5
အိမ်တော်အတွင်း လှုပ်ရှားသွားလာမှုများဖြင့် ရှုပ်ယှက်ခတ်သွားပြီး ခေတ္တမျှကြာမှသာ ပြန်လည်ငြိမ်သက်သွားတော့သည်။
နဉ်ယန်နင်သည် သူ့ကုတင်ပေါ်တွင် လဲလျောင်းနေပြီး အဖျားကြောင့်တစ်ကိုယ်လုံး ချွေးများစိုရွှဲနေသည်။ ခေါင်းနှင့် ခန္ဓာကိုယ်မှာ လေးလံထိုင်းမှိုင်းနေပြီး ရင်ဘတ်အောင့်ကာ ပျို့အန်ချင်နေသဖြင့် အတော်လေး ခံစားနေရရှာ၏။
သို့သော် သူအားတင်းပြီး မိဘများကို စကားပြောလိုက်သည်။
"ဒါက ရာသီအကူးအပြောင်းမှာ ဖြစ်တတ်တဲ့အဖျားပါပဲ၊သား နေသားကျနေပါပြီ၊ဖေဖေနဲ့ မေမေကို ဘယ်လိုလုပ်စိတ်ပူအောင် လုပ်ရက်မှာလဲ၊သား မိဘတွေကိုအားနာမိပါတယ်"
သားဖြစ်သူ၏ လိမ္မာရေးခြားရှိမှုနှင့် ကိုယ်တိုင်နေမကောင်းဖြစ်နေသည့်ကြားမှ သူတို့ကို ပြန်လည်နှစ်သိမ့်နေသည်ကို မြင်လိုက်ရသောအခါ ဇနီးမောင်နှံနှစ်ဦးရင်ထဲဆို့နင့်သွားရသည်။
ဒီလောက်လိမ္မာတဲ့ ကလေးကိုမှ ဘာလို့ ရောဂါဝေဒနာက နှိပ်စက်နေရတာလဲ။
အုပ်ချုပ်ရေးမှူးကတော် ရှိုက်ကြီးတငင်ငိုကြွေးလိုက်သည်။
"ဒီရောဂါက သားဆီမရောက်ဘဲ ကျွန်မဆီသာရောက်လာရင် ကောင်းမယ်"
နဉ်ယွမ် သက်ပြင်းချကာပြောလိုက်၏။
"သားနာကျင်ရတာက ဖေဖေတို့ရင်ကို နာကျင်စေတယ်ကွယ်"
ကံကောင်းထောက်မစွာပင် နဉ်ယန်နင်သည် ချမ်းသာကြွယ်ဝသောမိသားစု၌ မွေးဖွားလာသဖြင့် ငွေကြေးပြည့်စုံသလို အိမ်တော်၌ ကျွမ်းကျင်သမားတော်များလည်းရှိနေသည်။ သို့မဟုတ်ပါက သူ့အခြေအနေမှာ ယခုထက် ပိုဆိုးသွားနိုင်ပေ၏။ ဤသည်ကပင် ကံဆိုးမိုးမှောင်ကျနေသည့်ကြားမှ ကံကောင်းခြင်းတစ်ခုဖြစ်ပေလိမ့်မည်။
သားအဖနှစ်ယောက်သား ခံစားချက်များကို အကြာကြီး တွေးမနေတော့ပေ။ ဆေးစပ်သည့်အစေခံလေးမှ ပြင်ဆင်ထားသောဆေးများကို ယူဆောင်လာပြီးနောက် သူတို့သည် သမားတော်ကို ဘေးသို့ဆွဲခေါ်ကာ ရောဂါလက္ခဏာများကို အသေးစိတ်မေးမြန်းလိုက်ကြသည်။ သမားတော်မှ ရှင်းပြလာ၏။
"သခင်လေးကိုယ်က ချီဓာတ်နဲ့ ယင်ဓာတ် အားနည်းတဲ့ ခန္ဓာကိုယ်မျိုးပါ၊နွေရာသီရဲ့ အပူချိန်နဲ့ စိုထိုင်းဆက သူ့ချီနဲ့ယင်ကို ပိုကုန်ခမ်းစေပါတယ်၊ဒါက နွေဦးနဲ့နွေရာသီ ကူးပြောင်းချိန်မှာ ဖြစ်လေ့ရှိတဲ့ ရောဂါမျိုးပါ၊အပူနဲ့ အအေး မညီမျှမှုတွေက ဒီအချိန်မှာ ခန္ဓာကိုယ်ထဲ ဝင်ရောက်ဖို့ ပိုလွယ်ကူပြီး အထူးသဖြင့် အားနည်းသူတွေမှာ ပိုဖြစ်တတ်ပါတယ်၊ဒါပေမယ့် ကျွန်တော် ဆေးနည်းအချို့ ပေးထားပြီးပါပြီ၊အပ်စိုက်ကုထုံးနဲ့ပါ တွဲလုပ်လိုက်ရင် မကြာခင်ပြန်သက်သာလာမှာပါ"
