“ ဟယ်၊
သမီးရဲ့ မုန်လာဥဖြူကြီးတွေက လတ်ဆတ်လှချည်လား”
သူမ
မြေအိုးထဲမှ ဝက်ရိုးများကို တစ်ချက် ကြည့်ပြီး ဘေးက မသုံးရသေးသော
မုန်လာဥဖြူများကို ကောက်ယူ၍ နမ်းရှုံ့ကြည့်လိုက်သည်။
“ သမီး
ဒါတွေကို ဘယ်က ဝယ်လာတာလဲ”
ဟွာကျွင်း
ပြန်ဖြေလိုက်၏။
“ဝယ်လာတာ
မဟုတ်ဘူးရှင့်၊ အသိတစ်ယောက် လက်ဆောင်ပေးသွားတာလေ”
“ ဒီမှာ
နှစ်ခုတော့ ကျန်သေးတယ်၊ အဒေါ်ကို ရောင်းလိုက်ပါလား၊ ဒီနေ့ အိမ်ပြန်ရင်
စွပ်ပြုတ်လေး ချက်ချင်လို့”
အမျိုးသမီးကြီး
အတင်း ဝယ်ယူရန် ကြိုးစားလိုက်သည်။
ဤအခြေအနေမျိုးမှာ
ဟွာကျွင်း ပထမဆုံးအကြိမ် ကြုံဖူးခြင်း ဖြစ်သည်။ သူမ တုန့်ဆိုင်းစွာ ပြန်ဖြေလိုက်၏။
“ ဒါပေမဲ့ ကျွန်မ၊ ကျွန်မ ဘယ်ဈေးနဲ့ ရောင်းရမလဲ
မသိဘူး “
“ဟယ်၊
သမီးကိုသမီး ပြန်ကြည့်အုံး၊ ဆိုင်ဖွင့်ထားပြီး ရောင်းဈေးကို မသိဘူးလား၊ ဒါဆို
ဒီလိုလုပ်၊ အဒေါ်တို့ လူအိုကြီးလျူရဲ့ အရွက်ဆိုင်က မုန်လာဥဖြူဈေးအတိုင်း
လုပ်ကြတာပေါ့၊ နှစ်ခုကို ယွမ်နှစ်ဆယ်နဲ့ ရောင်းလိုက်”
ဟွာကျွင်း
သူမကိုယ်တိုင်လည်း မသိသည့်အတွက် ခေါင်းအသာ ညိတ်လိုက်၏။
ငွေပေးချေပြီးနောက်
အမျိုးသမီးကြီးမှ ထည့်ရန် အိတ်ပင် တောင်းမနေတော့ဘဲ မုန်လာဥဖြူများကို
အဝတ်အိတ်ထဲသို့ ထည့်ကာ အဝေးသို့ ထွက်သွားတော့သည်။
ဟွာကျွင်း
သူမ ထွက်ခွာသွားသည်ကို ငေးကြောင်ကြည့်လျက် ကျန်ခဲ့သည်။
‘
ထူးဆန်းလိုက်တာ၊ ငါ မနက်အစောကြီး ယွမ်(၂၀)ကို မထင်မှတ်ဘဲ ရလိုက်တယ် ‘
ညနက်လာချိန်
လမ်းသွယ်လေးသည်လည်း ပြန်လည် တိတ်ဆိတ်ငြိမ်သက်သွား၏။
ဟွာကျွင်း
အပေါ်ထပ်တက်ပြီး အနားယူရန် ပြင်လိုက်စဉ် မုန့်ဆိုင်လေး၏ တံခါး ပွင့်လာတော့သည်။
ဆိုင်ထဲသို့
လူတစ်ဦး ဝင်လာ၏။ ယမန်နေ့မှ အဘိုးအိုပင်။ ထိုသူမှာ ချီတုံချတုံဖြင့် အထဲသို့
ဝင်လာ၏။
မနေ့ညက
စားခဲ့ရသော ခေါက်ဆွဲမှာ သူ့ဘဝတွင် စားခဲ့ဖူးသမျှထဲ အကောင်းဆုံးပင်။ သူ
အိမ်ပြန်ရောက်သည့်အခါ၌ပင် ခေါက်ဆွဲရနံ့မှာ သူ့နှာခေါင်း၌ ရစ်ဝဲနေသေး၏။
သူ့ဇနီးပင်
အနံ့ရသွားသည်။ ထို့နောက် သူကြုံခဲ့ရသော ကိစ္စကို ပြန်ကြားသိရပြီးနောက်
မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။
“မွှေးလိုက်တဲ့ခေါက်ဆွဲ၊ ဒီလိုခေါက်ဆွဲမျိုးကို
ရှင်က ဆိုင်ရှင်ကို ကြေးပြားနှစ်ပြားပဲ ပေးခဲ့တာလား၊ သိပ်မသင့်တော်ဘူးနော်”
အဘိုးအိုလည်း
ထိုအခါမှ နောင်တရသလို ခံစားလိုက်ရသည်။ သူပေးခဲ့သည့်ငွေမှာ နည်းလွန်းသည်ပင်။ သူ
တစ်ဘဝလုံး ရိုးသားဖြောင့်မတ်စွာ နေထိုင်လာခဲ့ပြီး ယခုအခါ သူ့စိတ်ထဲတွင် စိတ်ခုစရာ
ရှိလာ၏။ ထို့ကြောင့် တစ်ညလုံး အေးအေးချမ်းချမ်း မအိပ်နိုင်တော့ဘဲ
လူးလိမ့်နေမိတော့သည်။
နောက်တစ်နေ့တွင်
သူ အလုပ်များ လျင်မြန်စွာ လုပ်ပြီးနောက် မုန့်ဆိုင်လေးထံသို့ ပြန်ရောက်လာခဲ့သည်။
ဟွာကျွင်း
ထိုလူကို မှတ်မိသွားပြီး အံ့ဩစွာ ပြောလိုက်သည်။
“ဦးလေး
အချိန်မှန်ရောက်လာတာပဲ၊ ရှင် မနေ့က ချန်ခဲ့တဲ့ မုန်လာဥဖြူတွေက ရောင်းထွက်သွားတယ်
“
အဘိုးအို
လက်ယမ်းပြကာ ပြောလေသည်။
“အာ၊
အဲဒီမုန်လာဥဖြူတွေက အိမ်စိုက်တွေလေ၊ သူတို့က အရမ်း တန်ဖိုးမရှိပါဘူး”
ထို့နောက်
သူ အဝတ်အိတ်ကို ကမ်းပေးလိုက်သည်။
“ဒီမှာ
တောသစ်အယ်သီးတွေ ရှိတယ်၊ အဘိုးရဲ့မြေးလေး တောင်ပေါ်ကနေ ခူးလာတာ၊ ကျေးဇူးပြုပြီး
လက်ခံပေးပါ “
ဟွာကျွင်း
သစ်အယ်သီးမစားရသည်မှာ ကြာလှပြီပင်။ သို့ဖြစ်၍ သူမ အဝတ်အိတ်ကို လက်ခံလိုက်သည်။
‘ဘုရားရေ၊ လေးလိုက်တာ၊ တစ်ဆယ်ကတ်တီလောက် ရှ်ိမယ်
ထင်တယ် ‘
“ဦးလေး
စားပြီးပြီလား၊ ကျွန်မ ခေါက်ဆွဲတစ်ပွဲ ပြင်ပေးမယ်လေ၊ ဒီနေ့
မုန်လာဥစွပ်ပြုတ်ခေါက်ဆွဲစားမလား”
ဟွာကျွင်း
စွပ်ပြုတ်ရည်ကို မီးအေးအေးဖြင့် ချက်ထားပြီး မူလက မနက်ဖြန်အတွက် မနက်စာစားရန်
ချန်ထားခြင်းပေ။
“အို
ကောင်းတာပေါ့၊ ကျေးဇူးတင်ပါတယ် ဆိုင်ရှင်လေးရေ “
ထိုသို့ပြောပြီးနောက်
သူ နောင်တရသွားသည်။ သူ ဤနေရာသို့ ထပ်လာရခြင်းမှာ ဆိုင်ရှင်ကို ကျေးဇူတင်ရန်
ဖြစ်သော်လည်း စွပ်ပြုတ်နံ့ သင်းသင်းလေးကြောင့် သွားရည်ယိုလာသည်။
‘
ဒီနေ့ရော ခေါက်ဆွဲအတွက် ဘယ်လောက် ပေးရမလဲ ‘
ဟူး…
အဘိုးအို
သက်ပြင်းချကာ ဆိုင်ထောင့်တစ်နေရာသို့ လျှောက်လာသည်။
