Ch 19
Viewers 722


19





လော့ကျိုးနယ် ယန်မိသားစုသည် လက်ရှိတော်ဝင်မိသားစု၏ ဇာတိမြေ ဖြစ်ပေသည်။ သာမန်ပြည်သူများအမြင်တွင်မူ ဧကရာဇ်သည် သဘာဝအလျောက် မြင့်မြတ်သူဖြစ်ပြီး သူ့နာမကိုကြားရုံဖြင့် အသက်ရှူမှားလောက်အောင် ကြောက်ရွံ့တတ်ကြ၏။ သို့သော် ထိုဂုဏ်သရေရှိမိသားစုကြီးများ၏အမြင်တွင်မူ ထိုသို့မဟုတ်ချေ။ လက်ရှိတော်ဝင်မိသားစုအကြောင်း ပြောဆိုလာလျှင် သူတို့သည် ပါးစပ်အုပ်၍ရယ်မောကြပြီး စကားတစ်ခွန်းမှမပြောဘဲနှင့်ပင် အချင်းချင်း နားလည်နေကြလေသည်။




တော်ဝင်မိသားစုကိုယ်တိုင်ကလည်း ဤအချက်ကို ကောင်းစွာသိရှိထားသော်လည်း ဂုဏ်သရေရှိမိသားစုကြီးများသည် တိုင်းပြည်အနှံ့အမြစ်တွယ်နေကြပြီဖြစ်၏။ အကယ်၍ ဧကရာဇ်သာ သူ့မိသားစုအခြေအနေမတည်မငြိမ်ဖြစ်မည်ကို မလိုလားပါက ဆွံ့အနားမကြားဟန်ဆောင်နေရုံသာရှိတော့သည်။ ဗြောင်ကျကျထုတ်ဖော်မပြောသမျှ ကာလပတ်လုံး လူတိုင်းမှာသူ့ကိုထောက်ခံကြမည်ဖြစ်ပြီး ထိုအတိုင်းပင် ပြီးဆုံးသွားပေလိမ့်မည်။

လက်ရှိဘုရင်ခံသည် အမှန်တော့ယန် မိသားစု၏သွေးဝေးဆွေမျိုးတစ်ဦးသာဖြစ်၏။ လက်တွေ့တွင် သူသည် အာဏာနှင့်စစ်အင်အားအနည်းငယ်သာရှိသော ဒေသန္တရစစ်ဗိုလ်ချုပ်တစ်ဦးသာ ဖြစ်ပေသည်။ ထိုဂုဏ်သရေရှိမိသားစုများ၏မျက်လုံးထဲတွင်မူ သူသည်လူရိုင်းတစ်ဦးမျှသာ ဖြစ်ချေ၏။




အစပိုင်းတွင် ဧကရာဇ်ငယ်သည် ဘုရင်ခံမှာ ဧကရာဇ်၏သွေးဝေးဆွေမျိုးသာဖြစ်၍ ထီးနန်းအားဆက်ခံရန် အရည်အချင်းမပြည့်မီဟု ထင်မှတ်ခဲ့ပုံရသည်။ ထို့ကြောင့်သာ မိဖုရားခေါင်ကြီးနှင့် သူမဆွေမျိုးများကို ဖယ်ရှားရာတွင် ကူညီရန်အတွက် မြို့တော်ထိလူလွှတ်ခေါ်ခဲ့ခြင်းဖြစ်၏။ ယနေ့ သူတို့ပြောဆိုနေကြသော ယန်ကျင်းဆိုသူမှာ ဘုရင်ခံ၏မွေးစားသား ဖြစ်လေသည်။ ယွီလိရှို့ စူးစမ်းလိုစိတ်ဖြင့်မေးလိုက်၏။ 



"သူကမွေးစားသားဆိုရင် ဘုရင်ခံရဲ့ အချစ်တော်ဖြစ်သင့်တာပေါ့၊ ဘာဖြစ်လို့ အစ်မတို့ယွီမိသားစုဆီ ပို့လိုက်ရတာလဲ"



