7
ပျော်ရွှင်မှုဟူသည် အမြဲတည်မြဲနေသည် မဟုတ်ချေ။ နဉ်ရော့ယွီမှာပျော်ရွှင်နေသော်လည်း Sign-in စနစ်မှာမူ မပျော်ရွှင်ပေ။ အထူးသဖြင့် နဉ်ရော့ယွီမှ တာဝန်များကို စိတ်မဝင်စားဘဲ လုံးဝလျစ်လျူရှုထားသည်မှာ အတော်ကြာမြင့်နေပြီဖြစ်ရာ စနစ်ခမျာ ဒေါသထွက်နေရသည်။
ဤမျှ ပျင်းရိသောအိမ်ရှင်မျိုး အဘယ်ကြောင့်ရှိနေရပါသနည်း။ အနည်းငယ်မျှပင် အားမစိုက်ပါပေ။ ကြည့်ပါဦး သူသည် မတ်တပ်ရပ်ရမည့်အစား ထိုင်နေချင်သည် ထိုင်နေရမည့်အစား လှဲနေချင်သည်။ ယခု၁၀လသားအရွယ် ရောက်နေပြီဖြစ်သော်လည်း ယခုမှစ၍တွားသွားတတ်ခြင်းဖြစ်၏။ တွားသွားသည်မှာလည်း အစ်ကိုကြီးလက်ထဲမှ ပျားရည်ကို လိုချင်၍လိုက်သွားခြင်းသာပင်။ ကြည့်ရသည်မှာ တစ်ကယ့်ကိုသည်းမခံနိုင်စရာဖြစ်၏။
တာဝန်များဆိုလျှင်မူ ပြောမနေပါနှင့်တော့ မည်သည့်အရာတစ်ခုမှ မပြီးပြတ်သေးချေ။
စက္ကူလုပ်နည်းဟူသော အောင်မြင်မှုဆုလက်ဆောင်ဆိုလျှင် တတိယအဆင့်မှပဉ္စမအဆင့်တာဝန်များထိပေးရန် အသင့်ရှိနေသော်လည်း ကံဆိုးသည်မှာ နဉ်ရော့ယွီသည်ယူရန်စိတ်ကူးပင် မရှိပေ။ တစ်နေ့လုံး စားလိုက် အိပ်လိုက် အိပ်လိုက် စားလိုက်ဖြင့်သာ အချိန်ကုန်ဆုံးနေသဖြင့် စနစ်ခမျာ အတော်စိတ်ပျက်နေရှာသည်။
တစ်ခုတည်းသော မျှော်လင့်ချက်မှာ နဉ်ရော့ယွီတစ်နှစ်ပြည့်ပြီးလျှင် စနစ်ဆိုင်ပွင့်လာမည်ဖြစ်ရာ ထိုအခါမှသာ တာဝန်များ လုပ်ဆောင်လာလိမ့်မည်ဟု မျှော်လင့်ရခြင်းပင်။ လောလောဆယ်တွင်မူ မည်သည့်အရာကိုမှမျှော်လင့်၍မရနိုင်သေးချေ။ ယခု ဒီဇင်ဘာလသို့ ရောက်ရှိနေပြီဖြစ်သည်။ ဆောင်းရာသီ ရောက်ရှိတော့မည်ဖြစ်ရာ နဉ်ရော့ယွီကို အဝတ်များထူထူထဲထဲဝတ်ဆင်ပေးထား၏။ အဝေးမှကြည့်လျှင် အနီရောင်ဘောလုံးလေးလိမ့်နေသကဲ့သို့ပင် ကြည့်ရသည်မှာ ချစ်စရာကောင်းပြီး ကျက်သရေရှိသော်လည်း ရယ်စရာလည်းကောင်းနေပြန်သည်။
အဝတ်များ အထပ်ထပ်ဝတ်ဆင်ထားသဖြင့် လှုပ်ရှားရသည်မှာ ပိုခက်ခဲသွားပြီး နဉ်ရော့ယွီခမျာပို၍ပင်မလှုပ်ရှားချင်တော့ပေ။ လူအများစုသည် ၁၀လသားအရွယ်ဆိုလျှင် လမ်းလျှောက်တတ်နေပြီဖြစ်သော်လည်း နဉ်ရော့ယွီမှာမူ လုံးဝမလှုပ်ရှားချင်ချေ။ သွားလိုလျှင် အစေခံများကိုချီခိုင်းလေသည်။ သူသည် လုံးဝအပင်ပန်းမခံချင်ဘဲ သူ့ကို မည်သူမှလည်း တားဆီး၍မရပေ။
