Ch 9
Viewers 723

9




ယိုကျိုးနယ်သည် အလွန်တရာချမ်းအေးသော အရပ်ဒေသဖြစ်သည်။ အောက်တိုဘာလကုန်ကတည်းမှ နှင်းထူထူများကျဆင်းခဲ့လေပြီ။ ယနေ့တွင်မူ မီးခိုးရောင်ကောင်းကင်ယံမှ ကျဆင်းလာသောနှင်းပွင့်များသည် ကောင်းကင်တစ်ခုလုံးကို လွှမ်းခြုံထားပြီး လှပခမ်းနားစွာဖြင့် လှည့်ပတ်ဝဲပျံနေကြ၏။ နှင်းမှုန်လေးများသည် ပြတင်းပေါက်မှန်များကို တဖွဲဖွဲ လာရောက်ရိုက်ခတ်နေကြသည်။ ယခုအချိန်၌သာ ပြတင်းပေါက်ဖွင့်လိုက်မိပါက မာကျောအေးစက်ပြီး အလွန်သန့်စင်သော ရေခဲနှင့်နှင်းရနံ့များကို ရှူရှိုက်မိမည်မှာ အသေအချာပင်။



ယခင်ဘဝ၌ တောင်ပိုင်းသားဖြစ်ခဲ့ဖူးသော နဉ်ရော့ယွီသည် ဤမျှပြင်းထန်သော နှင်းမုန်တိုင်းမျိုးကို တစ်ခါမှမကြုံဖူးခဲ့ချေ။ ကမ္ဘာကြီးတစ်ခုလုံး အဖြူရောင်လွင်ပြင်ကြီးအဖြစ် ပြောင်းလဲသွားသကဲ့သို့ရှိလေသည်။ သူသည် အပြင်ဘက်မှရှုခင်းကို လက်ညှိုးထိုးပြပြီး တအာအာအသံပြုလိုက်မိ၏။ နှင်းအကြောင်း စကားတစ်လုံးမှမပြောတတ်သေးချေ။ ထိုသို့ပြုလုပ်လိုက်သောအခါ သူ့အစေခံသည်ပြတင်းပေါက်ကို အမြန်ထပိတ်လိုက်လေ၏။ နဉ်ရော့ယွီအား လေအေးများထိခိုက်မည်ကို စိုးရိမ်သောကြောင့်ပင်။



နဉ်ရော့ယွီ - "???"



လှပသောနှင်းရှုခင်းကို ကြည့်ရှုလိုသည့် သူ့အစီအစဉ်မှာ ဤသို့ပင်ပျက်စီးသွားရတော့သည်။ ဤသည်မှာ မတရားပါပေ။ နဉ်ရော့ယွီတစ်ယောက် စကားမပြောတတ်ခြင်း၏ အဆင်မပြေမှုကို ချက်ချင်း နားလည်သွားတော့သည်။ တိုက်တိုက်ဆိုင်ဆိုင်ပင် သူသည်စကားပြောတတ်သင့်သည့် အရွယ်သို့ ရောက်ရှိနေပြီဖြစ်ရာ စကားလုံးများစတင်ပြောဆိုရန် ကြိုးစားခြင်းသည် ဤပျင်းရိသော ကလေးငယ်အတွက် သိပ်မခက်ခဲလှပေ။



မည်သို့ပင်ဆိုစေကာမူ သွားမရှိသေးသောကလေးငယ်သည် အများကြီးမတောင်းဆိုတတ်သေးချေ။ သူ့နေ့စဉ်ဘဝသည် စားမယ် သောက်မယ် အိပ်မယ် ကစားမယ် သွားမယ် စသည့်စကားလုံးများဖြင့်သာ လည်ပတ်နေလေသည်။ တဖြည်းဖြည်းနှင့် စကားလုံးများတိုးပွားလာပေလိမ့်မည်။

ဆယ်ရက်ခန့်ကြာသောအခါ စာကြောင်းပြည့်စုံအောင် မဆက်တတ်သေးသော်လည်း သူမည်သည်ကိုလိုချင်ကြောင်း လူများမှာနားလည်လာကြ၏။



