အခန်း (၂)နှုတ်ချိုဟန်ဆောင်ကာ အယုံသွင်းခြင်း
"ဟုတ်တယ် ကျေးရွာအတွင်းရေးမှူးကို လှမ်းခေါ်လိုက်ကြ! ကြက်ခိုး၊ ဘဲခိုး လုပ်တတ်အောင် သင်ပေးထားတဲ့ ကျန်းမိသားစုရဲ့ အဲဒီသူခိုးလေးကို သေသေချာချာကြီး ဆုံးမခိုင်းရမယ်... ငါ တစ်လလုံးလုံး စုထားတဲ့ ဥတွေ အကုန်ကုန်ပြီ! ဒီသူခိုးက အစားအစာတွေကို နှမြောစရာကောင်းအောင် လုပ်ပစ်တာ ကြည့်၊ သူ့ကို ပြုပြင်ပြောင်းလဲရေးစခန်းကို ပို့ပစ်ရမယ်!"
အဒေါ်စွင်က အော်ဟစ်ဆဲဆိုနေတော့သည်။ သူမသည် အိမ်က ကြက်ဥများအတွက် အမှန်တကယ်ပင် နှမြောတသ ဖြစ်နေခြင်းပင်။
ရွာထဲတွင် အဒေါ်စွင်တို့ မိသားစုမှာ အတန်အသင့် ချမ်းသာသည်ဟု ဆိုနိုင်သည်။ သူမ၏ယောက်ျားမှာ သန်မာသည့်အပြင် လုပ်ရည်ကိုင်ရည်ရှိပြီး သားဖြစ်သူများမှာလည်း အိမ်ထောင်မခွဲကြသေးသဖြင့် ရရှိလာသမျှ အလုပ်မှတ် အားလုံးကို သူမလက်ထဲသို့ အပ်နှံကြသည်။ သူမကိုယ်တိုင်သည်လည်း စေ့စပ်သေချာသူ ဖြစ်သောကြောင့် သူတို့၏ဘဝမှာ သာယာဝပြောနေခြင်းသာ ဖြစ်သည်။
သို့သော် ချမ်းသာသည်ဆိုစေဦးတော့ အခြားရွာသားများထက် ပို၍ စားနိုင်ရုံသာရှိပြီး ကောင်းကောင်းမွန်မွန် စားသောက်ဖို့ဆိုသည်မှာမူ စိတ်ပင်မကူးရဲပေ။ မြို့ပေါ်ရှိ အလုပ်သမားမိသားစုများသာ ထိုသို့ တွေးရဲကြသော်လည်း လယ်ကွင်းထဲတွင် ရုန်းကန်နေရပြီး မိုးလေဝသကိုသာ အားကိုးနေရသည့် သူတို့ကဲ့သို့ ရွာသားများအတွက်မူ ယခုအခြေအနေမှာပင် အကောင်းဆုံး ဖြစ်နေပြီဖြစ်သည်။
ဤကဲ့သို့သော အခြေအနေမျိုးတွင် ကြက်ဥတစ်ခြင်း၏ တန်ဖိုးက မည်မျှကြီးမားမည်ကို ခန့်မှန်းကြည့်နိုင်ပေသည်။ ယခုခေတ်တွင် တစ်ဦးချင်း ကြက်မွေးမြူခွင့် မပြုသော်လည်း လွန်ခဲ့သည့် နှစ်နှစ်ခန့်မှစ၍ စည်းကမ်းမှာ ထိုမျှအထိ မတင်းကျပ်တော့ပေ။ မိသားစုတစ်ခုလျှင် အများကြီးမဟုတ်ဘဲ နှစ်ကောင်၊ သုံးကောင်ခန့် မွေးမြူခြင်းကိုမူ တာဝန်ရှိသူများက မျက်စိမှိတ် လွှတ်ထားပေးလေ့ရှိကြသည်။
နောက်ဆုံးတွင်တော့ ရွာအတွင်းရေးမှူးနှင့် ရွာလူကြီးများမှာလည်း ရွာခံများပင် ဖြစ်ကြရာ ရွာသားများ ငတ်ပြတ်နေသည်ကို ဤအတိုင်း လက်ပိုက်ကြည့် မနေနိုင်ကြပေ။
