Ch 1
Viewers 580


Ch-1




"ဝုန်း"




မိုးသည်းထန်စွာရွာသွန်းနေပြီး မြေပြင်ပေါ်သို့ကျရောက်လာသော မိုးပေါက်သံများနှင့်အတူ မိုးချုန်းသံများကလည်း ရောယှက်နေလေသည်။ ဈာပနအခမ်းအနားများသည် အများအားဖြင့် အဖြူအမည်းအရောင်များဖြင့်သာ ပြင်ဆင်လေ့ရှိပြီး လေထုမှာလည်း အမြဲလိုလို တိတ်ဆိတ်ငြိမ်သက်ကာ လေးနက်မှုရှိနေတတ်၏။ စီးပွားရေးလောကတွင် ထင်ရှားကျော်ကြားသူတစ်ဦးဖြစ်သည့် လင်းရှန်၏ဈာပနသို့ ဝမ်းနည်းပူဆွေးသူများစွာ လာရောက်ခဲ့ကြသည်။ စာရင်းပေးသွင်းသူတိုင်း နှင်းဆီဖြူလတ်လတ်ဆတ်ဆတ်တစ်ပွင့်စီရရှိကြ၏။ နှင်းဆီပွင့်ဖတ်တစ်ခုစီတိုင်းတွင် တောက်ပနေသော ဆီးနှင်းပေါက်လေးများ တင်ကျန်နေပြီး ၎င်း၏မွှေးပျံ့သောရနံ့အရ လတ်လတ်ဆတ်ဆတ် ခူးဆွတ်ထားကြောင်း သက်သေပြနေသည်။ အလယ်ဗဟိုတွင်မူ ဖန်ခေါင်းတလားတစ်ခုကို နှင်းဆီပန်းများအထပ်ထပ် ဝန်းရံထားပြီး အတွင်း၌လဲလျောင်းနေသူမှာ ဖြူစင်သောပန်းခင်းကြီးထဲတွင် အနားယူနေသည့်အလား ထိုမြင်ကွင်းမှာ အလွန်အမင်းရိုမန်တစ်ဆန်လွန်းနေသည်ဟုပင်ထင်ရ၏။ တိုးညှင်းသော ရှိုက်သံများကြားတွင် တီးတိုးပြောဆိုသံအချို့ကိုပါ ကြားနိုင်ပေသည်။






"သူက ဒီလောက်အသက်ငယ်ငယ်လေးကို တော်တော်နှမြောစရာကောင်းတာပဲ၊ ဒီလောက်ကြီးတဲ့ကုမ္ပဏီကြီး ရှေ့လျှောက် ဘာဆက်ဖြစ်မလဲမသိဘူး"





"ဥက္ကဋ္ဌလင်းမှာ သားတစ်ယောက်ရှိတယ်မဟုတ်ဘူးလား"





"ဟက် သူ့သားက ဒီတာဝန်ကိုယူနိုင်မှာမဟုတ်ဘူး"





"ဒီမိသားစုက ဆက်ဆံရခက်တယ်၊ သူ့အဖေသေသွားတော့ သူ့ကျောထောက်နောက်ခံလည်း မရှိတော့ဘူးလေ၊ သခင်လေးတစ်ယောက်အနေနဲ့ သူ့ဘဝကတော့ပြီးပြီပဲ"





ဤဈာပန၏ အဓိကအာရုံစိုက်ခံရသူအနေဖြင့် လင်းဝမ်ယဲ့သည် အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး ရင်ဘတ်တွင် နှင်းဆီဖြူတစ်ပွင့်ကိုတပ်ဆင်ထားကာ အထင်ရှားဆုံးနေရာတွင် ရပ်နေသည်။ ဈာပနသို့လာရောက်သူများကို နှေးကွေးတောင့်တင်းနေဟန်ဖြင့်ဦးညွှတ်ကာ ကျေးဇူးတင်စကား ပြောကြားနေလေ၏။ မိသားစု၏တစ်ဦးတည်းသောသားဖြစ်သည့် လင်းဝမ်ယဲ့သည် ဆွေမျိုးအများစုနှင့် အဆက်အသွယ် သိပ်မရှိခဲ့ပေ။ သူရင်းနှီးကျွမ်းဝင်သူဟူ၍ သူ့အဒေါ်ဖြစ်သူ လင်းချန်ချန်တစ်ဦးတည်းသာရှိသည်။ သို့သော် သူမ၏နာမည်ကြီးအနုပညာရှင်ဆိုသည့် အဆင့်အတန်းကြောင့်လားရယ်မသိ သူမသည် ဈာပနသို့ တက်ရောက်လာခြင်းမရှိပေ။





