Ch 16
Viewers 760

Chapter 16


"ချင်းချိန် အဲမှာအခြေအနေဘယ်လိုရှိလဲ"


ဒီနေရာမှာ နှစ်ပေါင်းထောင်ချီလောက် ဘယ်သူမှ မနေခဲ့တာမလို့ ထိုအမေးစကားဟာ နေရာလွတ်ကြီးထဲ ပဲ့တင်ထပ်သွားသည်။ သို့ပေမဲ့ ချင်းချိန်ထံမှ အဖြေထွက်မလာပေ။


ပင်လယ်ထဲကို ကျောက်တုံးပစ်ချလိုက်သလိုပင်။


.....


"ချင်းချိန်ရေ"


ဝူဟိုင်က သစ်သားလှေကား ပေါ်တက်ပြီး ထပ်အော်ခေါ်ကြည့်ပေမဲ့ စောနကလိုပဲ ပြန်ဖြေသံမကြားရချေ။ ဓာတ်မီးကို ကိုင်ကာ တစ်ခြားတစ်ဖက်ကို ထိုးကြည့်လိုက်ပေမဲ့ မြူတွေဖုံးအုပ်နေတာကိုသာ မြင်ရသည်။ ဆလိုက်မီးကလည်း လမ်းရဲ့ အဝေးတစ်နေရာထိ ရောက်ပေမဲ့ ကြိုးအဆုံးကိုတော့ မမြင်ရပေ။ ဝူဟိုင်က ချက်ချင်းဗြာများသွားပြီး အလျင်အမြန် ဆင်းလိုက်သည်။


"ကြိုးပြန်ဆွဲရအောင်။ ချင်းချိန် တစ်ခုခုဖြစ်နေမှာ စိုးလို့"


ကြိုးကိုင်ထားသည့်လူတွေမှာ တစ်ယောက်ကို တစ်ယောက် ကြည့်ပြီး ပြန်ဆွဲလိုက်ကြသည်။


ကျန်းကျွင်းက ကြိုးကို ဆွဲလိုက်တဲ့အချိန် တစ်ခုခုမှားနေတာကို ချက်ချင်းသတိထားမိလိုက်သည်။


ကြိုးက ဖြောင့်နေပေမဲ့ သိပ်မဆွဲလိုက်ရချေ။ ဒါဆိုရင်ဒါက..


"ကြိုးအဆုံးမှာ ဘယ်သူမှမရှိဘူး"


ဟယ်ရှင်းက အထိတ်တလန့်အော်ကာ ကြိုးကိုလွှတ်ချ၍ ထိုင်ချလိုက်ပြီး ခေါင်းကိုအုပ်လျက် တစ်ကိုယ်လုံး တုန်ယင် နေတော့သည်။


ကျန်းကျွင်းကတော့ ဟယ်ရှင်းကို မကြည့်ဘဲ ရှေ့ကိုပဲ ကြည့်ကာ ကြိုးကို အမြန်ဆွဲနေသည်။ ဆယ်စက္ကန့်အတွင်းမှာပဲ ကြိုးကို အောင်အောင်မြင်မြင် ပြန်ဆွဲနိုင်ခဲ့၏။ ကြိုးအဆုံးမှာ ချင်းချိန် ရှိမနေဘဲ တစ်ခုခုကြောင့် ကြိုးပြတ်သွားတဲ့ လက္ခဏာကိုသာ တွေ့ရသည်။ 


ချင်းချိန်မှာတော့ စကျင်ကျောက်ဖြူတံခါးကြီးကိုကြည့်ကာ တံခါးထိပ်က ကျောက်စိမ်းပြားပေါ်ရှိ "မော့"ဆိုသည့် စာလုံးက သူ့ကို စိတ်ဝင်စားစေသည်။