ယွီကျန်းလီ လက်ညှိုးနှင့်လက်ခလယ်ကို ထောင်ပြလိုက်သည်။ 



"ပထမအချက် ဘုရင်ခံက သူ့ရဲ့ပါရမီကို မနာလိုဖြစ်နေတယ်၊ ဒုတိယအချက် ယန်ကျင်းကသခင်နှစ်ဆက်ရဲ့အစေခံ ဖြစ်ခဲ့ဖူးတယ်"



အတိတ်ကာလ၌ ဘုရင်ခံအုပ်ချုပ်သော ချင်းကျိုးနယ် လန်ယာစီရင်စုတွင် လူများနှင့်တောရိုင်းတိရစ္ဆာန်များကိုတိုက်ခိုက်စေသော တိုက်ပွဲကွင်းတစ်ခုရှိခဲ့ဖူးသည်ဟု ဆိုကြသည်။ ရက်စက်ကြမ်းကြုတ်ပြီး သွေးထွက်သံယိုဖြစ်ပွားသော တိုက်ပွဲများသည် စူးစမ်းလိုသူပရိသတ်အများအပြားကို ဆွဲဆောင်နိုင်ခဲ့လေ၏။ ထိုအချိန်က အသက်ခုနစ်နှစ်၊ ရှစ်နှစ်အရွယ်ခန့်သာရှိသေးသော ကလေးတစ်ဦးသည် ဝံပုလွေတစ်ကောင်နှင့် တိုက်ခိုက်ရာတွင် လည်ချောင်းကိုအကိုက်မခံရဘဲ လက်ထဲတွင်ဝှက်ထားသော ထက်ရှသည့်အုတ်ခဲစဖြင့် ဝံပုလွေလည်ချောင်းကို လှီးဖြတ်ကာ သွေးထွက်လွန်ပြီးသေဆုံးစေခဲ့သည်ဟုဆိုကြသည်။ သူ၏သတ္တိ၊ ရဲရင့်မှုနှင့်မိုက်ရူးရဲဆန်မှုတို့သည် ကြည့်ရှုသူများကို ကျောချမ်းသွားစေပြီး မြင်တွေ့ရသူတိုင်းအားကြောက်ရွံ့တုန်လှုပ်သွားကြရစေ၏။



တိုက်ပွဲကွင်းပိုင်ရှင်သည် ထိုမြင်ကွင်းကိုသဘောကျသွားပြီး ထိုကလေးအား တောရိုင်းတိရစ္ဆာန်များနှင့် ဆက်မတိုက်ခိုက်စေတော့ဘဲ ကောင်းကောင်းမွန်မွန် ကျွေးမွေးစောင့်ရှောက်ကာ မွေးစားသားအဖြစ် ခေါ်ယူ၍ ကျင်းဟုအမည်ပေးလိုက်လေသည်။ နောက်ပိုင်းတွင် ကျင်းသည် မြင်းစီးခြင်းနှင့် မြားပစ်ခြင်းတို့၌လည်း ထူးခြားသော ပါရမီကိုပြသခဲ့၏။ ခြေလှမ်းတစ်ရာအကွာမှ မိုးမခရွက်ကို ထိအောင်ပစ်နိုင်ခြင်း၊ ခြေဆယ်လှမ်းအတွင်းရှိ လူကိုသေအောင်သတ်နိုင်ခြင်းတို့ကြောင့် ကျော်ကြားလာခဲ့သည်။



သို့သော် ကွင်းပိုင်ရှင်သည် ချင်းကျိုးနယ်၏အုပ်ချုပ်သူ (လက်ရှိ ဘုရင်ခံမင်းသား)ကို တစ်နည်းနည်းဖြင့် စော်ကားမိခဲ့လေ၏။ သူ့မိသားစုတစ်ခုလုံး ကပ်ဘေးကြီးဆိုက်ရောက်ခဲ့ရပြီး အချို့မှာအသတ်ခံရကာ အချို့မှာတော့ပြည်နှင်ဒဏ် ပေးခံခဲ့ရသည်။

