Ch 3
Viewers 724

3






ရက်များကုန်လွန်လာသည်နှင့်အမျှ နဉ်ရော့ယွီ၏ဦးနှောက်အသစ်လေးထဲတွင် အတိတ်ဘဝမှမှတ်ဉာဏ်များ ဖြည်းဖြည်းချင်းပိုမိုစုဝေးလာခဲ့သည်။



အိမ်တော်ထဲတွင် အစေခံများဝိုင်းဝိုင်းလည်နေပြီး စည်းစိမ်ယစ်နေရသော်လည်း ဆင်းရဲဒုက္ခရောက်ခဲ့ရသည့် သူ့အတိတ်ကိုပြန်လည်သတိရလာမိ၏။ ထိုစဉ်က သူသည်ဘွဲ့ရပြီးသည်နှင့် အလုပ်လက်မဲ့ဖြစ်ခဲ့ရသည်။ နောက်ဆုံးရှာတွေ့ခဲ့သည့် အလုပ်မှာလည်း လိမ်ညာမှုတစ်ခုသာဖြစ်ပြီး သူသည်ဘွဲ့ရကာစလူသစ် ဟုတ်မဟုတ် သေချာအောင် စစ်ဆေးမေးမြန်းခံခဲ့ရသည်။



အလုပ်စဝင်ပြီးနောက် သူဌေးဖြစ်သူမှာသူ့ကို အမြဲတစေဉာဏ်ဆင်ပြီး ဖိအားပေးလေ့ရှိကာ အချိန်ပိုဆင်းရခြင်းမှာ ပုံမှန်ကိစ္စလို ဖြစ်နေခဲ့၏။ အလုပ်ရှာရခက်ခဲကြောင်းနှင့် အလုပ်ထွက်လိုက်ပါက သေလမ်းသာရှိကြောင်းစသည့် ဗီဒီယိုများဖြင့်လည်း နေ့စဉ်ရက်ဆက်ဗုံးကြဲတိုက်ခိုက်ခံခဲ့ရသည်။



"ရုန်းကန်စမ်း ရုန်းကန်ကြစမ်း ရူးမတတ်ရုန်းကန်ကြစမ်း"



အလုပ်ကျွန်ပင် မဟုတ်တော့ပေ။ သူသည်ကုန်ထမ်းတိရစ္ဆာန်သက်သက်သာဖြစ်၏။ မဟုတ်သေးပါဘူး ကုန်ထမ်းတိရစ္ဆာန်များပင် အနားယူချိန်ရှိသေးသည်။ သူဌေးလက်သစ်များ၏ ခေါင်းပုံဖြတ်ခြင်းကို ခံနေရသည့် သူတို့လိုအောက်ခြေဝန်ထမ်းများမှာမူ ညသန်းခေါင်ထိ အစီရင်ခံစာများ၊ PowerPoints များကို ပြင်ဆင်နေရပြီး နောက်တစ်နေ့တွင် မတင်ပြနိုင်ပါက ကြိုးစားမှုမလုံလောက်ခြင်းကြောင့်ဟု အပြောခံရလေ၏။ သူကရောပျင်းရိနေခဲ့မိလို့လား။



"ကောင်လေးနဉ် မင်းစိတ်ဓာတ်ကမမှန်ဘူး၊ လူငယ်ဆိုတာ ဆင်းရဲဒုက္ခခံတတ်အောင် သင်ယူရတယ်"



သူတို့သည် လူတစ်ယောက်တည်းကို နှစ်ယောက်စာ အလုပ်လုပ်စေချင်နေကြခြင်းမှာ သိသာလှပေသည်။ ထင်သည့်အတိုင်းပင် နောက်ဆုံး၌ အလုပ်ပိကာသူသေဆုံးသွားခဲ့ရ၏။ မွေးကတည်းမှသိပ်မငိုခဲ့ဖူးသော နဉ်ရော့ယွီသည် ရုတ်တရက်အော်ဟစ်ငိုကြွေးလိုက်သဖြင့် အခန်းထဲရှိလူတိုင်း ပျာပျာသလဲဖြစ်ကုန်ကြပြီး အချိန်အတော်ကြာအောင် ချော့မော့လိုက်ရသည်။



စီရင်စုအုပ်ချုပ်ရေးမှူး၏သားအကြီးဆုံး နဉ်ယန်နင်သည် မိခင်ဖြစ်သူအားဂါရဝပြုနေစဉ် ဘေးခန်းမှဆူညံသံကိုကြားလိုက်ရသဖြင့် မျက်မှောင်ကြုံ့ကာ မေးလိုက်၏။



