17
စီရင်စုအုပ်ချုပ်ရေးမှူးကတော်၏မျိုးရိုးအမည်မှာ ယွီဖြစ်ပြီး ယုံကျိုးနယ် ဟယ်ချွမ်းဒေသရှိ ယွီ မိသားစုမှဆင်းသက်လာသူဖြစ်ပေသည်။ ယွီမိသားစု၏ အာဏာကြီးထွားလာမှုသည် လွန်ခဲ့သောမင်းဆက်နှစ်ခုခန့်ကပင် စတင်ခဲ့ခြင်းဖြစ်၏။ အချို့သောမိသားစုဝင်များသည် ဝန်ကြီးချုပ်များနှင့် အခြားသော အဆင့်မြင့် အရာရှိကြီးများအဖြစ် တာဝန်ထမ်းဆောင်ခဲ့ကြလေသည်။
သို့သော် လောကအလယ်တွင် မိမိ၏ ဂုဏ်ဒြပ်ကို ကိုယ်တိုင်ဖော်ထုတ်ရသည်လည်း ရှိစမြဲပင်။ ယွီမိသားစုသည် သူတို့နှင့်မျိုးရိုးအမည်တူသော ဝန်ကြီးချုပ်တစ်ဦးကို ဘိုးဘေးအဖြစ် အသိအမှတ်ပြုထားခြင်းဖြင့် သူတို့ဂုဏ်သရေကို ထုတ်ဖော်ပြသလေ့ရှိသည်။ ထိုပုဂ္ဂိုလ်သည် သူတို့မျိုးနွယ်အစစ်အမှန်ဟုတ်မဟုတ်ကိုမူ လူတိုင်း သိရှိကြပေ၏။ ဤလောကရှိအခြားသော ဂုဏ်သရေရှိမိသားစုများစွာသည်လည်း ဤကဲ့သို့ပြုလုပ်လေ့ရှိကြရာ ယွီမိသားစုသည် ထိုအထဲတွင် ထူးခြားသည်ဟုမဆိုသာချေ။
ယွီမိသားစု၏အစကို ပြောရလျှင် ယခင်မင်းဆက်လက်ထက်သို့ ပြန်ကောက်ရပေလိမ့်မည်။ ယွီမိသားစု၏ ဘိုးဘေးသည် နိုင်ငံထူထောင်သော ဧကရာဇ်နှင့်အတူ တိုက်ပွဲဝင်ခဲ့သူဖြစ်ရာ နိုင်ငံတည်ထောင်သည့် စစ်သေနာပတိအစစ်ဖြစ်ပေသည်။
နောက်ပိုင်းတွင် ဘွဲ့ထူးဂုဏ်ထူးများ ရရှိခဲ့ပြီး မျိုးဆက်တစ်ဆက်ပြီးတစ်ဆက် လက်ဆင့်ကမ်းခဲ့ကာ ဟယ်ချွမ်းဒေသတွင် အထင်ရှားဆုံးနှင့်ဂုဏ်သရေအရှိဆုံး မိသားစုအဖြစ် ဖွံ့ဖြိုးတိုးတက်လာခဲ့၏။ လက်ရှိမျိုးဆက်တွင် ထိုစစ်သေနာပတိကြီး၏မြေးဖြစ်သူ ယွီရုံသည် နန်းတွင်း၌ အတွင်းရေးမှူးချုပ်၊ စစ်သူကြီးရာထူးများကိုရယူထားပြီး မဟာစစ်သေနာပတိချုပ်ဘွဲ့ကိုပါ ချီးမြှင့်ခြင်းခံထားရလေသည်။
ယခုအခါ သူသည်အငြိမ်းစားယူပြီး ဇာတိမြေသို့ပြန်ကာ အေးချမ်းစွာ နေထိုင်လျက်ရှိ၏။ သို့သော် သူ့မျိုးဆက်များသည် နန်းတွင်း၌အရာရှိများအဖြစ် ဆက်လက်တာဝန်ထမ်းဆောင်နေကြပြီး ဂုဏ်ပြုချီးမြှင့်မှုများကိုခံစားနေကြရဆဲပင်။ ယွီမိသားစု၏ အခြေခံအုတ်မြစ်သည် နဉ်မိသားစုလောက်မခိုင်မာသော်လည်း ယွီရုံသည် တစ်ချိန်က ရုပ်ရည်ချောမောခန့်ညားပြီး နဂါးနှင့်ဇာမဏီတို့၏ အသွင်အပြင်မျိုးရှိခဲ့ဖူးသည်။ ထို့ကြောင့် နဉ်မိသားစုပင်မမျိုးနွယ်မှ သမီးအကြီးဆုံး၏နှလုံးသားကို ဖမ်းစားနိုင်ခဲ့လေ၏။ သူမသည်ယွီရုံနှင့်လက်ထပ်ရန် ဇွတ်အတင်းတောင်းဆိုခဲ့ပြီး နောက်ပိုင်းတွင် သူမသမီးကိုပါ မိခင်ဘက်မှဆွေမျိုးနှင့် ပြန်လည်လက်ထပ်ပေးခဲ့သည်။ အချိန်ကြာလာသည်နှင့်အမျှ သူတို့ဆက်ဆံရေးသည် ပိုမိုရင်းနှီးလာခဲ့ကြ၏။
