Ch 10
Viewers 743

Chapter 10


မြစ်အနောက်မှနေ လခြမ်းကွေး တံတားအထိ မျက်နှာချင်းဆိုင် မီတာလေးရာ့ငါးဆယ်စာ လမ်းဘေး ဈေးဆိုင်တန်းလေးများ ရှိသည်။ နေဝင်သောအခါတွင် အပူချိန်ဟာ တဖြည်းဖြည်း လျော့ကျပြီး လမ်းများနှင့် လမ်းသွယ်များကို ပိုမိုအသက်ဝင်စေသည်။ အိမ်ရှေ့မှာဆိုင်ဖွင့်ထားတဲ့သူတွေက တံခါးဖွင့်ထားကြပြီး ဆိုင်မဖွင့်သောသူများကတော့ မီးလုံးလေးတွေဖြင့် လမ်းတလျှောက် ဆွဲထားကြလိမ့်၏။ မကြာမီခင်ကပင် မြေပြင်ကို ရေဖြင့် ဆေးထားပြီး လေးထောင့် စားပွဲငယ်များကို အပြင်ဘက်တွင် ထားရှိကာ စုစုပေါင်း စားပွဲ ရှစ်လုံးကို ပလပ်စတစ် စားပွဲခင်းများဖြင့် ဖုံးအုပ်ထားသည်။ ရောင်စုံလမ်းများသည် နေရာတိုင်းတွင် ပန်းများဖြင့် အလှဆင်ထားသော ခုံတန်းရှည်မြင့်များဖြင့် ဝန်းရံထားသည်။ တဖြည်းဖြည်းနဲ့ လမ်းမပေါ်မှာ လူတွေ၏စကားပြောသံတွေ၊ ဈေးသည်တွေ၏ အော်သံတွေ၊ ဒယ်အိုးထဲက ဆီပူသံတွေနဲ့ ပြည့်လာနေ၏..။


ညဉ့်နက်သန်းခေါင်မှာတောင် ညဈေးတန်းကြီးဟာ အရသာရှိသော အစားအသောက်များ၏ ရနံ့တွေဖြင့် ပြည့်နှက်နေတုန်းပါပင်။  ဘယ်ဆိုင်ကိုမဆို အနားရောက်လာသည်နှင့် ငရုတ်ကောင်းနံ့၊ ငရုတ်ဆီ၊ ရှာလကာရည်၊ ကြက်သွန်ဖြူ၊ ငံပြာရည်စသည့် အနံ့မျိုးစုံက နှာခေါင်းကို ဖုံးလွှမ်းသွားလေသည်။ အကင်မျိုးစုံ၊ အသားလုံးများကို ဟင်းသီးဟင်းရွက်ဖြင့် နှပ်ထားသော စတူးဟင်း၊ လတ်ဆတ်မွှေးကြိုင်နေသော ပင်လယ်စာများ၊ ထိုသို့သော စားဖွယ်အစုံစုံကို အကြော်၊ အပေါင်း၊ အချက် နည်းအမျိုးမျိုးဖြင့် ချက်ပြုတ်ထားသော စားဖွယ်ရာ မျိုးစုံ ရလေသည်။ ထို ဟင်းပွဲ တို့၏ရနံ့များမှာ လျှာပေါ်က အရသာခံဖုလေးတွေကို ဆွဲဆောင်နေပြီး စားပွဲတွင်ထိုင်ကာ ဟင်းလျာများ မှာယူချင်အောင် ပြုလုပ်နေကြသည်။


သုံးယောက်သား အကင်၊ ထမင်းကြော်နှင့် ခေါက်ဆွဲကြော်တွေ မှာလိုက်ကြ၏။ ထို့နောက် လူစည်ကားသော ညဈေးရှိ စားပွဲငယ်လေးတွင် ထိုင်လိုက်ကြသည်။  ဤဆိုင်သည် အလွန်နာမည်ကြီးပုံရသည်။

 