ထင်သည့်အတိုင်းပင် သူ့ကလေးသံမပီကလာပြောတတ်သည်နှင့် ပထမဆုံးတောင်းဆိုသောအရာမှာ သစ်တော်သီးဖြစ်ချေ၏။

ကလေးငယ်များသည် အများကြီးမစားနိုင်သကဲ့သို့ သူတို့စားရသည့် အစားအစာများမှာလည်း အရသာသိပ်မရှိလှပေ။ အပြင်မှဝယ်ယူလာသော သစ်တော်သီးကိုနူးအိနေအောင်ပေါင်းပြီးမှ ဇွန်းသေးသေးလေးဖြင့် နည်းနည်းချင်းခွံ့ကျွေးရလေသည်။



ထို့ပြင် ဇီးသီး လိမ္မော်သီးစသည့် သစ်သီးအချို့ကိုမူ စားသုံးနိုင်ပေ၏။ ကံကောင်းသည်မှာ ဤခေတ်၌ဟင်းချက်စရာများ အကန့်အသတ်ရှိသကဲ့သို့ ချက်ပြုတ်နည်းများမှာလည်း ပေါင်းခြင်း၊ ပြုတ်ခြင်း၊ ကင်ခြင်းလောက်သာရှိချေသည်။ သူသည် လမ်းလျှောက်တတ်သည့် ကလေးမဟုတ်သေးရာ စားပွဲပေါ်၌ စားကောင်းသောက်ဖွယ် သိပ်မရှိလှပေ။

ဤခေတ်လူတို့သည် ချက်ပြုတ်ထားသော အသားထက် အသားစိမ်းကိုပိုနှစ်သက်ကြပေသည်။



ပုစဉ်းရင်ကွဲအတောင်ပံကဲ့သို့ ပါးလွှာနေအောင် လှီးဖြတ်ထားသည့် အသားလွှာများကို ဆော့စ်အမျိုးမျိုးဖြင့် တို့စားလေ့ရှိကြ၏။ စားလိုက်တိုင်း ၎င်းမှာနတ်သုဒ္ဓါသဖွယ် အရသာရှိသည်ဟု ခံစားကြပြီး အသားထဲတွင် ကပ်ပါးကောင်များရှိနိုင်သည်ဆိုသောအချက်ကိုမူ လုံးဝမေ့လျော့ထားကြလေသည်။ သို့သော် ဤအချက်သည် နဉ်ရော့ယွီ၏လောဘကို တားဆီးနိုင်ခြင်း မရှိချေ။ အဘယ်ကြောင့်ဆိုသော် အရသာရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ သူစားသောက်နိုင်သောအရာမဟုတ်သောကြောင့်ပင်။ ထိုအဖြစ်ကိုမြင်သောအခါ နဉ်ယွမ်ရယ်မောလျက် ဆူပူလိုက်လေသည်။



"ဒီကောင်လေးက သူ့အဖေနဲ့အမေကိုခေါ်တာထက် အစားတောင်းတာကပိုမြန်နေပြီ"



နဉ်ရော့ယွီ ပျင်းရိဟန်ဖြင့် သွားရည်ကျရင်း သူလှည့်ကစားနေသော အဝတ်ဘောလုံးလေးကိုဘေးချလိုက်၏။ ထို့နောက် ကလေးသံလေးဖြင့် မေမေ မေမေဟု ခေါ်လိုက်လေသည်။ သူ့လက်ဖောင်းဖောင်းလေးများသည် အုပ်ချုပ်ရေးမှူးကတော်၏လက်ဖမိုးကို ဆုပ်ကိုင်ထားပြီး နဉ်ယွမ့်ထံ အောင်နိုင်သူအကြည့်ဖြင့် လှမ်းကြည့်လိုက်၏။ ပါးစပ်ထဲနို့သွားအနည်းငယ်သာရှိသေးသော အပြုံးလေးပင်ပေးလိုက်သေး၏။



