Chapter 3
ညက ပိန်းပိတ်အောင် မှောင်မဲနေသည်မှာ နှစ်ကြာရှည်စွာ ဆွေးမြေ့နေသော အလောင်းကောင်များပေါ်သို့ အနက်ရောင်သွေးပြစ်ပြစ်များ ပက်ဖြန်းထားသလားဟု ထင်ရသည်။ အားပြင်းသော လေတို့ကလည်း လေလမ်းကြောင်းတစ်လျှောက်ရှိ အပင်များနှင့် ရွှံ့မြေပေါ် တင်နေသည့်ရေများကို လှုပ်ခါယိမ်းထိုးနေစေ၏။ သူတို့ ပတ်ဝန်းကျင်ရှိ လေထုက သိပ်သည်းဆများလာပြီး အသက်ရှုရ ခက်ခဲလာစေသလို အနံအသက်တစ်မျိုး ပါနေခြင်းကလည်း ကြောက်ရွံနေသူ၏ စိတ်ကို တင်းကြပ်လာစေကာ စိုးရွံ့မှုကို တိုးပွား လာစေတော့သည်။
တိမ်တိုက်ထူထူကြီးမှာ လရောင်ကို လုံးဝဖုံးကွယ်ထားပြီး တောင်ပေါ်တွင် စိမ်းရွှေရွှေအရောင်အဆင်း ကျရောက်လို့နေ၏။ လိုဏ်ခေါင်းအတွင်းဝယ် အမှောင်ထုသည်လည်း ပိုမိုသိပ်သည်းလာပြီး မုန်းတီးဟန်ဖြင့် စိုက်ကြည့်နေပုံရသည့် မျက်နှာတစ်ခုအား မြင်ယောင်နေသကဲ့သို့ ဖြစ်နေလေသည်။
ကျန်းပေါ်၏ မျက်နှာကြွက်သားများက အောက်သို့တွဲကျနေပြီး သူ့လျှာကလည်း လည်ချောင်းထဲမှ အပြင်သို့ ဆွဲထုတ်ခံထားရသလို ရှည်ထွက်နေ၏။ လက်ချောင်းများက ရွှံ့များကို ဆုပ်ကိုင်ထားခြင်းကိုကြည့်လျှင် ကြောက်စရာတစ်စုံတစ်ခုထံမှ လွတ်မြောက်ရန် အသည်းအသန် ကြိုးစားခဲ့ပုံရလေသည်။ သူ့မျက်လုံးများက ပြူးထွက်လျက် ဝင်ပေါက်နေရာကို အသေစိုက်ကြည့်နေသည်က ခုမှ ဝင်လာသည့် ချင်းချိန်တို့နှစ်ယောက်ကို ကြည့်နေသလား ထင်မှတ်ရသည်။
ကြောက်မက်ဖွယ်ရာမြင်ကွင်းကြောင့် ချင်းချိန်မှာ အံ့အားသင့်သွားပြီး နောက်သို့ ခြေတစ်လှမ်းဆုတ်လိုက်မိသည်။
သူ့ဘေးရှိ လင်းဟုန်ရှင်းသည်တော့ မြေပေါ်လဲကျသွားကာ မျက်နှာကြီးဖြူဖတ်ဖြူရောဖြစ်သွားပြီး ကြောက်အားလန့်အား ဖြစ်သွားတော့၏။
"ရဲခေါ်။ ချင်းချိန် အခုချက်ချင်း ရဲခေါ်"
အသည်းအသန် ပြေးထကာ လင်းဟုန်ရှင်းတစ်ယောက် ချင်းချိန်လက်မောင်းကို ကုတ်ဖက်ထားပြီး လက်တွေ တုန်ယင်နေလျက် ထိတ်လန့်တကြား အော်ဟစ်နေလေသည်။