အစားအသောက်တွေက မြန်မြန်ရောက်လာပြီး သူတို့ဘေးမှာ စကားစမြည်ပြောနေတဲ့ စုံတွဲထက်စာရင် ချင်းချိန်၊ ဝူဟိုင်နှင့် ကျန်းကျွင်းတို့မှာ ပိုတိတ်ဆိတ်နေကြသည်။


ချင်းချိန်က အမဲသားဖြင့်ကြော်ထားသော ခေါက်ဆွဲထဲ ငရုတ်သီး နည်းနည်းထည့်ဖို့ ဆိုင်ပိုင်ရှင်ကို တောင်းရန် မေ့သွားတဲ့အတွက် စိတ်ရှုပ်သွားသည်။ ဆိုင်ပိုင်ရှင်ကို လက်ပြပြီး လှမ်းခေါ်နေစဉ် ဘေးမှာ တိုးတိုးတိတ်တိတ် အကင်စားနေသည့် နှစ်ယောက်ကို 


“မင်းတို့ ဘီယာသောက်ချင်ကြလား။ ခေါက်ဆွဲက နည်းနည်းစပ်တယ်”


“သောက်မှာပေါ့”


ကျန်းကျွင်းက အစာကို မျိုချရင်း ပြောလိုက်သည်။  


"အရင်ဆုံး ဘီယာဘူး မှာလိုက်ရအောင်"


"ငါလည်း တစ်ဘူးမှာမယ်"


ချင်းချိန်က ခေါင်းညိတ်ပြကာ ဘီယာသုံးဘူးမှာလိုက်ပြီး ရောက်လာတော့’ဖောက်'ခနဲမြည်အောင် ဖွင့်လိုက်ပြီးနောက် ဝူဟိုင်ကို တစ်ဘူးပေးလိုက်သည်။


“ကျေးဇူးပဲ” 


ဘီယာသောက်လိုက်တာနဲ့ ဝူဟိုင်တစ်ယောက် ပါးစပ်နဲ့ဘူး မခွာတော့ပေ။ ခဏအကြာတွင် သူ့မျက်လုံးများ မတည်မငြိမ်ဖြစ်လာပြီး ချင်းချိန်ကို ကြည့်ကာ ခါးသပ်သပ်ရယ်လိုက်သည်။


"အရင်ကတော့ မင်းက ကျန်းပေါ်နဲ့ လင်းဟုန်ရှင်းတို့ရဲ့ မတော်တမှုနောက်ကွယ်မှာ ရှိနေတယ်လို့ သံသယဝင်ခဲ့တာ။ ဒါပေမဲ့ အခုတော့ ငါနားမလည်နိုင်တဲ့ အခြေအနေတစ်ခုကို ငါကိုယ်တိုင်ကြုံနေရပြီ"


အဲဒီနောက် မတ်တပ်ရပ်ကာ ဝူဟိုင်သည် ချင်းချိန်ကို တရားဝင် ကျေးဇူးတင်လိုက်တော့၏။


"ဒီတစ်ခါတော့ ငါ တကယ် ကျေးဇူးတင်ရမှာပဲ။ မင်းကြောင့်သာမဟုတ်ရင် ငါမင်းတို့နှစ်ယောက်နဲ့ ဒီမှာထိုင်နေရမှာမဟုတ်ဘူး"


ဘီယာတစ်ငုံသောက်ပြီးနောက် ချင်းချိန်က ပြန်မဖြေဘဲ ဝူဟိုင်၏ ပုခုံးကို လှမ်းပုတ်လိုက်သည်။ ဝူဟိုင်သည် ဒေါသမထိန်းတတ်တဲ့ တည့်တိုးသမားဖြစ်‌မှန်း ချင်းချိန်သိပေမဲ့ သူကမကောင်းသည့်သူတော့ မဟုတ်ပေ။ ဝူဟိုင်နဲ့ သူ့ရည်းစားကိစ္စနဲ့ ပတ်သက်လို့ သူတို့နှစ်ယောက်ကြားက ဘာတွေဖြစ်ခဲ့တယ်ဆိုတာတော့ မသိရသေးပေ။


"ဘယ်သူလဲ သိလား မဟုတ်ဘူး။ ဘာတွေဖြစ်ခဲ့လဲဆိုတာ သိလား"


