Chapter 5
ထိုညက မတော်တဆဖြစ်ခဲ့သည့် လူသုံးဦးအနက် တစ်ဦးမှာ သေဆုံးပြီး တစ်ဦးမှာ မသေရုံတမယ်ဖြစ်ကာ ကျန်တစ်ဦးမှာတော့ အသက်ရှင်ရက် ကျန်နေခဲ့သည်။
ခန္ဓာကိုယ်တွင် ဒဏ်ရာ အသေးအဖွဲလေးတွေရပြီး ရက်ပိုင်းလောက် မေ့မြောနေခဲ့သည်။ သူ နိုးလာတော့ ရဲတွေက စစ်ဆေးမေးမြန်းဖို့ ခေါ်ခဲ့၏။ သို့သော်ငြား သူမေးခွန်းတွေဖြေလေလေ ကိစ္စက ပိုဆန်းကြယ်လာလေလေ ဖြစ်နေသည်။
ကျန်းဖိန် သည် ရာဇဝတ်မှုကြီးတွေကို ကိုင်တွယ်ရာမှာ ဝါရင့်နေပြီဖြစ်သည်။ ပြစ်မှုသံသယရှိသူတွေ၊ စစ်မေးဖို့ ခေါ်လာသော သူတွေကို ဘယ်သူက လိမ်ညာတယ် ဘယ်သူက အမှန်အတိုင်းပြောနေတယ်ဆိုတာ မျက်လုံးကို ကြည့်တာနဲ့ ခန့်မှန်းနိုင်သည်။
သို့သော် သူ့ရှေ့ရှိ မျက်မှန်နှင့် ကောင်လေးကတော့ သူဟာ အကြောင်းအရင်းမရှိဘဲ တိုက်ခိုက်ခံရတယ်၊ မမြင်ရသည့် အားတစ်ခုက သူ့ကို ဆွဲခေါ်သွားတယ်လို့ အခိုင်အမာပြောနေသည်။ ဒီလို ထူးဆန်းသော စွမ်းအားတွေဆိုတာ အလိမ်အညာနဲ့တူပေမဲ့ သူ့စကားလုံးတွေထဲမှာ မုသားပါနေတယ်လို့ ကျန်းဖိန် မခံစားရပေ။
ကျန်းဖိန်သည် စားပွဲပေါ် လက်ဖြင့် တတောက်တောက် ခေါက်နေရင်း ချင်းချိန်ကို ကြည့်လိုက်သည်။ အကြာကြီးငြိမ်သက်နေအပြီးမှာ ထပ်မေးပြန်၏။
"လင်းဟုန်ရှင်းက ညဘက်ကြီး မင်းအခန်းတံခါးကို လာခေါက်တယ်လို့ ပြောတယ်နော်။ ဘာလို့ဆို ကျန်းပေါ်ကို သွားရှာချင်လို့ မင်းကို အဖော်လာခေါ်တာပေါ့ ဟုတ်လား"
ကျန်းဖိန် ရှေ့တွင် ထိုင်နေသည့် ချင်းချိန်က ခေါင်းညိတ်လိုက်ကာ
"ဟုတ်ပါတယ်"
"အဲတာ ဘယ်အချိန်တုန်းက လာခေါ်ခဲ့တာလဲ"
"အဲဒီညက ခုနှစ်နာရီနဲ့ ရှစ်နာရီကြားမှာပါ"
"အဲဒီအချိန်တုန်းက မင်းဘာလုပ်နေခဲ့တာလဲ"
"ကျွန်တော် ရေချိုးနေတာပါ"
"ဒါဆို လင်းဟုန်ရှင်း မင်းကို လာရှာတုန်းက သူဘာပြောခဲ့သလဲ"
သူ့ရှေ့ရှိ အသက်သုံးဆယ်ထက် မကျော်ပုံရသော ရဲကိုကြည့်ကာ ချင်းချိန် မျက်မှောင်ကြုတ်လိုက်ပြီး ပြောသည်။
"သူက ကျွန်တော့်အခန်းတံခါးကို လာခေါက်ပြီး ကျန်းပေါ် အရင် ညတည်းက ပြန်မရောက်လာသေးဘူးလို့ ပြောတယ်။ သူ တစ်ခုခုဖြစ်နေမှာ စိုးရိမ်လို့ ကျန်းပေါ်ကို သွားရှာဖို့အတွက် ကျွန်တော့်ကို လာခေါ်ခဲ့တာ"
"ကျန်းပေါ် ဘယ်မှာရှိနေခဲ့လဲ မင်းသိခဲ့လား"
ချင်းချိန်က ဆေးရုံဆင်းခါစ ဖြစ်လို့ ခန္ဓာကိုယ်အားနည်းနေတာ မပျောက်သေးပေ။ သို့သော်ငြား သူ့က စစ်ဆေး မေးမြန်းခံနေရသည်။