တကယ်ဆိုလျှင် ဒီလိုအခြေအနေမျိုးမှာ ချင်းချိန်က တည်ငြိမ်နေတာမျိုးတော့ မဟုတ်ပေ။ သူ့ကိုယ်သူ တည်ငြိမ်အောင်တောင် မနည်းကြိုးစားနေရတာကို လင်းဟုန်ရှင်းက သူ့လက်ကို လာကုတ်ထားတော့ ဆုပ်ကိုင်တာ အားပါခြင်းကြောင့် တင်းကြပ်နေသည်။ လင်းဟုန်ရှင်းက ပိုညစ်ထားလေလေ သူပိုနာလေလေပဲ ဖြစ်၏။ ချင်းချိန်က သူ့လက်ကို ဖယ်လိုက်ပေမဲ့ လင်းဟုန်ရှင်းကတော့ သူ့ကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားသည်။ စိတ်ရှုပ်စွာ ချင်းချိန်သည် လင်းဟုန်ရှင်းကို လှည့်ကြည့်လိုက်တော့ သူ့ကျောရိုးကို အေးစိမ့်သွားစေသည့် ထိတ်လန့်စရာမြင်ကွင်းကို မြင်လိုက်ရပြီး ခန္ဓာကိုယ်တစ်ခုလုံး တောင့်တင်း သွားတော့သည်။
လင်းဟုန်ရှင်း၏ ခေါင်းမထိခိုက်ထားတာ သေချာပြီး လွန်ခဲ့သော မိနစ်ပိုင်းကပင် အကောင်းချည်း ရှိသေးသည်။ ယခုတော့ လင်းဟုန်ရှင်း၏ ငယ်ထိပ်မှ မျက်နှာပေါ်သို့ ထူထဲသော သွေးစီးကြောင်းများ စီးကျလာသည်ကို ချင်းချိန် တွေ့လိုက်ရသည်။
"လင်းဟုန်ရှင်း ငါ့ကိုလွှတ်"
လင်းဟုန်ရှင်းက သူ့လက်ကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားသည်ကြောင့် အထိတ်တလန့် ဖြစ်မိသွားသည်။ သူ လင်းဟုန်ရှင်းကို ခြေထောက်နှင့်ကန်ထုတ်သော်လည်း အချည်းနှီးသာ။
လင်းဟုန်ရှင်းမှာ ချင်းချိန်တစ်ယောက် နာကျင်နေသည်ကို သတိပြုမိပုံမရဘဲ မျက်လုံးအပြူးသားဖြင့် စိုက်ကြည့်နေလေသည်။ လင်းဟုန်ရှင်း သူ့လက်ကို ဆုပ်ကိုင်ထားလွန်းသည်က အရိုးကျိုးသံတောင် ကြားရတော့ မလိုပင်။
အရာအားလုံးဟာ လျင်မြန်စွာ ပြောင်းလဲသွားတော့၏။ လင်းဟုန်ရှင်း ရုတ်တရက်ကြီး ဒီလိုမျိုးပြုမူနေသည်မှာ ထူးဆန်းလှသည်။ လင်းဟုန်ရှင်း၏ ထိတ်လန့်နေသည့် အမူအရာကို ကြည့်ကာ ဓာတ်မီးဖြင့် သူ့ခေါင်းကို ထုချလိုက်တော့သည်။
ဒီလိုလုပ်လိုက်တော့ လင်းဟုန်ရှင်းတစ်ယောက် အသိပြန်ဝင် သွားဟန်ပင်။ ချင်းချိန်၏လက်ကို ကျစ်ကျစ်ပါအောင် ဆုပ်ထားမှန်း သတိပြုမိသွားသည်နှင့် မြေပြင်ပေါ်ပြိုလဲသွားတော့၏။ ထို့နောက် ခေါင်းကိုအုပ်ကာ မချိမဆန့်အော်နေတော့ ချင်းချိန်လန့်သွားပြီး နောက်ဆုတ်လိုက်မိသည်။
"ငါ..ငါတို့..မလာခဲ့သင့်ဘူး"
လင်းဟုန်ရှင်းမှာ သွေးတွေ စိုရွှဲနေသည့် ခေါင်းကိုခါပြီး ထူးဆန်းစွာ ပြောလေသည်။
"ငါတို့ သင်္ချိုင်းပိုင်ရှင်ကို ဒေါသထွက်အောင်လုပ်မိခဲ့ပြီ"