"ငါလဲ မသိဘူးကွ။ ငါ သုတေသနခန်းထဲက ထွက်လာပြီး သိပ်မကြာခင်မှာပဲ တစ်ခုခုက ငါ့ကိုထိန်းချုပ် လိုက်သလိုပဲ။ ငါအဲဒီတုန်းက အသိစိတ်ရှိနေတယ်ဆိုပေမဲ့ ငါ့လှုပ်ရှားမှုတွေကို ထိန်းချုပ်လို့မရဘူး။ ချိန်လင်း အဆောက်အဦးထဲ ဝင်ပြီးတော့ ဘာဖြစ်သွားလဲ မမှတ်မိတော့ဘူး။ ငါ သိတာက ငါအသိပြန်ဝင်လာတဲ့အချိန် ဝရံတာလက်ရမ်းပေါ် ရပ်နေခဲ့တယ်ဆိုတာပဲ"


ဝူဟိုင်ကို ကြည့်ပြီး ချင်းချိန်က 


“ဒါဆို မင်းသိတယ်….”


ချင်းချိန်က သူ့စကားဆုံးအောင် မပြောလိုက်ပေမဲ့ သုံးယောက်လုံးက သူဘာပြောဖို့ ကြိုးစားနေမှန်း ခန့်မှန်းနိုင်သည်။  ဝူဟိုင်က အသက်ပြင်းပြင်း ရှူပြီး ခြောက်ကပ်ကပ် ပြုံးလိုက်ကာ 


“မမြင်ရပေမဲ့….ဘယ်သူလဲဆိုတာ ခန့်မှန်းလို့ရပါတယ်….”


ဒီစကားဝိုင်းကို မဆက်ချင်တော့သည့် ကျန်းကျွင်းက


"ငါ သိချင်နေတာ ရှိတယ်။ ချင်းချိန် မင်းက ဘာလို့ သရဲတွေ မြင်နေရတာလဲ"


"ငါလဲ မသိဘူး"


ချင်းချိန်က စိတ်ပျက်လက်ပျက် ခေါင်းခါသည်။


"ငါလဲ ဒီည ဝူဟိုင်ဆီမှာ ဖြစ်သွားတော့မှပဲ သိရတာ၊ မင်းတို့နဲ့ အတူတူပဲ"


"မင်းအရင်က သရဲ‌မ တွေ့ဖူးဘူးပေါ့"


"ငါက သရဲတွေ ဝိညာဉ်တွေ မြင်နိုင်တဲ့ တာအိုဘုန်းကြီးမှ မဟုတ်တာ။ ဘယ်လိုလုပ် မြင်ရမှာလဲဟ။ အခုမှပဲ..."


မျက်မှောင်ကြုတ်လိုက်ကာ ချင်းချိန်တစ်ယောက် စိတ်ထဲတွင် အဓိပ္ပာယ်ရှိတဲ့ အဖြေရှိနေသော်ငြား...


"ငါထင်တာကတော့ အဲဒီနေ့ ဂူဗိမာန်မှာတုန်းက တစ်ခုခုရဲ့ အရိပ်ကြီးက ငါ့ကို သရဲမြင်အောင် လုပ်ပေးသွားပုံပဲ"


"အဲဒီညက ဘာဖြစ်ခဲ့တာလဲ"


ကျန်းကျွင်းက တစ်ခုခု တွေးနေသလို မျက်မှောင်ကြုတ်လိုက်ကာ တုန်ယင်နေသည်။


"သင်္ချိုင်းကြီးက တော်တော် ထူးဆန်းတယ်လို့ ငါထင်ခဲ့မိတာ။ သင်္ချိုင်းပိုင်ရှင်ရဲ့ သရုပ်မှန်ကို ရှာတွေ့ဖို့ဆိုတာ မဖြစ်နိုင်ဘူးလို့ ပြောကြပေမဲ့ နှစ်တွေအကြာကြီး နေရာတစ်ဝိုက် တူးဖော်ကြည့်တော့ သင်္ချိုင်းရဲ့ အနီးစပ်ဆုံး သက်တမ်းကို ခန့်မှန်းလို့ရခဲ့တယ်။ ဒါပေမဲ့ ငါတို့ တူးဖော်ထားတဲ့ ပစ္စည်းတွေရဲ့ ပုံစံတွေ ပုံသဏ္ဌာန်တွေက သင်္ချိုင်းက ဘယ်သူ ပိုင်တာဆိုတဲ့ အချိန်ကာလကပစ္စည်းတွေနဲ့ ဆင်တူတာရှိမနေဘူး"