သားတစ်ယောက်အနေဖြင့် လင်းဝမ်ယဲ့သည် ဤအခမ်းအနားကို မည်သို့ဦးဆောင်ရမည်အားနားမလည်မှန်း လင်းမိသားစုမှလူကြီးများ သိသင့်သော်လည်း မည်သူကမှသူ့ကိုသင်ကြားမပေးခဲ့ချေ။ ထိုနေရာတွင် အချိန်မည်မျှကြာအောင် ရပ်နေမိသည်မသိ နောက်ဆုံးတွင် လင်းဝမ်ယဲ့ တစ်စုံတစ်ခုကို သတိရသွားကာ ခေါင်းငုံ့၍ အိတ်ကပ်ထဲမှဖုန်းကိုထုတ်လိုက်ပြီး မက်ဆေ့ချ်စာရင်း၏ထိပ်ဆုံးရှိ ချက်ဘောက်စ်ကိုနှိပ်လိုက်သည်။ နောက်ဆုံးမက်ဆေ့ချ်မှာ တစ်ဖက်လူ ဘယ်အချိန်ရောက်မည်ကိုမေးထားခြင်းပင်။ သားဖြစ်သူ သူကိုယ်တိုင်ပင်လျှင် ဖခင်သေဆုံးကြောင်းကို ဈာပနမတိုင်မီ တစ်ရက်အလိုမှသာ သိရှိခဲ့ရသည်။ သူ့ဖခင်မှာ နိုင်ငံရပ်ခြားတွင် ရောက်ရှိနေသဖြင့် ထိုသတင်းကို သူ့ထက်စော၍သိနိုင်မည်မဟုတ်ပေ။





ဆစ်ဂ်ဗေးလ်မှ ပြန်လည်ပျံသန်းရန် အနည်းဆုံး နာရီ ၂၀ကြာမည်ဖြစ်သည်။

ထိုသို့သောအချိန်မျိုးတွင် သူ့အားစိတ်ပိုင်းဆိုင်ရာ အထောက်အပံ့ပေးနိုင်မည့် တစ်ဦးတည်းသောသူမှာ တက်ရောက်နိုင်မည်မဟုတ်ကြောင်း ကံကြမ္မာမှဖန်တီးထားပြီးပင်။ လင်းဝမ်ယဲ့သည် တိတ်တဆိတ်ရပ်နေပြီး သူ့မျက်နှာမှာ ဖြူရော်နေကာ မျက်လုံးများမှာလည်း အုံ့မှိုင်းနေပြီး ပုံမှန်တောက်ပမှုမျိုးကင်းမဲ့နေသည်။ ၁.၈ မီတာမြင့်သော သူ့ခန္ဓာကိုယ်မှာ ထိုအချိန်တွင် အလွန်သေးငယ်ကာ ကူကယ်ရာမဲ့နေပုံပေါ်ပြီး သူသာခြေချော်သွားပါက ဤသူစိမ်းဆန်သော ကမ္ဘာကြီး၏ဝါးမြိုခြင်းကို ခံရမည့်အလားပင်။ သူသည် ဖုန်းကိုအချိန်အတော်ကြာ စိုက်ကြည့်နေပြီး စခရင် မည်းသွားသည်ကိုပင် သတိမထားမိပေ။ ထိုလုပ်ရပ်သည် အချိန်ကြာမြင့်စွာ အကွက်ချနေခဲ့သော အချို့သူများအတွက် သူ့ကိုတိုက်ခိုက်ရန် အခွင့်အရေးတစ်ခု ပေးလိုက်သလိုဖြစ်သွားပုံရသည်။