ရှေးခေတ်က ဧကရာဇ်တွေဟာ သူတို့မျှော်လင့်ထားသည့်အတိုင်း သေလွန်တဲ့အခါ နေထိုင်ရမည့်နေရာကို အမည်ပေးထားကြသည်။ ချင်မင်းဆက်၏ ပထမဆုံးဘုရင်ရဲ့ မြေအောက်နန်းတော်ရှိ ကျောက်စိမ်းပြားပေါ်တွင် "ထာဝရရှင်သန်ခြင်းခန်းမ"ဆိုသည့် စာလုံးသုံးလုံး ရေးထိုးထားသည်ဟု ပြောကြသည်။ ချင်မင်းဆက် ပထမဆုံး ဧကရာဇ်ဟာ သူအသက် ရှိစဉ်က မသေနိုင်သည့်ဘဝနှင့် မသေမျိုးဖြစ်ဖို့ကို လိုချင်ပေမဲ့ အသက်ရှိစဉ် မဖြစ်မြောက်ခဲ့သည့်အတွက် သေဆုံးပြီးတဲ့နောက်မှာ ရယူနိုင်ခဲ့သည်။ 


များစွာသော ရှေးဟောင်း သုတေသနပညာရှင်တွေကလည်း ဒါကိုယုံကြည်ခဲ့ကြ၏။


သူ့ရှေ့က မြေအောက်နန်းတော်မှာတော့ "မော့"ဆိုသည့် တစ်လုံးသာ ရေးထိုးထားပြီး သူကောက်ရခဲ့တဲ့ ကျောက်စိမ်းပြားသာ သင်္ချိုင်းပိုင်ရှင်၏ ပစ္စည်းဆိုပါက သင်္ချိုင်းပိုင်ရှင်ရဲ့ နာမည်ဟာ စုကျင်မော့ဖြစ်လိမ့်မည်။


သင်္ချိုင်းပိုင်ရှင်ဟာ စာရေးရတာနဲ့ မှင်တံတွေကို ကြိုက်နှစ်သက်သည့်လူလို့ ချင်းချိန် ခန့်မှန်းမိသည်။ ကျောက်စိမ်းပြားပေါ် နာမည်တစ်လုံးထဲ ရေးထိုးထားပုံက သင်္ချိုင်းပိုင်ရှင်ဟာ တစ်ကိုယ်ကောင်းသမားဆိုတာ ပြနေသည်။


စကျင်ကျောက်ဖြင့် ပြုလုပ်ထားသည့် တံခါးကြီးနှစ်ချပ်ရှိပြီး ကြားမှာ ငါးစင်တီမီတာလောက် လွတ်နေသည်။ ချင်းချိန်က ဟနေသည့်နေရာကို ဓာတ်မီးဖြင့်ထိုးကာ ဘာရှိလဲ ကြည့်ကြည့်သည်။ မြင်ကွင်းထဲပေါ်လာသည်က အဖြူရောက်ကျောက်ပြားရှည်ကြီး တစ်ချပ်ပင်။


ဓာတ်မီးဖြင့် ချင်းချိန်ဟာ တံခါးကြားကနေ အပေါ်အောက်ထိုးကြည့်ပေမဲ့ တံခါးလက်ကိုင်ဖုကို မတွေ့ပေ။ 


ကျောက်တံခါးကြီးကို တွန်းကြည့်ပေမဲ့လည်း လုံးဝကိုမရွေ့။


ချင်းချိန်က ထိုင်ပြီး ဓာတ်မီးဖြင့် ကြမ်းပြင်ကိုထိုးကြည့်တော့ သူ့ဘက်က ကြမ်းပြင်ထက် ပိုမြင့်နေတာ တွေ့ရသည်။ ကြည့်ရတာ ခေါင်းတလားခန်းထဲက တံခါးစက်ယန္တရား ဖြစ်ရမည်။ ဒီလိုတံခါးစက်ယန္တရားမျိုးဟာ အခိုးမခံရစေရန်အတွက် ပြုလုပ်ထားပြီး ဟန်မင်းဆက်မှာ စတင်ပေါ်ပေါက်ခဲ့သည်။ ကြမ်းပြင်မှာ လေးထောင့် ပုံတူးမြောင်းလေးတူးထားပြီး တံခါးဝ၏ အရှေ့ဘက်စွန်းနှင့် အလယ်တည့်တည့်မှာ တူးထားသည်။ ခေါင်းတလားခန်း၏ အလယ်တွင် ကြေးနီဖြင့်ပြုလုပ်ထားသည့် ဆွဲငင်အားကို သုံးရသော ကိရိယာတစ်ခုရှိပြီး တံခါးစက်ယန္တရားမှာ လေးထောင့်ပုံစံဖြစ်၏။ စက်၏ အနောက်ဘက်စွန်းသည် လေးပြီး အလယ်တွင် စက်ဝိုင်းပုံစံ ပုဆိန်ကြီးက ဖြတ်သွားမှာဖြစ်၏။  