ဤ ယွီရုံဆိုသူမှာ သခင်ငယ်လေး၏ အဘိုးဖြစ်ပြီး နဉ်မိသားစုသို့လက်ထပ်ဝင်ရောက်လာသောသမီးမှာ သခင်ငယ်လေး၏မိခင်အရင်းယွီလိရှို့ဖြစ်ပေသည်။ မောင်ဖြစ်သူ လာရောက်လည်ပတ်သည်ကိုကြားသိရသောအခါ ယွီလိရှို့သည် အလွန်စိတ်လှုပ်ရှားသွားလေ၏။ သူမသည် ထိုင်စောင့်မနေနိုင်တော့ဘဲ ခြံဝင်းအပြင်ဘက်ရှိ ကျောက်ပြားလမ်းပေါ်ထိ ထွက်ကြိုလေတော့သည်။
"အိုး မောင်လေးရယ် အစ်မကိုမယဉ်ကျေးဘူးလို့ အပြစ်မတင်ပါနဲ့၊ မိသားစုနဲ့မတွေ့ရတာ ကြာလွန်းလို့ ဝမ်းသာလွန်းပြီးထွက်ကြိုမိတာပါ"
ဤမျှစည်ကားသော အခါသမယကို နဉ်ရော့ယွီမှမည်သို့အလွတ်ခံပါမည်နည်း။ လူတိုင်းအလုပ်ရှုပ်နေချိန်တွင် သူသည် တိတ်တဆိတ်ထွက်လာခဲ့ပြီး ဖြစ်သည်။ သို့သော် အစေခံများနောက်ကလိုက်ပါလာသဖြင့် သူကဲ့သို့ သေးငယ်သောကလေးတစ်ဦးသည် ထင်ရှားနေလေ၏။ ထို့ကြောင့် သူသည်လမ်းဆက်မလျှောက်တော့ဘဲ လူကြီးများ၏ စည်ကားသောတွေ့ဆုံပွဲကို မြင်ရစေရန် သူ့ကိုပွေ့ချီထားဖို့သာ တောင်းဆိုလိုက်လေသည်။ ဦးလေးဖြစ်သူသည် တံခါးမကြီးမှဝင်ရောက်လာပြီး မောင်နှမနှစ်ယောက် ကျောက်ပြားလမ်းပေါ်တွင်ဆုံတွေ့ကြလေ၏။ ယွီကျန်းလီ သက်ပြင်းချလိုက်ပြောလိုက်သည်။
"ကျွန်တော်က ဘယ်လိုလုပ်အဲ့လိုတွေးရမှာလဲ အစ်မရာ၊ ကျွန်တော်တို့က မိသားစုတွေပဲလေ အရမ်းယဉ်ကျေးနေရင် စိမ်းကားရာကျနေပါလိမ့်မယ်"
သူတို့ နှုတ်ဆက်စကားပြောနေကြစဉ် နဉ်ရော့ယွီသည် ဦးလေးဖြစ်သူကို တိတ်တဆိတ်အကဲခတ်နေမိသည်။
ထိုအမျိုးသားသည် အနက်ရောင်မြေခွေးသားမွှေးကွပ်ထားသောကော်လံပါသည့် အပြာရင့်ရောင် ကြိုးကြာဝတ်ရုံကို ဝတ်ဆင်ထားပြီး အောက်တွင် ကဏန်းခွံအပြာရောင်ပိုးသားဝတ်ရုံရှည်ကို ဝတ်ဆင်ထား၏။ ဝတ်ရုံပေါ်တွင် သေသပ်စွာချုပ်လုပ်ထားသော မက်မွန်ပွင့်ပုံစံများကို မှိန်ဖျော့ဖျော့မြင်တွေ့နေရသည်။ လက်မြှောက်လိုက်သောအခါ အတွင်းဝတ်ရုံ၏သေသပ်လှပသော လက်ကောက်ဝတ်အနားကွပ်ဖြူကိုတွေ့ရ၏။ ယိုကျိုးနယ်သည် အလွန်ချမ်းအေးသဖြင့် ယုန်မွှေးပါသောဦးထုပ်ကိုလည်း ဆောင်းထားသေးသည်။