ချင်းချိန်သည် နာကျင်နေသည့်လက်မောင်းကို ဆုပ်ကိုင်ကာ ထိတ်လန့်နေသည့် လင်းဟုန်ရှင်းကို ကြည့်လိုက်သည်။
"ငါတွေ့လိုက်တယ် ရှုံ့မဲ့နေတဲ့ မဲပြာပြာအရာကြီးကို.. သူငါတို့ကို သေစေချင်နေတာ"
တစ်ကိုယ်လုံး တုန်ယင်နေသည့် ချင်းချိန်မှာတော့ လင်းဟုန်ရှင်း၏ စကားတွေကို နားထောင်မနေချင်တော့ဘဲ ဖုန်းထုတ်ကာ 110ကို ဆက်လိုက်သည်။
ရဲခေါ်ပြီးတော့ ချင်းချိန် ဘယ်လိုပြန်ရမလဲ မသိပေ။ သူ့ရှေ့က မြေပေါ်လဲနေသည့် လင်းဟုန်ရှင်းသည်တော့ လုံးဝကို စိတ်မတည်ငြိမ်တာကြောင့် ချီဖို့လုပ်ရတော့သည်။ ချင်းချိန်သည် လင်းဟုန်ရှင်းတစ်ယောက် ရုတ်တရက် စိတ်ထဖောက်ပြီး သူ့လည်ပင်းကိုများ ထကိုက်မလားဟု အာမမခံနိုင်သော်ငြား သွေးတွေနှင့်လဲ ဒီလိုမျိုး မထားခဲ့နိုင်ပေ။
သူက အရမ်းဂရုစိုက်ပေးတတ်သည့် သူမျိုးတော့ မဟုတ်သော်ငြား ဒီလိုကြီးတော့ မရက်စက်နိုင်တာဖြစ်သည်။
ဘယ်အချိန် သူ့အဝတ်တွေ မိုးစိုထားလဲမသိ ချင်းချိန်မှာ အခုဘာတွေ ဖြစ်နေလဲမသိသော်ငြား ဒီနေရာမှာတော့ ဆက်မနေနိုင်တော့ပေ။
သူသည် ထူးထူးဆန်းဆန်းစွမ်းအားတွေ ပရလောကအကြောင်းတွေ ကြားခဲ့ရပြီး ကြောက်စရာအကောင်းဆုံး သရဲကားတွေတောင် ကြည့်ခဲ့ဖူးသည်။ အမှန်အတိုင်းဆိုရလျှင် သူအဲဒီလို အတုအယောင်အရာတွေကို မကြောက်တတ်ပေမဲ့ တကယ့်အစစ်နှင့်တွေ့ပါက စိတ်အေးအေးထားနိုင်မည်ဟုလဲ မဆိုလိုနိုင်ချေ။
လူတွေဟာ မသိတာကို ကြောက်တတ်ကြသည်။ ညလယ်ခေါင်ကြီး လင်းဟုန်ရှင်း သူ့ဆီလာတုန်းက သူ့နောက်ကနေလိုက်သွားမည်ဟု ဆုံးဖြတ်လိုက်သည်မှာ မိုက်ရူးရဲဆန်သည်ဟုပင် ချင်းချိန် ခံစားလိုက်ရသည်။ ရူးလွန်းသည်များ ရဲကိုတန်းမခေါ်ခဲ့မိတာပင်။
သတိအကြီးအကျယ် ထားနေရသည်က အတော်လေးပင်ပန်းလှသည်။ သူ့ရှေ့တွင် ညည်းတွားနေသည့် လင်းဟုန်ရှင်းကို ဓာတ်မီးအလင်းရောင်ဖြင့် ကြည့်လိုက်တော့ ခုနကထက် ဖြူဖျော့နေတာတွေ့ရသည်။
သွေးထွက်လွန်နေပြီး အသက်အန္တရာယ်ရှိနေပြီပင်။
ရုတ်တရက် သူတွေးလိုက်သည်က လင်းဟုန်ရှင်းသာ ဒီလိုမျိုးသေသွားလျှင် ရဲတွေလာသည့်အခါ သူ ဘယ်လိုရှင်းပြရမည်လဲ။ အလောင်းက နှစ်လောင်းပြိုင် သဘာဝလွန်စွမ်းအားကြောင့် သေသည်ဟု ပြောလျှင် မည်သူက ယုံမည်နည်း။
