပေါက်လေးဖြစ်နေသောကြောင့်ပင်။





ထိုရက်အနည်းငယ်အတွင်း အိမ်သို့ ဧည့်သည်များလာရောက်ခဲ့ကြပြီး သူ့မိခင်မှာ အလွန်ပျော်ရွှင်နေကာ သူ့ကို ဦးလေးကျန်းနှင့် အန်တီကျန်းဟု ခေါ်ဆိုရန် မှာကြားသည်။ ဦးလေးကျန်း၊ အန်တီကျန်းတို့နှင့်အတူပါလာသော ကောက်ညှင်းလုံးလေးနှင့်တူသည့် ညီလေးကို သေချာဂရုစိုက်ရန်လည်းပြောခဲ့၏။





ထို့ကြောင့် သူစိတ်လှုပ်ရှားစွာဖြင့် ဟင်းသီးဟင်းရွက်ခင်းထဲသို့သွားကာ ကောင်လေးဆော့ကစားရန်အတွက် အတုတ်ဆုံးနှင့် အကြီးဆုံးပေါက်ဖတ်ကို ဖမ်းလာခဲ့သည်။ သို့သော် ထိုကောင်လေးမှလန့်ဖျပ်ပြီး ငိုလိမ့်မည်ဟု မည်သူထင်ထားပါမည်နည်း။ ဟော်ချင်း နှုတ်ခမ်းစူလိုက်သည်။





"ဒီကောင်လေးက ပြဿနာရှာတဲ့ကောင်လေးပဲ"




သူ ဤသို့သာတွေးလိုက်မိသည်။ သို့ရာတွင် ညဘက်ရောက်သောအခါ ထိုကောက်ညှင်းလုံးလေးသည် သူ့အခန်းဆီသို့ ဆေးပုလင်းလေးကိုင်ကာ ပြေးလာ၏။ ပါးစပ်သေးသေးလေးကို စူထားလျက် မျက်ရည်များဝဲကာ သူမှားသွားကြောင်းနှင့် ဆေးထည့်ပေးချင်ကြောင်းပြောလာသောအခါ ဟော်ချင်း သူ့ကို ခွင့်လွှတ်ရန်ဆုံးဖြတ်လိုက်သည်။





မပြန်မီတွင် ထိုကောင်လေးမှာ ဘယ်ကကောက်ရလာမှန်းမသိသော ကျောက်ခဲတစ်လုံးကို သူ့အားပေး၍ မျိုးစေ့ဖြစ်သည်ဟု အတင်းပြောသည်။ မြေကြီးထဲတွင် စိုက်ထားရန်နှင့် အပင်ပေါက်လာလျှင် ပြန်လာခဲ့မည်ဟုပြောသောအခါ ဟော်ချင်းတစ်ယောက် ရယ်စရာကောင်းသည်ဟု ထင်သော်လည်း လက်ခံလိုက်၏။





ဤစကားများသည် ဟော်ဝမ်ကို မိုးကြိုးပစ်ချလိုက်သကဲ့သို့ဖြစ်စေပြီး သူ့ကိုလုံးဝ မှင်တက်သွားစေသည်။ အတန်ကြာပြီးနောက် ကြောင်တောင်တောင်အမူအရာဖြင့် အသာခေါင်းမော့ကြည့်လာ၏။





"အမေ သက်ရှိထင်ရှားရှိစဉ်က အစ်ကို့အတွက် အိမ်ထောင်ဖက်စီစဉ်ပေးခဲ့တာလား"




သူ မေးလိုက်သည်။ ဒီအကြောင်းကို သူ ဘာလို့မသိခဲ့ရတာလဲ။ ဟော်ဝမ်တွေးလေတွေးလေ ပို၍သံသယဝင်လာလေဖြစ်ပြီး ယင်းမှာ အစ်ကိုဖြစ်သူမှသူ့ကို လှည့်စားရန် ဖန်တီးထားသော ဆင်ခြေတစ်ခုသာဖြစ်မည်ဟု တွေးလိုက်မိသည်။ သူ ဟော်ချင်းကိုမယုံကြည်နိုင်သည့်အကြည့်ဖြင့်ကြည့်ကာ မေးခွန်းထုတ်လိုက်၏။





"ကျွန်တော် မယုံဘူး၊ အဲ့ဒါသာအမှန်ဆိုရင် ဒီနှစ်တွေတစ်လျှောက်လုံး အဖေ အမေ ဒါမှမဟုတ် အစ်ကိုတို့ဆီက ဘာလို့ တစ်ခါမှမကြားဖူးရတာလဲ၊ တစ်ဖက်လူက မိန်းကလေးလား ယောကျာ်းလေးလား၊ သူတို့ကဘယ်မှာနေတာလဲ၊ သူတို့မိသားစုလာလည်တာကို ကျွန်တော် ဘာလို့တစ်ခါမှမမြင်ဖူးရတာလဲ"