အုပ်ချုပ်ရေးမှူး၏မိသားစုသည်လည်း သူလမ်းမလျှောက်တတ်သေးသည်ကို ကိစ္စကြီးဟုမထင်မှတ်ကြချေ။ ငယ်စဉ်ကတည်းမှ အလိုလိုက်ထားသည်ဖြစ်ရာ ယခုထိလည်းအလိုလိုက်နေကြဆဲပင်။ ထိုနေ့တွင် နဉ်ယန်နင်မိဘများကို ဂါရဝပြုရန် ရောက်ရှိလာသောအခါ နဉ်ရော့ယွီသည် စောစောစီးစီးနိုးနေပြီး ပြောင်းဆန်ပြုတ်ပျော့ပျော့လေး ခွံ့ကျွေးရန်ပူဆာနေလေသည်။ အစာမာစားတတ်လာကတည်းမှ နို့ကိုမည်မျှတိုက်တိုက် ပါးစပ်ထဲမထည့်တော့ချေ။ လူကြီးများ စားသောက်သည်ကိုသာ သွားရည်တမြားမြားဖြင့် ငေးကြည့်ပြီး တတွတ်တွတ် အော်ဟစ်နေတတ်သည်။
မိသားစုလည်း မတတ်သာတော့ဘဲ အလိုလိုက်ရတော့၏။ ထမင်းချက်မှာ ဆင်းရဲသားအိမ်များကဲ့သို့ပင် အစာများကို ပြဲနေအောင်ချက်ပြုတ်ပြီး ဆားအနည်းငယ်ခတ်ကာ လောဘကြီးသော သူ့ပါးစပ်လေးထဲသို့ ဇွန်းဖြင့်ခွံ့ထည့်ပေးရလေသည်။ အုပ်ချုပ်ရေးမှူးကတော်မှာ ဂါရဝပြုရန်ရောက်ရှိနေသော နဉ်ယန်နင်ကိုပြောလိုက်သည်။
"နောက်ဆိုရင် ပထမလရောက်တော့မယ်၊နှစ်သစ်ကူးပြီးတာနဲ့ သားက၁၃နှစ်ပြည့်တော့မှာပဲ၊၁၄နှစ်သား စားတဲ့အစားအစာတွေကို စားရတော့မယ်၊အမေ့သားလေးတောင် ကြီးပြင်းလာပြီပဲ"
နဉ်ရော့ယွီကမူ ဝါးစရာမလိုသော ပြောင်းဆန်ပြုတ်ကို ပေါက်ကာစသွားလေးများဖြင့်ကြိတ်ဝါးရင်း မိခင်ပြောသော စကား၏အဓိပ္ပာယ်ကို သိပ်နားမလည်လိုက်ချေ။ သို့သော်သူ့မိခင်မှ ထပ်ပြောလိုက်လေသည်။
"အားရှီးလဲတူတူပဲ၊ပထမလကနေ နွေဦးအစထိဆိုရင် သူလဲတစ်နှစ်ပြည့်ပြီ၊ရိုးရာအသက်ရေတွက်ပုံအရဆိုရင် နှစ်နှစ်တောင်ရှိသွားပြီ၊အချိန်ကုန်သွားတာများ မြန်လိုက်တာ"
နဉ်ရော့ယွီမျက်လုံးများ ပြူးကျယ်သွားရသည်။ သူ့မိခင်မှလွမ်းဆွတ်တမ်းတသည့် လေသံဖြင့်ပြောလိုက်သော အသက်ရေတွက်ပုံမှာ မယုံနိုင်စရာကောင်းလွန်းလှသည်။ သူသည်လပိုင်းမျှသာရှိသေးသော ကလေးပေါက်စလေးပင်ဖြစ်၏။ မည်သို့ဖြစ်၍ ရုတ်တရက်ကြီးနှစ်နှစ်ဖြစ်သွားရပါသနည်း။ နဉ်ယန်နင်လည်း သဘောတူလိုက်ပေသိ သူ့မျက်နှာထက်တွင် တွေဝေမှုများပေါ်နေသည်။ သို့သော် သူသည်ထုတ်ဖော်ပြောဆိုလာသေး၏။