ဟွာကျွင်း
မီးဖိုချောင်ထဲသို့ လျှောက်ဝင်သွားပြီး ရေနွေးတစ်အိုးတည်ကာ မနက်က ဝယ်ခဲ့သော
ခေါက်ဆွဲခြောက်ကို ယူ၍ ထည့်လိုက်၏။ ခေါက်ဆွဲနူးသွားသောအခါ ဆယ်ယူလိုက်ပြီး
ရေအေးအေးဖြင့် ဆေးကာ ပန်းကန်လုံးထဲသို့ ထည့်လိုက်သည်။
ထိုလုပ်ငန်းစဉ်
ပြီးဆုံးသွားချိန် ခေါက်ဆွဲသားများမှာ တစ်ခုနှင့်တစ်ခု ကပ်တွယ်နေခြင်း မရှိတော့ဘဲ
အမျှင် တစ်မျှင်ချင်းစီမှာ စေးပိုင်ကျစ်လျစ်လျက် ဝါးကောင်းသော အနေထားသို့
ရောက်သွားသည်။
ပဲငံပြာရည်
အကြည်အနည်းငယ်၊ ဆားနှင့် ကြက်သွန်မြိတ်များကို ပန်းကန်လုံးထဲသို့ ထည့်လိုက်၏။
ထို့နောက် ဟွာကျွင်း ပန်းကန်လုံးအား မီးဖိုသို့ သယ်ဆောင်သွားပြီး
ဟင်းရည်တစ်ယောက်စာကို ခပ်ယူလိုက်ကာ ဝက်ရိုးတစ်တုံးနှင့် မုန်လာဥဖြူ အနည်းငယ်ကိုပါ
ထည့်ပေးလိုက်သည်။
ဝက်ရိုးနှင့်အတူ
ချက်ပြုတ်ထားသော မုန်လာဥဖြူမှာ တစ်နေကုန် မီးအေးအေးဖြင့် တည်ထားခြင်း ဖြစ်၏။
ဝက်ရိုးမှ အသားမျှင်လေးများမှာ အသာအယာ ကိုက်နိုင်အောင် နူးညံ့နေပြီး
ပါးစပ်အတွင်း၌ပင် အရည်ပျော်သွားနိုင်သောကြောင့် သက်ကြီးရွယ်အိုများနှင့် အထူးပင်
သင့်လျော်လှပေသည်။
ဝက်ရိုးစွပ်ပြုတ်ရည်များ
စိမ့်ဝင်နေသည့် မုန်လာဥဖြူမှာတော့ တစ်ကိုက် ကိုက်လိုက်သည်နှင့်
စွပ်ပြုတ်ရည်များမှာ ပန်းထွက်လာပြီး မွှေးကြိုင်သော ရနံ့မှာလည်း တစ်ကိုယ်လုံးသို့
ပျံ့နှံ့သွားလေသည်။
ပူနွေးသော
စွပ်ပြုတ်ရည်သည် ပဲငံပြာရည်အကြည်နှင့် ကြက်သွန်မြိတ်တို့၏ ရနံ့ကို
ပိုမိုပေါ်လွင်စေပြီး အစပ်အဟက် တည့်လေရာ ခေါက်ဆွဲတစ်ပန်းကန်မှာ အဘိုးအိုအတွက်
အလွန်ပင် ဆွဲဆောင်မှုရှိနေ၏။ တိတ်ဆိတ် ငြိမ်သက်နေသော ဆိုင်ကလေးအတွင်း၌ အဘိုးအို၏
ခေါက်ဆွဲစားသံမှတစ်ပါး အခြား မည်သည့်အသံမှ မရှိတော့ပေ။
“ဘဝမှာ
ဒီလောက်ကောင်းတဲ့ ခေါက်ဆွဲကို စားရလိမ့်မယ်လို့ မထင်ထားခဲ့ဘူး”
အဘိုးအို
ပန်းကန်လုံးကို ချလိုက်ပြီး အင်္ကျီလက်ဖြင့် ပါးစပ်ကို သုတ်ကာ သက်ပြင်းချလိုက်သည်။
နှစ်သစ်ကူးကာလတွင်
သူ ဝက်သား ဝယ်ယူခဲ့ဖူးသော်လည်း ဤဝက်သားမှာတော့ ထူးခြားလှပြီး ညှီနံ့ဟူ၍
