Ch 13
Viewers 752

Chapter 13


ထိုအချိန်တွင် သူတို့ရှိနေသည့် ဥမင်ကြီးဟာ ပါးစပ်အကြီးကြီးရှိသည့် မကောင်းဆိုးဝါးတစ်ကောင်လို ဖြစ်နေလေသည်။ အံ့ဩစရာကောင်းလောက်အောင် မှောင်မဲနေသဖြင့် ဆလိုက်မီးများဟာလည်း အကြောင်းအရင်းတစ်ချို့ကြောင့် အလုပ်မလုပ်တော့ပေ။ သူတို့ကို ဝန်းရံထားသည့် အမှောင်ထုကြီးဟာ ကမ္ဘာမြေကြီးကို ပိတ်လှောင်ထားသလိုပင် အလင်းလုံးဝ ဝင်မလာချေ။ အမှောင်ထုဟာ ညကောင်းကင်ယံတွင် ပြည့်နှက်နေပြီး ကောင်းကင်ကြီးတစ်ခုလုံး ‌မဲမှောင်ကာ နဂိုက ကြယ်တွေစုံနေသည့် ကောင်းကင်ကြီးမှာ တိမ်နက်တွေဖြင့် ဖုံးလွှမ်းသွားတော့၏။ အရာအားလုံး အမှောင်ကျသွားသည့်အခါ လေထုဟာလည်း ထူထပ်လာပြီး စုပုံနေသည့် အမှောင်ထုကြီးက ကောင်းကင်ယံကို ဖုံးအုပ်သွားသည်နှင့် လမင်းကြီးဟာလည်း တိမ်မြှုပ်ကွယ်ပျောက် သွားလေသည်။ ‌တောင်ဂူဗိမာန်ကြီးရှိ သစ်ပင်တွေမှာလည်း ညလုံးပေါက် အိပ်ပျော်နေသည့် မကောင်းဆိုးဝါးကို နှိုးလိုက်သလိုမျိုး "ဝူး ဝါး ဝူး ဝါး"ဖြင့် တဖျပ်ဖျပ်ခတ်နေလေသည်။


ထိုနေ့ညက အိပ်မက်ဆိုးတွေဟာ တကယ်ဖြစ်လာခဲ့ပြီပင်။


ချင်းချိန်မှာ သူဘယ်လိုထွက်ပြေးလာခဲ့တယ် ဘာတွေဖြစ်ခဲ့တယ်ဆိုတာကို မမှတ်မိပေမဲ့ ခဏအကြာ မြေပြင်ပေါ်လဲကျနေတုန်း ကျန်းရှောင်မေကို လောင်ကျွမ်းသွားစေသည့် အပြာရောင်မီးတောက်အား ဝိုးတဝါး မြင်လိုက်ရသည်။ ထိုအပြာရောင်မီးတောက်ဘေးတွင် သူ့အိပ်မက်ထဲက နန်းဝတ်နန်းစားနှင့်လူကို မြင်လိုက်ရ၏။ နန်းဝတ်နန်းစားကို ဝတ်ဆင်ထားသူက ထိုသရဲအား မထီမဲ့မြင် လှောင်ပြောင်နေပုံပေါ်သည်။


"မင်းက သေချင်တာပဲ"


ထွက်ပြေးလာတုန်းက သူ့မျက်မှန်‌ ဘယ်နားကျကျန်ခဲ့လဲမသိ၊ သူ့အမြင်အာရုံဟာ မှုန်ဝါးနေပြီး ရှင်းရှင်းလင်းလင်းမမြင်ရဘဲ နန်းဝတ်နန်းစားနှင့်လူက သူ့ထံ တဖြည်းဖြည်းချဉ်းကပ်လာသည်ကိုသာ မြင်နေရသည်။ သူ့ကိုယ်သူ ထွက်ပြေးဖို့ ပြောနေသော်ငြား လက်တွေမှာ အားမရှိပေ။ နန်းဝတ်နန်းစားလူဟာ သူ့ရှေ့တွင် ရပ်လိုက်သည်ကြောင့် ချင်းချိန် ကြည့်လိုက်တော့ သူ့လက်ထဲတွင် ဓားရှည်တစ်ချောင်းကိုင်ထားတာ တွေ့ရသည်။ ထိုဓားထိပ်ဖြင့် သူ့လည်ပင်အား ထောက်ထားလေ၏။