ဟော်ချင်း တည်ငြိမ်စွာပင်ပြန်ပြောလိုက်သည်။





"ငါက မင်းကို ဘာလို့လိမ်ရမှာလဲ၊ ဒီအကြောင်းကို မင်းမသိတာက ပုံမှန်ပါပဲ၊ အမေ ဒီအိမ်ထောင်ရေးကိုစီစဉ်တဲ့အချိန်တုန်းက မင်းမမွေးသေးဘူးလေ၊ တစ်ဖက်လူက ယောကျာ်းလေး၊ သူ့မိသားစုနာမည်က ကျန်းတဲ့၊ ပြောရရင် သူငယ်ငယ်က ငါတို့အိမ်ကို တစ်ခါလာဖူးတယ်၊ ဒီနှစ်တွေတစ်လျှောက်လုံး ငါတို့အိမ်ကို သူတစ်ခါမှမလာဘူးလို့ မင်းမသိခဲ့တာ၊ အမေပြောတာတော့ ကျန်းမိသားစုက အဝေးကြီးမှာနေကြတာတဲ့၊ အန်တီကျန်းက အမေ့ရဲ့အချစ်ဆုံးသူငယ်ချင်းလေ၊ သူ့ရဲ့မျိုးရိုးနာမည်က ကျီ ကျားလင်စီရင်စုကပေါ့၊ သူ့ယောက်ျားရဲ့မိသားစုကလည်း ကျားလင်ကပဲ၊ ကျားလင်စီရင်စုနဲ့ ငါတို့ဖျင်ယောင်စီရင်စုက ကျင်းမြစ်နဲ့ခြားနေတာဆိုတော့ တစ်ရွာတည်းနေသလိုမျိုး အဆင်မပြေဘူးလေ၊ ဒါပေမယ့် အမေ သက်ရှိထင်ရှားရှိစဉ်က မိသားစုနှစ်ခုကြားအဆက်အသွယ်ရှိခဲ့တဲ့အပြင် လက်ထပ်စာချုပ်တောင် ရှိခဲ့သေးတယ်"





ဟော်ဝမ် အစ်ကိုဖြစ်သူမှ ရုတ်တရက်ထုတ်ပြောလာသော ဤငယ်ရွယ်စဉ် စေ့စပ်မှုကို အစပိုင်းတွင် မယုံကြည်ခဲ့ပေ။ သို့ရာတွင် အစ်ကိုဖြစ်သူမှ အလွန်တရာယုံကြည်ချက်ရှိရှိပြောဆိုနေပြီး တစ်ဖက်လူ၏မျိုးရိုးနာမည်နှင့် နေထိုင်ရာအရပ်ကိုပါ ထည့်သွင်းပြောဆိုနေသည်။ ထို့ပြင် သူတို့မိခင်မှာ တကယ်ပင် ကျားလင်စီရင်စုမှဖြစ်ကြောင်း သိထားသောကြောင့် မတတ်နိုင်ဘဲတွေဝေသွားခဲ့ရ၏။




ဒါက တကယ်ပဲဖြစ်နိုင်ပါဘမလား။ ဟော်ဝမ်၏သံသယဖြစ်နေသော အကြည့်ကို ရင်ဆိုင်ရချိန်တွင် ဟော်ချင်း ထူးထူးခြားခြားတည်ငြိမ်နေပုံရသည်။ အကြောင်းမှာ ယင်းသည် တကယ်ပင် အမှန်ဖြစ်နေသောကြောင့်ပင်။ သို့သော် အသေးစိတ်အချက်အလက်အချို့ကိုတော့ တကယ်ပဲ သူဖုံးကွယ်ထားခဲ့သည်။





သူနှင့် ကျန်းမိသားစုမှလူငယ်လေးတို့ ငယ်စဉ်ကတည်းမှ စေ့စပ်ထားခဲ့သည်မှာ အမှန်ပင်ဖြစ်သော်လည်း ဤစေ့စပ်မှုကို တရားဝင်လက်ထပ်စာချုပ်အဖြစ် သတ်မှတ်၍မရနိုင်ကြောင်း သူ့မိခင်က နောက်ပိုင်းတွင် သူ့ကိုပြောပြခဲ့ဖူးသည်။ သူ့မိခင်နှင့် အန်တီကျန်းတို့သည် နှစ်ပေါင်းများစွာမတွေ့ခဲ့ရဘဲ သူတို့ပြန်လည်ဆုံတွေ့ခြင်းမှာ မိသားစုနှစ်ခုလုံးအတွက် အောင်ပွဲခံစရာ အကြောင်းရင်းတစ်ခုဖြစ်ခဲ့၏။ သူတို့၏စိတ်လှုပ်ရှားမှုများထဲတွင် ထိုအိမ်ထောင်ရေးကို စီစဉ်ခဲ့ကြခြင်း ဖြစ်သည်။ သို့ရာတွင် အခြေအနေများ ငြိမ်သက်သွားပြီးနောက် မိခင်နှစ်ဦးစလုံးမှာ စိတ်မသက်မသာဖြစ်ခဲ့ကြမည်ပင်။