အုပ်ချုပ်ရေးမှူးသည် လူကြီးဖြစ်ရာကလေးတစ်ယောက်ကို အငြိုးအတေးထားမည် မဟုတ်ပေ။ သို့သော်ချစ်စဖွယ်မျက်နှာလေးကို မြင်လိုက်ရသောအခါ မစနောက်ဘဲမနေနိုင်တော့ချေ။ ရယ်လည်းရယ်ချင် စိတ်လည်းတိုဖြစ်သွားပြီး ပြောလိုက်လေသည်။



"မင်း ဖေဖေလို့ရော ခေါ်တတ်လား၊မေမေလို့ပဲ ခေါ်တတ်တာကိုလာကြွားမနေနဲ့" 



နဉ်ရော့ယွီကား သဘောထားသေးသိမ်သူ မဟုတ်ချေ။ ဖခင်ဖြစ်သူ၏အသက်အရွယ်နှင့် ကလေးစိတ်ကြိုက်လိုက်ပေးလိုသောစိတ်ဆန္ဒကို ထောက်ထားပြီး မတတ်သာသည့်ဟန်ဖြင့် အာ ဖေဖေ ဟုခေါ်ပေးလိုက်လေသည်။ အသံထွက်မပီသသော်လည်း နဉ်ယွမ်ခမျာ ဝမ်းသာပီတိဖြစ်သွားရရှာ၏။

ဤသည်မှာ သူ၏ပထမဆုံးအကြိမ်အဖေအဖြစ်ခံယူရခြင်း မဟုတ်သော်လည်း ပျော်ရွှင်မှုမှာမူ အတိုင်းအဆမရှိဖြစ်ရပေသည်။

ထိုသို့ စကားပြောနေစဉ် နှင်းထူထူကြားမှ နဉ်ယန်နင်ရောက်ရှိလာပြီး နဉ်ရော့ယွီအား ကျော်ကြားသည့် ပုဂ္ဂိုလ်များအကြောင်း ပုံပြင်ပြောပြရန် ပြင်ဆင်လာလေ၏။



အုပ်ချုပ်ရေးမှူးကတော်သည် အစေခံချုံလန်အား လက်ကိုင်ပုဝါအမြန်ယူခိုင်းပြီး သားဖြစ်သူကိုယ်ပေါ်မှ နှင်းမှုန်များကိုကိုယ်တိုင်သုတ်ပေးလိုက်၏။ အစေခံများမှာမူ လက်ကိုင်မီးဖိုဖြင့် သူ့အဝတ်ကိုခြောက်သွေ့အောင်ပြုလုပ်ပေးကြသည်။



"ဒီနေ့ နှင်းတွေဒီလောက်ထူနေတာကို မလာဘဲနေလိုက်လဲရသားနဲ့၊ဘာလို့ ဒုက္ခခံပြီးလာနေရတာလဲ" 



သူမမှာ သားဖြစ်သူကိုကြည့်ကာ နဉ်ယန်နင်ပြောလာမည့်စကားကို တားလိုက်၏။ 



"သွား အပေါ်ဝတ်ရုံကိုအရင်သွားလဲလိုက်ဦး ပြီးမှစကားပြောကြတာပေါ့"



နဉ်ယန်နင် မငြင်းဆန်ရဲပေ။ အတွင်းခန်း၌ အဝတ်အစားလဲပြီးမှ အေးအေးဆေးဆေးပြန်ထွက်လာပြီး မိဘနှစ်ပါးကိုဂါရဝပြုလေသည်။ နဉ်ယွမ်လည်း ပြောလာ၏။



"မင်းခန္ဓာကိုယ်က အားနည်းနေတာကို ဒီတစ်ခေါက်အပြင်ထွက်ပြီး ပြန်ဖျားနေရင် ဘယ်လိုလုပ်မလဲ" 