"ဘာဖြစ်တာလဲ"



သခင်ငယ်လေးမှာငိုနေခဲ့သော်လည်း ယခု ငြိမ်သွားပြီဖြစ်ကြောင်း အစေခံတစ်ဦးမှ လာရောက်သတင်းပို့လေသည်။ အုပ်ချုပ်ရေးမှူးကတော်မှပြောလိုက်၏။ 



"အားရှီးက အကြောင်းမဲ့မငိုတတ်ပါဘူး၊ ငါကြည့်ရအောင် ခေါ်လာခဲ့စမ်း" 



သူမသည် သားအကြီးဆုံးအား သားငယ်လေး၏ချစ်စဖွယ် အပြုအမူများအကြောင်း ပြောပြနေပြီး နဉ်ယန်နင်လည်း တဖြည်းဖြည်းစိတ်ဝင်တစားဖြင့် နားထောင်လာမိသည်။ သူသည် ကလေးများကို သိပ်မတွေ့ဖူးသော်လည်း သူ့ညီလေးမှာတော့ တမူထူးခြားနေခဲ့၏။ သူသည် စူးစမ်းလိုစိတ်ဖြင့် လိုက်ကာဘက်သို့ မကြာမကြာလှမ်းကြည့်နေမိသည်။



သုံးရက်မြောက် ဂုဏ်ပြုပွဲပြီးကတည်းမှ နဉ်ယန်နင်သည် မွေးကင်းစညီလေးကိုမတွေ့ရသည်မှာ ကြာပြီဖြစ်၏။ ထိုကလေးမှာ နေ့စဉ်နှင့်အမျှပြောင်းလဲလာသည်ဟု သူ ခံစားရသည်။ ကလေးငယ်၏ပါးပြင်လေးများမှာ ပန်းရောင်သမ်းကာ နူးညံ့နေပြီး ဆန့်တန်းထားသော လက်မောင်းလေးများမှာလည်း ကြာစွယ်ဖြူဖြူလေးများနှင့်တူနေလေ၏။



ကြည်လင်နက်မှောင်သော မျက်ဝန်းများမှာ အလွန်ချစ်ခင်စရာကောင်းလှရာ မိဘများမှဤမျှအချစ်ပိုနေသည်မှာ အံ့သြစရာမဟုတ်တော့ပေ။ သူကိုယ်တိုင်ပင် ထိုကလေးကို သံယောဇဉ်တွယ်မိသွားသည်။ အုပ်ချုပ်ရေးမှူးကတော်မှ ကလေးကိုစစ်ဆေးကြည့်ပြီးနောက် ဘာမှမဖြစ်ကြောင်းတွေ့ရှိလိုက်ရသည်။ ကလေးသည် ငိုယိုဂျီကျခြင်းမရှိဘဲ မျက်လုံးဝိုင်းဝိုင်းလေးများဖြင့် ဟိုဟိုဒီဒီ ကြည့်နေသည်ကို မြင်သောအခါ သူမပြောလိုက်၏။



"အားရှီး ဒါ သားရဲ့အစ်ကိုကြီးလေ၊ အစ်ကိုကြီးလို့ ခေါ်လိုက်ပါဦး" 



ကလေးငယ်မှာ အမှန်တကယ် သူပြန်ပြောနိုင်သကဲ့သို့ တတွတ်တွတ်အသံပြုလိုက်သည်။ နဉ်ယန်နင်ပြုံးလိုက်ပြီး သူ့အင်္ကျီရင်ဘတ်ထဲမှ သက်ရှည်ရွှေသော့ချိတ်လေးကိုထုတ်ကာ ကလေး၏အနှီးထုပ်ထဲသို့ ထည့်ပေးလိုက်၏။



"ဒါ သားရဲ့စုငွေနဲ့လုပ်ထားတာပါ၊ ညီလေးအားရှီး အသက်ရှည်ကျန်းမာပါစေ စိုးရိမ်ပူပန်မှုကင်းဝေးပါစေလို့ ဆုတောင်းပေးပါတယ်"