ဒီလိုပြောပြီးနောက် ကျန်းကျွင်းက ဆက်မပြောရဲတော့ဘဲ ရပ်လိုက်သည်။


"အဲလိုဆိုရင် ဒီသင်္ချိုင်းကြီးက သမိုင်းထဲမှာ မှတ်တမ်းတင်ထားတဲ့ မင်းဆက်တွေထဲက တစ်ခုနဲ့မှ မဆိုင်ဘူး"


ကျန်းကျွင်း ပြောချင်တာကို ဖြည့်ပြောပေးပြီးနောက်မှာ ချင်းချိန်၏ လက်တွေ တုန်ယင်လာသည်။


"ဖြစ်နိုင်တာကတော့ ငါတို့တွေက ရှေးဟောင်းသုတေသနသမိုင်းမှာ အကြီးကျယ်ဆုံး လျို့ဝှက်ရတနာကြီးကို ရှာတွေ့သွားတာပဲ"


နင်ဟွရွာတစ်ဝိုက်တွင် နေထိုင်နိုင်ခဲ့ကြသော ရှေးဟောင်းသုတေသန ပညာရှင်များသည် အမြင်တူကြောင်း ချင်းချိန်က နားလည်သည်။ စိတ်ကူးယဉ်လိုက်ရုံနဲ့ သူတို့ကို တုန်လှုပ်သွားစေတဲ့ ယူဆချက်တစ်ခုပင်ဖြစ်၏။


သေသွားသော ကျန်းပေါ် တစ်ဦးတည်းကသာ  ရူးသွပ်နေခဲ့သူ မဟုတ်ချေ။ ရှေးဟောင်းသမိုင်းကို ရူးသွပ်တော့ သုတေသီ‌များ တစ်အုပ်တစ်မကြီး ရှိနေသေးသည်။


အချိန်ကန့်သတ်ချက်များ ရှိနေသော်လည်း မကြာမီတွင် သိပ္ပံနည်းကျ သုတေသနပြုရန် အစီအစဉ်သည် ထွက်ပေါ်လာခဲ့ပြီး ဘေးကင်းလုံခြုံဖို့အတွက် ကြိုပြင်ဆင်ဖို့ကိုလဲ ထည့်သွင်းစဉ်းစားရန် လိုအပ်နေသေးသည်။ ရှေးဟောင်းသုတေသန အစဉ်အလာများနှင့်မတူဘဲ ဥမင်ကို ပင်မခေါင်းတလားခန်းသို့ တိုက်ရိုက်တူးပါက ဥမင်လိုဏ်ခေါင်းပြိုကျမည်မဟုတ်ကြောင်း မည်သူမျှ အာမခံနိုင်မည်မဟုတ်ပေ။


အဲဒီလိုဖြစ်ရင် ကျန်းပေါ်လိုပဲ သူတို့သေမည် မဟုတ်ပါလား။


ထို့ကြောင့် လီကော်ရှန်းသည် ဘူမိဗေဒဆိုင်ရာ ကျွမ်းကျင်သူများ ဖြစ်သည့် သူ့သူငယ်ချင်းဟောင်းများကို စူးစမ်းရှာဖွေရာတွင် အကူအညီပေးရန် တောင်းဆိုခဲ့သည်။