ဒီလိုမေးခွန်းတွေမေးတော့ အဲဒီညက ဖြစ်ပျက်ခဲ့တာတွေကို ပြန်တွေးရင်း ချင်းချိန် ခေါင်းတွေ ကိုက်လာ၏။ သူ မကြောက်ဘူးလို့ပြောရင် ဒါဟာ လိမ်ညာနေသည်သာ။ သို့သော်လည်း ခေါင်းကိုက်နေတာရယ် စိတ်တိုနေတာရယ်နဲ့ ရောပြီး အသက်ပြင်းပြင်းရှူကာ လေသံမာမာဖြင့်
"ဒီလိုမေးခွန်းတွေပဲ ခဏခဏပြန် မေးနေတာပဲ။ ရဲအရာရှိကြီး နောက်ထပ်မေးစရာမရှိတော့ရင် ကျွန်တော်သွားလို့ ရပြီလား"
သူ့ရှေ့က ကောင်လေးဟာ ပင်ပန်းနေတာ ဖြစ်ပြီး စိတ်ဆိုးနေတာ မဟုတ်မှန်း ကျန်းဖိန် သိ၏။ အဲတာကြောင့်ပင် ချင်းချိန်ကို ခေါင်းညိတ်ပြလိုက်ကာ
"ကောင်းပြီလေ ဒါဆို နောက်ဆုံးမေးခွန်းတစ်ခုပဲ မေးမယ်"
သူ့ဘေးနားက ရှောင်လင်းတစ်ယောက် ကွန်ပြူတာနဲ့ အချက်အလက်တွေ လိုက်မှတ်နေလား ကြည့်လိုက်ပြီးနောက် လက်ဖက်ရည် တစ်ငုံသောက်လိုက်ကာ
"မင်းကို မမြင်ရတဲ့ အားတစ်ခုက ချုပ်ထားတယ်လို့ ပြောတယ်မလား။ ဘယ်လို လွတ်လာခဲ့တာလဲ"
ဒီမေးခွန်းကို ကြားတော့ ချင်းချိန်၏ မျက်တောင်တွေ တဖြတ်ဖြတ် ခတ်လာသည်။ စိတ်ထဲကနေ အလိုလို ကျောက်စိမ်းဆွဲပြားအကြောင်း ရဲကို မသိစေချင်ပေ။ အဲတာကြောင့် နောက်ဆုံးချင်းချိန်က
"ဘာလို့လဲ ကျွန်တော်လဲမသိဘူး။ ကျွန်တော် အသိပြန်ဝင်လာတော့ အဲဒီအရာကြီးက ရပ်သွားတာပဲ"
ကျန်းဖိန်၏ အကြည့်ကို မရှောင်ဘဲ ချင်းချိန်က မေးလိုက်သည်။
"ကျွန်တော်သွားလို့ရပြီလား"
ကျန်းဖိန် ခေါင်းညိတ်လိုက်သည်။
"ရပါပြီ။ ပူးပေါင်းပေးလို့ ကျေးဇူးတင်ပါတယ်။ မင်းအခု သွားလို့ရပြီ။ အမှုမှာ ကိစ္စတစ်ခုခု ထူးလာရင် မင်းကို ဆက်သွယ်လိုက်ပါ့မယ်"
ချင်းချိန် ထွက်သွားတော့ အချက်အလက်တွေ ရေးမှတ်နေသည့် ရှောင်လင်းက
"သရဲဝတ္ထုရေး နေရသလိုပဲ။ ထူးထူးဆန်းဆန်း စွမ်းအားတွေရော၊ ရီစရာ ကောင်းချက်ပဲ။ စစပြောကတည်းကိုက လုံးဝ အဓိပ္ပာယ် မရှိတာကြီး"
ပစ္စည်းတွေသိမ်းပြီး နေ့လယ်စာစားဖို့ ပြင်ဆင်နေရင်း ရှောင်လင်းက ပုံမှန်အတိုင်း လက်ထောက်အရာရှိ ကို မေးလိုက်သည်။
"အာ စကားမစပ် လက်ထောက်အရာရှိ၊ သူအမှန်တွေ ဘယ်လောက်ပြောခဲ့တယ်ထင်လဲ"
လက်ဖက်ရည်ကိုသောက်လိုက်ပြီးနောက် ကျန်းဖိန်က
"နောက်ဆုံးတစ်ခုကလွဲလို့ ကျန်တာတွေက အမှန်တွေပဲ"
"ထူးဆန်းတဲ့ စွမ်းအားအကြောင်းရောလား"
ရှောင်လင်းက ရယ်ရမလား ငိုရမလားတောင်မသိဘဲ ခေါင်းခါလိုက်သည်။
"ဒါဆို သူ့စကားတွေထဲမှာ ဘယ်ဟာမှားနေတာလဲ"
"နောက်ဆုံးအဖြေ"
...