အနည်းငယ်မျှပင် မရှိချေ။ ထို့အပြင် တစ်နေကုန် မီးအေးအေးဖြင့်
ချက်ထားခြင်းကြောင့်လည်း အရသာမှာ တကယ့်ကို ကောင်းမွန်လှသည်။ စကားပြောဆိုပြီးနောက်
သူ ကြေးပြားငါးပြားကို ထုတ်ယူပြီး စားပွဲပေါ်သို့ ဂရုတစိုက် တင်လိုက်သည်။
“ဦးလေး၊
ကျွန်မက ဦးလေးပေးတဲ့ သစ်အယ်သီးတွေကို လက်ခံထားပြီးပြီပဲလေ။ ဘယ်လိုလုပ်ပြီး ပိုက်ဆံ
ထပ်ယူရမှာလဲ”
ဟွာကျွင်း
ပြောလိုက်၏။ ထို့အပြင် သူမအနေဖြင့် ဤကြေးပြားများကို မည်သို့မှ
အသုံးပြုနိုင်မည်လည်း မဟုတ်ပေ။
အဘိုးအို
ငြင်းလိုက်သည်။
“အဲ့ဒီ သစ်အယ်သီးတွေက တန်ဖိုးရှိလှတာ
မဟုတ်ပါဘူး၊ တောင်ပေါ်ကနေ ကောက်လာတာတွေပါ”
သူတို့နှစ်ဦး
အပြန်အလှန် ငြင်းခုံနေကြစဉ် ဆိုင်အတွင်းသို့ လူသုံးဦး ထပ်မံဝင်ရောက်လာသည်။
“ကြည့်လိုက်အုံး၊
ဒီနေ့တော့ ရှားရှားပါးပါး မြင်ဖူးပြီ၊ ကြေးပြားငါးပြား ယူဖို့ကိုတောင် အချင်းချင်း
အားနာနေကြတာပဲ”
ထိုထဲမှ
တစ်ဦးက ဆိုသည်။ ဟွာကျွင်း ဝင်ရောက်လာသူများဘက်သို့ လှည့်ကြည့်လိုက်ရာ မိန်းကလေးတစ်ဦးကို တွေ့လိုက်ရ၏။ သူမ
ပန်းရောင်ဖျော့ဖျော့ ရှေးခေတ်ဝတ်စုံကို ဝတ်ဆင်ထားသည့်အတွက် ဖြူဖွေးသောအသားအရေမှာ
ပေါ်လွင်နေသည်။
နောက်ကျောဘက်တွင်
ဆံနွယ်ရှည်များကို အသာအယာ စည်းနှောင်ထားသောကြောင့် အလွန်ပင် လှပနေ၏။ ထို့အပြင်
မောက်မာသော အရိပ်အယောင်ဖြင့် မေးစေ့ကို အနည်းငယ် မော့ထားပြီး သူမ၏ အနောက်တွင်မူ
ကိုယ်ကျပ်ဝတ်စုံ ဝတ်ဆင်ထားသည့် လက်နက်ကိုင် အမျိုးသားနှစ်ဦး ရှိနေသည်။ ဟွာကျွင်း
ဇဝေဇဝါ ဖြစ်သွားပြီး အနီးအနားတွင် လည်ပတ်စရာ နေရာများရှိနေ၍လား သို့မဟုတ်
ဓာတ်ပုံရိုက်ရန် လာခြင်းလားဟု တွေးလိုက်မိသည်။
ထိုမိန်းကလေးလည်း
ဟွာကျွင်းကို အကဲခတ်လိုက်၏။
“ရှင့်ရဲ့
ဝတ်စုံက ထူးဆန်းလိုက်တာ၊ ထားပါတော့၊ ကျွန်မဗိုက်ဆာနေပြီ၊ ဆိုင်မှာ ဘာစားစရာတွေ
ရှိလဲ”
မိန်းကလေး
မေးလိုက်သည်။ ဟွာကျွင်း အင်္ကျီအကွက်နှင့် ဂျင်းဘောင်းဘီကို ဝတ်ဆင်ထားသော
မိမိကိုယ်မိမိ ပြန်လည်ကြည့်ရှုကာ ထူးဆန်းနေသလားဟု တွေးတောလိုက်မိသည်။