ကျန်းပေါ်ဟာ သူကိုယ်တိုင် တူးထားတဲ့ ဥမင်လိုဏ်ခေါင်းမှာ သေဆုံးသွားတဲ့အတွက် ရဲတပ်ဖွဲ့က ရှေးဟောင်းသုတေသနအဖွဲ့ကို ဥမင်လိုဏ်ခေါင်းအတွင်း ခြေချခွင့်မပြုခဲ့ပေ။ ထို့အတွက်ကြောင့် ရှေးဟောင်းသုတေသနအဖွဲ့သည် ဥမင်လိုဏ်ခေါင်းကို တစ်ဖက်မှပြန်ဖွင့်ခဲ့ရသောကြောင့် တူးပေးဖို့အတွက် လူတွေကို ငှားရမ်းခဲ့ရသည်။


သုံးရက်ကြာ တူးပြီးသောအခါ အရှည် ၅ မီတာနီးပါးရှိသော လေးထောင့်ပုံဥမင်လိုဏ်ခေါင်းတစ်ခုသာ တူးဖော်နိုင်ခဲ့သည်။ သူတို့က နှေးတာမဟုတ်ပေမဲ့ လိုဏ်ခေါင်းတူးဖို့က မလွယ်လှပေ။ တကယ်ဆို ချင်းချိန်ဟာ နေရောင်မမြင်ရသော ည ခုနစ်နာရီ ရှစ်နာရီလောက်အထိ နေ့တိုင်းနီးပါး အလုပ်လုပ်ခဲ့ရသည်။


ဒါဟာ ရေရှည်လုပ်ဆောင်သည့် လုပ်ငန်းတစ်ခုဆိုတာကို ခေါင်းထဲထည့်ထားပြီး အတွင်းဘက် ထပ်တိုးလာသည်နှင့်အမျှ ပြိုကျခြင်းမှ ကာကွယ်ရန် လိုဏ်ခေါင်းနံရံများကို သံမဏိ၊ သစ်သားတွေဖြင့် ထောက်ဖို့ကလဲ လိုသည်။


တူးဖော်မှု ငါးရက်မြောက် သောကြာနေ့တွင် အလုပ်သမားများဟာ ဒီနေ့အစောကြီးထ စောစောအလုပ်ပြီးတာနဲ့ နေ့ခင်းဘက်အချိန် ရှီအန်းမြို့ရှိ သူတို့အိမ်တွေဆီ ပြန်လို့ရပြီလို့ တွေးနေကြသည်။


ရက်ပေါင်းများစွာ ခန္ဓာကိုယ်သုံး အလုပ်လုပ်ရတာမလို့ ဂေါ်ပြားကို အသုံးပြုသောအခါတွင် သူသည် အကာအကွယ်လက်အိတ်ကို မ၀တ်ထားသောကြောင့် ချင်းချိန်၏လက်တွင် အရည်ကြည်ဖုများ ပေါ်လာခဲ့သည်။ ချင်းချိန်သည် အလုပ်မစမီ ကြိုတင်ပြင်ဆင်ဖို့ကိုလဲ ဂရုမစိုက်ပေ။


သို့သော် ချင်းချိန်အလုပ်စလုပ်ပြီးနောက် နင်ဟွရွာမှ အသက် 85 နှစ်အရွယ် အဖိုးကျန်းက သူ့ကို အမြန်တားသည်။


 "မလှုပ်နဲ့  ဒီသင်္ချိုင်းကို မထိရဘူး”  


အဖိုးကျန်း၏ နားများသည် အရင်လို မကောင်းတာကြောင့် သူ့အသံဟာ မတည်ငြိမ်ဘဲ တိုးလာလိုက် ကျယ်သွားလိုက် ဖြစ်နေပြီး ချင်းချိန်၏ရင်ကို ထိန်းမရသိမ်းမရဖြစ်စေသည်။ 


"ဘာဖြစ်လို့လဲ အဖိုး"


အဖိုးကျန်းဆီ ‌သွားကာ ချင်းချိန်က မေးလိုက်သည်။


"ကျွန်တော်တို့က ဥမင်တူးနေတာ။ ဒီမှာရှိနေတာက အန္တရာယ်များတယ်။ တောင်အောက်ကို ပြန်လိုက်ပို့ပေးရမလား"