"မေမေ သားကမကြာခင်ဆို မိသားစုစာသင်ကျောင်းကို သွားရတော့မယ်ထင်တယ်၊ဖေဖေက ရာထူးတာဝန်နဲ့ခရီးထွက်နေရတော့ သားကပဲသူ့အစားမိသားစုဆီပြန်ပြီး အဘိုးကို ဂါရဝပြုလိုက်ပါ့မယ်၊သားသမီးဝတ္တရားကျေပွန်ရမှာပဲလေ၊မိသားစုထဲမှာဆို ညီအစ်ကိုမောင်နှမတွေက အများကြီးရှိနေတော့ သားပြန်သွားပြီး သူတို့နဲ့ရင်းနှီးအောင် ပေါင်းသင်းဆက်ဆံသင့်တယ်လို့ထင်မိပါတယ်"
အုပ်ချုပ်ရေးမှူးကတော်လည်း နားထောင်ပြီးငြိမ်သက်သွားတော့သည်။ ဤအရာကို သူမမည်သို့မသိဘဲနေပါမည်နည်း။ ဤကဲ့သို့ ဂုဏ်သရေရှိမိသားစုကြီးများသည် နက်ရှိုင်းသောအမြစ်တွယ်မှုရှိပြီး လူဦးရေလည်းများပြားလှသည်။ မိသားစုထဲတွင် ဩဇာအာဏာပိုရရန်နှင့် အကျိုးစီးပွားများကိုထိန်းချုပ်နိုင်ရန်အတွက် တစ်ဦးနှင့်တစ်ဦး ဆက်ဆံရေးကောင်းမွန်အောင် ထိန်းသိမ်းထားကြရ၏။
အကယ်၍ တစ်ဦးတစ်ယောက်မှာ အိမ်နှင့် အချိန်အကြာကြီး ခွဲခွာနေပြီး မိသားစုနှင့်အဆက်အသွယ် ပြတ်တောက်နေမည်ဆိုပါက ဆွေမျိုးများလည်း သံသယဝင်လာပေလိမ့်မည်။ ဤသူသည် တန်ခိုးအာဏာကြီးထွားလာပြီး မိသားစုကိုဂရုမစိုက်တော့ဟု ထင်မြင်သွားနိုင်ချေရှိသည်။ နဉ်ယွမ်၏မိသားစုမှာမူ ကံကောင်းသည်ဟု ဆိုရပေမည်။ သူတို့သည် နဉ်မိသားစု၏ ပင်မမျိုးနွယ်ဖြစ်နေခြင်းကြောင့်ပင်။ နဉ်ယွမ်၏ရာထူးသည်လည်း မိသားစု အဆက်အသွယ်များကြောင့် ရရှိထားခြင်းဖြစ်ပြီး သူသည်လည်းဆွေမျိုးသားချင်းများကို ကောင်းမွန်စွာစောင့်ရှောက်လေ့ရှိပေသည်။
ဥပမာ - ဆွေမျိုးတစ်ဦးမှ ဤနေရာတွင် စီးပွားရေးလာလုပ်လိုသည် သို့မဟုတ် မြေကောင်းကောင်းဝယ်ယူလိုသည်ဆိုပါက သူ့အဆက်အသွယ်ဖြင့်ဆိုလျှင် အလွယ်တကူအဆင်ပြေသွားတတ်၏။ သို့မှသာ ဆွေမျိုးများကလည်း သူ့ကိုမေ့လျော့မည်မဟုတ်တော့ပေ။ ထို့ပြင် နဉ်ယွမ်၏ဝမ်းကွဲအစ်ကိုမှာ မိသားစုခေါင်းဆောင်ဖြစ်နေသဖြင့် သူတို့မိသားစုသည် များစွာသောအကျိုးအမြတ်များကို ရရှိခဲ့ဖူးသည်။ ဤသည်ကိုကျေးဇူးတင်ရပေမည်။