သို့သော် ကြက်မွေးမြူနိုင်သည့် မိသားစုမှာ အနည်းငယ်သာ ရှိသည်။ အဒေါ်စွင်တို့ မိသားစုမှာမူ အစစအရာရာ ချွေတာပြီး ကြက်ပေါက် အနည်းငယ်ကို ဂရုတစိုက် ဝယ်ယူခဲ့ကြသည်။ သူမ၏ မြေးလေးများဖြစ်သော ရှောင်လုံနှင့် ရှောင်ဖုန်းကိုလည်း အားသည့်အချိန်တိုင်း ကြက်စာအတွက် မြက်ရိတ်ခိုင်းရပြီး နောက်ဆုံးတွင်မှ ထိုကြက်များမှာ ဥ ဥနိုင်သည့်အဆင့်အထိ ရောက်ရှိလာခဲ့သည်။
ကြက်ဥ ဥလာသည့်အခါတွင်လည်း သူတို့မိသားစုက မစားရက်ကြပေ။ ထိုဥများကို စုဆောင်း၍ အသားနှင့် အစားအစာများဖြင့် ပြန်လဲရန် ရည်ရွယ်ထားကြသည်။ ကြက်ဥ ၁၅လုံးဆိုလျှင် ဝက်သား တစ်ပေါင်ခွဲနှင့် လဲလှယ်နိုင်ပေသည်။ ထိုအသားကို အဒေါ်စွင်က သူတို့၏ သားအကြီးဆုံး လိုက်ပိုးနေသည့် မိန်းကလေးဖြစ်သူအား ပေးရန် စီစဉ်ထားခြင်းဖြစ်သည်။ ကလေးနှစ်ယောက် အခြေကျသွားပါက သူမလည်း မြေးချီရမည့်ရက် ပိုစောနိုင်မည်ပင်။
သို့သော် ယခုမူကား ကြက်ဥများမှာ မြေပြင်ပေါ်တွင် ကွဲအက်ကုန်ပြီး ဘာမှမကျန်တော့ပေ။ ဤသည်မှာ သူမ၏ဘဝကို ဖျက်ဆီးလိုက်ခြင်းပင်။
အဒေါ်စွင်က စိတ်မပူဘဲ မနေနိုင်တော့ပေ။ မည်သူကမျှ ဖျောင်းဖျ၍ မရနိုင်တော့ဘဲ သူမသည် ရွာလူကြီးနှင့် အတွင်းရေးမှူးကို ခေါ်ရန်သာ အော်ဟစ်နေတော့သည်။
တကယ်တမ်းတွင် ယခုကဲ့သို့ ကြက်ဥတစ်ခြင်းလုံး ဆုံးရှုံးသွားခြင်းမှာလည်း ကိစ္စကြီးတစ်ခု ဖြစ်သဖြင့် ရွာလူကြီးနှင့် အတွင်းရေးမှူးကို ခေါ်ရန်မှာ သင့်တော်လှပေသည်။ ထို့ကြောင့် မည်သူကမျှ အဒေါ်စွင်ကို မတားဆီးကြပေ။
ရွှီယိုချိုက်မှာ ဤအစီအစဉ်ကို စဆွဲချိန်ကတည်းက ရွာသားများ၏ စရိုက်ကို သေသေချာချာ လေ့လာထားခဲ့သည်။ ဤလူစုမှာ ကောင်းမွန်သည့်အရာကို တစ်ခါမျှ မမြင်ဖူးကြသဖြင့် ကြက်ဥတစ်ခြင်းဆိုသည်မှာ သူတို့အတွက် အသက်နှင့်လဲ၍ တိုက်ပွဲဝင်ရမည့်အရာ ဖြစ်နေပေလိမ့်မည်။
ဤသည်ကို တွေးမိသောအခါ ရွှီယိုချိုက်၏ မျက်ဝန်းများထဲတွင် အထင်အမြင်သေးသည့် အရိပ်အယောင်များ ဖြတ်ပြေးသွားသည်။
သူက ကျေးလက်သို့ ဆင်းလာသည့် ပညာတတ် လူငယ်တစ်ဦးဖြစ်ပြီး ကျောင်းတက်ခဲ့ဖူးသူ၊ အထက်တန်းအောင်ထားသူလည်း ဖြစ်သည်။ ထို့ကြောင့် သူကိုယ်သူ ဤလယ်သမားများထက် အဆပေါင်းများစွာ သာလွန်သည်ဟု ခံစားနေမိတော့သည်။