ကျန်းမင်ယိုဟာ သူမွေးကတည်းက နင်ဟွရွာတွင် နေလာတာဖြစ်သည်။ ပြောင်းလဲမပြောင်းခဲ့သလို ပြောင်းချင်တဲ့ဆန္ဒလဲ မရှိခဲ့ပေ။ ပြီးတော့ ဒီနေရာတွင် နှစ်ရှစ်ဆယ်ကျော်စာ အမှတ်တရများစွာ ရှိနေ၏။ နင်ဟွရွာဟာ သူ့ရဲ့အုတ်မြစ်သာ ဖြစ်ပြီး ဘယ်လိုနည်းနဲ့မှ ပြောင်းမည်မဟုတ်ပေ။ အစိုးရက အရင်နှစ်တွေက သူ့ကို ပြောင်းခိုင်းခဲ့တာတောင် ခေါင်းမာမာဖြင့် ငြင်းလွှတ်ခဲ့၏။ သူတွေးခဲ့တာက


'ငါက‌ ဒီမှာပဲ မွေးလာတာဆိုတော့ ဒီမှာပဲသေမယ်'


အစက နင်ဟွရွာတွင် မိသားစု 20 ကျော် နေထိုင်ခဲ့သော်လည်း လက်ရှိတွင် သက်ကြီးရွယ်အို အနည်းငယ်သာ ကျန်ရှိတော့သည်။   ကျန်းမင်ယိုသည် သင်္ချိုင်းနှင့် အတော်အတန်ဝေးကွာသော နင်ဟွရွာ၏ အနောက်တောင်ဘက်တွင် နေထိုင်သည်။  မနေ့ညက ရှေးဟောင်းသုတေသနအဖွဲ့ဟာ သူတို့၏လုပ်ငန်းကို ပြန်စတော့မယ်ဆိုသော သတင်းကို ကြားတာမလို့ မနက်ခင်းတည်းက သူ့အိုနေသည့် ခန္ဓာကိုယ်ကြီးဖြင့် တောင်ပေါ်တက်‌လာပြီးသည့်နောက် ဂူသင်္ချိုင်းကို ရောက်တော့သည်။


သူ့အကြားအာရုံက အရင်ကလောက် မကောင်းပေမဲ့ တစ်ညမှာတော့ တောင်ပေါ်ကနေ ပျံလာနေတဲ့ ကျီးအုပ်ကြီးရဲ့အော်ဟစ်သံကို သူကြားလိုက်ရသည်။ ဒီလိုအဖြစ်မျိုး တစ်ခါမှ မမြင်ဖူးပေမဲ့ အနည်းဆုံးတော့ အရင်မျိုးဆက်တွေ ပြောခဲ့ဖူးတဲ့ စကားတွေကို မှတ်မိနေသေးသည်။ ကျီးကန်းတွေက တောင်ပေါ်ကနေ ပျံထွက်သွားသောအခါ ဘေးအန္တရာယ်အကြီးကြီး ဖြစ်လာလိမ့်မည်ဟု ဆိုကြ၏။


မကြာသေးမီက လူသတ်မှုကိစ္စအကြောင်း တွေးပြီးနောက် ကျန်းမင်ယိုက 


'ဒီရှေးဟောင်းသုတေသနပညာရှင်တွေက သင်္ချိုင်းပိုင်ရှင်ကို ဒေါသကိုဆွမိမှာကို ကြောက်တာ'


"အို မင်းတို့ လူငယ်တွေ ဆိုတာလေ လူကြီးတွေ ပြောတာ ဘယ်တော့မှ နားမထောင်ဘူး”  


အဖိုးကျန်းက စိုးရိမ်တကြီးနဲ့ ခေါင်းခါရင်း 


"တစ်ခုခုဖြစ်လာမှ ဒီကိစ္စက အရေးကြီးတယ်ဆိုတာ နားလည်မှာလား"


"ဘာဖြစ်လို့လဲ”  


ချင်းချိန်သည် ဒီအဘိုးကြီး ဘာလို့ စိတ်ဆိုးသည်ကို နားမလည်နိုင်သောကြောင့် ထပ်မေးလိုက်သည်။


"တစ်ခုခုဖြစ်လို့လား"


