Ch 1
Viewers 2k

အခန်း(1)


ယနေ့တွင်တော့ StarNet တစ်ခုလုံးတွင် လူစိတ်ဝင်စားမှုမြင့်မားသော ပို့စ်တစ်ခုကြောင့် ဆူညံနေခဲ့ပြီး  ဇယား၏ ထိပ်ဆုံးသို့ လျင်မြန်စွာ ရောက်ရှိသွား၏။


ထိုပို့စ်ကို တင်ခဲ့သူမှာ တခြားလူမဟုတ်ဘဲ နာမည်ကျော် စစ်နတ်ဘုရား အင်နစ်ဂမာ — သွမ့်ချန်ဟွေ့ပင်ဖြစ်ပေ၏။ 


အကြောင်းအရာမှာ ဗိုလ်ချုပ်သွမ့်က သူ၏ မကြာမီ ကျင်းပတော့မည့် မင်္ဂလာပွဲကို ကြေညာလိုက်ခြင်းပင်။


#ထိပ်တန်းရှာဖွေမှု! ဗိုလ်ချုပ်သွမ့်က အိုမီဂါဟယ်ချင်းနှင့် မကြာခင်လက်ထပ်တော့မဲ့အကြောင်းကို ကြေညာလိုက်ပြီ !#


[ဝါးးး!  ဗိုလ်ချုပ်က ဘာလို့ရုတ်တရက်ကြီး လက်ထပ်မယ်လို့ ကြေညာလိုက်တာလဲ? အရင်တုန်းက စနစ်က သူ့အတွက် တွဲဖက်ရှာမပေးနိုင်ခဲ့ဘူးမလား?]


[မလုပ်ပါနဲ့! ငါ့ရဲ့အိမ်မက်တွေတော့ ပျက်စီးကုန်ပြီ! သောက်ကျိုးနည်း အဲဒီတစ်ယောက်က ဘယ်သူလဲ?!]


[မင်းက အယ်လ်ဖာဖြစ်ပြီး ဘာလို့ ဒီမှာ လေတွေလည်နေရတာလဲ?]


[အင်နစ်ဂမာတွေက အယ်လ်ဖာတွေကိုပဲ ပိုသဘောကျကြတယ်လို့ ပြောကြတာ မဟုတ်ဘူးလား??


[ဒါပေမဲ့ ဗိုလ်ချုပ်သွမ့်ကတော့ တခြားလူတွေနဲ့ မတူဘူးထင်တယ်!]


[ရှာတွေ့ခဲ့ပြီ! ဒီဟယ်ချင်းဆိုတဲ့တစ်ယောက်က 007 အဖြူရောင်မျှော်စင်က အဆင့်အနိမ့်ဆုံးတစ်ယောက်ပဲ! ဒါပေမဲ့ သူ့က မျှော်စင်ရဲ့ အလှပန်းလေးတဲ့ ...]


[အလှပန်းလေး ဖြစ်နေရင်တောင် ဘာများအသုံးကျနေလို့လဲ! အဆင့်အနိမ့်ဆုံးကောင်က အင်ပါယာရဲ့ အကောင်းဆုံးလူနဲ့ ဘယ်လိုများထိုက်တန်မှာလဲ?? စနစ်က ရူးသွားတာလား၊ ငါပဲ ရူးနေတာလား??!!]


လူတိုင်းက ရှော့ရနေခဲ့ကြပြီး ဟယ်ချင်းအား တိုက်ခိုက်စော်ကားသည့် ပို့စ်များစွာတို့က အနောက်မှ ဆက်တိုက်ထွက်ပေါ်လာ၏။ 


သို့သော် ထိုပို့စ်များမှာ လျင်မြန်စွာပင် ပြန်လည်ဖျောက်ဖျက်ခြင်းကို ခံလိုက်ရလေသည်။



007 အဖြူရောင်မျှော်စင်တွင် အိုမီဂါတိုင်းက ထိပ်တန်းအဆင့် ပညာရေးနှင့် အရင်းအမြစ်များကို ရရှိနိုင်ကြ၏။ 


သူတို့အား အိုမီဂါအဖြစ် သတ်မှတ်လိုက်သည့်အချိန်မှစ၍ သူတို့အနေဖြင့် အဖြူရောင်မျှော်စင်သို့ ဝင်သွားကြရသည်။


အိုမီဂါတစ်ဦးက တောက်ပနေသော စခရင်ကို ကြည့်နေရင်းဖြင့် သူ၏ သူငယ်ချင်းရှိသည့် အဆောင်ခန်း၏တံခါးကို ခေါက်လိုက်၏။ 