ဦးလေးဖြစ်သူသည် အတော်လေးငယ်ရွယ်နုပျိုပုံရသည်ကို နဉ်ရော့ယွီသတိထားမိလိုက်၏။ နောက်ခေတ်များတွင်ဆိုလျှင် တက္ကသိုလ်ကျောင်းသားအရွယ် ချောမောခန့်ညားသောလူငယ်လေးတစ်ဦးဖြစ်ပေလိမ့်မည်။ သူ့အကြည့်သည် သိုသိပ်ပြီး သတိမထားမိလောက်ဟု သူထင်မှတ်ခဲ့သည်။ သို့သော် လူကြီးများအတွက်မူ စပါးကျီကိုချောင်းကြည့်နေသော ကြွက်လေးတစ်ကောင်နှင့် တူနေလေ၏။ ပုန်းကွယ်နေသည်ဟုထင်ရသော်လည်း သူတို့မျက်စိအောက်တွင်သာရှိနေခြင်းပင်။
ယွီကျန်းလီလှမ်းကြည့်လိုက်ရာ ရွှေချည်ထိုးကျားခေါင်းပုံဦးထုပ်ဆောင်းထားသော ကလေးငယ်ကိုတွေ့လိုက်ရသည်။ ဦးထုပ်အောက်တွင် ဖြူဝင်း၍လုံးဝန်းသောမျက်နှာလေးနှင့် တောက်ပသောမျက်လုံးဝိုင်းကြီးများရှိနေပြီး မြင်သူတိုင်းမှ ချစ်စရာကောင်းပြီး ကျက်သရေရှိသည်ဟု ချီးမွမ်းကြရမည့်ပုံစံလေးဖြစ်လေသည်။ ဤကောင်လေးသည် ခေါင်းအစခြေအဆုံး မိသားစု၏မေတ္တာနှင့် မျှော်လင့်ချက်များကို သယ်ဆောင်ထားသူဖြစ်ပေ၏။ ယွီကျန်းလီ အင်္ကျီလက်ကိုပင့်တင်လျက် သူ့ကိုလှမ်းခေါ်လိုက်သည်။
"ဒါက အားရှီးဖြစ်ရမယ်၊ ဦးလေးက မင်းရဲ့စတုတ္ထဦးလေးလေ အငယ်ဆုံး ဦးလေးပေါ့၊ ဦးလေးယောင်လို့ခေါ်ပါဦး"
နဉ်ရော့ယွီမှာ ယွီကျန်းလီသင်ပေးသည့်အတိုင်းမခေါ်ဘဲ ပြတ်သားစွာပင် ဦးလေးငယ်ဟုသာခေါ်လိုက်လေသည်။
*သူ့မှာ ကိုယ်ပိုင်အကြံအစည်ရှိတာပဲ*
ယွီကျန်းလီ ထိုသို့တွေးမိကာသဘောတူလိုက်သည်။ ထို့နောက် သိုးအဆီကဲ့သို့ ဖြူဝင်းသောကျောက်စိမ်းတစ်ခုကို ပေးလိုက်လေ၏။
"ဦးလေးက အလျင်စလိုလာခဲ့ရတော့ ပစ္စည်းကောင်းကောင်းပါမလာခဲ့ဘူး၊ ဒါကိုဦးလေးပေးတဲ့လက်ဆောင်အဖြစ်ယူလိုက်နော်"
နဉ်ရော့ယွီမှာ မိခင်ဖြစ်သူ၏မျက်နှာကို အရင်လှမ်းကြည့်လိုက်သည်။
ယွီလိရှို့မှာ ပြုံးလျက်ပြောလာ၏။
"နောက်ကလှည်းပေါ်မှာပါလာတဲ့ လက်ဆောင်တွေက မလုံလောက်သေးလို့လား၊ တူလေးကို သပ်သပ်ထပ်ပေးနေရသေးတယ်"
ယွီကျန်းလီ ပြန်ပြော၏။