သို့သော် ဘုရင်ခံမင်းသားသည် ပါရမီရှင်တစ်ဦးဖြစ်သော ကျင်းကို အမှုထမ်းအဖြစ်ခေါ်ယူလိုက်ပြီး သေဒဏ်မပေးခဲ့ချေ။ ပုန်ကန်မှုကို နှိမ်နင်းခြင်းနှင့် တရားရုံးတော်မှ အကျင့်ပျက်အရာရှိများကို ရှင်းလင်းခြင်းစစ်ဆင်ရေးကာလအတွင်း ယန်ကျင်းသည် ထူးချွန်သောအရည်အချင်းကို ပြသခဲ့သဖြင့် ဘုရင်ခံမှာ သူ့ကိုဆင့်ခေါ်၍ မွေးစားသားအဖြစ် မွေးစားလိုက်လေသည်။ ယန်ကျင်းကလည်း ချက်ချင်းသဘောတူလိုက်သဖြင့် တော်ဝင်မျိုးရိုးအမည်ကိုရရှိခဲ့ပြီး မိသားစုစာရင်းသွင်းကာ လော့ကျိုးနယ်၏ ယန်မိသားစုဝင်ဖြစ်လာခဲ့၏။



ကြည့်ရသည်မှာ ကြီးမားသောဂုဏ်ပြုမှုဖြစ်ပြီး တစ်ရှိန်ထိုးတိုးတက်မည့် လမ်းစကဲ့သို့ပင်။ သို့သော် ဘုရင်ခံသည် သူ့မွေးစားသားကို အမှန်တကယ်အသုံးပြုရန် ရည်ရွယ်ချက်မရှိဘဲ လျစ်လျူရှုထားခဲ့သည်။ သူ့အား အလှပြအရုပ်တစ်ရုပ်ကဲ့သို့သာ သဘောထားပြီး စားကောင်းသောက်ဖွယ်များ၊ ရတနာများ၊ အဝတ်အစားများနှင့် ကျောက်စိမ်းများကိုသာ ပေးအပ်ထားလေ၏။ သူ့အကြောင်းပြချက်မှာလည်း အသင့်ရှိနေလေသည်။ တိုင်းပြည်အေးချမ်းနေပြီဖြစ်ရာ သူက့အားစစ်တပ်ကိုဦးဆောင်ရန် အဘယ်မှာလိုအပ်ပါဦးမည်နည်းဟူ၍ပင်။ သို့သော် မည်သူကဤကဲ့သို့ဟန်ဆောင်မှုကို ရိုးရိုးသားသားဖြင့်ယုံကြည်ပါမည်နည်း။



အစပိုင်း၌ ယန်ကျင်းအားတန်ဖိုးထားခဲ့သူများသည် အခြားသူများဘက်သို့ အလျင်အမြန်ပြောင်းလဲသွားကြလေသည်။ ထို့နောက် တစ်နေ့တွင်ဧကရာဇ်ငယ်သည် ယန်ကျင်းအကြောင်း ရုတ်တရက်မေးမြန်းပြီး သူ့အားကျုံးဆန်းနယ်စားဘွဲ့ကို ချီးမြှင့်လိုက်၏။ ဤအပြုအမူသည် ဘုရင်ခံကိုချက်ချင်းစော်ကားလိုက်သကဲ့သို့ဖြစ်သွားပြီး ဘုရင်ခံမှာလည်းသူ့အားအမြန်ထုတ်ပယ်လိုက်တော့သည်။ အကြောင်းပြချက်မှာလည်း ကောင်းမွန်လှပေ၏။ ယန်ကျင်းသည် ကျောင်းမနေဖူးသကဲ့သို့ စစ်ဗျူဟာများကိုလည်းမလေ့လာဖူးသဖြင့် စစ်ဘက်ဆိုင်ရာမိသားစုဖြစ်သော ယွီမိသားစုထံတွင်သာ ပညာသင်ကြားခြင်းသည် ကောင်းမွန်လိမ့်မည်ဟုဆိုလေသည်။ တော်ဝင်မိသားစုကို မည်မျှပင် တိတ်တဆိတ်လှောင်ပြောင်နေစေကာမူ အပေါ်ယံသဘောထားကို ထိန်းသိမ်းထားရမည်ဖြစ်ရာ ယွီ မိသားစုကလည်း သူ့ကိုလက်ခံလိုက်ရတော့၏။ ယွီလိရှို့ ခေတ္တမျှတိတ်ဆိတ်နေပြီးမှ သက်ပြင်းချလိုက်သည်။