“ဟယ်ချင်း၊ ငါပါ.. ကျင်းရီ” 


“ဒင်” ဟူသော နူးညံ့သည့်အသံနှင့်အတူ တံခါးက အလိုအလျောက် ပွင့်သွားခဲ့လေသည်။ 


ကျင်းရီ တံခါးကို တွန်းဖွင့်လိုက်ချိန်တွင် ကူရှင်တစ်ခုပေါ်၌ ဒူးထောက်ထိုင်ကာ သစ်သားငါးလေးကို ခေါက်နေသော လူတစ်ယောက်ကို တွေ့လိုက်ရလေ၏။


ပြတင်းပေါက်မှ ဝင်လာသော နေရောင်ခြည်က ထိုလူ၏အပေါ်သို့ ဖြာကျနေခဲ့ပြီး သူ့အား အလင်းရောင်နှင့် တစ်သားတည်း ဖြစ်နေသယောင် ထင်မှတ်ရစေသည်။


ကျင်းရီအနေဖြင့် ဝန်ခံရပေမည်။


 ဟယ်ချင်းက 007 အဖြူရောင်မျှော်စင်၏ စစ်မှန်သော အလှပန်းလေးပင်ဖြစ်ပေ၏။


ဟယ်ချင်း၏ရှေ့တွင်တော့ ကြာပန်းတစ်ပွင့်ထိုးထားသော ပန်းအိုးလေးတစ်လုံးကိုတင်ထားသည့် စားပွဲငယ်လေးတစ်ခုရှိနေသည်။ 


ထိုစားပွဲပေါ်တွင် အမွှေးတိုင်သုံးတိုင်က ညင်သာစွာ လောင်ကျွမ်းနေပြီး လေထုထဲတွင် စန္ဒကူးနံ့ သင်းသင်းတို့ ပျံ့လွင့်နေခဲ့သည်။ 


သစ်သားငါးလေးကို ခေါက်နေသည့် “တောက်... တောက်... တောက်” ဟူသော အသံမှာ နှလုံးခုန်သံကဲ့သို့ပင် စည်းချက်မှန်စွာထွက်ပေါ်နေပြီး စိတ်ကို ထူးဆန်းစွာ တည်ငြိမ်စေ၏။


ကျင်းရီအသက်ကို ပြင်းပြင်းရှူကာ အထဲသို့လှမ်းဝင်လိုက်သည်။


“မင်းကို တွဲစပ်ပေးလိုက်ပြီဆိုတာကို သိပြီးပြီလား?”


သစ်သားငါးကို  ခေါက်သည့်အသံက ရပ်တန့်သွားလေ၏။ ဟယ်ချင်း မတ်တတ်ရပ်ကာ အနောက်သို့လှည့်ကြည့်လိုက်ပြီး ပြုံးပြလာခဲ့လေသည်။ 


“သိပြီးပြီ.. ငါ မကြာခင် မြို့တော်ကြယ်စုဆီကို သွားရတော့မယ်”


“မင်း မသွားချင်ရင်တောင် သွားရမှာပဲ” 


ကျင်းရီက ရှင်းလင်းပြတ်သားစွာ ပြောလိုက်ပြီး တည်ငြိမ်သော ကိုယ်ဟန်အမူအကျင့်ကိုထိန်းသိမ်း၍ ဟယ်ချင်း၏ ပုံမှန်နှင့်မတူစွာ နက်မှောင်ပြီး တည်ငြိမ်နေသော မျက်လုံးများကို စိုက်ကြည့်လိုက်လေ၏။ 


“ဒီတော့ မင်းက ကံကြမ္မာအတိုင်းပဲ လက်ခံပြီး လက်ထပ်လိုက်တော့မှာလား”


“အောမိထောဖော၊ ငါက ဗုဒ္ဓဘာသာကို ကျင့်ကြံနေတာ..  လက်ထပ်လို့ မရဘူး” 


ဟယ်ချင်းက အခက်တွေ့နေသည့်အမူအရာဖြင့် မျက်မှောင်ကြုတ်၍ ပြောလိုက်၏။


“ဗိုလ်ချုပ်ကတော့ သူ့ရဲ့ လူတွေကို လွှတ်ပြီး ရက်ပိုင်းအတွင်း လာခေါ်မယ်လို့ မက်ဆေ့ချ်ပို့ထားတယ် ၊ ဒါပေမဲ့ ငါကတော့ ငါ့ရဲ့ကိုယ်ပိုင်နည်းလမ်းအတိုင်းသွားလိုက်တာ ပိုကောင်းမယ်လို့ ထင်တယ် “