ပြောစရာ မရှိတော့ပေ။
ချင်းချိန်သည် ဓာတ်မီးကို ကြည့်ကာ လင်းဟုန်ရှင်း၏ခေါင်းကို ဒါဖြင့် ထုလိုက်တာကြောင့် သူ့ဒဏ်ရာဟာ သူနှင့်မဆိုင်ပါဘူးဟု ပြောလျှင် ဘယ်သူမှယုံမည် မဟုတ်ချေ။
တွေးရင်းဖြင့် ချင်းချိန် ဇောချွေးတွေ ပြန်လာသည်။
'မဖြစ်ဘူး၊ လင်းဟုန်ရှင်း သေလို့မဖြစ်ဘူး။ သူသေရင် ငါပါလိုက်သေမှ ရမှာ'
ထိုအချက်ကို အမှတ်ရလိုက်ပြီးနောက် လင်းဟုန်ရှင်း စိတ်ဆိုးလား မစိတ်ဆိုးလား ဂရုမစိုက်ဘဲ ဒဏ်ရာများကို စစ်ဆေးရန် သူ့နံဘေးသို့ အမြန်ပြေးသွားခဲ့သည်။
လင်းဟုန်ရှင်း အသက်ရှုနေဆဲ ဖြစ်ကြောင်း သေချာစေရန် ချင်းချိန်သည် သူ၏အကျီပါးကို ချွတ်လိုက်ပြီး လင်းဟုန်ရှင်း၏ ဦးခေါင်း ဒဏ်ရာကို ပတ်လိုက်သည်။ သူ့လက်မောင်းမှာ ဒဏ်ရာရသွားသောကြောင့် လင်းဟုန်ရှင်းကို တောင်ပေါ်မှ ချီသွားရန် လုံးဝမဖြစ်နိုင်ပေ။
ချင်းချိန်သည် လင်းဟုန်ရှင်း၏ နံဘေးတွင်သာ စောင့်နေနိုင်ပြီး သူ မသေအောင် သေချာကြည့်နေ၏။
မှောင်မိုက်နေသော တောင်ကြီးသည် အလွန်တိတ်ဆိတ်နေပြီး မိုးပိုသည်းလာကာ သူ၏အေးစက်ပြီး စိုနေသော ခန္ဓာကိုယ်ကို ရိုက်ခတ်လာသည်။ သူ့နောက်မှာ မိုးဝင်ခိုနိုင်သည့် ဥမင်လိုဏ်ခေါင်းတစ်ခု ရှိတယ်ဆိုတာ ချင်းချိန်က သိပေမဲ့ လုံးဝ မ၀င်ချင်ပေ။ သူ့ကို စိုက်ကြည့်နေသော မျက်လုံးတစ်စုံရှိမှန်း သူသိသောကြောင့်ပင်။ ထိုမျက်လုံးများသည် ထပ်မမြင်ရတော့ကြောင်း သူသိသော်လည်း ၎င်းသည် ချင်းချိန်၏ကျောရိုးတစ်လျှောက် အေးစိမ့်သွားစေ၏။
ရဲတွေ သူတို့ရောက်နေတဲ့နေရာကို ရှာမတွေ့မှာကို ကြောက်လို့ ဖုန်းထပ်ခေါ်လိုက်တော့ ရဲတွေလမ်းမှာ လာနေပြီဖြစ်ကြောင်း သိလိုက်ရသဖြင့် အနည်းငယ် စိတ်သက်သာရာ ရသွားသလို ခံစားလိုက်ရသည်။
သို့သော် ခဏတာမျှသာ သက်သာရာရသွားသည်။ ခဏနေတော့ ဗြုန်းစားကြီး ရုတ်တရက်ဆိုသလိုပင် ချင်းချိန်တစ်ယောက် ငါးမီတာအကွာကို လွှင့်ပစ်ခံရလိုက်ပြီး သူ့လက်နှိပ်ဓာတ်မီးက သူ့ဆီကနေ အဝေးကို ပြုတ်ကျသွားသည်။