ညီအစ်ကိုနှစ်ယောက် ပျော်ရွှင်နေသည်ကို မြင်ရသဖြင့် အုပ်ချုပ်ရေးမှူးကတော်၏စိတ်နှလုံးလည်း အေးချမ်းသွားရသည်။ နဉ်ယန်နင်မှာ ညီဖြစ်သူအားလက်ညှိုးဖြင့် စနောက်ရန်ကြိုးစားလိုက်ရာ နူးညံ့ဖောင်းကားနေသော လက်ကလေးသည် သူ့လက်ညှိုးကိုဆတ်ကနဲလှမ်းဆုပ်ကိုင်လိုက်သဖြင့် ခေတ္တမျှသူကြောင်အမ်းသွားပြီး မလှုပ်ရဲဖြစ်သွား၏။ ကံကောင်းထောက်မစွာပင် ကလေးများမှာအိပ်ချိန်များသဖြင့် လက်ကလေးသည် မကြာမီမှာပင် ပြေလျော့သွားတော့သည်။



နဉ်ရော့ယွီကို အစေခံမလေးမှ တစ်ရေးအိပ်ရန်ချီသွားမှသာ နဉ်ယန်နင်သက်ပြင်းချနိုင်တော့သည်။ အခန်းထဲတိတ်ဆိတ်သွားပြီး မည်သူမှစကားမပြောကြတော့ပေ။ အစေခံများပင် မျက်လွှာချထားကြ၏။ အုပ်ချုပ်ရေးမှူးကတော် သက်ပြင်းချကာပြောလိုက်သည်။



"ယွင်စစ် နောက်ရက်တွေမှာ အဖေနဲ့အမေက သားကို သိပ်ဂရုစိုက်နိုင်မှာမဟုတ်တော့ဘူး၊ ဒါအမေတို့ရဲ့အပြစ်ပါ" 



နဉ်ယန်နင် မျက်လွှာချကာပြန်ဖြေလိုက်၏။ 


"သား သိပါတယ်" 



ထို့နောက် မိခင်ဖြစ်သူထံ မော့ကြည့်ကာပြန်နှစ်သိမ့်လိုက်သည်။



"သားက ငယ်ငယ်ကတည်းကရောဂါသည် ဖြစ်နေတော့ မိဘတွေကိုစိတ်ပူပင်စေခဲ့မိတာပါ၊ ဒါကသားရဲ့ တာဝန်မကျေပွန်မှုပါပဲ၊ သားစိတ်ထဲမှာအမြဲတမ်း စိုးရိမ်ကြောက်ရွံ့မှုတွေနဲ့ ပြည့်နေခဲ့ရတယ်၊ အမေတို့အပေါ်ဘယ်လိုလုပ် အပြစ်တင်ရက်မှာလဲ၊ အားရှီးမွေးလာတာ တကယ်ကောင်းတာပါ"



သူ့မျက်နှာနှင့်အသံမှာ အလွန်တည်ငြိမ်နေပြီး မျက်ဝန်းထဲတွင်မည်သည့်နာကြည်းမှု အရိပ်အယောင်မှမတွေ့ရသဖြင့် သူပြောသော စကားများမှာ ရင်ထဲမှလာကြောင်း သိသာထင်ရှားလှသည်။ အုပ်ချုပ်ရေးမှူးကတော်၏မျက်လုံးများ နီရဲသွားပြီး သားကြီး၏လက်ကို ဆုပ်ကိုင်ကာပြောလိုက်၏။ 



"လိမ္မာတဲ့ကလေးလေး ချူချာတဲ့ကိုယ်နဲ့ ဒီအိမ်မှာမွေးဖွားလာရတာကိုက သားအတွက် တကယ်နှမြောစရာကောင်းတာပါ" 



သားအမိနှစ်ယောက်မေတ္တာဖွဲ့နေစဉ် နဉ်ရော့ယွီမှာမူ Sign-in စနစ်၏ အသိပေးသံကြောင့် နိုးထလာခဲ့ရသည်။



[ တင် တစ်လပြည့်ချိန်မှာ "အာ... အို..." ဟု အသံပြုပြီး လူတွေကိုစကားပြောနိုင်ခဲ့လို့ တာဝန်ပြီးမြောက်ပါပြီ


Check - in အောင်မြင်မှု : လပြည့်ဝန်းကလူ့ပြည်ကို အံ့ဖွယ်ဆောင်ကြဉ်းခြင်း


ဆုလက်ဆောင် - ဖန်သကြားပြုလုပ်နည်း၊ အမှတ် +၅၀၀ ]