ဝင်ရိုး၏ ထိပ်နှစ်ဖက်လုံးကို တူးမြောင်း၏ အစွန်းနှစ်ဖက်မှာ ထည့်သွင်းထားပြီး အရှေ့ပိုင်းတွင် အလေးချိန်ပေါ့ကာ အနောက်ပိုင်းတွင် လေးတာကြောင့် အရှေ့ဘက်က မြေ‌ပြင်နှင့် လွတ်နေသည်။  တံခါးကို အတွင်းထဲကနေ ပိတ်လိုက်လျှင် တံခါးစက်ယန္တရား၏ အရှေ့ဘက် အစွန်းသည် အောက်သို့ ကျလာမှာဖြစ်ပြီး ပိတ်လိုက်လျှင်တော့ တံခါးနှစ်ချပ်လုံး ပိတ်သွားပြီး အပြင်မှ အတွင်းသို့ တံခါး ဖွင့်မရအောင် ကာထားကာ အရှေ့ဘက်အစွန်းက အလိုလို အပေါ်ပြန်တက်သွားမှာ ဖြစ်သည်။ 


ဒီလိုတံခါးစက်ယန္တရားမျိုးကို လျှိုရှမ်းသင်္ချိုင်းဂူနဲ့ ကျုံးရှမ်းဒေသ၏ ကျင်းဝမ်ရဲ့ သင်္ချိုင်းဂူတွင် သုံးခဲ့သည်။ ဒီသင်္ချိုင်းကသာ အဲဒီခေတ်ကသာဆိုရင် အဲဒီခေတ်ကာလအရ တံခါးပေါက်ထိပ်ရှိ တံခါးဝအနီးနား ဘယ်ညာနှစ်ဖက်တွင် တူးမြောင်းကို တူးထားသည်။ မူလက တံခါးနှစ်ချပ်ရဲ့ အပေါ်ပိုင်းကို ထောက်ဖို့အတွက် သစ်တုံးနဲ့ ယန္တရားတွေ ထားထားပေမဲ့ အချိန်ကြာလာသည်နှင့်အမျှ သစ်တုံးက ဆွေးမြေ့လာသည်။


ခေါင်းတလားခန်း၏ တံခါးကို လူတစ်ယောက်၏အားနှင့် ဖွင့်ဖို့ဆိုတာ မဖြစ်နိုင်ပေ။ ချင်းချိန်က မတ်တပ်ထရပ်လိုက်ပြီး ပြန်လှည့်မည်အပြု ဘေးက စကျင်ကျောက်တံခါးကြီးမှာ အက်သွားသည်။


တံခါးကြီး ပြိုကျတော့မည် ထင်တာကြောင့် ချင်းချိန် အမြန်ရှောင်လိုက်ရသည်။ သို့ပေမဲ့ တံခါးဟာ သူ့ဟာသူ တဖြည်းဖြည်းချင်းစီ ပွင့်သွား၏။


ဖိထားသည့် တံခါးစက်ယန္တရားက အသံကျယ်ကြီးထွက်လာပြီး ရှေ့က ကျောက်မြေပြင်ကြီးဟာ ယန္တရားကို မလိုက်တာကြောင့် ကွဲအက်သွားသည်။ 


ချင်းချိန်က ဖြစ်ပျက်နေတာကို အံ့ဩသွားမိ၏။ အနေအထားက ထူးဆန်းနေပြီး သူ ထွက်ပြေးသင့်မှန်းသိပေမဲ့ ချင်းချိန်က သူ့ရှေ့တွင် ဗိမာန်ကြီး ဖြည်းဖြည်းချင်း ရုပ်လုံးပေါ်လာတာကို စူးစိုက်ကြည့်နေမိသည်။


ထို့နောက် သူက ရှေ့ကို တစ်လှမ်းချင်းတိုးလာပြီး တံခါးဆီ ဂရုတစိုက် လျှောက်လာလိုက်ချိန်တွင် သဲသဲကွဲကွဲမမြင်ရသောအရာများသည် ယခုမှ ပိုလို့ရှင်းလင်းသွားတော့သည်။