"အစ်မရာ လှည်းပေါ်ကလက်ဆောင်တွေက အဖေ၊ အမေနဲ့ အစ်ကိုအစ်မတွေက သူတို့ရဲ့မြေး၊ သူတို့ရဲ့တူအတွက်ပေးလိုက်တဲ့ လက်ဆောင်တွေလေ၊ ဒီကျောက်စိမ်းကကျ ကျွန်တော်က တူလေးကိုသီးသန့်ပေးတာ ဘယ်လိုလုပ် ရောပစ်လိုက်ရမှာလဲ၊ ဒါ့အပြင် ကျွန်တော်က ယွင်စစ်ကိုလည်း ကျောက်စိမ်းပေးဖူးတယ်လေ၊ အစ်ကိုကြီးမှာရှိပြီး ညီလေးမှာမရှိရင်ဘယ်ဖြစ်မလဲ"
ထိုအခါမှ ယွီလိရှို့လည်း နဉ်ရော့ယွီယူလိုက်ရန် အမူအရာပြလိုက်သည်။ နဉ်ရော့ယွီသည် ပျော်ရွှင်စွာလက်ခံလိုက်ပြီး အားနာသည့်ပုံစံလုံးဝမပြချေ။
"ကျေးဇူးတင်ပါတယ် ဦးလေး၊ ဦးလေးပေးတဲ့ ကျောက်စိမ်းကတကယ်လှတာပဲ၊ အားရှီးအရမ်းကြိုက်တယ်"
နဉ်ရော့ယွီ ချိုချိုသာသာလေးပြောလိုက်သည်။ ယွီကျန်းလီမှာ သူ့ထံနူးညံ့စွာပြုံးပြလာ၏။
"အင်း အားရှီးကတော်လိုက်တာ"
နဉ်ယန်နင်လည်း ထွက်လာပြီး နှုတ်ဆက်လေသည်။
"ဦးလေး"
ယွီလိရှို့ လက်ခုပ်တီးပြီးရယ်မောလိုက်သည်။
"ကြည့်ကြဦး အကုန်လုံးကအပြင်မှာရပ်ပြီး စကားပြောနေကြတော့တာပဲ၊ မြန်မြန် အိမ်ထဲဝင်ကြရအောင်"
နဉ်ရော့ယွီသည် လက်ထဲမှနွေးထွေးသောကျောက်စိမ်းကို ကစားနေပြီး လူကြီးများ၏စကားဝိုင်းကို ဂရုမစိုက်တော့ချေ။ ဘာပဲဖြစ်ဖြစ် သူက ကလေးတစ်ယောက်သာဖြစ်သဖြင့် ဝင်ပြော၍လည်း ရမည်မဟုတ်ပေ။
သူခေါင်းလှည့်လိုက်သောအခါ သူ့ဦးလေးနောက်မှ လူအုပ်ကြီးထဲတွင် ထူးခြားပေါ်လွင်သော လူငယ်တစ်ဦးကို ရုတ်တရက်တွေ့လိုက်ရလေသည်။
ထိုလူ့မျက်နှာသည် အလွန်နုပျိုနေဆဲဖြစ်ပြီး ၁၅ နှစ် ၁၆နှစ်ခန့်သာရှိဦးမည်။ သို့သော် သူသည်ချောမောခန့်ညားပြီး အရပ် ၈ပေခန့်ပင်ရှိပုံရသည်။ မြင့်မားသောသူ့အရပ်အမောင်းကြောင့် လူအုပ်ကြားတွင် ထင်ရှားနေပြီး လူအများ၏အာရုံစိုက်မှုကိုရရှိနေလေ၏။
သူ့အဝတ်အစားများမှာ အခြားသူများနှင့်ယှဉ်လျှင် သိပ်မထူသော်လည်း နွေးထွေးမှုများဖြာထွက်နေသကဲ့သို့ ခံစားရသည်။ နဉ်ရော့ယွီတိတ်တဆိတ်ကြည့်ရင်း အားကျနေမိ၏။
"ဘယ်လို ခန္ဓာကိုယ်မျိုးလဲဟ"
ထိုလူငယ်ကမူ အလွန်နှိမ့်ချသောပုံစံ ရှိသည်။ နဉ်ရော့ယွီမှသူ့ကိုစူးစမ်းလိုသော မျက်လုံးများဖြင့် ကြည့်နေသည်ကို သတိထားမိသောအခါ သူသည် သွားဖြူဖြူကြီးများပေါ်အောင် တောက်တောက်ပပပြုံးပြလေ၏။
နဉ်ရော့ယွီ ပို၍စိတ်ဝင်စားသွားရသည်။ ဤလူသည် သိုင်းပညာရှင်ကဲ့သို့သပ်သပ်ရပ်ရပ်ဝတ်ဆင်ထားပြီး သူ့အမူအရာမှာ သာမန်ကိုယ်ရံတော်တစ်ဦးနှင့်မတူပေ။ သူ့အဆင့်အတန်းမှာ သာမန်မဟုတ်နိုင်ချေ။