ကျင်းရီက တစ်ဖက်လူ၏ အနားသို့ ပြေးသွားကာ တံခါးကို ပိတ်လိုက်ပြီး အသံကို နှိမ့်၍ ပြောလိုက်၏။ 


“ဒါက မင်း အဖြူရောင်မျှော်စင်ကနေ ထွက်သွားဖို့ တစ်ခုတည်းသော အခွင့်အရေးပဲ.. ငါကတော့ ‘ကံကြမ္မာ မိတ်ဖက်’ ဆိုတာတွေကို မယုံဘူး..



 ဒါက အယ်လ်ဖာ နဲ့ အိုမီဂါတွေ ပေါင်းစပ်မှ အယ်လ်ဖာနဲ့ အိုမီဂါတွေ ထပ်မွေးမှာနိုင်မှာဖြစ်လို့ လုပ်ထားတဲ့အရာပဲ၊ ဒီလက်ထပ်ရေးစနစ်ဆိုတာလည်း အလိမ်အညာတစ်ခုပဲ”


စင်္ကြဝဠာအတွင်း၌ ဖုံးကွယ်ထားသော အန္တရာယ်များနှင့် ရန်သူများစွာ ရှိနေသောကြောင့် စစ်အင်အားကို ထိန်းသိမ်းရန်အတွက် အယ်လ်ဖာများကို ပိုမိုမွေးဖွားပေးရန် လိုအပ်ပေ၏။


အတိုချုပ်ပြောရလျှင် အယ်လ်ဖာ များသည်က စစ်သည်များဖြစ်ပြီး အိုမီဂါများမှာ သားဖောက်သည့် ကိရိယာများသဖွယ်ဖြစ်နေကာ  ဘီတာများမှာတော့ လူ့အဖွဲ့အစည်း၏ အဓိကလုပ်သားများသာဖြစ်ကြလေသည်။


တစ်ခါတစ်ရံတွင် ကျင့်ရီအနေဖြင့် ဖယ်ရိုမုန်းများ၏ ထိန်းချုပ်မှုမှ ကင်းလွတ်သော ဘီတာတစ်ဦး ဖြစ်ချင်မိ၏။


ဟယ်ချင်း မျက်တောင်ခတ်လိုက်သည်။


“ဒီတော့ ငါက ဗိုလ်ချုပ် ငါ့ကို ကွာရှင်းပေးအောင် ဘယ်လိုလုပ်ရမလဲဆိုတာကိုပဲ စဉ်းစားရမှာပေါ့.. ဒါဆိုရင် ငါ လွတ်လပ်သွားလိမ့်မယ်” 


အမှတ်အသားပြုလုပ်ခံရပြီးနောက် အိုမီဂါတစ်ဦးအနေဖြင့် Heatတက်ခြင်း ဝေဒနာကို ခံစားရတော့မည် မဟုတ်သကဲ့သို့ ဥပဒေအရလည်း လွတ်လပ်ခွင့်ရရှိသွားပေလိမ့်မည်။


ဟယ်ချင်း၏ ကျင့်ကြံမှုက ရပ်တန့်နေခဲ့သည်မှာ အချိမ်အတော်ကြာမြင့်နေခဲ့သည့်အတွက် ဤဂြိုဟ်မှ ထွက်ခွာမှသာ အခွင့်အရေးသစ်များ ရနိုင်မည်ကို သိနေခဲ့သည်။


ကျင်းရီက  အဓိပ္ပါယ်ပေါက်စွာရယ်မောလိုက်ပြီး ပြောလာလေ၏။


“ဗိုလ်ချုပ်သွမ့်က အားနည်းပြီး အသုံးမကျတဲ့ အိုမီဂါတွေကို မကြိုက်ဘူးလို့ ငါကြားဖူးတယ်.. မင်းကလည်း နှစ်ပေါင်းများစွာ သုညမှတ်တွေနဲ့ပဲ ရှင်သန်လာတာဆိုတော့ အဲဒီအတိုင်းပဲ ဆက်ဟန်ဆောင်နေလိုက်တော့” 


“မင်းပေးတဲ့အကြံက မဆိုးဘူး.. ဒီကိုယ်တော် အဲဒီအကြံကို လက်ခံပါတယ်” 