မြေအောက်နန်းတော်၏ တံခါးအပြင်ဘက်ကဲ့သို့ ရှင်းလင်းနေတာမျိုး မဟုတ်တော့ဘဲ ဝင်ပေါက်က ရှည်လျားပြီး စင်္ကြံက မှောင်မဲနေသည်။ စင်္ကြံရှည်ကြီးရဲ့ တစ်ဖက်တစ်ချပ်မှာ နားနေဆောင်ရှိပြီး နှစ်ထောင်ချီသည့်တိုင်အောင် မူလအခြေအနေအတိုင်းရှိနေဆဲပင်။ ချင်းချိန်ဟာ ဒါတွေကို ကျောက်တုံးတွေနဲ့ တည်ဆောက်ထားတာ ဖြစ်ရမယ်လို့ ခန့်မှန်းလိုက်သည်။ နားနေဆောင်နား ကပ်သွားလိုက်တော့ အချိန်ကြာမြင့်မှုကြောင့် အုတ်ခဲများနှင့် ကြွပ်ပြားများသည် အပေါ်ကနေ ကွာကျနေလေသည်။ နားနေဆောင်ကို ဆက်သွယ်ထားသည့် စင်္ကြံအဆုံးတွင် အုတ်ခဲတန်းများနှင့် ကြွပ်ပြားတန်းများ ပဲ့ကျနေတာကိုသာ တွေ့ရသည်။ ဒါကြောင့် အရင်က သစ်သားစင်္ကြံကြီး ဖြစ်လိမ့်မည်ဟု ခန့်မှန်းမိလိုက်သည်။ 


ချောမွတ် ပြောင်လက်နေသော ဂူဗိမာန်၏ အမိုးနံရံ မျက်နှာပြင် တစ်ခုလုံးအပြည့်၌ လက်ရာကောင်းမွန်လှသော နံရံဆေးရေးပန်းချီများဖြင့် ပြည့်နှက်နေသည်။ ချင်းချိန်သည် ဆလိုက်မီး ကို လက်တဖက်မှ ကိုင်ထားလေရာ မီးအလင်းကို ရွေ့ပြီး နံရံတစ်လျောက်ရှိ ပန်းချီအချို့ ကို ရှင်းရှင်းလင်းလင်း မြင်ရရန် ပြုလုပ် လိုက်သည်။ အနောက်ဘက်နံရံတွင် ဘီးနှစ်လုံးတတ် စစ်မြင်းရထားအချို့က ဂိုဘီသဲကန္တာရကို ဖြတ်သန်းနေပုံပင်။ မြင်းရထားတို့မှာ ပျက်စီးနေပြီး ရှေးခတ်၏ ပြင်းထန်သော တိုက်ပွဲ ကို ဆင်နွှဲခဲ့ဟန် တူလေသည်။ အလယ်၌ သက်ဝင်လှုပ်ရှားနေသော တော်ဝင်မြို့တော်၏ လမ်းများ က ထိုခေတ်၏ ချမ်းသာ ကြွယ်ဝမှု ပြယုဒ် ဖြစ်သည်။ တောင်ဘက်တွင် ရေမြေတောတောင်များပုံ နှင့် မြောက်ဘက်တွင်တော့ အရာအားလုံး ကို ရေခဲနှင့် နှင်းများ ဖုံးလွှမ်းထားပုံကို ရေးဆွဲထား၏။ 


ဒီပန်းချီတွေက အဲမင်းဆက်က လူနေမှုပုံစံနှင့် အဆင့်အတန်းကို ဖော်ပြထားတာပဲ


ချင်းချိန်က ကင်မရာထုတ်ကာ ဓာတ်ပုံ အမြန်ကောက်ရိုက်လိုက်သည်။ ဒီလိုရုပ်ကြွပန်းချီတွေဟာ အပြင်လောကဆီ နှစ်ထောင်ချီလောက် မရောက်ခဲ့ဖူးဘဲ အပြင်လောကဆီ တစ်ခါရောက်သွားသည်နှင့် အလျင်အမြန်ပင် မှေးမှိန်ပျောက်ကွယ်သွားမည်ဖြစ်သည်။


ဒါဟာ ချင်းချိန်မြင်ဖူးသည့်ထဲမှာ အလှပဆုံး ခေါင်းတလားခန်းကြီးပင်။ 


ရှေ့တစ်လှမ်းတိုးလာတော့ ချင်းချိန်၏ အာရုံတွေဟာ စင်္ကြံအဆုံးက ကျောက်ခေါင်းတလားကြီးဆီ ရောက်သွားသည်။