“စိတ်မရှိပါနဲ့ရှင့်၊ ဆိုင်က အခုမှ ဖွင့်ဖို့
ပြင်ဆင်နေတုန်းမို့လို့ ရောင်းဖို့ မစရသေးပါဘူး”
ဟွာကျွင်း
ပြန်ဖြေလိုက်သည်။
မိန်းကလေး
မျက်မှောင်ကြုတ်ကာ အဘိုးအိုကို ညွှန်ပြလိုက်သည်။
“လာလိမ်မနေနဲ့၊
မရောင်းသေးရင် သူက ဘယ်လိုလုပ်ပြီး စားနေတာလဲ”
သူမနောက်က
အမျိုးသားမှ ဓားလက်ကိုင်ကို ကိုင်ဆုပ်ကာ ရှေ့သို့ တစ်လှမ်းတက်၍ ခက်ထန်စွာ ပြောသည်။
“မြန်မြန်
စားစရာပြင်ပေးစမ်း”
ဟွာကျွင်း
နှုတ်ခမ်းကို တွန့်လိုက်မိသည်။ ဤသူများမှာ ပြဇာတ် ကပြနေခြင်းလော သို့မဟုတ် သူမကသာ
အရူးများနှင့် တွေ့နေခြင်းလောဟု တွေးတောပြီး စိတ်ပျက်သွားသော်လည်း မိန်းကလေးကို
အကူအညီမဲ့စွာဖြင့် ပြောလိုက်သည်။
“ခေါက်ဆွဲတော့
ကျန်သေးတယ် စားမလား၊ မစားချင်ရင်တော့ ရှေ့ကို နည်းနည်း ထပ်လျှောက်သွားလိုက်ပါ၊
တခြားဆိုင်တွေ ဖွင့်ထားတာ ရှိပါလိမ့်မယ်”
ထိုအခါ မိန်းကလေး ပြန်ပြောလာ၏။
“ကျွန်မတို့
လမ်းတစ်လျှောက်လုံး လာခဲ့တာ ရှင့်ဆိုင်တစ်ဆိုင်ပဲ တွေ့တယ်၊ ညနက်နေတော့ ဆိုင်တွေ
မဖွင့်ကြတော့ဘူး၊ ရှင့်ရဲ့ ခေါက်ဆွဲက အနံ့လေး မွှေးသားပဲ၊ အဲဒါပဲ စားတော့မယ်”
“ဒါဆို
သုံးပန်းကန်လား”
ဟွာကျွင်း
ပြန်မေးလိုက်သည်။ မိန်းကလေး မည်သည်ကိုမှ ထပ်မပြောတော့ဘဲ ခေါင်းကိုသာ အသာအယာ
ညိတ်ပြလိုက်သည်။
ဟွာကျွင်း
မီးဖိုချောင်အတွင်းသို့ ဝင်တော့မည့်ဆဲဆဲတွင် တံခါးဝဆီသို့ ယိုင်တိုင်တိုင်
သွားနေသော အဘိုးအိုကို တွေ့မြင်လိုက်သဖြင့် တစ်စုံတစ်ခုအား စဉ်းစားမိကာ
လှမ်းခေါ်လိုက်သည်။ ထို့နောက် သူမ အိတ်အတွင်းမှ ယုန်ဖြူနို့သကြားလုံး တစ်ဆုပ်ကို
ထုတ်ယူကာ အဘိုးအို၏ လက်ထဲသို့ ထည့်ပေးလိုက်၏။
“အဘိုး၊ ဒီသကြားလုံးတွေကို အိမ်ယူသွားပြီး
အဘိုးရဲ့ မြေးလေးကို ကျွေးလိုက်ပါဦး”
အဘိုးအို
သကြားလုံးများကို လက်နှစ်ဖက်ဖြင့် လှမ်းယူကာ သူမကို အထပ်ထပ်အခါခါ ကျေးဇူးတင်စကား
ပြောလေသည်။
ဟွာကျွင်းသည်
သာမန် အင်ဂျင်နီယာ ကျောင်းသူတစ်ဦး ဖြစ်ပါလျက်နှင့် ဤသို့ မုန့်ဆိုင်လေးကို