ဈာပနစတင်ကတည်းမှ ငိုရှိုက်သံများ ရပ်တန့်မသွားခဲ့ပေ။ ချမ်းသာကြွယ်ဝမှုနှင့် အဆင့်အတန်းကို ဖော်ပြနေသော ခမ်းနားသည့်အဝတ်အစားကို ဝတ်ဆင်ထားသည့် အမျိုးသမီးတစ်ဦးသည် ရုတ်တရက် ရှေ့သို့ပြေးထွက်လာကာ အရူးတစ်ယောက်လို လင်းဝမ်ယဲ့ဖုန်းကိုလုယူပြီး ကြမ်းပြင်ပေါ်သို့ရိုက်ခွဲလိုက်သည်။





"မင်းအဖေက သေသွားပြီလေ၊ မင်းက ဖုန်းသုံးနေတုန်းပဲလား၊ သူနေမကောင်းဖြစ်နေတာကြာပြီကို မင်းကသိတောင်မသိဘူး၊ ပိုက်ဆံဖြုန်းတဲ့ကောင်  ကျေးဇူးကန်းတဲ့ကောင်"





တိတ်ဆိတ်နေသော ဈာပနအခမ်းအနားတွင် မိုးကြိုးပစ်ချလိုက်သကဲ့သို့ ထိုဆူညံမှုမှာ လူတိုင်းအာရုံကို ချက်ချင်းဖမ်းစားသွားသည်။ လင်းဝမ်ယဲ့၏ လက်ထဲတွင် ဘာမျှမရှိတော့ပေ။ ရုတ်တရက် ထွက်ပေါ်လာသော အော်ဟစ်သံများကြောင့် သူ့နားစည်တွင် ခေတ္တမျှစူးရှသောနာကျင်မှုကို ခံစားလိုက်ရပြီးနောက် နားထဲတွင် အသံများမြည်လာသည်။ သူသည် သူ့ရှေ့မှအမျိုးသမီးထံ ကြောင်တောင်တောင်ဖြင့် စိုက်ကြည့်နေမိ၏။ ထိုအမျိုးသမီးအား သေသေချာချာ သူမမှတ်မိသော်လည်း သူ့အဒေါ်ဖြစ်ကြောင်း ဝေဝါးဝါးမှတ်မိနေသည်။





အမျိုးသမီးမှ ငိုယိုကျိန်ဆဲနေစဉ် လူတစ်စုသည် ရန်ပွဲကိုဝင်ရောက်ဖြန်ဖြေရန် အမြန်ပြေးလာကြ၏။ လင်းဝမ်ယဲ့သည် သူ့တစ်ကိုယ်လုံးအေးစက်သွားသလို ခံစားလိုက်ရသည်။ အမျိုးသမီး ဆက်ပြောနေသည်များကို သူသေချာမကြားရတော့သော်လည်း ဘေးပတ်ဝန်းကျင်ရှိ လူများ၏တီးတိုးပြောဆိုသံများနှင့် လက်ညှိုးထိုးမှုများကိုမူ ကောင်းစွာကြားနေရ၏။

"ကျေးဇူးကန်းတဲ့ကောင်" နှင့် "ပိုက်ဆံဖြုန်းတဲ့ကောင်" ဟူသော စွပ်စွဲချက်များကြောင့် သူလုံးဝစကားမပြောနိုင်တော့ပေ။ သူသည် ပိုက်ဆံသုံးဖို့ကလွဲပြီး တကယ်ကိုဘာမှမသိခဲ့ချေ။