ခေါင်းတလားခန်း၏ အရှေ့နှင့်အနောက်တွင် ရှိရမည့် အခန်းနှစ်ခန်းကို သူ မကြည့်ရသေး။ ကျောက်ခေါင်း တလားခန်း ဘေးရှိ နဂါးနှင့် မီးငှက်ရုပ်ပုံတွေ ထွင်းထုထားသည့် မီးပုံး ဆယ့်ငါးလုံးကိုလည်း သူ မကြည့် ရသေးပေ။ ထိုအခန်းများတွင် ဝှက်ထားသော ရတနာများ ရှိနေနိုင်သေးသည်။ သို့သော ချင်းချိန်က စကျင်ကျောက်ဖြင့် ပြုလုပ်ထားသည့် ကျောက်ခေါင်းတလားကြီးဆီသို့သာ တစ်လှမ်းချင်း လှမ်းသွားလိုက်သည်။


'ခင်ဗျားက ဘယ်သူလဲ။ ခင်ဗျားရဲ့ မင်းဆက်အကြောင်းကို ဖုံးကွယ်သွားရအောင်အထိ သမိုင်းမှာ ဘာတွေများ ဖြစ်ခဲ့တာလဲ'


ကျောက်ခေါင်းတလားကြီးသည် အမြင့် တစ်မီတာနီးပါးရှိပြီး အောက်ရှိ သစ်သားဘောင်တွေမှာ ဆွေးမြေ့သွားခဲ့တာ ကြာခဲ့ပြီပင်။ ချင်းချိန်က ကျောက်လှေကားပေါ်တက်လာရင်း ကျောက်ခေါင်းတလာကြီးဘေးတွင် ရေးထိုးထားသည့် လှပသော ရုပ်ကြွပုံများကို ကြည့်နေလေသည်။ 


ပုလဲတွေက ကျောက်လှေကားပေါ်မှာ ပြန့်ကျဲနေပြီး ကြည့်ရတာ ဂူဖောက်သူခိုးတွေ ခိုးသွားခဲ့စဉ်က ကျကျန်ခဲ့ဟန် တူသည်။ 


ဂူဗိမာန်ကြီးသည် ဖောက်ထွင်းခံခဲ့ရသည်ဆိုတော့ သူရှာတွေ့သည့် ကျောက်စိမ်းပြားမှာ သင်္ချိုင်းပိုင်ရှင်၏ ပစ္စည်း ဖြစ်နေနိုင်သည်မလို့ ချင်းချိန်က လက်ထဲတွင် တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားလိုက်ပြီး ကျောက်ခေါင်းတလားကြီးဆီ လျှောက်လာသည်။


ကျောက်ခေါင်းတလား အစွန်းများသည် အလုံပိတ် မနေခြင်းကြောင့် ကြည့်ရတာ ဂူဖောက်သူခိုးများက ‌သင်္ချိုင်းပိုင်ရှင်၏ ပိုင်ဆိုင်မှုများကို ယူဖို့ ကျောက်ခေါင်းတလားကြီးကို ဖွင့်ပြီးတာနှင့် ဒီတိုင်းသာ ထားခဲ့လိုက်ကြသည် ထင်၏။ သင်္ချိုင်းပိုင်ရှင်၏ အရိုးများသည် ဆွေးမြေ့နိုင်နေတာကြောင့် တစ်ခြားဘာပစ္စည်းများ ကျန်ခဲ့မလဲ သူ မသိချေ။ ဒါပေမဲ့ ဒီလူဟာ ဘယ်သူ ဖြစ်သည်ဆိုတာ ပြောပြနိုင်မည့် တံဆိပ်တုံးပဲဖြစ်ဖြစ် ကျောက်စိမ်းပြားပဲဖြစ်ဖြစ် ကျန်နေခဲ့ရင် ကောင်းမည်ဟု ဆုတောင်း မိသည်။


စိတ်ကို ပြင်ဆင်ပြီးတာနှင့် ချင်းချိန်က အသက်ပြင်းပြင်းရှူလိုက်ပြီး ကျောက်ခေါင်းတလားကြီးအား ဖြည်းဖြည်းချင်းဖွင့်လိုက်သည်။