ခေါင်းမူးနေသဖြင့် ကိုယ့်ကိုယ်ကို တောင့်မခံထားနိုင်တော့ဘဲ သတိလစ်သွားတော့သည်။ သူသတိမလစ်ခင် ချင်းချိန် တွေးလိုက်မိသည်က


'ဒီတစ်ခါ တကယ်သေပြီထင်တယ်'


နန်းဝတ်နန်းစား ဝတ်ဆင်ထားသောသူက သတိလစ်နေသောလူ၏လည်တိုင်ထက်တွင် ဓါးဦးထိပ်ကို တင်ထားရင်း  မေ့မြောနေသောမျက်နှာကို ငေးကြည့်နေသည်။ 


'သူ့ အင်္ကျီက ထူးဆန်းတယ်၊ ပြီးတော့ ဆံပင်အတိုနဲ့ ၊ သူ့အသွင်အပြင်ကို ဂရုမစိုက်ဘဲ ဖိုသီဖတ်သီ နေတတ်တဲ့သူပဲ။'


မြေပြင်ပေါ်တွင် ခွေကျနေသော အခြားလူများဆီသို့ ကြည့်လိုက်ရာ သူတို့ဟာလည်း သတိလစ်သွားသည့်သူလို တူညီသည့် အဝတ်အစားများ ဝတ်ထားသည်ကို တွေ့ရသည်။


'ဆံပင်ညှပ်ခံရတဲ့ အကျဉ်းသားတွေများလား'


နန်းဝတ်နန်းစားလူက သူ့ကိုယ်သူ ရယ်မောရင်း သူတို့ဘယ်သူလဲဆိုတာ အရေးမကြီးဘူးလို့ တွေးမိပြီး သူတို့ကို သတ်မယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကို မပြောင်းပေ။


ဓားကို လွှဲလိုက်ပြီးနောက် ငုံ့ကြည့်ကာ ထိုယောင်္ကျား၏ ခေါင်းကို‌ ဖြတ်လိုက်သည်။ ဆံပင်တိုတိုဖြင့်လူမှာ အခုမှ သေသွားသင့်ပြီး သူ့ဝိညာဉ်ဟာလည်း ခေါင်းဖြတ်ခံရခြင်းကြောင့် အိုးစားကွဲသွားသင့်သည်။ သို့သော် မြေပြင်ပေါ်လဲနေသည့် ဆံပင်တိုတိုဖြင့် ယောင်္ကျားအား ကြည့်လိုက်တော့ သူဟာ အကောင်းတိုင်း ရှိနေသေးသည်။ သို့သော်လည်း လက်ထဲမှ ဓါးထက်ထက်ကြောင့် သူ၏အသားပေါ်တွင် ဓါးရှရာ သွေးကြောင်းငယ်လေးတစ်ခုကို ချန်ထားခဲ့သည်။


သူ့မျက်ခုံးများကို တွန့်ချိုးလိုက်မိ၏။ နောက်တစ်ခဏအကြာတွင် မျက်ခုံးများကို တဖြည်းဖြည်းချင်း လျော့ချလိုက်ပြီး သူ့၏ဓါးကိုလည်း သိမ်းလိုက်လေသည်။ ပြုံးရောင်သန်းနေသော မျက်လုံးများက သူ့ရှေ့ရှိလူကို စိုက်ကြည့်ကာ မသက်မသာပြုံးလိုက်ရင်း "ဘာလို့ ဒီလိုဖြစ်ရတာလဲ"


 …

 