မြေပြင်ပေါ်သို့ အပြင်းအထန် လဲကျသွားပြီးနောက် ရင်ဘတ်တွင် နာကျင်ကိုက်ခဲမှုကို ခံစားခဲ့ရသည်။ ချင်းချိန်သည် ဘာမှမမြင်ရသော်လည်း’တစ်စုံတစ်ခု’သည် သူ့ထံ ချဉ်းကပ်နေသည်ဟု ခံစားမိသေးသည်။ သူ့နောက်မှာတော့ ကျန်းပေါ် တူးထားတဲ့ ဥမင်လိုဏ်ခေါင်းရှိပြီး နောက်မဆုတ်နိုင်တဲ့ ချင်းချိန်က လိုဏ်ခေါင်းအတွင်းကို ဝင်ဖို့ကလွဲလို့ တခြားရွေးချယ်စရာမရှိတော့ပေ။
ကျန်းပေါ်၏အလောင်းပေါ် တွားသွားပြီးနောက် ချင်းချိန်သည် အတွင်းထဲသို့ ဝင်ရန် အတတ်နိုင်ဆုံး ကြိုးစားခဲ့သည်။ ထိုအချိန်တွင် သူ့ခြေကျင်းဝတ်ကို အားကြီးကြီးဖြင့် ဆုပ်ကိုင်ထားသလို ခံစားလိုက်ရသည်။
"အား"
‘ချီး သွားပါပြီ’
‘အဲဒီအရာ’က သူ့ကို ဥမင်လိုဏ်ခေါင်းထဲကနေ ဆွဲထုတ်ဖို့ ကြိုးစားနေတာကို သိလိုက်ရတော့ ချင်းချိန်က ထိတ်လန့်သွားပြီး ဥမင်နံရံက ကျောက်တုံးတစ်တုံးကို တင်းတင်းကြပ်ကြပ် ဆွဲထားလိုက်သည်။ သို့သော် ကျောက်တုံးသည် ရွှံ့မြေတွင် မြုပ်နေသောကြောင့် မကြာမီ ပြိုကျလာတော့မည်။
ရလဒ်အနေနှင့် ကျောက်ခဲများနှင့် ရွှံ့မျသည် ချင်းချိန်၏ကိုယ်ပေါ် ကျလာသည်။ သို့သော်လည်း ပြုတ်ကျသည့် နာကျင်မှုသည် ရှင်သန်ရန်နှင့် ထို’အရာ’မှ လွတ်မြောက်လိုသော ဆန္ဒကို ထိုးမဖောက်နိုင်ပေ။
သူ့လက်ချောင်းများသည် ကျန်းပေါ်၏ ခန္ဓာကိုယ်အောက်ရှိ မြေတွင် အားအင်အပြည့်ဖြင့် တွယ်ကပ်နေသည်။ သူ့ခြေဖဝါးတွေလည်း ပြုတ်ကျတော့မည့်ဟန်ပင်။
ရုတ်တရက် လည်ပင်းညစ်ခံထားရသလို ဖြစ်လာပြီး အသက်လဲမရှူနိုင် အော်လို့လဲမရဖြစ်လာသည်။
အသက်ရှုကြပ်ခြင်းဝေဒနာကြောင့် ချင်းချိန်၏လက်ချောင်းများသည် မြေကြီးထဲသို့ စိမ့်ဝင်သွားပြီး ပိုနက်နက် ဆုပ်ကိုင်ထားလိုက်မိသည်။ စိတ်ပျက်အားငယ်မှု ခံစားချက်က သူ့ရင်ထဲ ရောက်လာတော့၏။
ချင်းချိန်သည် ဒီလို သေရတော့မည်ဟု တွေးလိုက်သောအခါတွင် သူ၏ လက်ချောင်းများက အေးစက်သော ရှေးဟောင်းရတနာတစ်ခုကို ထိမိသွားလေသည်။ ထိုအချိန်တွင် အာခေါင်ခြောက်နေသည်များ ရုတ်တရက် ပျောက်ကွယ်သွားသည်။
အသက်ရှူကျပ်ခြင်းမှ သက်သာရာရပြီးနောက် ချင်းချိန်သည် နှလုံးတွေ အဆုတ်တွေ ထွက်ကျတော့မလို ချောင်းဆိုးလာသည်။