ဟယ်ချင်း ပြန်လည်တွေးလိုက်မိသည်။ သူ ဤကမ္ဘာသို့ ကူးပြောင်းရောက်ရှိလာချိန်တွင် စာမေးပွဲများနှင့် တည့်တည့်တိုးခဲ့ခြင်းဖြစ်ပေ၏။


ထို့အတွက် သုညမှတ်ရခြင်းက သေချာပေါက် ရှောင်ဖယ်၍မရနိုင်ပါချေ။  


ကျင့်ကြံသူတစ်ဦးအနေဖြင့် တည်ငြိမ်ပြီး စိတ်ကိုစုစည်းနိုင်ခြင်းက အရေးကြီးဆုံးပင်ဖြစ်သည်။


နောက်ပိုင်းတွင်တော့ သူ ထိုအခြေအနေကို ကျင့်သားရသွားခဲ့လေသည်။


ကျင်းရီက ဟယ်ချင်း၏ ပခုံးကို ပုတ်ကာ ပြောလာပြန်သည်။


“ငါလည်း  မင်းဆီကနေ အတုယူသင့်တယ် ထင်တယ်...” 


ဟယ်ချင်းက ခါးကိုကိုင်းညွတ်ကာ ပန်းအိုးထဲမှ ကြာပန်းကို ထုတ်ယူလိုက်ပြီး တစ်ဖက်လူကို ကမ်းပေးလိုက်၏။ 


“မင်းရဲ့ စိတ်ထဲမှာ မမျှတဘူးလို့ ခံစားရရင် ကံတရားနဲ့ ပတ်သက်မှုတွေကို ဖြတ်တောက်လိုက်လို့ ရတယ်”



ကျင်းရီက ပန်းကို အသာနမ်းကြည့်လိုက်ပြီး ဟယ်ချင်းကို စနောက်သည့် မျက်လုံးများဖြင့် ကြည့်လိုက်သည်။


“မင်းက ငါ့ထက်တောင် ပိုပြီး အေးစက်ပြီး နှလုံးသားမရှိသလိုပဲ.. ဗိုလ်ချုပ်သွမ့်က ဒါကို သိပါ့မလား?” ဟု မေး၏။


ဟယ်ချင်း ပြုံးလိုက်ပြီး လက်နှစ်ဖက်ကို ယှက်ကာ ဆုတ်ကိုင်လိုက်သည်။


“ဗိုလ်ချုပ်က ဘယ်တော့မှသိမှာ မဟုတ်ဘူး” 


“လာခဲ့.. ခဏလောက် လမ်းလျှောက်ရအောင်.. မင်း မနက်ဖြန် သွားရတော့မှာမလား? ငါနဲ့အတူ နောက်ဆုံး ညစာစားကြတာပေါ့” 


ကျင်းရီ တံခါးဖွင့်ရင်း ပြောလိုက်လေ၏။


ဟယ်ချင်းမှာ သူ၏ ဝတ်ရုံကို ဝတ်ဆင်ထားဆဲဖြစ်ပြီး လက်နှစ်ဖက်ကို နောက်ဘက်တွင်ပစ်ကာ လိုက်ပါသွားခဲ့သည်။


သူတို့နှစ်ဦး စားသောက်ဆောင်သို့ ဦးတည်သွားခဲ့ကြသည်။ ဟယ်ချင်း ဖြတ်သွားရင်းဖြင့် စခရင်ကြီးကို မော့ကြည့်လိုက်လျှင် ဖြစ်ရပ်မှန်ဥပမာများကို လေ့လာနိုင်ရန်အတွက်ထပ်ခါတလဲလဲ ပြသနေသည်ကို တွေ့လုက်ရသည်။




ဥပမာအားဖြင့် : အိုမီဂါတစ်ဦးက လမ်းမပေါ်တွင် Heat တက်လာခဲ့ပြီး အယ်လ်ဖာအုပ်စု၏ ဖျက်ဆီးခြင်းကို ခံလိုက်ရပုံ၊ 



တခြား အိုမီဂါတစ်ဦးမှာ ထိန်းချုပ်ဆေးများကို နှစ်ရှည်လများသုံးစွဲခဲ့ရာမှ ကိုယ်တွင်းအင်္ဂါများ ပျက်စီးကာ သေဆုံးသွားပုံနှင့် ၊ 


နောက်တစ်ခုမှာ ‘ကံကြမ္မာ မိတ်ဖက်ကို ရှာတွေ့ခဲ့ပြီး ပျော်ရွှင်စွာနေထိုင်သွားရသော အိုမီဂါတစ်ဦး၏ပုံပြင်များဖြစ်ပေ၏။