လူအုပ်ကြီးမှာ ဆူညံပွက်လောရိုက်နေပြီး ဘေးမှနေကာ အားပေးကြည့်ရှုလိုသည့် လူများမှာလည်း မကြာမီမှာပင် ရွာလူကြီးနှင့် အတွင်းရေးမှူးတို့ကို သွားရောက်ခေါ်ဆောင်လာကြတော့သည်။
ရွာလူကြီး ကျောက်မန်ချန်းသည် မြေပြင်ပေါ်တွင် ကွဲအက်နေသည့် ကြက်ဥများကို တစ်ချက်ကြည့်လိုက်ပြီးနောက် မျက်မှောင်ကြုတ်ကာ ဆေးလိပ်တစ်လိပ် ဖွာလိုက်သည်။ ဆေးလိပ်ဟု ဆိုသော်လည်း အမှန်စင်စစ်မှာ သတင်းစာဟောင်းဖြင့် လိပ်ထားသည့် ဆေးပေါ့လိပ်သာ ဖြစ်သည်။ ၎င်းမှာပင် ရှားပါးသည့်ပစ္စည်းဖြစ်သဖြင့် ရွာလူကြီးသည် တစ်ခါတစ်ရံမှသာ အာသာပြေ တစ်လိပ်၊ နှစ်လိပ်ခန့် သာ သောက်လေ့ရှိသည်။
ကျောက်မန်ချန်းသည် အဒေါ်စွင်ကို ကြည့်၍ မေးလိုက်သည်။
"ဆိုတော့... ကျန်းလဲ့က မင်းရဲ့ ကြက်ဥတွေကို ခိုးတယ်လို့ ပြောချင်တာလား"
အဒေါ်စွင်က ငိုယိုအော်ဟစ်လျက် ပြန်ပြောလိုက်၏။
"ရွာလူကြီး... ကျွန်မအတွက် တရားမျှတအောင် လုပ်ပေးပါဦးရှင်"
ကျောက်မန်ချန်းသည်လည်း ကျန်းလဲ့ကို သဘောမကျပေ။ ထိုကလေးမှာ အလုပ်မရှိအကိုင်မရှိသူ တစ်ဦးဖြစ်ပြီး တစ်နေ့ကုန် လည်ပတ်နေသူဖြစ်သည်။ သူ၏သားဖြစ်သူ ပြောစကားအရဆိုလျှင်လည်း ကျန်းလဲ့သည် ကလေးကောင်းမဟုတ်သဖြင့် ပစ္စည်းခိုးသည်ဆိုသည်မှာ အံ့သြစရာတော့ မဟုတ်ပေ။
"ရွာလူကြီး... သူ ကျွန်မရဲ့ ကြက်ဥတွေကို ပြန်ပေးအောင် လုပ်ပေးပါဦး"
အဒေါ်စွင်မှာ သူမ၏ ကြက်ဥများကိုသာ စိတ်စွဲနေဆဲဖြစ်သည်။
ကျောက်မန်ချန်းက ခေါင်းညိတ်လိုက်၏။
"မစိုးရိမ်ပါနဲ့ ဒီကြက်ဥကိစ္စအတွက် ငါ ဆုံးဖြတ်ပေးပါ့မယ်... သူ့ကို မင်းဆီ လျော်ကြေးပေးခိုင်းမယ်"
ဤစကားမှာ ဘာမှပင် မမေးမြန်းတော့ဘဲ ကျန်းလဲ့အား သူခိုးအဖြစ် တိုက်ရိုက် စွပ်စွဲလိုက်ခြင်းပင် ဖြစ်သည်။
ဘေးတွင် တိတ်တဆိတ် ရပ်နေသော အတွင်းရေးမှူးမှာမူ ဤအပြုအမူမှာ မသင့်တော်ဟု ယူဆသဖြင့် လေးနက်သော အသံဖြင့် ပြောလိုက်၏။
"ကျွန်တော်တို့က ရွာရဲ့ ခေါင်းဆောင်တွေဖြစ်တဲ့အတွက် အလုပ်လုပ်ရင် သက်သေအထောက်အထားကို ကြည့်ရမယ်"
ကျောက်မန်ချန်း၏ မျက်နှာက အတော်လေး ပျက်သွားရသည်။ ဤအတွင်းရေးမှူးမှာ လူအများရှေ့တွင် သူ့ကို သိက္ခာချနေခြင်း ဖြစ်သည်။ ထို့အပြင် ကျန်းလဲ့မှာလည်း လူကောင်းမဟုတ်ရာ ဘာသက်သေ လိုအပ်ဦးမည်နည်း။