သခင်လေးနှင့်စတင်တွေ့ဆုံချိန်တွင် အလွန်အားနည်းပြီး မကြာခဏဖျားနာတတ်သူဖြစ်သော်လည်း လွန်ခဲ့သည့်နှစ်အနည်းငယ်အတွင်း ဂရုတစိုက်ကုသမှုကြောင့် အတော်လေး တိုးတက်ကောင်းမွန်လာခဲ့ပေသည်။
အုပ်ချုပ်ရေးမှူးနှင့် ဇနီးသည်တို့မှာ ကျေးဇူးတင်စကားပြောကြားလာကြ၏။
သမားတော်မှာ ဤသည်မှာသူ့တာဝန်သာဖြစ်၍ အားနာစရာမလိုကြောင်း ထပ်ခါတလဲလဲပြောဆိုလိုက်သည်။ ထို့နောက် နဉ်ယန်နင်၏အစေခံအား သူ့သခင်လေးကိုအအေးမိမခံရန်နှင့် စိတ်ဆတ်ခြင်းအား ရှောင်ရှားနိုင်ရန် စိတ်ကိုအေးအေးထားခိုင်းဖို့ မှာကြားပြီးနောက် တည်ငြိမ်စွာဖြင့် ထွက်ခွာသွားလေ၏။ နဉ်ယန်နင် ခေတ္တမျှတိတ်ဆိတ်နေပြီးမှ သူ့မိခင်ကိုပြောလိုက်သည်။
"မေမေ အားရှီး ခုလောက်ဆိုနိုးနေလောက်ပြီ၊မေမေ့ကိုမတွေ့ရင် ငိုနေမှာစိုးလို့ စောစောပြန်ကြပါတော့"
အုပ်ချုပ်ရေးမှူးကတော် ခေါင်းခါလိုက်သည်။
"သူ့အတွက် စိတ်ပူစရာမလိုပါဘူး၊အဲ့ကလေးက သိပ်လိမ္မာတာ၊အမေ့ကို မတွေ့ရင်လဲ ဆူပူအော်ဟစ်နေမှာမဟုတ်ပါဘူး၊ဒါပေမယ့် တစ်ခါတလေတော့ သူကသိပ်ဇွတ်တရွတ်နိုင်တာ၊ဒီရက်ပိုင်း သူကဘာပုံပြင်ပဲဖြစ်ဖြစ် ဖတ်ပြတာကို သိပ်နားထောင်ချင်နေတာလေ၊တစ်ခါ နားထောင်ပြီးရင်ကို မရပ်တော့ဘူး၊အဖေနဲ့အမေကိုတောင် ဂရုမစိုက်တော့ဘူးလေ"
ဒါတင်မကသေးပါ။ နဉ်ရော့ယွီခမျာပုံပြင်နားထောင်ရသည်ကို စိတ်ပါဝင်စားလွန်း၍ ပုံပြင်မပြီးမချင်းဆက်ပြောပြဖို့ အမြဲတစေဂျီကျတတ်သေးသည်။ ပိုပြီးအံ့သြစရာကောင်းသည်မှာ အရင်တစ်ခါပုံပြင်ဖတ်ပြသူမှာ မည်သူဆိုသည်ကိုပါ သူအမြဲမှတ်မိနေတတ်သေး၏။ ထိုလူသာ အရင်ပုံပြင်ကိုအဆုံးမသတ်ရသေးဘူးဆိုလျှင် နဉ်ရော့ယွီနိုးလာသည်နှင့် သူ့လက်ညှိုးဖောင်းဖောင်းလေးဖြင့် ထိုလူထံထိုးပြပြီး စာကြောင်းအနည်းငယ်လောက် ဆက်ဖတ်ခိုင်းတတ်သည်။ ပုံပြင်မပြီးမချင်း လုံးဝလက်လျှော့သည်မဟုတ်ပေ။
သူကလေးမှာ တော်တော်လေးဉာဏ်ကောင်းသော်လည်း ကံဆိုးသည်မှာ နေရာတကျအသုံးမချတတ်ခြင်းပင်။ နဉ်ယန်နင်မှာ စူးစမ်းလိုစိတ်ဖြင့်မေးလိုက်သည်။