နွေရာသီ၏နေရောင်သည် နွေဦးကဲ့သို့ နူးညံမနေတော့ပဲ ကမ္ဘာပေါ်သို့ မီးတောက် တစ်ခုအသွင် တောက်ပကျရောက်နေသည်။ ပူပြင်းတောက်လောင်နေသော နေရောင်က မှန်ပြတင်းပေါက်ကို ဖြတ်သန်းပြီး ဆေးရုံခန်းထဲသို့ ဝင်နေပြီး ဆေးဝါးနှင့် ပိုးသတ်ဆေးတို့၏ အနံ့ပြင်းပြင်းတို့ကလည်း နေရာအနှံ့တွင် ရှိနေသည်။ နေ့တစ်ဝက်လောက် သတိလစ်နေပြီးနောက်တွင် ချင်းချိန် သတိပြန်ရလာခဲ့သည်။ ဝူဟိုင်ထံမှတဆင့် သိလိုက်ရသည်က ကျန်းချီရှို့၏ ဒဏ်ရာမှာ ပြင်းထန်ပြီး ကုသလို့မရနိုင်တော့ဘဲ သေဆုံးသွားနိုင်သည့် အခြေအနေကြောင်း သိလိုက်ရသည်။


အတန်ကြာ တိတ်ဆိတ်သွားပြီးနောက် ချင်းချိန်က ဖြည်းဖြည်းချင်း ပြန်ပြောလာသည်။ 


"အခြားသူတွေကော ဘယ်လိုလဲ"


"ဟယ်ရှင်းက မင်းလိုပဲ သတိလစ်သွားတာ။ သူ မနိုးသေးဘူး။ အစ်ကိုထန်ကတော့ ဒဏ်ရာ နည်းနည်း ရသွားတယ်။ ဒါပေမဲ့ ကြီးကြီးမားမားတော့ မဟုတ်ဘူး။ ကျန်တဲ့သူတွေက လန့်နေကြတုန်း‌ဆိုပေမဲ့ အဆင်ပြေကြပါတယ်"


"ကျန်းချီရှို့.သူ အခုဘယ်မှာလဲ"


သက်ပြင်းတစ်ချက်ချရင်း ဝူဟိုင်က


"သူ့မိသားစုကတော့ မိသားစုထုံးတမ်းစဉ်လာအရ မွေးရပ်မြေမှာပဲ မြှုပ်နှံမယ်တဲ့။ သူအသက်ရှူနေတုန်းက ညတွင်းချင်း ကားနဲ့ပြန်လာခေါ်သွားတာလေ"


ကျန်းချီရှို့.ရဲ့ မိဘတွေ ရင်တွေနာတဲ့အထိ ငိုနေမှာ၊ ‌သတိလစ်လုမတတ် ငိုနေမှာကို တွေးမိပြီး ဝူဟိုင် လက်သီးကိုဆုပ်ထားမိသည်။


"သူ့မိဘတွေ ပြောတာတော့ ဒီလိုမျိုး အလောင်းကို မြုပ်မှ ပဲ သူ့ဝိညာဥ်က ဆက်ပြီး ရှင်သန်နိုင်မှာတဲ့။ ဒီလိုလုပ်လိုက်လို့လဲ ဘာမှ ဆုံးရှုံးစရာမရှိဘူးလေ။ ကျန်းချီရှို့ရဲ့ ဝိညာဥ် ရှိနေသေးတယ်လို့  ယုံကြည်ချင်နေကြတာကိုး။ ဒါမှ တစ္ဆေကြီးနေ့ကျရင် ကျန်းချီရှို့ရဲ့ ဝိညာဥ်က ပြန်လာတွေ့နိုင်မယ်လေ"


ရက်အတော်ကြာလာတော့ ချင်းချိန်သည် ရှေးလူကြီးတွေနှင့် ဘိုးဘေးများ၏ အယူသီးမှုများကို နားလည်လာသည်။ အဲဒီအပြင် လဝက်လောက်ပဲရှိသေး လုပ်ဖော်ကိုင်ဖက်‌နှစ်ယောက်ကို ဆုံးရှုံးထားတော့ ဘယ်လိုပဲဖြစ်ဖြစ် ချင်းချိန် ရင်ထဲနေလို့ကောင်းမနေပေ။


ချင်းချိန်၏ မှင်သေသေအကြည့်ကို ကြည့်ရင်း ဝူဟိုင်က ပါးစပ်ကို ဖွင့်လိုက် ပိတ်လိုက်လုပ်နေပြီးမှ ပြောလာသည်။


"ကျန်းချီရှို့ ခွဲစိတ်ခန်းထဲ ဝင်သွားတာကို ငါတွေ့တယ်။ သူက.."