"ဒါက အစ်မတို့ယွီမိသားစုအတွက် မထိုက်တန်တဲ့ကံဆိုးမှုပဲ"



ယွီမိသားစုမှ မည်မျှပင်ဘက်မလိုက်ဘဲနေပါစေ ဧကရာဇ်နှင့်အခြားသူများမှာမူ ယွီမိသားစုသည် ဘုရင်ခံ၏အဖွဲ့ဝင်ဖြစ်သည်ဟု ထင်မြင်ကြပေလိမ့်မည်။ ဆိုလိုသည်မှာ ထိုလူယုတ်မာသည် ကျောက်ခဲတစ်လုံးတည်းဖြင့် ငှက်နှစ်ကောင်ပစ်လိုက်ခြင်းပင်ဖြစ်သည်။ နောင်တစ်ချိန်တွင် အခြားသူတစ်ဦးအာဏာရလာလျှင်လည်း ယွီမိသားစုကို ဘာမှလုပ်မည်မဟုတ်သော်လည်း ခြေထောက်ပေါ်သို့ဖားခုန်တက်သကဲ့သို့ ခံစားရပေလိမ့်မည်။ မနာကျင်သော်လည်း စိတ်အနှောင့်အယှက်ဖြစ်စရာပင်။ ယွီကျန်းလီ ပြန်ပြောလိုက်သည်။



"ကျွန်တော်တို့အတွက် လုံးဝအရှုံးတော့မဟုတ်ပါဘူး"



ယွီလိရှို့ : "အိုး"



ယွီကျန်းလီ ခပ်ဖျော့ဖျော့ပြုံးလိုက်သည်။ 



"ယန်ကျင်းက တကယ်ကိုထူးချွန်တဲ့ စစ်ဗိုလ်ချုပ်တစ်ယောက်ပါ၊ စစ်သားတွေကိုလေ့ကျင့်ပေးတာနဲ့ ကွပ်ကဲတာမှာဆရာတစ်ဆူပဲ"



ယွီလိရှို့ တွန့်ဆုတ်နေလေသည်။ 



"ဒါပေမယ့် သူကကတိဖျက်ခဲ့ဖူးတယ်လေ"



ယွီကျန်းလီ : "အစ်မ လက်ရှိလောကကြီးရဲ့အခြေအနေကို သိတယ်မလား"



ယွီလိရှို့သည် မသိနားမလည်သောအမျိုးသမီးတစ်ဦး မဟုတ်ချေ။ သူမနှင့်သူမခင်ပွန်း ကွမ်ဖျင်စီရင်စုသို့ ရာထူးလက်ခံရန် သွားရောက်ချိန်မှစ၍ လောကအခြေအနေကို အရိပ်အမြွက် သိမြင်ခဲ့ရပြီးဖြစ်သည်။ သူမသည် မောင်ဖြစ်သူ၏ဆိုလိုရင်းကို နားလည်လိုက်ပြီး ချက်ချင်းတိတ်ဆိတ်သွားလေ၏။ ပညာရှိသည် ရပ်တန့်ရမည့်အချိန်ကို သိပေသည်။ ထို့ကြောင့် ယွီကျန်းလီမှာ သူ့ရည်ရွယ်ချက်ကိုရှင်းပြလိုက်၏။ 