"နေရာတကျ အသုံးမချဘူးဆိုတာဘယ်လိုမျိုးလဲ"
ကလေးတစ်ယောက်က အမှားနဲ့အမှန်ကို ဘယ်လိုလုပ်သိနိုင်မှာလဲ။
အုပ်ချုပ်ရေးမှူးကတော်မှာ ဤအမေးကိုကြားသော် အုပ်ချုပ်ရေးမှူးဘက်သို့လှည့်ကြည့်လိုက်သည်။ နဉ်ယွမ် မချိပြုံး,ပြုံးလိုက်ပြီး
"အင်း မင်းညီလေးက ပုံပြင်နားထောင်ရတာကိုကြိုက်တော့ ဉာဏ်ကောင်းပြီးစာသင်ချင်စိတ်ရှိတယ်လို့ အဖေထင်သွားတာပေါ့၊ဒါနဲ့ပဲ ကဗျာတွေ စာအုပ်တွေ ရှေးဟောင်းကျမ်းစာတွေယူပြီး သူ့ကို ဖတ်ပြလိုက်တယ်လေ၊ဘယ်သူထင်မှာလဲ ဒီကောင်ဆိုးလေးက သူများတွေပုံပြင်ပြောရင် တတွတ်တွတ်နဲ့ပြန်ပြောပေမယ့် အဖေလဲကျမ်းစာတွေ ရွတ်ပြလိုက်ရော ချက်ချင်းအိပ်ပျော်သွားတော့တာပဲ၊တစ်ကယ် ဒေါသထွက်စရာကောင်းလိုက်တာ"
နဉ်ယန်နင်လည်း ရယ်မောမိကာပြောလိုက်သည်။
"ကလေးတွေက ဆန်းသစ်ပြီးစိတ်ဝင်စားစရာကောင်းတာတွေကို ကြိုက်ကြတာသဘာဝပဲလေ၊သူကြီးလာရင် အလိုလိုနားလည်လာပြီး ကျမ်းစာတွေကို သဘောပေါက်လာမှာပါ"
အုပ်ချုပ်ရေးမှူးနှင့် ဇနီးသည်တို့လည်း ဤသည်ကိုသိကြပါသည်။ သူတို့မှာသားကြီးဖြစ်သူ စိတ်ပြေလက်ပျောက်ဖြစ်စေရန် ရယ်စရာအနေဖြင့် ပြောပြခြင်းသာဖြစ်ပြီး ကလေးငယ်အပေါ် လက်တွေ့မကျသောမျှော်လင့်ချက်များ ထားရှိခြင်းကြောင့် မဟုတ်ပေ။ နဉ်ယန်နင်မှသူ့ညီလေးအပေါ် ဂရုစိုက်နေသေးသည်ကို မြင်သောအခါ အုပ်ချုပ်ရေးမှူးကတော်မှ အကြံပြုလိုက်သည်။
"သားသာ ညီလေးဆီမကြာမကြာသွားလည်ပြီး စာအုပ်တွေဖတ်ပြမယ်ဆိုရင် နောက်ကျရင် သူလဲသားကိုတမ်းတနေမှာ သေချာတယ်"
နဉ်ယန်နင် ချက်ချင်းသဘောတူလိုက်၏။
"သား နေကောင်းရင် သွားလိုက်ပါ့မယ်"
နွေရာသီရောက်လာပြီးနောက် ကုတင်များတွင် တျန်ဟုခေါ်သော ဝါးဖျာများကို ခင်းကျင်းအသုံးပြုကြသည်။ ၎င်းတို့သည် ချီဝါးဖြင့်ရက်လုပ်ထားသော ဤခေတ်၏ အေးမြစေသည့် ဖျာများဖြစ်ကြ၏။
နဉ်ရော့ယွီ ဝါးဖျာပေါ်တွင် သက်တောင့်သက်သာလဲလျောင်းနေလိုက်သည်။ ဝတုတ်နေသော သူ့ကိုယ်လုံးလေးသည် အေးမြသောဖျာနှင့် ထိကပ်နေပြီး အလွန်တရာကျေနပ်နေပုံရ၏။
အကယ်၍ သူချွေးထွက်လာလျှင် လူတစ်ယောက်မှာယပ်ခတ်ပေးသော်လည်း ကြာကြာမခတ်ပေးပေ။ အအေးပတ်သွားမည်စိုးသောကြောင့် အဝတ်အစားမကြာခဏလဲပေးခြင်း၊ တဘက်ဖြင့်ချွေးသုတ်ပေးခြင်းတို့ကို ပြုလုပ်ပေးကြသည်။ အအေးမိသွားလျှင် တစ်ကယ်ဒုက္ခရောက်ပေလိမ့်မည်။