စတင်ဖြစ်လိမ့်မည်ဟု တစ်ခါမှ မထင်မှတ်ထားခဲ့ပေ။
ဤခေါက်ဆွဲသုံးပန်းကန်မှာ
ရှိသမျှ ဝက်ရိုးစွပ်ပြုတ်ရည်များကို အကုန်အစင် သုံးလိုက်ရခြင်း ဖြစ်ရာ သူမအနေဖြင့်
အနည်းငယ် နှမြောတသ ဖြစ်မိသော်လည်း ထိုလူသုံးဦးမှ ခေါက်ဆွဲများကို အရသာရှိလှသော
စားဖွယ်ကောင်းတစ်ခုကဲ့သို့ အငမ်းမရ စားသုံးနေကြသည်ကို မြင်တွေ့ရသည့်အခါ သူမ၌ တစ်ခါမှ
မခံစားဖူးသော အောင်မြင်သည့် ခံစားချက်မျိုး ဖြစ်ပေါ်လာသည်။
‘ငါက
တကယ်ပဲ ချက်ပြုတ်တဲ့နေရာမှာ ပါရမီရှိနေတာလား’
ဗိုက်ထဲသို့
ခေါက်ဆွဲများ ရောက်ရှိသွားပြီးနောက် မိန်းကလေး၏ မျက်နှာမှာ သိသိသာသာ ကြည်လင်လာသည်။
“ရှင့်ခေါက်ဆွဲက
တကယ် ကောင်းတာပဲ၊ ကျွန်မတို့အိမ်က စားဖိုမှူးတွေ ချက်တာထက်တောင် အများကြီး
ပိုအရသာရှိသေးတယ်”
စားဖိုမှူးများပင်
ထားရှိနိုင်သည် ဖြစ်ရာ သူဌေးအိမ်မှ ဖြစ်ရမည်ဟု ဟွာကျွင်း တွေးလိုက်မိသည်။
မိန်းကလေးသည် နံဘေးရှိ အမျိုးသားကို အချက်ပြလိုက်ရာ ထိုသူသည် ရင်ဘတ်ထဲမှ
ငွေစတစ်စကို ထုတ်ယူ၍ စားပွဲပေါ်သို့ တင်လိုက်သည်။ ပထမတွင် ကြေးပြား၊ ယခုမူ ငွေစ
ဖြစ်နေသဖြင့် ဟွာကျွင်း လုံးဝကို ဇဝေဇဝါ ဖြစ်သွားရသည်။
သူမ
စမ်းသပ်သည့်အနေဖြင့် မေးမြန်းကြည့်သည်။
“အင်ပါယာ
ကျောက်စိမ်းဝိုင်ရော ချက်တတ်လား”
မိန်းကလေးမှ
နားမလည်ဟန်ဖြင့် ပြန်လည်မေးမြန်းလိုက်သည်။
“ရှင့်ဆိုင်မှာ
ဝိုင်လည်း ရောင်းတာလား၊ အင်ပါယာကျောက်စိမ်းဝိုင်ဆိုတာ နန်းတော်ကို ဆက်သရတဲ့
ဝိုင်မလား”
ဟွာကျွင်း
အနည်းငယ် ကြောက်ရွံ့လာမိသဖြင့် စကားစမြည် ပြောဟန်ဆောင်ကာ မေးလိုက်သည်။
“ရှင်တို့က
ဘယ်ကလာတာလဲ၊ ဘာလို့ အခုချိန်ကြီးအပြင်မှာ ရောက်နေတာလဲ”
မိန်းကလေး ပြန်ဖြေသည်။
“ဒီနေ့ တောင်ပေါ်က လော့ရှဘုရားကျောင်းကို
လာတာလေ၊ ကျွန်မ အဖေ့အတွက် ဆုတောင်းပေးဖို့၊ ဒါပေမဲ့ အပြန်လမ်းမှာ မိုးမိမယ်လို့
မထင်လိုက်ဘူး၊ မိုးက အရမ်းသည်းတော့ ကျွန်မတို့လည်း နောက်ကျသွားရော “
‘ ဒီနေ့က
နေသာနေတာကြီးကို၊ ဘယ်က မိုးတွေ သည်းနေတာလဲ၊ ပြီးတော့ တောင်ပေါ်က
ဘုရားကျောင်းကိုလည်း မကြားဖူးပါဘူး ‘