နဉ်ယန်နင် ပြန်ဖြေလိုက်၏။ 


"ဖေဖေပြောတာ မှန်ပေမယ့် သားခန္ဓာကိုယ်အကြောင်း သားသိပါတယ်၊သား ဘယ်တော့မှ မပေါ့ဆပါဘူး၊ဖေဖေနဲ့မေမေကို စကားလာပြောရင်း အားရှီးကိုပုံပြင်ပြောပြချင်လို့ပါ"



စကားပြောစရာရှိသည်ဟု ကြားလိုက်ရသဖြင့် နဉ်ရော့ယွီမော့ကြည့်လိုက်မိသည်။ သူ့မျက်နှာတွင် မေးခွန်းထုတ်လိုသော အမူအရာများ ပြည့်နှက်နေ၏။ နဉ်ယန်နင်၏စာသင်ချိန်လေး တရားဝင်စတင်ပါတော့မည်။ သားကောင်ဖြစ်သည့် နဉ်ရော့ယွီ ခမျာ ငြင်းဆန်ခွင့်ပင်မရှိတော့ချေ။



စူးရှင်းခြံဝင်း



"သခင်လေးနဲ့သွမ့်ဆွေ့တို့ သခင်မရဲ့တင်းကျူးဆောင်ဘက်ကို သွားကြတယ်လေ၊နှင်းတွေဒီလောက်ထူနေမှတော့ နေ့လယ်စာကို ဟိုမှာပဲစားပြီးပြန်လာမှာမဟုတ်ဘူး"



အစေခံမလေးများနှင့်အလုပ်သမားများသည် စကားစမြည်ပြောရင်း အားလပ်ချိန်ကို ခံစားနေကြ၏။ အစေခံများထဲမှ မျက်လုံးတောက်တောက်နှင့်တစ်ယောက်မှာ မတ်တပ်ရပ်လိုက်ပြီး မျက်နှာထားတင်းတင်းဖြင့်ပြောလိုက်သည်။



"သခင်လေးမရှိလဲ နင်တို့ပေါ့တီးပေါ့ဆနေလို့မရဘူး၊အခန်းထဲက အဝတ်အစားတွေကို သေချာမီးခိုးမှိုင်းတိုက်ထားရမယ်၊ပြီးတော့ သမားတော်ကျန်းပြောထားတဲ့ စိတ်ငြိမ်ဆေးကိုလဲ ပြင်ဆင်ထားရမှာ၊သခင်လေးပြန်လာရင် နွှေးပြီးသောက်လို့ရအောင်လေ၊နင်တို့ကို ဒီလိုဆော့ကစားခွင့်မပေးနိုင်ဘူး"



အစေခံများ အချင်းချင်းကြည့်လိုက်ကြပြီး ခဏတာမျှစကားမပြောနိုင်ဖြစ်သွားကြသည်။ အချို့မှာတိတ်တဆိတ်မျက်လုံးလှန်ကြည့်ကြပြီး အချို့မှာမူနေရခက်သွားကြ၏။ အခန်းထဲတွင် တိတ်ဆိတ်သွားလေသည်။ အစေခံတစ်ယောက်မှာထရပ်ပြီး ပြောလာ၏။ 


"အဒေါ်ကျောက်ရယ် ကျွန်မတို့သိပါတယ်၊ခဏလေး နားနေကြတာပါ စိတ်မဆိုးပါနဲ့နော်"



အဒေါ်ကျောက် ခေါင်းငြိမ့်ပြလိုက်၏။ 



"ငါဘာမှထပ်မပြောချင်တော့ဘူးနော်၊ဒါပေမယ့် သခင်လေးမရှိတုန်း ငါကသူ့နို့ထိန်းအနေနဲ့ အခြေအနေကိုစောင့်ကြည့်ရမှာပဲ၊နင်တို့ကို စည်းကမ်းတကျထိန်းသိမ်းတာ သက်သက်ဆိုပေမယ့် စကားစမြည်ပြောကြတာတော့ရပါတယ်၊ငါ သခင်လေးကိုတိုင်မှာ မဟုတ်ပါဘူး"