ထို့ပြင် မိသားစုနှင့်အဆက်အသွယ်မလုပ်ဘဲ နေလိုက်ပါက အချို့သောမျိုးဆက်များသည် မျိုးနွယ်စုခွဲအဖြစ် လျှောကျသွားပြီး ဆင်းရဲနွမ်းပါးသွားနိုင်သည်။ ဤသည်မှာ သတိထားရမည့်အချက်ပင်ဖြစ်၏။ အုပ်ချုပ်ရေးမှူးကတော်လည်း ဤအချက်များအားလုံးကို ကောင်းစွာနားလည်ပေသိ သားဖြစ်သူကိုလွှတ်လိုက်ရန် ဝန်လေးနေမိသည်။ သူမသားသည် ငယ်စဉ်ကတည်းမှ သူမရင်ခွင်ထဲတွင် ကြီးပြင်းလာခဲ့ရပြီး တစ်ကြိမ်တစ်ခါမှမခွဲခွာဖူးချေ။ သားဖြစ်သူသည် ချူချာပြီးရောဂါသည်ဖြစ်နေသော်လည်း စိတ်သဘောထားပြည့်ဝသဖြင့် သူမအတွက် ပို၍စိတ်ပူရစေသည်။
သူမ အချိန်အကြာကြီးနှုတ်ဆိတ်နေမိ၏။
နဉ်ရော့ယွီလည်း ဤကာလအတွင်း အစ်ကိုကြီးကို သံယောဇဉ်တွယ်နေပြီဖြစ်ရာ သူထွက်ခွာသွားမည်ဟူသော အသံကိုကြားလိုက်ရသောအခါ လုံးဝမလိုလားတော့ပေ။ သူသည် တအာအာဖြင့်အသံများပြုနေသော်လည်း ပြောရခက်ခဲနေပုံရသည်။ နောက်ဆုံးတွင် *မ*ဟူသောစကားလုံး တစ်လုံးကို အနိုင်နိုင်ညှစ်ထုတ်လိုက်နိုင်လေ၏။ ထိုစကားလုံးကိုပြောရန် ကြိုးစားလိုက်ရသဖြင့် သူ့မျက်နှာဖောင်းဖောင်းလေးပင် နီရဲသွားရှာသည်။ အုပ်ချုပ်ရေးမှူးကတော်နှင့် နဉ်ယန်နင်မှာသူ့ကို အံ့သြတကြီးဖြင့်ကြည့်လာကြ၏။
"မ အာ အာ မသွား"
နဉ်ရော့ယွီသည် ပုံမှန်ဆိုလျှင် ပျင်းရိပြီးပါးစပ်လေးပင် မဟချင်ပေ။ တစ်ကယ်ပြောရန်လိုအပ်လာသောအခါ စကားလုံးများမှာထွက်မလာချင်ဘဲ ဖြစ်နေရှာသည်။ သူသည်အစ်ကိုကြီးဟူသော စကားလုံးကိုပင်မခေါ်ဆိုနိုင်သေးချေ။ ဘေးမှလူများမှာမူ ဝမ်းသာအားရပြုံးပျော်သွားကြပြီး သခင်လေး စကားပြောတတ်ပြီ အသံထွက်မှာကြည်လင်ပြတ်သားလှသည်ဟု ဝိုင်းဝန်းချီးကျူးကြလေသည်။
Sign-in စနစ်ခမျာမူ ထုံသွားရှာပြီ။ နဉ်ရော့ယွီသာ ဤစကားများကိုလွန်ခဲ့သောနှစ်လခန့်၌ပြောခဲ့ပါက အောင်မြင်မှုတာဝန်သည် အလွယ်တကူပြီးမြောက်သွားမည်ပင်။ ယခုမူ.....ယခုမူ မည်သို့ပင်ပြောပြောနောက်ကျသွားချေပြီ။ နဉ်ယန်နင့်ရင်ထဲတွင်မူ ဝမ်းသာပီတိများ လှိုက်တက်လာသည်။ သူတွေးလိုက်မိသည်မှာ
*ဒါငါ့ညီလေးအရင်းပါပဲလား၊နေ့တိုင်းခဏတဖြုတ် လာပြီးစာဖတ်ပြတာတောင် ငါ့ကိုဒီလောက်သံယောဇဉ် တွယ်နေရှာတယ်၊ငါ့ကိုတောင် ပေးမသွားချင်ဘူး*