ထိုအချိန်တွင် နဉ်ရော့ယွီသည် Sign-in စနစ်၏အောင်ပွဲခံ အော်ဟစ်သံကို ကြားလိုက်ရသည်။
[ တင် လေးလ ငါးလနဲ့ ခြောက်လအတွင်း အခြေအနေကိုပြောင်းလဲနိုင်ခဲ့ပြီး ရှင်းလင်းပြတ်သားတဲ့ ရည်မှန်းချက်ရှိခဲ့လို့ တာဝန်ပြီးမြောက်ပါပြီ။
အောင်မြင်မှု : အတားအဆီးမှန်သမျှသည် သူတို့အတွက်တော့ ဘာမှမဟုတ်
ဆုလက်ဆောင် - ဆပ်ပြာလုပ်နည်း၊အမှတ် +၅၀၀ ]
နဉ်ရော့ယွီသိလိုက်သည်မှာ လွန်ခဲ့သောရက်အနည်းငယ်၌ သူသည်ပုံပြင်ပြောပြရန် သူတစ်ပါးကိုဂျီကျခဲ့ပြီး ထူးထူးဆန်းဆန်း ပြုမူခဲ့ခြင်းဖြင့် မရည်ရွယ်ဘဲတာဝန်ပြီးမြောက်သွားခြင်းဖြစ်ကြောင်းပင်။
Sign-in စနစ်ကို အရှုံးပေးလိုက်၍ မဟုတ်ဘဲ သူအလွန်ပျင်းရိနေပြီး အချိန်ကုန်လွန်စေရန် စိတ်ဝင်စားစရာ ပုံပြင်အမျိုးမျိုးကို နားထောင်ရသည်အား နှစ်သက်သောကြောင့်သာဖြစ်သည်။ ထို့ပြင် ဒေသန္တရလေသံကိုလည်း လေ့လာချင်၍ပင်။
ထို့ပြင် သူသည်စနစ်နှင့်ဆန့်ကျင်နေစရာမလိုပေ။ သူဆိုသည်မှာ ကလေးအစစ်မဟုတ်ဘဲ ကလေးဆန်နေရုံသာရှိ၍ပင်။ သူနေ့တိုင်း မပျက်မကွက် Sign in ဝင်နေတာ မတွေ့ဘူးလား။ ဒါတွေအားလုံးက ပိုပျော်စရာကောင်းတဲ့အနာဂတ်အတွက်ပဲလေ။
သို့သော် Sign-in စနစ်မှာတော့ ထိုသို့မမြင်ပါချေ။ နဉ်ရော့ယွီအခြေအနေကို ပြုပြင်လို့ ရသေးသည်ဟုယူဆပြီး တာဝန်များကိုတက်တက်ကြွကြွ ထမ်းဆောင်ဖို့၊ ဆုလက်ဆောင်အဖြစ်ပေးမည့် နည်းလမ်းများကိုရယူဖို့၊ အရင်းအမြစ်များအဖြစ် ပြောင်းလဲပြီး ဘဝ၏ထိပ်ဆုံးကို အမြန်ဆုံးရောက်ရှိဖို့သာ အမြဲတိုက်တွန်းနေတော့သည်ပင်။ ဘုရင် သို့မဟုတ် အရှင်သခင်ဖြစ်ဖို့ဆိုသည်မှာ ဘာမှခက်ခဲသည့်ကိစ္စမဟုတ်ဟုပင်ပြောလာ၏။
နဉ်ရော့ယွီ မျက်ခွံများအနည်းငယ်လှုပ်သွားရသည်။ Sign-in စနစ်၏အားပေးစကားများကိုကြားနေရ၍ သူနေရခက်လာသည်။
သူ့စိတ်ထဲတွင်ပင် မဲ့ပြုံး,ပြုံးပြလိုက်၏။ နည်းလမ်းတွေရပြီးရင် စက်ရုံတည်ရမယ်၊ လူတွေငှားရမယ်ဆိုတာ သူမသိဘူးများ ထင်နေလား။ စက်ရုံကလူတွေအားလုံးကိုလည်း စီမံခန့်ခွဲဖို့နည်းလမ်းတွေ ရှာရဦးမယ်လေ။