ထိုအချိန်တွင် ချင်းချိန် တစ်ယောက် အသက်ရှူဖို့တောင် မေ့သွား၏။


အနက်ရောင် ဆံပင်ရှည်တွေဟာ ချထားလျက် ခမ်းနားလှသည့် တော်ဝင်သရဖူကြီးဟာ သူ့ရှေ့ကလူ၏ နဖူးကို အပြည့်အုပ်‌မနေဘဲ ထိုလူရဲ့ မျက်ခုံးမျက်လုံးတွေမှာ နက်မှောင်ပြီး နှာတံမြင့်မြင့်ဟာလည်း ဖြောင့်စင်းနေကာ သွေးမရှိတော့သည်ကြောင့် နှုတ်ခမ်းပါးလေးတွေမှာတော့ ဖြူဖတ်လို့နေသည်။ သို့သော် သူ့ရဲ့ ခန့်ညားသည့် အရှိန်အဝါကို မလျော့ပါးသွားစေပေ။


သူ့ကိုသာ မျက်လုံးပွင့်နေလျက် မြင်လိုက်ရလျှင် ‌ထူးထူးခြားခြား ချောမောလှပသည့် လူတစ်ယောက်ဖြစ်လိမ့်မည်ဟု ချင်းချိန် တွေးမိသည်။


သူ တွေးထားသည့်အတိုင်း တုန့်ပြန်လိုက်သလို ပိတ်ထားသည့် မျက်လုံးများမှာလည်း ရုတ်တရုက် ပွင့်လာခဲ့သည်။ အထက်သို့ အနည်းငယ် တိမ်းစောင်းတက်သွားသော မက်မွန်ပွင့်မျက်လုံးများက ပြုံးယောင် သန်းနေကြသည်။ မျက်ဆံ နက်နက်များကတော့ မင်ရည်ပြစ်ပြစ်လေးများ စုခဲနေကာ အရည် မပျော်ကြနိုင်သည့်အလား၊ လရောင်ကြောင့် တောက်ပနေသော အနက်ရောင်ကောင်းကင်ကြီးလို   ရွှန်းစိုနက်မှောင်နေသည်။


ထိုအချိန် မထူမပါးနှုတ်ခမ်းတွေပေါ်မှာ အပြုံးရိပ်လေးပေါ်လာပြီး ထိုအပြုံးဟာ သေချာသတိမထားပါက ကြည့်မိသူအားလုံးကို စိတ်နှလုံးကို ဆုပ်ကိုင်ထားနိုင်သည်။


ချင်းချိန်မှာ အသက်ရှူအောင့်ကာ အကြည့်မလွှဲ နိုင်ဘဲ ဆက်ကြည့်‌မိနေမိသည်။ သူ မကြည့်ချင်ပေ....သူ...


ထိုအချိန် ချင်းချိန် ရုတ်တရက် အသိဝင်လာပြီး ကျောက်ခေါင်းတလားနားကနေ ထွက်ပြေးဖို့ လုပ်တော့သည်။ သို့သော်လည်း တစ်လှမ်းလောက်ပဲ လှမ်းရသေး အနောက်က ထူးဆန်းသည့် ဆွဲအားတစ်ခုကြောင့် မှောက်လျက် မြေပြင်ပေါ် လဲကျသွားသည်။


သူ မထနိုင်ခင်မှာပဲ ထိုသရဲဟာ သူ့မျက်နှာပေါ် လာနင်းတော့သည်။


"မင်း ငါ့ကို နှိုးလိုက်တာလား"


"ဘ..ဘာ"


"ဟာ့ မင်းက နားလဲ မကောင်းဘူးဘဲ။ ဒါဆို"


"ချင်းချိန်"


ထို လူစကားမဆုံးခင်မှာပင် ဆယ်ယောက်လောက်ရှိတဲ့လူတွေက မြေအောက် နန်းတော်ဂိတ်တံခါးကနေ ဖြတ်ကာ ဝင်လာကြသည်။ စုကျင်မော့က ချင်းချိန် မျက်နှာပေါ်က သူ့ခြေထောက်ကိုဖယ်ကာ လှောင်လိုက်သည်။


"သူတို့ကို ခေါ်ထုတ်သွား။ မဟုတ်ရင် ကျန်း မင်းတို့တွေကို သတ်ရလိမ့်မယ်"