အတွင်းရေးမှူးက ကျောက်မန်ချန်းကို တစ်ချက်ကြည့်၍ ထပ်ပြောလိုက်၏။
"အစ်ကို မန်ချန်း... ကျန်းလဲ့က မကောင်းတာတွေ အများကြီး လုပ်ခဲ့တာ မှန်ပေမဲ့ သူခိုးလို့ စွပ်စွဲဖို့အတွက်တော့ ကျွန်တော်တို့ စကားကို ပေါ့ပေါ့တန်တန် ပြောလို့မရဘူး။ လူတိုင်းကို ဘက်မလိုက်ဘဲ တန်းတူညီမျှ ဆက်ဆံရပါမယ်"
ကျောက်မန်ချန်းက စိတ်မပါဘဲ ပြုံး၍ ပြန်ပြောလိုက်ရသည်။
"မင်းပြောတာ မှန်ပါတယ်... ငါက အစ်မစွင်ရဲ့ စကားကြောင့် စိတ်လှုပ်ရှားပြီး အလျင်စလို ဖြစ်သွားမိတာပါ"
ဘာမှမတတ်နိုင်ပေ။ အတွင်းရေးမှူးမှာ ရွာအဆင့်အတန်းအရ သူ့ထက် တစ်ဆင့်မြင့်သည့်အပြင် အလယ်တန်းအထိ တက်ခဲ့ဖူးသော ပညာတတ်တစ်ဦးလည်း ဖြစ်သည်။ တစ်ရက်မျှ ကျောင်းမနေဖူးသည့် သူနှင့်မူ နှိုင်းယှဉ်၍ မရနိုင်ပေ။
အတွင်းရေးမှူးသည် ကျောက်မန်ချန်းအား တမင်သက်သက် ဒုက္ခပေးလိုခြင်း မဟုတ်ပေ။ သူသည် လူကိုမကြည့်ဘဲ အမှန်တရားကိုသာ ကြည့်သူဖြစ်သဖြင့် မည်သူ့မျက်နှာမှ မထောက်ဘဲ ပြောဆိုတတ်သူ ဖြစ်သည်။
အတွင်းရေးမှူးသည် ရွှီယိုချိုက်ကို စူးရှသော မျက်ဝန်းများဖြင့် ကြည့်ပြီး မေးလိုက်၏။
"ရွှီကျစ်ချင်း... မင်း ဆိုလိုတာက အဒေါ်စွင်ရဲ့အိမ်က ကြက်ဥတွေကို ကျန်းလဲ့ ခိုးတာကို မင်းကိုယ်တိုင် မြင်လိုက်တာလား"
ရွှီယိုချိုက်မှာ ရင်ထဲ၌ မရိုးသားသည့်စိတ်ရှိနေသဖြင့် ဤကဲ့သို့ အကြည့်ခံရသောအခါ အနည်းငယ် ထိတ်လန့်သွားရသည်။ ဤအတွင်းရေးမှူးမှာ စပ်စုလွန်းလှသည်ဟု သူ ခံစားနေရသည်။
သို့သော် ယခုတွင် နောက်ဆုတ်၍ မရတော့သဖြင့် သူသည် ခေါင်းညိတ်ပြရုံသာ ရှိတော့သည်။ ကျန်းလဲ့ ပစ္စည်းခိုးပါသည်ဟုသာ အပြီးအပိုင် အတည်ပြုရတော့မည် ဖြစ်သည်။
အတွင်းရေးမှူးက ရွှီယိုချိုက်ကို ကြည့်လိုက်သည်။ သူ ထိုစကားအား ယုံကြည်ခြင်း ရှိ၊ မရှိကိုမူ မည်သူမျှ မသိနိုင်ပေ။
သူသည် တစ်စုံတစ်ယောက်ကို ကျန်းလဲ့အား သွားရောက်ခေါ်ခိုင်းရန် ပြင်လိုက်စဉ်မှာပင် မမျှော်လင့်ဘဲ ဘေးမှ အားပေးကြည့်ရှုနေကြသော လူအုပ်ကြီးထံမှ ဆူညံသံများ ထွက်ပေါ်လာသည်။
"ကျန်းလဲ့ လာနေပြီဟေ့!"