ရဲစခန်းကနေ ထွက်လာသည်နှင့် ချင်းချိန် ခေါင်းကိုက် ပျောက်သွားတော့သည်။ အဲဒီနောက် ချင်းချိန်က ရဲစခန်းရှေ့မှာ ရပ်နေသည့် သူ့မိဘတွေနဲ့အတူ ပရော်ဖက်ဆာ လီကော်ရှန်းကိုပါ တွေ့လိုက်ရသည်။ သူ့ မိဘတွေကို စိတ်မပူစေချင်တာကြောင့် ချင်းချိန်က ပြုံးလိုက်ပြီး ရှေ့သို့ လျှောက်လာလိုက်သည်။
"အဖေ အမေ ပရော်ဖက်တာလီ"
သူ့မိဘတွေ အရင်စကားမပြောခင် ချင်းချိန်က ပြောလိုက်သည်။
"အားလုံးအဆင်ပြေပါတယ်။ ကျွန်တော် မေးခွန်းတွေ အကုန်ဖြေခဲ့ပြီးပြီ။ အမေနဲ့အဖေ ဖုကျန်းမှာ ရှိတဲ့ အလုပ်ကို ပြန်သွားမလို့ စီစဉ်ထားတာမဟုတ်ဘူးလား။ ဘာလို့ နှစ်ယောက်လုံး ဒီမှာရှိနေသေးတာလဲ"
"အားချိန်ရယ်။ အမေတို့နဲ့ ရက်ပိုင်းလောက် လာမနေချင်ဘူးလား။ အကြာကြီးနေမှ တစ်ခါလောက် ကောင်းကောင်း နားရတာကို။ ပြီးတော့ သားက ဆေးရုံဆင်းခါစပဲ ရှိသေးတယ်လေ.."
ထန်လီဟွာက သူ့သား၏လက်ကို ကိုင်ပြီး ဝမ်းနည်းမှု အပြည့်ဖြင့်
"သားတစ်ယောက်ပဲ ဒီမှာ နေနေမယ်ဆိုရင် အမေတို့ စိတ်ပူနေရမှာပေါ့"
"ဘာ စိတ်ပူစရာရှိလို့လဲ အမေရယ်။ ဒီမှာ သားအတန်းဖော်တွေနဲ့ လုပ်ဖော်ကိုင်ဖက်တွေ ရှိပါတယ်။ ပြီးတော့ လုပ်စရာအလုပ်လဲ ရှိသေးတယ်လေ"
အဲဒီညက အတိအကျ ဘာတွေဖြစ်ခဲ့လဲဆိုတာကိုတော့ သူ့မိဘတွေကို မပြောဘဲ မတော်တဆမှုသာ ဖြစ်ကြောင်း အတိုချုံးရှင်းပြလိုက်သည်။
သူ အိမ်မပြန်ချင်တာတော့ မဟုတ်ပေ။ အမှန်အတိုင်းပြောရရင် ဒီအချိန်မှာ အိမ်ပြန်ပြီး လုံလုံခြုံခြုံ နေချင်တာကလွဲရင် ဘာမှထပ်မလိုချင်တော့ချေ။ သို့သော်လည်း သူဟာ ဒီကိစ္စတွင် ပတ်သက်မိတဲ့ လူသုံးယောက်ထဲက တစ်ယောက်ပင် ဖြစ်၏။ သူသာ ဒီတိုင်းထွက်သွားရင် သူ့မိဘတွေပါ ပါလာမှာစိုးသည်။ အဲတာကြောင့် သူတို့ကို ဒီနေရာကနေ မြန်မြန် ထွက်သွားခိုင်းဝာာက ပိုကောင်းသည်။
"အမေ အိမ်ပြန်လိုက်ပါ။ ကျွန်တော် အားတာနဲ့ လာတွေ့ပါမယ်"
သူတို့ ဘေးတွင်ရပ်နေသည့် လီကော်ရှန်းက ပြုံးပြီးပြောသည်။
"ဟုတ်တယ်။ အလုပ်က အရေးကြီးဆုံးပဲလေ။ ချင်းချိန်က ကျွန်တော် သဘောအကျဆုံး ကျောင်းသားလေးပါ။ သူ့ကို သေချာဂရုစိုက်ပေးလိုက်ပါ့မယ်။ နှစ်ယောက်လုံးစိတ်မပူကြပါနဲ့"