သူ့ဖခင်တွင် ပြင်းထန်သောရောဂါတစ်ခုထက်မကရှိနေပြီး နောက်ဆုံးတွင် ထိုရောဂါများထဲမှတစ်ခုကြောင့် သေဆုံးသွားခဲ့ရသည်ကိုလည်း သူတကယ်မသိခဲ့ပေ။ လင်းရှန်မှာ လူတိုင်းထံ သူ၏ဖျားနာမှုကို ဖုံးကွယ်ထားခဲ့ခြင်းကြောင့် သူ့သေဆုံးမှုမှာ ရုတ်တရက်ဖြစ်ပြီး တုန်လှုပ်ဖွယ်ရာနှင့် လက်ခံနိုင်စရာမရှိဟု ထင်ရသော်လည်း ပြင်ပလူများကတော့ အမြဲတမ်းယုတ္တိရှိသည့် ရှင်းပြချက်ကိုသာ ရှာတွေ့နိုင်ကြပါသည်။ သားတစ်ယောက်အနေဖြင့် သူသည် ဤတာဝန်ကို ရှောင်လွှဲ၍မရပေ။ သူ့ပတ်ဝန်းကျင်ရှိ လူအားလုံး၏ ရှုပ်ထွေးသောအကြည့်များမှာ လင်းဝမ်ယဲ့အား ရှင်းပြ၍မရလောက်အောင် ရှက်ရွံ့မှုကိုခံစားရစေပြီး တစ်စုံတစ်ရာ ညှဉ်းပန်းနှိပ်စက်ခံနေရသကဲ့သို့ ခံစားရစေသည်။ သူသည် ဤဟန်ဆောင်တိုက်ပွဲတွင် ဇာတ်လိုက်အဖြစ် ပါဝင်သရုပ်ဆောင်ရင်းနေရာတွင်ပင် ထုံထုံထိုင်းထိုင်းဖြင့်ရပ်နေပြီး သူ့စိတ်များမှာမူ ပို၍ပို၍ဝေဝါးလာ၏။ အချိန်မည်မျှကြာသွားသည်မသိ အရပ်ရှည်ရှည်နှင့် လူတစ်ယောက်မှာ ရုတ်တရက်သူ့ရှေ့တွင် ပိတ်ရပ်ကာလေသံမာမာဖြင့်ပြောလိုက်သည်။






"ခင်ဗျားတို့ ပြောလို့ဝပြီလား"  





လေးနက်သောထိုအသံမှာ နေရာတစ်ခုလုံးကို ချက်ချင်းတိတ်ဆိတ်သွားစေသည်။ လင်းဝမ်ယဲ့ ခေါင်းမော့မကြည့်သော်လည်း အသံကိုကြားရုံမျှဖြင့် ထိုသူမည်သူမည်ဝါဖြစ်ကြောင်းကို မှတ်မိနေ၏။ 





လုအုပ်စုရဲ့အကြီးအကဲ လုချန်းရွှမ်





ဤသူသည် စီးပွားရေးလောကတွင် လင်းမိသားစုနှင့် အလားတူပရောဂျက်များကို လုပ်ကိုင်နေသည့် အမှန်တကယ် ပြိုင်ဘက်ဖြစ်သည်။ သူ့ဖခင်သည် ဘဝတစ်သက်တာလုံးနီးပါး ဤသူ့ကို အကွက်ချတိုက်ခိုက်ရန်သာ အချိန်ကုန်ခဲ့ရ၏။ အသိုင်းအဝိုင်းတစ်ခုတည်းတွင် ရှိနေသောကြောင့် ဤကဲ့သို့ကိစ္စမျိုးဖြစ်လာသောအခါ ဟန်ပြသက်သက်ဖြစ်စေကာမူ သူရှိနေရမည်မှာ မှန်ကန်သင့်လျော်ပေသည်။ ဤဈာပနတွင်းရှိ လူအများစုထံတွင် လျှို့ဝှက်သောရည်ရွယ်ချက်များ ရှိနေကြပြီး လင်းမိသားစု၏အနာဂတ်ကို စောင့်ကြည့်နေကြကာ လင်းမိသားစု၏ စီးပွားရေးအင်ပါယာနှင့်ပတ်သက်၍ သူတို့ခန့်မှန်းချက်များမှာလည်း အလွန်တရာအဆိုးမြင်ကြ၏။