"သူက လာတောင် လာရဲသေးတယ်ပေါ့လေ... အပြစ်ရှိတယ်ဆိုတာ သိလို့ ကိုယ့်ကိုယ်ကိုယ် လာအပ်တာ ဖြစ်မှာပေါ့!"
"ငါလည်း အဲ့လိုပဲ ထင်တယ်၊ ဒီကောင်က ရွာထဲမှာ အလုပ်မရှိ အကိုင်မရှိ လျှောက်သွားနေတာ၊ တစ်နေ့ကုန် ဘာတွေလုပ်နေမှန်း ဘယ်သူသိမှာလဲ။ အခုတော့ အမိခံလိုက်တာပေါ့။ အရင်တုန်းက ငါ့အိမ်က ပေါက်စီတစ်လုံး ပျောက်သွားတာလည်း..."
"ပေါက်စီတစ်လုံးအကြောင်းကို မင်း ဘယ်နှခါ ပြောဦးမှာလဲ၊ မင်းကလေးက သူ ခိုးစားတာပါလို့ ဝန်ခံထားပြီးသားကို..."
ရွှီယိုချိုက်သည် အနည်းငယ် ထူးဆန်းသွားသည်။ ကျန်းလဲ့က ဤနေရာသို့ လာရဲလိမ့်မည်ဟု သူ ထင်မထားခဲ့ပေ။
သူ အနည်းငယ် စိတ်မသက်မသာ ဖြစ်သွားသော်လည်း ရွာထဲရှိ ကျန်းလဲ့၏ နာမည်ပျက်များအကြောင်း ပြန်တွေးမိသောအခါ စိတ်အေးသွားရပြန်သည်။ သူသာ ကျန်းလဲ့ ပစ္စည်းခိုးသည်ကို မြင်လိုက်ရပါသည်ဟု အသေအလဲ ငြင်းဆိုနေသရွေ့ ကျန်းလဲ့ကို အလုပ်စခန်းသို့ ပို့ပစ်၍ ရနိုင်သည်။
ကျန်းလဲ့သည် သူ့မိခင် ဖြစ်သူ ကျောက်မိန်လျန်နှင့်အတူ ရောက်ရှိလာခဲ့သည်။ သူသည် အခြေအနေ အရပ်ရပ်ကို သူ့မိသားစုအား အသေးစိတ် မရှင်းပြရသေးပေ။ အဘယ်ကြောင့်ဆိုသော် စကားအနည်းငယ်နှင့် ရှင်းပြရန် ခက်ခဲသောကြောင့် ဖြစ်သည်။
သို့သော် ကျောက်မိန်လျန်မှာမူ သူမ၏သား အနိုင်ကျင့်ခံရမည်ကို စိုးရိမ်သဖြင့် မည်သို့ပင်ဖြစ်စေ သားဖြစ်သူနောက်သို့ လိုက်ပါလာခြင်း ဖြစ်သည်။
ကျန်းလဲ့ ရောက်လာပြီး ရွှီယိုချိုက်ကို တစ်ချက်ကြည့်လိုက်ရာ ရွှီယိုချိုက်က ချက်ချင်းပင် တရားမျှတသည့် အမူအရာကို ဖန်တီးလိုက်ပြီး ပြောလိုက်သည်။
"ရဲဘော်ကျန်း... မင်း ဘယ်လိုလုပ်ပြီး အဒေါ်စွင်ရဲ့ ကြက်ဥတွေကို ခိုးရတာလဲ။ ငါတို့က ကိုယ့်အားနဲ့ကိုယ် ရုန်းကန်ရမှာ သူတစ်ပါးရဲ့ လုပ်အားရလဒ်ကို ခိုးယူလို့ မရဘူးလေ။ မင်းပုံစံကိုကြည့်ရတာ အမှားကို သိနေပုံပဲ၊ ကိုယ့်အပြစ်ကိုယ် အစောကြီး ဝန်ခံလိုက်ပါ"