ဒါတင်မကသေးဘူး။ နည်းပညာမပေါက်ကြားအောင် ကာကွယ်ရမယ်၊ လူပေါင်းစုံနဲ့ ဆက်ဆံရမယ်၊ စီးပွားရေး လုပ်ရမယ်၊ ကုန်သည်တစ်ယောက်အနေနဲ့ ဂုဏ်သတင်း ညှိုးနွမ်းမသွားအောင် ထိန်းသိမ်းရမယ်။ တစ်ကယ့်ကို ပြဿနာတွေချည်းပဲ။ ဒီလောက် ပင်ပန်းရမယ့်ကိစ္စကို စကားလုံး အနည်းငယ်လောက်နဲ့ ဘယ်လိုလုပ်ပြီးပြတ်အောင် ရှင်းပြနိုင်မှာလဲ။ အတွေးတွေကနုံအလိုက်တာ လွန်ပါရော။
ထို့ပြင် နည်းပညာအသစ်များမှာ တစ်ခုပြီးတစ်ခုပေါ်လာဦးမည်ဖြစ်၏။ ဒါကအပြစ်ကင်းစင်ပြီးသနားစရာကောင်းတဲ့ ကလေးတစ်ယောက်ကို ကလေးဘဝကနေ အဖိုးကြီးဖြစ်တဲ့ထိ နားချိန်မရှိအောင် အလုပ်လုပ်ခိုင်းပြီး လိမ်ညာနေတာမဟုတ်ဘူးလား။
ဒီ Sign-in စနစ်ကိုအလုပ်ဂျိုးစနစ်လို့ နာမည်ပြောင်းလိုက်သင့်တယ်။ တစ်ကယ့်ကို ယုတ်မာတာပဲ။ သူကတော့ လုံးဝအလိမ်ခံမှာမဟုတ်ပါဘူး။
ကံကောင်းသည်မှာ သူမှအောင်မြင်မှုတာဝန် ပြီးမြောက်သွား၍ Sign-in စနစ်ကြီး ခဏလောက်ငြိမ်သွားမည့်ကိစ္စပါပင်။
ကံဆိုးသည်မှာ နဉ်ရော့ယွီလည်း အေးအေးချမ်းချမ်းနေရမည့်ရက် သိပ်မကျန်တော့ပေ။ အကြောင်းရင်းတစ်စုံတစ်ရာကြောင့် မိဘများမှာ ချူချာလွန်းပြီးရောဂါသည်ဖြစ်နေသော သူ့အစ်ကိုကြီးကို သူတို့အစားစာသင်ပေးဖို့စီစဉ်လိုက်ကြ၍ဖြစ်သည်။ လွန်ခဲ့တဲ့ရက်ပိုင်း၌ သူပုံပြင်နားထောင်ချင်၍ ဂျီကျခဲ့သည့်ကိစ္စမှာ မိဘများအားသူသည် ကြီးကျယ်တဲ့လူဖြစ်လာမည်ဆိုသည့် မှားယွင်းသောထင်ယောင်ထင်မှားဖြစ်မှုဖြစ်စေခဲ့ခြင်းဖြစ်လောက်၏။
သူ့အစ်ကိုကြီးနဉ်ယန်နင်မှာ ဖခင်ဖြစ်သူလိုမျိုး ခက်ခဲနက်နဲသည့်ပညာရှင်များ၏ လမ်းညွှန်ချက်များကို ရွတ်ပြနေသည်မဟုတ်သလို အစေခံများပြောသလို ဒဏ္ဍာရီပုံပြင်တို့အား ပြောပြနေခြင်းလည်း မဟုတ်ပါပေ။ ထိုအစား သူသည်ကျော်ကြားသောပုဂ္ဂိုလ်တို့၏ ဘဝအကြောင်းပုံပြင်တိုလေးများကိုသာ ပြောပြနေခြင်းဖြစ်သည်။
ဥပမာ - "ကတိသစ္စာ တည်ကြည်ခြင်း (ကတိစကားသည် ရွှေအိုးတစ်ထောင် တန်ဖိုးရှိသည်)"၊ "နံရံကိုဖောက်၍ အလင်းခိုခြင်း (စာကြိုးစားခြင်း)" နဲ့ "ကျန့်ဇီ ဝက်သတ်ခြင်း (ကတိတည်ခြင်း)" စသည့်ပုံပြင်များပင်။
သူသည် ပညာပေးစကားပုံများပါသော ပုံပြင်များကိုပြောပြနေခြင်းဖြစ်ရာ နဉ်ရော့ယွီခမျာမှာတော့ နားထောင်ချင်သလိုလို နားမထောင်ချင်သလိုလိုနှင့် ဝေခွဲမရဖြစ်နေရှာတော့သည်။