"ဘာဖြစ်လဲ"


"သူပြောတယ်၊ သူ မပျော်ဘူးတဲ့။ သူ မင်းကို မရှုံးချင်ဘူးတဲ့။ သူ လေးနှစ်လောက် လုပ်ခဲ့ရတဲ့ သုတေသနကို မင်းကို ပေးခဲ့မယ်တဲ့"


ဒီစကားတွေဟာ ချင်းချိန်၏ ခေါင်းကို ထူပူသွားစေပြီး သူ့မျက်လုံးတွေမှာ နီရဲလာကာ မျက်ရည်များစို့လာသည်။


ကျန်းချီရှို့.သည် သူ့အတန်းဖော်ဖြစ်ပြီး အတော်သန်မာသည့်သူဖြစ်သည်။ တစ်ချို့နေရာတွေမှာ အချင်းချင်း အမြင်မကြည်ကြဘဲ သူတို့ရဲ့ ငြင်းခုံမှုတွေမှာ မပြီးမစီးနိုင်ဟု ထင်ရသော်လည်း အနည်းဆုံးတော့ တစ်ယောက်ရဲ့ စွမ်းဆောင်ရည်ကို တစ်ယောက်က အသိအမှတ်ပြုပေးလေသည်။


ကျန်းချီရှို့၏ ဘွဲ့လွန်သုတေသနသည် နင်ဟွရွာ၏ ရှေးဟောင်းသင်္ချိုင်း ဖြစ်ကြောင်း ချင်းချိန် သိထားပြီဖြစ်သည်။ လွန်ခဲ့သည့် လေးနှစ်ကတည်းက စတင်လုပ်ဆောင်ခဲ့ပြီး ဒီသုတေသနအတွက် ပြည်နယ်နှင့်ကောလိပ်ကျောင်းမှ အထူးထောက်ပံ့ကြေးများကိုလည်း  ရရှိခဲ့သည်။ ထောက်ပံ့ကြေးငွေ ပမာဏကို ချင်းချိန် မှန်းဆကြည့်နိုင်ပြီး ဒါကလည်း ကျန်းချီရှို့၏ အကောင်အထည်ပေါ်ခဲ့သော အိပ်မက် ဖြစ်သည်။   ဒါကို ကျန်းချီရှို့က တကယ်ကြိး သူ့ကို ပေးပစ်ချင်နေတယ်..........


"ကျန်းချီရှို့.မှာက မောင်နှမမရှိဘူး"


ခေါင်းကို မော့ထားပေမဲ့ မျက်ရည်တွေ ကျလာမှာလဲ စိုးသည်ကြောင့် အသက်ကို ပြင်းပြင်းရှူကာ တုန်ယင်နေသည့် အသံဖြင့်


"အလုပ်ကို နောက်မှ ပြန်စလဲ ဘာမှမဖြစ်ပါဘူး။ ငါ..ငါ..သူ့မွေးရပ်မြေကို လိုက်သွားလိုက်မယ်"


ဝူဟိုင်မှာ တစ်ခုခုကို တွေးနေပုံရပေမဲ့ မပြောတော့ဘဲ အဲဒီအစား


"ရဲတွေကတော့ အခု နင်ဟွရွာထဲမှာ ရှိနေဦးမှာပဲ။ နေ့လယ်ကျရင် ငါတို့ကို လာရှာလိမ့်မယ်။ အဲတာကြောင့် မနက်ဖြန်မှပဲ သွားရအောင်"