လီကော်ရှန်းမှာ အရေးကြီး ကိစ္စတစ်ခုခုရှိလို့ သူ့ကို ရဲစခန်းရှေ့မှာ လာစောင့်နေမှန်း ချင်းချိန် သိသည်။
"ပရော်ဖက်ဆာလီက ကျွန်တော့်ကို ကူညီပေးမယ်ဆိုရင် မကောင်းတာ ဘာမှ မဖြစ်လောက်ပါဘူး"
ဝမ်းနည်းနေသည့် သူ့မိဘတွေကိုကြည့်ကာ ချင်းချိန် ရင်ဘတ်ထဲ အောင့်သပ်သပ်ဖြစ်နေပြီး သက်ပြင်းချလိုက်မိသည်။
"အဖေနဲ့အမေ ရထားလက်မှတ်ကို ဖျက်လိုက်တော့။ ကျွန်တော် လေယာဉ်လက်မှတ် ဝယ်ပေးလိုက်မယ်။ ရထားပေါ်မှာ အကြာကြီး ထိုင်နေရတာ မလွယ်ဘူး"
"လေယာဉ်လက်မှတ်က ရထားလက်မှတ်ထက် ပိုဈေးကြီးတယ်လေ။ ပြီးတော့ သားအဖေနဲ့ အမေက အချင်းချင်းအဖော် ရှိတာပဲ။ နှစ်ရက်က မျက်စိတစ်မှိတ်အတွင်း ကုန်သွားမှာ။ အဆင်ပြေပါတယ် ပိုက်ဆံမဖြုန်း ပါနဲ့ကွယ်။ ပြီးတော့ သားမှာ တစ်နေ့အသုံးစရိတ်အတွက်တောင် ပိုက်ဆံမလောက်တာကို"
"ဟိုတုန်းက အခုတော့ သုတေသနလုပ်ငန်းအတွက် ကျွန်တော် အပိုငွေ ရခဲ့တယ်လေ။ ကျွန်တော် အမေတို့အတွက် လေယာဉ်လက်မှတ် ဝယ်ပေးနိုင်ပါတယ်"
ချင်းချိန်က ပြုံးလိုက်ပြီး
“ဘွဲ့ရပြီးနောက် နှစ်နှစ်လုံးလုံး ကျွန်တော် ပိုက်ဆံတွေ စုထားခဲ့သေးတယ်။ အမေသိပြီးသားမလား"
"မင်းရဲ့ သားကို သူလုပ်ရမယ့် ဝတ္တရားကို လုပ်ခိုင်းလိုက်ပါ။ ဒါက ကြင်နာမှုကို ဖော်ပြတာမျိုးပဲလေ။”
စီနီယာ ပရော်ဖက်ဆာ လီကော်ရှန်းက သူ့အတွက် ကူပြောပေးတော့မှ ချင်းချိန်၏မိဘများလဲ ဘာမှမပြောတော့ဘဲ ခေါင်းသာ ညိတ်လိုက်ကြသည်။
ချင်းချိန်က မိဘများ ပြန်တာကို လိုက်ပို့ချင်နေမှန်း သိသဖြင့် လီကော်ရှန် က X တက္ကသိုလ် သို့ အရင်ပြန်နှင့်ကာ ချင်းချိန်ကို နောက်မှ တွေ့ရန် ချိန်းဆိုခဲ့သည်။ ချင်းချိန်သည် မိဘများအတွက် လေယာဥ်လက်မှတ်ကို ဝယ်ပေးပြီးနောက် ဒေသထွက်ပစ္စည်း အိတ်အနည်းငယ်ကိုလဲ ဝယ်ထည့်ပေးလိုက်သေးသည်။ မိဘများကို လေယာဥ်ပေါ်ပို့ပေးပြီးမှသာ ချင်းချိန်က ဘက်စ်ကားလက်မှတ်ဝယ်ကာ ကျောင်းသို့ ပြန်ခဲ့သည်။
သို့သော်လည်း သုတေသနခန်း သို့ရောက်ချိန်တွင် လူအချို့က သူ့ကို စောင့်ဆိုင်းနေသည်ကို တွေ့လိုက်ရသည်။
Note : ကျန်းဖိန် နဲ့ ကျန်းပေါ် က ကျန်း ဆိုတဲ့ အသံထွက်တူပေမဲ့ စာလုံးပေါင်း မတူပါဘူး။