နဉ်ရော့ယွီစိတ်ပျက်လက်ပျက်ဖြင့် သူ့မျက်နှာသူရိုက်ချလိုက်သည်။ ဆူညံလိုက်တာကွာ သူဘာလုပ်လိုက်မိလို့လဲ။ ဖြစ်သလိုနေရင်းနဲ့ကို ဘယ်လိုလုပ်တာဝန်ပြီးမြောက်သွားရတာတုန်း။ ဘာပဲဖြစ်ဖြစ် သူကတော့ လုံးဝအလုပ်ကြိုးစားမှာမဟုတ်သလို နောက်တစ်ကြိမ် ဘယ်တော့မှအလုပ်လုပ်တော့မှာ မဟုတ်ဘူး။



အရင်ဘဝတုန်းက အရိုးကြေမတတ်အလုပ်လုပ်ခဲ့ရပြီးပြီလေ။ ဒီတစ်ခါတော့ နဉ်ရော့ယွီဆိုတဲ့ငါက ငါးဆားနယ်ပဲလုပ်တော့မယ်လို့ကျိန်ဆိုပြီးပြီ။



Sign-in စနစ်မှာတော့ Sign in ဝင်ရုံသက်သက်ဖြစ်ရာ အဆင်ပြေလှသည်။ ပထမရက် ၁မှတ်၊ ဒုတိယရက် ၂မှတ်၊ တတိယရက် ၃မှတ်..... အဲ့လိုနဲ့ ခုနစ်ရက်မြောက်ကျရင် ၁၀မှတ်ရသွားရော ပြီးရင် နေ့တိုင်း ၁၀မှတ်ရမယ်။ Sign in ဝင်ဖို့ မေ့သွားရင်တော့ အစကနေပြန်စပေါ့။



ဒါပေမယ့် နေ့တိုင်းပို့စ်ပေးရုံနဲ့တင် အမှတ်ရနိုင်တယ်ဆိုတော့ ပျင်းရိတဲ့လူတောင်လုပ်နိုင်ပါတယ်။ ပြီးတော့ အမှတ်တွေနဲ့ဝတ္ထုတွေ၊ TV ဇာတ်လမ်းတွဲတွေ၊ နို့သကြားလုံး၊ ကိုကာကိုလာတို့နဲ့လဲလို့ရတယ်ဆိုတော့ သူမြတ်နိုးနေရတုန်းပါပဲ။ နဉ်ရော့ယွီမှ တာဝန်ကို လွယ်လွယ်ကူကူပြီးမြောက်သွားသည်ကြောင့် Sign-in စနစ်နှင့်ပက်သက်ပြီး နားလည်မှုလွဲသွားပုံရသည်။ 



အဘယ်ကြောင့်ဆိုသော် နောက်နှစ်လအကြာ၌ စနစ်မှ "တခြားသူပြောတာကို မှန်ကန်စွာ တုံ့ပြန်ရမယ်" ဆိုသည့်တာဝန်ကိုလုပ်ရန် တိုက်တွန်းလာ၍ပင်။ နဉ်ရော့ယွီမှာတော့ Sign-in စနစ်ပြောသမျှကို လုံးဝလျစ်လျူရှုထားပြီး ဘယ်နားမှဝင် ညာနားမှထွက်လုပ်ကာ ကုတင်ပေါ်တင် တံတွေးများဖြင့်ပူဖောင်းလေးများမှုတ်၍ ကစားနေလိုက်သည်။



ဝတ္ထုများနှင့် TV ဇာတ်လမ်းတွဲများကို သူဘယ်တော့မှဝယ်လို့ရမည်ကိုသာ စဉ်းစားနေခဲ့၏။ ကံဆိုးသည်မှာ လူငယ်စနစ်ကန့်သတ်ချက်ကြောင့် တစ်နှစ်ပင်မပြည့်သေးသော ဤကလေးပေါက်စခမျာ ဖျော်ဖြေရေးပစ္စည်းများအား ဝယ်ယူခွင့်မရှိခဲ့ပေ။ အသက် ၀-၁ နှစ်အရွယ်ကလေးများကြည့်သင့်သည့် ပညာပေးကာတွန်းများကိုပင်ကြည့်ခွင့်မပေးချေ။ ဒေါသထွက်စရာ ကောင်းလိုက်တာ။