ကျောက်ရှန်ယီနှင့် ကျီဝမ်ရုံတို့မှာ စီစဉ်ပေးသောအိမ်ထောင်ရေး၏ ခါးသီးမှုကို ကိုယ်တိုင်ကြုံတွေ့ခဲ့ရဖူးသူများဖြစ်ကြရာ မိမိတို့သားသမီးများကို ထိုကဲ့သို့သော ဆင်းရဲဒုက္ခမျိုးထပ်မံကြုံတွေ့စေရန် မလိုလားခဲ့ကြပေ။ ထို့ကြောင့် သူတို့၏နောက်ပိုင်းစာများတွင် ကလေးနှစ်ယောက်ကြီးပြင်းလာပြီး ပြန်လည်ဆုံတွေ့နိုင်သည့်အချိန်ထိ အိမ်ထောင်ရေးကို ရွှေ့ဆိုင်းထားမည်ဖြစ်ကြောင်း ရေးသားခဲ့ကြသည်။ အကယ်၍ သူတို့တစ်ဦးနှင့်တစ်ဦး သဘောမတူပါက အိမ်ထောင်ရေးကို ဖျက်သိမ်းမည်ဖြစ်ပြီး မိသားစုနှစ်ခုကြားဆက်ဆံရေးကို မထိခိုက်စေဘဲ မိသားစုနှစ်ခုစလုံးသည် မိမိတို့၏ကိုယ်ပိုင်အိမ်ထောင်ဖက်များကို လွတ်လပ်စွာရွေးချယ်ခွင့်ရှိမည် ဖြစ်၏။




လက်ထပ်စာချုပ်နှင့်ပတ်သက်၍ ယင်းမှာ မိသားစုနှစ်ခုကြားသီးသန့်စီစဉ်မှုတစ်ခုသာဖြစ်ပြီး မည်သည့်ပြဿနာမှမဖြစ်စေဘဲ အလွယ်တကူဖျက်ဆီးပစ်နိုင်ပေသည်။ သို့ရာတွင် နောက်ပိုင်း၌ သူ့မိခင်မှာ ကလေးမွေးဖွားစဉ်ကွယ်လွန်သွားခဲ့ပြီး မကြာမီမှာပင် ဖခင်ဖြစ်သူမှာလည်း တောင်ပေါ်တွင်အမဲလိုက်ရင်း မတော်တဆမှုဖြစ်ကာ သေဆုံးသွားခဲ့၏။




ဟော်ချင်းမှာတော့ ငယ်ရွယ်ပြီးချူချာသောညီဖြစ်သူကို ပြုစုပျိုးထောင်ရန် တစ်ယောက်တည်း ကျန်ရစ်ခဲ့ပြီး ဝမ်းရေးအတွက် နေ့စဉ်ရုန်းကန်နေရသဖြင့် ဤကိစ္စများကို အာရုံစိုက်ရန် ခွန်အားမရှိတော့ချေ။ မိသားစုသည် ကျားလင်မှစာအနည်းငယ် လက်ခံရရှိခဲ့သော်လည်း ထိုအချိန်က သူအလွန်အလုပ်များနေသောကြောင့် တစ်စုံတစ်ယောက်ကို အကြောင်းပြန်ရန် အကူအညီတောင်းဖို့မေ့လျော့သွားခဲ့သည်။ သို့ဖြင့် အဆက်အသွယ်များ တဖြည်းဖြည်း ပြတ်တောက်သွားခဲ့၏။





နှစ်များတစ်လျှောက် ဟော်ချင်း ဤကိစ္စကို လုံးဝမေ့လုနီးပါးဖြစ်နေခဲ့ပြီး မပြန်မီလေးတွင် ကောင်လေးမှသူ့ကို အတင်းပေးခဲ့သော ကျောက်စရစ်ခဲဖြူလေးကိုမြင်သောအခါမှသာ ပြန်လည်သတိရလာခဲ့ခြင်းပင်။ စဉ်းစားကြည့်လျှင် ကောင်လေးမှာ ယခုဆိုလျှင် အသက်ဆယ့်ခြောက်နှစ်ရှိနေပြီဖြစ်ပြီး စေ့စပ်ပြီးလောက်ပြီဖြစ်ရာ အိမ်ထောင်ရေးကို ဖျက်သိမ်းသင့်ပြီ ဖြစ်၏။ သို့ရာတွင် ယခုအခါ ဤကိစ္စသည် ဟော်ဝမ်ကိုဖြေရှင်းရန်အတွက် အဆင်ပြေသော ဆင်ခြေတစ်ခုဖြစ်လာခဲ့သည်။





ဟော်ဝမ် မည်မျှပင်ဉာဏ်ရည်ထက်မြက်စေကာမူ အသက်ဆယ့်တစ်နှစ်အရွယ်သာရှိသေး၏။ သူသည် ပါဝင်ပတ်သက်နေသော ရှုပ်ထွေးမှုများအားလုံးကိုလုံးဝမသိရှိထားရာ အစ်ကိုဖြစ်သူမှ သူ့ကိုလုံးဝလှည့်စားသွားခဲ့လေသည်။