သူ၏ အသက်ရှုသံသည် နောက်ဆုံးတွင် ငြိမ်သက်သွားသောအခါ သွေးစွန်းနေသော လက်ချောင်းများနှင့် ထိမိသည့် အရာဝတ္ထုကို တူးဖော်လိုက်သည်။ သူ၏ မသိစိတ်က’ထိုအရာ’ကို သူ့လက်ချောင်းအောက်က အရာက ပြန်တွန်းထုတ်သွားကြောင်း ပြောပြနေသည်။
သေးငယ်သော အရာဝတ္ထုသည် ဟိုးအနက်ထဲ မမြှုပ်ထားတာမလို့ လျင်မြန်စွာ တူးနိုင်ခဲ့သည်။ နူးညံ့ချောမွေ့သော ခံစားချက်ကြောင့် ကျောက်စိမ်းတုံးဖြစ်ရမည်ဟု ချင်းချိန်သိလိုက်သည်။ ဥမင်လိုဏ်ခေါင်းက ဘာမှမမြင်ရလောက်အောင် မှောင်နေပေမဲ့ သူ့လက်ထဲက ကျောက်စိမ်းဆွဲပြား က အဖြူရောင်ဖျော့ဖျော့အလင်းရောင်နဲ့ တောက်ပနေ၏။
ဤကျောက်စိမ်းဆွဲပြားသည် ကလေးလက်ဖဝါးအရွယ်အစားခန့်ရှိပြီး အနုစိတ်သောပုံစံများဖြင့် ရေးထွင်းထားသည်။ အသက်ဝင်လှသော နဂါးသုံးကောင်သည် ဦးခေါင်းနှင့် အမြီးများက ချိတ်ဆက်ထားပုံကို ကျောက်စိမ်းပြား၏ အနားသတ်များတွင် အနုစိတ်ပုံဖော်ထားသည်။ အလယ်တွင် ပုံစံသည် ထင်းရှူးပင်ကို ထွင်းထားပြီး သူ့ပင်စည်က မိုးထိတိုင် ဖြောင့်တန်း နေသည်။
လှလိုက်တဲ့ ကျောက်စိမ်းတုံးကြီးပါလား ….
ချင်းချိန်သည် ဤမျှလှပသော ကျောက်စိမ်းဆွဲသီးကို ပထမဆုံးအကြိမ် မြင်ဖူးတာဖြစ်သည်။ ဆွဲသီးသည် ဖောက်မြင်ရပြီး နွေးကာပြီး သူ့လက်ဖဝါးပေါ်တွင် ကိုင်ထားသည် အလွန်တည်ငြိမ်သွားသည်ဟု ခံစားရသည်။ ချင်းချိန်သည်လည်း တည်ငြိမ်လာပြီး သက်သာရာ ရသွားတော့၏။
ချင်းချိန်၏လက်ချောင်းများသည် အဖြူရောင်ကျောက်စိမ်းတစ်ဝိုက်ကို ကိုင်ကြည့်နေစဥ် လက်ချောင်းများ ရုတ်တရက် ရပ်သွားသည်အထိပင်။
သူ့ပတ်ဝန်းကျင်က ရွှံ့မြေကို ဂရုတစိုက်ခံစားမိရင်း ချင်းချိန်က သူ့မျက်မှန်ကို ရှာမတွေ့တဲ့အတွက် သူ့မှာ ရေးထားတဲ့ စာလုံးသုံးလုံးကို သေချာဖော်ထုတ်ဖို့ ကျောက်စိမ်းဆွဲပြားနား အနီးကပ်ကြည့်ဖို့မှလွဲ၍ တခြား ရွေးချယ်စရာမရှိတော့ပေ။
ကျောက်စိမ်းပြားပေါ်တွင် ခမ်းနားသောရေးဟန်ဖြင့် ရေးသားထားသော စာလုံး သုံးလုံး ရှိနေသည်။
ချင်းချိန် တအံတသြဖြင့် ထိုစကားလုံးများကို တိုးတိုးလေး ရေရွတ်လိုက်မိ၏။
“စု.....ကျင်.....မော့”
ထို စကာလုံးသုံးလုံးကို ရွတ်ပြီးပြီချင်းပဲ သူ့ခေါင်းထဲ စူးအောင့်သော ဝေဒနာတစ်ခုကို ခံစားလိုက်ရပြီး သတိလစ်သွားလေတော့သည်။