ဤပုံပြင်များကို နေ့စဉ်နေ့တိုင်း ထပ်ခါတလဲလဲပြသခြင်းဖြင့် အိုမီဂါတိုင်း၏ စိတ်ထဲတွင် စွဲထင်နေအောင် ပြုလုပ်ထားခြင်းဖြစ်သည်။


ဟယ်ချင်း မျက်နှာပြန်လွှဲလိုက်ပြီး မီနူးကို ကြည့်လိုက်လေသည်။


သူ ငါးချိုချဉ်ဟင်းကို စိုက်ကြည့်ကာ လက်ညိုးထိုးရင်းပြောလိုက်သည်။


“ဒါက  ငါးတွေ မျှားနေတာနဲ့ တူတယ်” 


“ဟင်?” 


ကျင်းရီကတော့ အစားအစာများကို မှာပြီးနေပေပြီ။ 


“မင်းလည်း တစ်ခါတလေ အသားတွေ စားကြည့်သင့်တယ်”


“ငါက သတ်သတ်လွတ် ဟင်းလျာတွေကိုပဲ ပိုကြိုက်တယ်” 


ဟယ်ချင်းက အရွက်သုတ်တစ်ပွဲ မှာလိုက်လေ၏။ အမှန်စင်စစ်တွင် သူသည်က မည်သည့် အစားအစာကိုမျှ စားရန်ပင် မလိုအပ်တော့ပေ။ 


သူ ကူးပြောင်းလာခဲ့သည်မှာ သုံးနှစ်သာ ရှိသေးသော်လည်း သူ၏ ကျင့်ကြံမှုမှာ ရွှေအမြုတေအဆင့်သို့ ပြန်လည် ရောက်ရှိနေပြီဖြစ်သည်။



အရွက်သုတ်မှာ လတ်ဆတ်သော ဟင်းသီးဟင်းရွက်၊ သစ်သီးများနှင့်အတူ လျင်မြန်စွာ ရောက်ရှိလာခဲ့လေ၏။ 


ဟယ်ချင်း အနီရောင်တောက်ပနေသည့် စတော်ဘယ်ရီသီးတစ်လုံးကို ကောက်ယူလိုက်ချိန်တွင် အဝေးမှ လူတစ်စုက သူ့အကြောင်းကို ပြောဆိုနေသည်ကို ကြားလိုက်ရသည်။


“ဗိုလ်ချုပ်က သူ့ကို သေချာပေါက် ကြိုက်မှာ မဟုတ်ဘူး၊ သူက ဘာမှအသုံးမကျတဲ့ ပန်းအိုးသက်သက်ပဲ!”


“ပြီးတော့ သူက ဒဏ်ရာရပြီးကတည်းက မသန်စွမ်းတဲ့ အိုမီဂါ ဖြစ်သွားတာလေ! ခေါင်းကို ထိခိုက်မိပြီး တုံးအသွားတာ ဖြစ်ရမယ်!”


“ဒါပေမဲ့... ငါကြားတာတော့ ဗိုလ်ချုပ်က ဒဏ်ရာရပြီးကတည်းက စိတ်စွမ်းအင်တွေ မတည်မငြိမ်ဖြစ်နေတာလို့ ကြားတယ်.. သူတို့က  ဟယ်ချင်းကို နောက်ဆုံး မျှော်လင့်ချက်အနေနဲ့ ပို့လိုက်တာ ဖြစ်မယ်ထင်တယ်၊ ရိုးရိုးသားသားပြောရရင် ငါဆိုရင်တော့ ကြောက်မိမှာပဲ”


“ရှူး... တိုးတိုးပြောစမ်းပါ...”


ဟယ်ချင်း စတော်ဘယ်ရီကို တစ်ကိုက် ကိုက်လိုက်လေသည်။ 


တခြားသူများ စိုးရိမ်နေသကဲ့သို့ သူသည်လည်း စိုးရိမ်နေမိ၏။ ဤထူးဆန်းသော လက်ထပ်မှုနှောင်ကြိုးကို တစ်ဖက်လူဘက်ကသာ ဖြတ်တောက်နိုင်ပေလိမ့်မည်။


အောမိထောဖော..


သူကိုယ်သူ ပို၍ အသုံးမကျအောင် ပြုလုပ်ပြီး ဗိုလ်ချုပ်ဘက်မှ စိတ်ပျက်ကာ လျှင်မြန်စွာကွာရှင်းပေးရန်သာ ဆုတောင်းရပေတော့မည်။