စကားတစ်ခွန်းတည်းနှင့် သူသည် ကျန်းလဲ့ကို သူခိုးအဖြစ် တိုက်ရိုက် သတ်မှတ်လိုက်ခြင်းပင် ဖြစ်သည်။
ကျန်းလဲ့က ရွှီယိုချိုက်ကို တစ်ချက် ကြည့်လိုက်မိသည်။ ဤလူသည် မူရင်းစာအုပ်ထဲမှ အဓိကဇာတ်ဆောင်မိန်းကလေးကို သဘောကျနေသူဖြစ်သည်။ မူလကျန်းလဲ့က ထိုဇာတ်လိုက်မကို အမြဲတမ်း နှောင့်ယှက်နေသဖြင့် ရွှီယိုချိုက်မှာ သူ၏နတ်သမီးလေးအတွက် ကျန်းလဲ့ကို ပညာပေးချင်နေခြင်း ဖြစ်သည်။
ဤခေတ်အခါက လူတို့၏ အလေ့အထမှာ ရိုးရှင်းလှသည်။ မူလကျန်းလဲ့၏ နှောင့်ယှက်မှုဆိုသည်မှာလည်း ဇာတ်လိုက်မ၏ နောက်သို့ တမင်လိုက်ကာ ခြောက်လှန့်ခြင်းမျိုးသာ ဖြစ်ပြီး အမှန်တကယ်တွင် သူတို့နှစ်ဦးမှာ စကားတစ်ခွန်းပင် မပြောဖူးကြပေ။
သို့သော် ကျန်းလဲ့၏ အမြင်တွင်မူ ဤကဲ့သို့ ပြုမူခြင်းမှာ အမှန်တကယ်ပင် စက်ဆုပ်ရွံရှာဖွယ် ကောင်းလှသည်။ မိန်းကလေးများမှာ သဘာဝအရ ခန္ဓာကိုယ် အားနည်းကြသဖြင့် အလွယ်တကူ စိတ်မလုံခြုံ ဖြစ်တတ်ကြရာ၊ မူရင်းကျန်းလဲ့၏ အပြုအမူမှာ ထိုအဓိကဇာတ်လိုက် ထိတ်လန့်သွားစေရန် လုံလောက်လှပေသည်။
သို့သော် ဤသည်မှာ မူရင်းကျန်းလဲ့ လုပ်ခဲ့သော မကောင်းမှုများသာ ဖြစ်သည်။ ကျန်းလဲ့သည် ထိုလုပ်ရပ်ကို ရှုံ့ချသော်လည်း မိမိကိုယ်တိုင် မလုပ်ဘဲ မဟုတ်မတရား စွပ်စွဲခံရခြင်းကိုမူ အလိုမရှိပေ။
ထို့အပြင် ဤကြက်ဥများကို မူရင်းကျန်းလဲ့ ခိုးယူခဲ့ခြင်း မဟုတ်သဖြင့် သူသည် မည်သို့ပင်ဖြစ်စေ ဝန်ခံမည်မဟုတ်ပေ။
ထိုအချိန်တွင် အဒေါ်စွင်မှာ အလွန်အမင်း စိတ်ပူနေပြီး အော်ဟစ်လျက် ကျန်းလဲ့ကို ဖမ်းဆီးရန် ပြေးလာတော့သည်။
"ဒီမှာ ကောင်စုတ်လေး... ငါ့ရဲ့ ကြက်ဥတွေကို ပြန်လျော်ပေးစမ်း!"