သူသည် ငယ်ရွယ်သေးသော်လည်း မည်သူမှာကိုယ့်အပေါ် ပိုနီးစပ်သည် မည်သူမှာတော့ ဝေးကွာသည်ကို ခွဲခြားသိမြင်ပေသည်။ သူသည်လက်လှမ်းပြီး နဉ်ရော့ယွီကို ပွေ့ဖက်လိုက်၏။ စပြီးချီလိုက်သောအခါ အနည်းငယ်အံ့သြသွားမိသည်။ မထူးဆန်းတော့ပါဘူး ဤကလေးသည်တော်တော်လေးကို ကျစ်လျစ်လှ၏။ အစက အဝတ်များအများကြီးဝတ်ထား၍ ဖောင်းနေသည် ပါးလေးများ နည်းနည်းဖောင်းနေသည်ဟုသာ ထင်မှတ်ခဲ့ခြင်းဖြစ်သည်။ လက်ထဲရောက်မှသာ ဤမျှလေးလံကြောင်းသိလိုက်ရတော့၏။
"အစ်ကိုကြီးလဲ မသွားချင်ပါဘူး၊ဒါပေမယ့် မိသားစုစာသင်ကျောင်းမှာ စာသွားသင်ရဦးမယ်လေ၊အခုသင်ပေးနေတဲ့ ဆရာကသူတတ်သမျှ အကုန်သင်ပေးပြီးပြီ၊ဆက်သင်ပေးစရာ မကျန်တော့ဘူးတဲ့၊သူက အလုပ်ထွက်သွားပြီမလို့ မိသားစုကျောင်းမှာပဲ အစ်ကိုကြီးအတွက် သင့်တော်မယ့်ဆရာရှိတော့တယ်၊အစ်ကိုကြီး မသွားလို့မဖြစ်တော့ဘူး"
နဉ်ရော့ယွီ သည် ကလေးငယ်လေးသာရှိသေးသော်လည်း နဉ်ယန်နင်မှာစိတ်ရှည်လက်ရှည်ရှင်းပြနေလေသည်။ စိတ်မရှည်သော ပုံစံလုံးဝမပြပေ။ နဉ်ရော့ယွီကြောင်အမ်းသွားပြီး ရင်ထဲတွင်စာနာစိတ်များဖြစ်ပေါ်လာရသည်။ ရှေးခေတ်တွင်ပင် ဆရာကောင်းရှာပုံတော်ဖွင့်ရသည်မှာ မလွတ်ပါပေ။ ဆရာကောင်းတစ်ယောက်ကို မည်မျှတိုင်လိုလားတောင့်တနေကြသနည်း ဆိုသည်မှာ သိသာထင်ရှားလှပေသည်။ သူနားလည်သွားပုံရသည်ကိုမြင်၍ နဉ်ယန်နင်မှ စကားဆက်ပြောရန်ပြင်လိုက်စဉ် ညီလေးပါးစပ်မှ စကားလုံးတစ်လုံး ထွက်လာသည်ကိုကြားလိုက်ရလေ၏။
"လေ့လာ"
ပြတ်သားပြီးခိုင်မာသော အသံပင်ဖြစ်သည်။ အစ်ကိုကြီးအပေါ်ထားရှိသော မျှော်လင့်ချက်ကြီးမားကြောင်း သက်သေပြလိုက်ခြင်းပင်။ နဉ်ရော့ယွီ၏ဘဝဒဿနထဲတွင် ကိုယ်မလုပ်ချင်တာကိုသူတစ်ပါးအပေါ် မလုပ်ခိုင်းနှင့်ဟူသော စကား မရှိချေ။ စွမ်းအင်တည်မြဲမှု နိယာမအရ သူ့အစ်ကို၊ သူ့ဖခင်၊ သူ့မိခင်တို့ကျဆုံးသွားလျှင်ပင် သူကမူ ကျဆုံးမည်မဟုတ်ပေ။
အစီအစဉ်အောင်မြင်သွားပြီ။ နဉ်ယန်နင် ရယ်မောလိုက်မိသည်။
"ညီလေးက ငယ်ငယ်လေးနဲ့ အစ်ကိုကြီးကိုစာကြိုးစားဖို့ တိုက်တွန်းတတ်နေပြီပဲ၊အားရှီး မင်းရော ပညာရှင်တွေရဲ့စကားကိုမလေ့လာသင့်ဘူးလား"
နဉ်ရော့ယွီ အပြစ်ကင်းစင်သော သူ့မျက်လုံးလေးများဖြင့်ကြည့်ပြီး တအာအာဖြင့်အသံပြုလိုက်လေသည်။ အစ်ကိုကြီးဘာပြောနေတာလဲဆိုတာ သားနားမလည်ပါဘူးဟု ပြောနေသကဲ့သို့ပင်။