တစ်စုံတစ်ယောက်မှ တာဝန်ယူပြီး အခြေအနေအား တည်ငြိမ်အောင်လုပ်ဖို့လိုအပ်မည်ဆိုလျှင် လုချန်းရွှမ် တစ်ယောက်တည်းကသာ လုပ်နိုင်မည်ဖြစ်သည်။ လင်းဝမ်ယဲ့မှာတော့ အခုချိန်တွင် ထိုအရာများကို ဂရုမစိုက်နိုင်တော့ပေ။ သူ့နှလုံးသားထဲရှိကြိုးတစ်ချောင်းမှာ အမြဲတင်းမာနေသလိုမျိုး ပြင်ပစွမ်းအားများကြောင့် ဆွဲဆန့်ခံနေရပြီး ချက်ချင်းပြတ်တောက်သွားချင်သည်ထိ သူအလွန်တရာပင်ပန်းနွမ်းနယ်နေခဲ့သည်။ သူ့ကိုယ်တွင်းကာကွယ်မှုစနစ်မှာ သူ့ကိုသတိလစ်သွားစေခဲ့ပြီး သတိပြန်လည်လာချိန်မှာတော့ သူသည်ဝတ်စုံကိုလဲပြီး ကားထဲပြန်ရောက်နေပြီဖြစ်ကာ ဈာပနအခမ်းအနားလည်း ပြီးဆုံးသွားပြီပင်။ သူ တစ်ယောက်တည်းဖြစ်နေသည်။ ယခင်က သူ့ကိုမျက်နှာချိုသွေးခဲ့သူများမှာလည်း ယခုအခါ သူ့ကိုကူးစက်ရောဂါတစ်ခုလို ရှောင်ဖယ်နေကြ၏။





လင်းဝမ်ယဲ့ ဤနေရာမှထွက်ပြေးချင်နေသည်။ အခြားဘယ်ကိုသွားရမှန်း သူ မသိထားရင်တောင်မှပေါ့။ နောက်ဆုံးတွင် မြို့ပြင်ရှိ လေဆိပ်တစ်ခုကို သူ့ခရီးစဉ်အဖြစ် ရွေးချယ်လိုက်သည်။ လင်းဝမ်ယဲ့သည် စိတ်ကိုရှင်းအောင် ကြိုးစားရင်း ကားမောင်းလာခဲ့၏။ ကားအသွားအလာနည်းပါးသော မီးပွိုင့်တစ်ခုတွင် မီးစိမ်းပြလာ၍ လီဗာကို နင်းကာဆက်သွားလိုက်သည်။ သို့သော် လမ်းဆုံအလယ်သို့ရောက်သောအခါ ရုတ်တရက် စူးရှရှကားဟွန်းသံတစ်ခုမှာ သူ့နားထဲတွင် မြည်ဟည်းသွားလေ၏။






သူ့ခေါင်းအား အလိုလိုဘယ်ဘက်သို့ လှည့်လိုက်ရာ သူ့မျက်လုံးသူငယ်အိမ်များ ရုတ်တရက်ကျုံ့ဝင်သွားရသည်။

ဆီတင်ယာဉ်တစ်စီးသည် သူ့ဆီသို့ အရှိန်ပြင်းပြင်းဖြင့် မောင်းနှင်လာပြီး သူ ခေါင်းလှည့်လိုက်သည့် အခိုက်အတန့်တွင်ပင် မီတာအနည်းငယ်အကွာသို့ ရောက်ရှိလာပြီပင်။ ၎င်း၏ မျက်စိကျိန်းလောက်သော ရှေ့မီးများသည် သေမင်းတမန်၏ တံစဉ်မှ ရောင်ပြန်ဟပ်နေသော အလင်းတန်းများကဲ့သို့ သူ့မျက်စိရှေ့တွင် ဖြတ်ပြေးသွားသည်။ နောက်စက္ကန့်တွင် ကမ္ဘာကြီးလည်ထွက်သွားပြီး လင်းဝမ်ယဲ့၏အမြင်အာရုံများ မည်းမှောင်သွားကာ ချက်ချင်းပင်သတိလစ်သွားလေ၏။