ကျောက်မိန်လျန်သည် သူမ၏သား အနိုင်ကျင့်ခံရသည်ကို ဒီအတိုင်း ကြည့်မနေနိုင်ပေ။ သူမ၏သားမှာ ဝန်မခံသဖြင့် ပစ္စည်းမခိုးသည်မှာ သေချာနေရာ၊ စွင်ယွီလန်က သူမသားကို လာထိခွင့်မရှိပေ။
ကျောက်မိန်လျန်မှာ ပုံမှန်အားဖြင့် စိတ်သဘောထား ကောင်းသူဖြစ်သော်လည်း သားဖြစ်သူနှင့် ပတ်သက်လာလျှင်မူ နည်းနည်းလေးမျှ အလျှော့မပေးတတ်ပေ။ သူမသည် စွင်ယွီလန်ကို ချက်ချင်းပင် ပြန်လည် ဆွဲယူလိုက်ပြီး အော်ဟစ်လိုက်တော့၏။
"စွင်ယွီလန်... နင် ဘာလို့ ငါ့သားကို သူခိုးလို့ ပြောနေရတာလဲ။ ငါ နင့် ပါးစပ်ကို ဆွဲဖြဲတာ မခံချင်ရင် အခုချက်ချင်း ရပ်စမ်း!"
စွင်ယွီလန်သည်လည်း အလျှော့ပေးမည့်သူ မဟုတ်ရာ သူမက မဆင်မခြင် ဆဲဆိုနေတော့သည်။
"ကျောက်မိန်လျန်... နင့်သားက ပြုပြင်ပြောင်းလဲရေးစခန်းကို သွားသင့်တာ! ဒီနေ့ ငါ့ကြက်ဥတွေကို ခိုးတယ်ဆိုရင် မနက်ဖြန်ကျရင် နိုင်ငံတော်ရဲ့ ပိုင်ဆိုင်မှုတွေကိုပါ ခိုးဦးမှာပဲ... သူ့ကို အကောင်းဆုံး ပြုပြင်ပြောင်းလဲရေးလုပ်ဖို့ ပို့ပစ်ရမယ်!"
ကျန်းလဲ့: "......"
ဒေါ် လေးစွင်က တော်တော်လေးကို ချဲ့ကားပြောနေတာပဲနော်...
"တော်ကြတော့... တော်ကြတော့! ဒီလောက် အားရှိနေရင် လယ်ကွင်းထဲမှာ သွားပြီး အလုပ်လုပ်ကြတာက ပိုကောင်းဦးမယ်။ ဘာတွေ လျှောက်ပြောနေကြတာလဲ...ဘယ်လိုပဲ ရန်ဖြစ်ဖြစ် နောက်ဆုံးတော့ အလုပ်ပဲ သွားလုပ်ကြရမှာကို!"
ကျောက်မန်ချန်းသည် ခုနကတင် အတွင်းရေးမှူးရှေ့တွင် အရှက်ရထားသဖြင့် ယခုအခါ ရွာလူကြီးတစ်ဦး၏ အရှိန်အဝါကို ချက်ချင်း အသုံးချလိုက်တော့သည်။
သူ ထိုသို့ ပြောလိုက်သည်နှင့် စွင်ယွီလန်နှင့် ကျောက်မိန်လျန်တို့နှစ်ယောက်လည်း ရပ်တန့်သွားကြသည်။ သူတို့၏ အဝတ်အစားနှင့် ဆံပင်များမှာ ဖရိုဖရဲ ဖြစ်နေပြီး မျက်နှာများတွင်လည်း အပြန်အလှန် ဆွဲကုတ်ခံထားရသည့် နီရဲနေသော အမှတ်အသားများ ရှိနေကြသည်။
ကျန်းလဲ့အနေဖြင့် သူ့မိခင်ကို သွားရောက်မကူညီခြင်း မဟုတ်ပေ။သူ ကူညီ၍ မရသောကြောင့်ပင်။ ရွာဓလေ့အရ အမျိုးသမီးအချင်းချင်း ရန်ဖြစ်ရာတွင် အနည်းငယ် ထိခိုက်ဒဏ်ရာရခြင်းမှာ ပြဿနာမဟုတ်သော်လည်း၊ အမျိုးသားတစ်ဦးကသာ ဝင်ပါလိုက်ပါက ကိစ္စ၏ သဘောသဘာဝမှာ ပြောင်းလဲသွားပေလိမ့်မည်။
စွင်ယွီလန်၏ ယောက်ျားနှင့် သားများပင်လျှင် ရောက်နေကြသော်လည်း ဘေးမှသာ ကြည့်နေကြ၏။
"ကျန်းလဲ့... မင်း ပြောစမ်း ဘာတွေဖြစ်နေတာလဲ"
ကျောက်မန်ချန်းသည် သူတို့ ရန်ပွဲရပ်သွားသည်ကို ကျေနပ်သွားပြီး ကျန်းလဲ့ကို ကြည့်ကာ မျက်မှောင်ကြုတ်၍ ပြောလိုက်၏။
"ကောင်လေး... မင်းတို့မိသားစုမှာ စားစရာ ပြတ်လပ်နေရင် အဖွဲ့ဆီမှာ လာချေးလို့ရတယ်...ပစ္စည်းခိုးတယ်ဆိုတာ အကျဉ်းသားတွေ လုပ်တဲ့အလုပ်မျိုးပဲ!"