"လွန်ခဲ့တဲ့ ညက နင်ဟွရွာမှာရှိတဲ့ ကျီးကန်းတွေက တောင်ကြီးပေါ်ကနေ ပျံလာပြီး အကျယ်ကြီးအော်နေကြလို့ နားသိပ်မကြားရတဲ့ ငါတောင် ကောင်းကောင်းကြားနိုင်ခဲ့တယ်။ ဒါက ကြီးကြီးမားမား တစ်ခုခု ဖြစ်လာတော့မယ်ဆိုတဲ့ သတင်းစကားပဲ။ ‌ဒါက မြှုပ်နှံထားတဲ့ ဧကရာဇ်ရဲ့ အမျက်ဒေါသကြောင့်ဖြစ်တာ"


အတိတ်က အဖြစ်များကို ပြန်တွေးတောကာ မူးမေ့လဲမလို အသက်ရှုမဝဖြစ်နေသည်ကို ချင်းချိန်မြင်လိုက်ရသဖြင့် သူ့အား မြန်မြန် ဝင်ထိန်းထားလိုက်ရသည်။


"အဖိုး ဒါက သပ်သပ်.….."


ချင်းချိန် "အယူသီး”ဟူသော စကားတောင် မ‌ပြောလိုက်ရသေးခင်၊ သူ လတ်‌တလောကြုံတွေ့နေရသည်များကို တွေးမိပြီး ပါးစပ်ပိတ်သွားရသည်။


အဲဒီနောက် သူက ဆက်ပြီး


"အဖိုးကို ကျွန်တော် တောင်အောက် ပြန်လိုက်ပို့ပေးမယ်။ အဖိုးပြောတာကိုလဲ ကျွန်တော်တို့ သေချာ စဉ်းစားကြည့်လိုက်ပါမယ်"


"မင်းတို့ အလုပ်ကို ဆက်လုပ်ချင်ကြသေးတာလား။ ဘာလို့ မလုပ်ဘဲ မနေကြတာလဲ။ ငါတော့.."


"ချင်းချိန်၊ မကောင်းတော့ဘူး။ ပါမောက္ခလီက လင်းဟုန်ရှင်း တခုခု ဖြစ်သွားတယ်လို့ ပြောလာတယ်"


ကျန်းကျွင်းက ချင်းချိန်ဆီ ပြေးလာပြီး


"ပါမောက္ခလီက လင်းဟုန်ရှင်းရဲ့ မိဘတွေဆီ ဆက်သွယ်ကြည့်တော့ သူတို့ပြောတာက သူ့ခန္ဓာကိုယ်က ပုပ်လာနေတယ်တဲ့"


"ပုပ်တယ်ဟုတ်လား။ သူသေပြီလား"


ကျန်းကျွင်း၏ စကားတွေကြောင့် ချင်းချိန် မူးနောက်လာပြီး အလုပ်သမားတွေမှာလဲ သူတို့လုပ်နေတာတွေ ရပ်လိုက်ကြသည်။


"သူ မသေသေးဘူး။ ဒါပေမဲ့ ‌ဆရာဝန်တွေက သူ့ခန္ဓာကိုယ် ဘာလို့ပုပ်လာသလဲဆိုတာ မသိဘူးတဲ့"


"လက်စားချေတာပဲ။ ဒါက သင်္ချိုင်းပိုင်ရှင်ရဲ့ ဒေါသကြောင့် ဖြစ်တာ"


ချင်းချိန်ဟာ အဖိုးကျန်းပြောတာကို မကြားနိုင်တော့ဘဲ ဆယ်မီတာလောက်တူးပြီးပြီဖြစ်သည့် လိုဏ်ခေါင်းထဲကို လှမ်းကြည့်လိုက်သည်။ နက်မှောင်နေသည့် အတွင်းဘက်က ချင်းချိန်အား ကြက်သီး တဖြန်းဖြန်း ထသွားစေတော့၏။


သူ့နားထဲ အသံတစ်ခုက မြည်ဟီးနေလေသည်။


"ပြေးပေါက်မရှိ..."