သူမ ပြောပြီးသည်နှင့် သခင်လေးအခန်းဘက်သို့ ထွက်သွားလေသည်။ 



"ငါ အလုပ်သွားလုပ်လိုက်ဦးမယ်၊သခင်လေးအခန်းကို ငါသွားရှင်းလိုက်မှာမလို့ နင်တို့ကောင်းကောင်းနားကြပါ"



သူမထွက်သွားပြီးနောက် အခန်းထဲတွင်အရင်လို ပြန်လည်သက်ဝင်လှုပ်ရှားလာတော့သည်။ စိတ်မရှည်သော အစေခံမလေး တစ်ယောက်မှာ နှာခေါင်းရှုံ့ပြီးပြောလိုက်၏။ 



"သူ့ကိုယ်သူ သခင်မများမှတ်နေလားမသိဘူး၊ငါတို့ကို သခင်မလို ပါးရိုက်လိုက် ပြီးမှ မုန့်ကျွေးလိုက်လုပ်နေတာ၊သူ့ကိုကျေးဇူးတင်မယ့်လူရှိမယ်များ ထင်နေလား"



လုပ်သက်ရင့်၍ တည်ငြိမ်သောအစေခံအိုကြီးမှာ သူမထံစောင်းကြည့်လိုက်ပြီး ပြောလာ၏။



"ဘာမှထပ်မပြောနဲ့တော့၊သူက သခင်လေးရဲ့နို့ထိန်းလေ၊သခင်လေးကို နို့တိုက်ခဲ့တဲ့သူဆိုတော့ အဆင့်အတန်းချင်းမတူဘူးပေါ့၊နင်ဒေါသထွက်ချင် ထွက်လို့ရပေမယ့် ပါးစပ်ကိုတော့ထိန်း၊ဖြစ်နိုင်ရင် သူ့ကိုသွားမစတာ အကောင်းဆုံးပဲ" 



အားလုံးလည်း ထိုအချက်ကိုနားလည်ကြသဖြင့် ဆက်လက်ပြောဆိုခြင်းမပြုကြတော့ချေ။ ထိုအချိန်တွင် အဒေါ်ကျောက်သည် သခင်လေးအခန်းထဲ ရောက်ရှိသောအခါ သူမပြောသကဲ့သို့ အဝတ်အစားများကိုဂရုစိုက်ခြင်း၊အခန်းရှင်းခြင်းများ မလုပ်ဆောင်ခဲ့ပေ။ ထိုအစား သူခိုးလူမမိစေရန် ဟိုဟိုဒီဒီချောင်းကြည့်ပြီး နေရာအနှံ့ရှာဖွေနေတော့သည်။ ထပ်ခါတလဲလဲရှာဖွေပြီးနောက်ဆုံးတွင် ကြွေအိုးနောက် သစ်သားသေတ္တာထဲရှိ ရွှေငါးရုပ်များထည့်ထားသော ဘူးတစ်ဘူးကိုတွေ့ရှိသွားပြီး ချက်ချင်းပြုံးရွှင်သွားလေ၏။



သူမအမြန်မော့ကြည့်လိုက်ပြီး နောက်ကိုတစ်ချက်လှည့်ကြည့်လိုက် နားစွင့်လိုက်လုပ်ပြီးမှ ဘူးထဲရှိရွှေငါးရုပ်တစ်ဆုပ်ကို နှိုက်ယူကာအင်္ကျီအတွင်းဘက်ထဲ ထိုးထည့်လိုက်တော့သည်။ တံခါးမှာ ကျွီကနဲပွင့်သွားပြီး လိုက်ကာကို မ တင်ရုံရှိသေးသောအစေခံမလေးတစ်ယောက်မှာ ထိုမြင်ကွင်းကိုမြင်သွားပြီး အံ့သြထိတ်လန့်သွားလေ၏။



ထိုအစေခံမလေးသည် စောစောကအဒေါ်ကျောက်ကို ရဲရဲဝံ့ဝံ့ပြန်ပြောရဲသည့် အစေခံမလေးမုရှီပင်ဖြစ်သည်။