လင်းဝမ်ယဲ့ ပထမဆုံးခံစားလိုက်ရသည့်အရာမှာ အအေးဒဏ်ပင်ဖြစ်သည်။ ရေခဲလိုအေးစက်နေသောလေမှာ သူ့နားထဲ၌လေချွန်သံလိုမြည်နေပြီး ဖုံးကွယ်မထားသော အရေပြားကိုဓားများဖြင့် လှီးဖြတ်နေသကဲ့သို့ ခံစားရ၏။ လင်းဝမ်ယဲ့သည် ခွန်အားများအားလုံးကို စုစည်း၍ မျက်လုံးဖွင့်လိုက်ရာ သူ့ခန္ဓာကိုယ်မှာကွေးကောက်နေပြီး အအေးဒဏ်ကြောင့် ထုံကျင်လုနီးပါးဖြစ်နေကြောင်း တွေ့ရှိလိုက်ရသည်။ ကောင်းကင်ယံမှာ နေဝင်ရီတရောအချိန် ရောက်နေပုံရပြီး မကြာမီ ညရောက်တော့မည်ပင်။ သူ၏အပိုင်းပိုင်းပြတ်နေသော မှတ်ဉာဏ်များ အပြည့်အဝပြန်မရောက်လာသေးသော်လည်း သတိမလစ်မီ ပြင်းထန်သောကားမတော်တဆမှုတစ်ခု ဖြစ်ပွားခဲ့ကြောင်းတော့ လင်းဝမ်ယဲ့ ရှင်းလင်းစွာမှတ်မိနေသည်။ သူ့လက်မောင်းကို မတင်ရန် ရုန်းကန်လိုက်ပေသိ အဆစ်တိုင်းမှာတောင့်တင်းနေကြောင်း ခံစားလိုက်ရ၏။ လက်ဖဝါးထဲသို့ လေနွေးနွေးလေးဖြင့် အာငွေ့ပေးပြီးနောက်တွင်မှ လင်းဝမ်ယဲ့သည် အပုပ်နံ့သင်းသင်းလေးထွက်နေသော အမှိုက်ပုံဘေးရှိ မှောင်မိုက်သော လမ်းသွယ်တစ်ခုထဲတွင် ရောက်နေကြောင်းတွေ့ရှိလိုက်ရသည်။





သခင်လေးသည် သူ့ဘဝတွင် အမှိုက်များနှင့် ဤမျှနီးကပ်စွာ တစ်ခါမှမနေခဲ့ဖူးသဖြင့် အလိုလိုပျို့အန်ချင်လာ၏။ သူသည် နံရံကိုမှီ၍ မတ်တပ်ရပ်လိုက်ပြီး လမ်းသွယ်ထဲမှ ဒယိမ်းဒယိုင်ဖြင့်ထွက်လာခဲ့သည်။ နင်ချန်မြို့တွင်သာရနိုင်သော ဒေသထွက်ပစ္စည်းများ ရောင်းချသည့် ဆိုင်များက သူ ကြီးပြင်းလာခဲ့သည့်မြို့တွင် အမှန်တကယ်ရောက်ရှိနေကြောင်း သတိရစေသော်လည်း ထူးဆန်းပြီး စိုးရိမ်စရာကောင်းသည့် အဆက်အသွယ်ပြတ်တောက်နေမှုမျိုးကိုပါ ခံစားနေရသည်။

မိုးမျှော်တိုက်များ၏သိပ်သည်းဆမှာ သူသိသော နင်ချန်နှင့် လုံးဝကွာခြားနေသည်။ လမ်းပေါ်ရှိ အမှတ်တံဆိပ်ကားများမှာလည်း မော်ဒယ်သစ်များမဟုတ်ဘဲ ခေတ်နောက်ကျနေသော ကားများသာပင်။ ဆိုင်များတွင် လွန်ခဲ့သည့်နှစ်များစွာမှ ရေပန်းစားခဲ့သော သီချင်းဟောင်းများကို ဖွင့်ထားပြီး တံခါးရှေ့တွင် ချိတ်ဆွဲထားသော ပရိုမိုးရှင်းပိုစတာများမှာပင် တော်တော်လေး ဟောင်းနွမ်းနေပြီဖြစ်သည်။ လင်းဝမ်ယဲ့သည် လမ်းပေါ်တွင် ကြောင်တောင်တောင်ဖြင့် ရပ်နေပြီး အချိန်အတော်ကြာပြီးနောက် လမ်းသွားလမ်းလာတစ်ဦးကို ကျပန်းလှမ်းဆွဲလိုက်၏။





"မင်္ဂလာပါ ဒါကနင်ချန်မြို့လား"





ဟောင်းနွမ်းနေသောဝီစီတစ်ခုကဲ့သို့ အက်ကွဲနေသော သူ့အသံကြောင့် ထိုလမ်းသွားလမ်းလာမှာ လန့်သွားပြီး လင်းဝမ်ယဲ့ထံ သံသယဖြင့်ခေတ္တမျှ စိုက်ကြည့်ပြီးနောက် ရှုပ်ထွေးသော မျက်နှာထားဖြင့် ပြန်ဖြေလိုက်သည်။




"ဒါပေါ့"