အဆိုးထဲမှအကောင်းမှာ သူ့လက်ရှိအရွယ်မှာ သိပ်မနိုးတတ်ဘဲအိပ်ချိန်ဖြင့်သာ ကုန်ဆုံးနေရသည်။ နိုးလာချိန်မှာလည်း သူ့ထံစကားလာပြောပေးကြသူ ကစားပေးကြသူအများကြီးမို့ ဘဝမှာသိပ်တော့ပျင်းစရာမရှိပါပေ။ သူ့အဖေသည် အဆင့်မြင့်အရာရှိကြီးဖြစ်သော စီရင်စုအုပ်ချုပ်ရေးမှူးတစ်ယောက်ဆိုသည်ကို ဖြည်းဖြည်းချင်း သူသိလာရ၏။



သူ့အမေသည် ဂုဏ်သရေရှိမျိုးရိုးမှဖြစ်ပြီး သူ့အဖေနှင့်ဝမ်းကွဲတော်စပ်လေသည်။ ဇနီးမောင်နှံနှစ်ယောက်မှာ အလွန်ချစ်ခင်ကြပြီး သဟဇာတဖြစ်ကြ၏။ နှမြောစရာကောင်းသည်မှာ သူတို့ထံတွင်သားသမီးဆို၍ သူနှင့်သူ့အစ်ကိုကြီးနှစ်ယောက်တည်းသာရှိခြင်းပင်။



မောင်နှမဝမ်းကွဲ ဟုတ်လား။



နဉ်ရော့ယွီ သူ့မျက်နှာလေး၊လက်လေးနှင့် ခြေထောက်လေးများအား စမ်းကြည့်လိုက်သည်။ တော်သေးတာပေါ့ တစ်ခုခုမှားယွင်းနေတာရှိရင်တော့ အိမ်တော်တစ်ခုလုံးကို ပြောင်းပြန်လှန်ပြီးလောက်ပြီ။ သူ့အစ်ကိုကြီးမှာ ချူချာသည့်ရောဂါသည်ဖြစ်နေသလို ယခင်ကမွေးခဲ့သည့် အစ်ကို၊အစ်မများသည်လည်း အသက်မရှည်ခဲ့ကြဟု သူကြားသိခဲ့ရသည်။ မောင်နှမဝမ်းကွဲချင်းလက်ထပ်သည်မှာ လူ့ကျင့်ဝတ်နှင့်မညီသည့်အပြင် မွေးလာမည့်ကလေးများအတွက်ပါ အန္တရာယ်များလှ၏။



သူကတော့ တစ်သန်းမှာတစ်ယောက်တွေ့ရခဲတဲ့ ကံကောင်းသူပဲဖြစ်ရမယ်။ ဒါ 007 (ဂျိမ်းစဘွန်း) ရဲ့ ကံကောင်းခြင်းများလား။




ထို့ပြင် ဖခင်ဖြစ်သူထံတွင် မိခင်ဘက်မှပါလာသည့် ကိုယ်လုပ်တော်တစ်ယောက်လည်းရှိသေးသည်။ ထိုကိုယ်လုပ်တော်မှာလည်း ဖခင်နှင့်ဆွေမျိုးတော်စပ်နေပြန်၏။ သူမကိုယ်တိုင်လည်း ကျန်းမာရေးသိပ်မကောင်းရာ မွေးလာသမျှကလေးများပါ သန်စွမ်းကျန်းမာသူနည်းလှသည်။ နောက်ဆုံး အားနည်းသည့်သမီးမိန်းကလေး တစ်ယောက်သာအသက်ရှင်ကျန်ရစ်ခဲ့ပါတော့၏။



ထို့ကြောင့် ဖခင်ဖြစ်သူနဉ်ယွမ်မှာ သူ့ထံတွင်သားသမီးကံမပါဟု ယူဆလိုက်တော့သည်။ သူသည်မိန်းမလှလေးများအပေါ် စိတ်ဝင်စားမှုသိပ်မရှိသည်ကြောင့် နောက်ထပ်မိန်းမလှများအား အိမ်တော်ထဲထပ်မခေါ်တော့ပေ။ အိမ်တော်မှာ အေးချမ်းပြီး ကလေးတစ်ယောက်တည်းရှိနေလျှင်ပင် သူပျော်နေတတ်သည်။



နဉ်ရော့ယွီ တွေးမိလိုက်သည်မှာ "......."



သူ့ခန္ဓာကိုယ်မှာရော ရောဂါအခံတွေပါလာမလားလို့ သူတွေးပူမိတယ်။ အဲ့လိုတော့ အဖြစ်မခံနိုင်ပါဘူး။