"လာမယ့်ရက်တွေမှာ ကျွန်တော်ယန်ကျင်းကိုခေါ်ပြီး ခြံဝင်းတစ်ခုရှာမယ်၊ ပြီးရင်အစ်မအတွက် စစ်သည်အင်အားတချို့ စုဆောင်းပေးပြီး ကျွန်တော်ပြန်သွားရင် သူကဒီမှာကျန်နေခဲ့ပြီး စစ်သားတွေကိုဆက်လေ့ကျင့်ပေးလိမ့်မယ်၊ ကျွန်တော်တို့ယွီမိသားစုက လူတွေကိုနှိပ်စက်တတ်တဲ့ လူယုတ်မာမျိုးမဟုတ်ပါဘူး၊ သူ့ကိုလည်းကျွန်တော်တို့ရဲ့မျိုးရိုးစဉ်ဆက် စစ်ဗျူဟာတွေကိုသင်ပေးမှာပါ၊ ဒါကနှစ်ဦးနှစ်ဖက် အကျိုးရှိမယ့်အစီအစဉ်ပါပဲ၊ အစ်မက အဲ့စစ်သည်တွေကို ထိန်းချုပ်ထားရုံကလွဲပြီး ကျန်တာဘာမှစိတ်ပူစရာမလိုပါဘူး"



ယွီလိရှို့ မေးလိုက်သည်။ 



"မင်းဘာမှပြန်မရမှာကို မကြောက်ဘူးလား၊ တကယ်လို့ အဲ့စစ်သားအားလုံးက ယန်ကျင်းနဲ့အတူထွက်ပြေးသွားရင် ဘယ်လိုလုပ်မလဲ"



ယွီကျန်းလီ ပြန်ဖြေလိုက်သည်။



"အစ်မက ကျွန်တော့်ကိုတကယ်အထင်သေးတာပဲ၊ ကျွန်တော်တို့ယွီမိသားစုရဲ့စစ်တပ်ထဲကို ဘယ်သူမဆို ဝင်လို့ရတာမှမဟုတ်တာ"



သူတို့တွင် လူများကိုထိန်းချုပ်ရန် နည်းလမ်းပေါင်းများစွာ ရှိပေသည်။

လူကြီးများ ပျော်ရွှင်စွာစကားပြောဆိုနေကြစဉ် ကလေးများသည်လည်း အချင်းချင်း သဟဇာတဖြစ်နေကြလေ၏။ နဉ်ရော့ယွီစီးချင်သော မြင်းမှာမြင်းအစစ်မဟုတ်ဘဲ သူ့ဖခင်နဉ်ယွမ်ပြုလုပ်ပေးထားသော သစ်သားမြင်းရုပ်ဖြစ်ပေသည်။ ၎င်းသည် ရှေ့နောက်လှုပ်ရှားနိုင်ပြီး ခေတ်သစ်မှလှုပ်မြင်းကစားနည်းနှင့် ဆင်တူလေ၏။ ယန်ကျင်းသည် တစ်နှစ်ပင်မပြည့်သေးသော ကလေးတစ်ဦးနှင့်စကားပြောရန်မှာမဖြစ်နိုင်ဟု ခံစားရသကဲ့သို့ ချမ်းသာသောမိသားစုမှ အလိုလိုက်ခံထားရသော သခင်လေးတစ်ဦးဖြစ်ကြောင်း သိသာထင်ရှားနေသည့် နဉ်ယွမ်နင်နှင့်လည်း စကားပြောရန် ခက်ခဲနေလေသည်။ သူတို့သည် တိတ်ဆိတ်စွာပင်လမ်းလျှောက်လာခဲ့ကြ၏။



နဉ်ယွမ်နင်သည် စကားစပြောရန်အကြိမ်ကြိမ်စဉ်းစားခဲ့သော်လည်း ပြန်လည်မျိုသိပ်ထားလိုက်ရသည်။

ခြံဝင်းတံခါးဝသို့ရောက်ချိန်မှသာ သူသည် ယန်ကျင်းအား ဘယ်မှာနေသနည်း၊ ဘာစာအုပ်များဖတ်သနည်း၊ သူ့ဦးလေးနှင့်အတူ ကွမ်ဖျင်စီရင်စုသို့ အဘယ်ကြောင့်လိုက်လာရသနည်း စသည်ဖြင့် မေးမြန်းလိုက်တော့၏။