ယခုခေတ်တွင် လူများမှာ ရိုးသားကြသဖြင့် ကျောက်မန်ချန်း၏ စကားထဲတွင် ပါဝင်နေသော လှည့်ကွက်များကို သတိမထားမိကြပေ။ ရွာလူကြီးသည် ကျန်းလဲ့ကို ဂရုစိုက်နေသည်ဟုပင် ထင်မှတ်နေကြပြီး 'ငါတို့ လာချေးတော့ကျ မပေးဘဲနဲ့ ရွာလူကြီးက ကျန်းမိသားစုကိုတော့ တော်တော် မျက်နှာသာပေးတာပဲ' ဟုပင် တွေးနေကြသေးသည်။
ကျန်းလဲ့ကမူ ထိုစကားများကို ကြားရုံနှင့် သိလိုက်သည်။ ဤစကားအနည်းငယ်မှာ ခိုးယူသည်ဟု သံသယရှိခြင်းကို "ခိုးယူခြင်း"အဖြစ် တိုက်ရိုက် သတ်မှတ်လိုက်ခြင်းပင် ဖြစ်သည်။ ဤကျောက်မန်ချန်းသည် ဇာတ်လိုက်၏ ဖခင်ဖြစ်သည်နှင့်အညီ ပရိယာယ် အလွန်များလှပေသည်။
ကျောက်မန်ချန်းက အဘယ်ကြောင့် သူ့ကို နှိပ်ကွပ်ချင်နေသည်ကို ကျန်းလဲ့ မသိသော်လည်း သူသည် ထိုစကားအတိုင်း အသာတကြည် အလျှော့ပေးမည့်သူ မဟုတ်ပေ။
ကျန်းလဲ့တစ်ယောက် အသက်ရှစ်နှစ်အရွယ်တွင် မိဘနှစ်ပါးစလုံး ဆုံးရှုံးခဲ့ရသော်လည်း သူသည် အထက်တန်းကျောင်းအထိ အောင်မြင်အောင် တက်ရောက်နိုင်ခဲ့ပြီး ကျောင်းမထွက်ဘဲ တက္ကသိုလ်ဝင်ခွင့် စာမေးပွဲကိုပင် ကောင်းမွန်စွာ ဖြေဆိုနိုင်ခဲ့သူ ဖြစ်သည်။
ကျန်းလဲ့က ခေါင်းငုံ့လိုက်ပြီး မျက်လုံးများကို ပြူးကျယ်သွားစေရန် ကြိုးစားလိုက်သည်။ ထို့နောက် ခေါင်းပြန်မော့လာချိန်တွင်မူ သူ့မျက်ဝန်းအစုံမှာ နီရဲနေပြီဖြစ်၏။ သူက ကျောက်မန်ချန်းကို ကျေးဇူးတင်သော အမူအရာဖြင့် ကြည့်ပြီး ပြောလိုက်၏။
"ရွာလူကြီးက တကယ်ကို စိတ်သဘောထားကောင်းတာပဲ။ ကျွန်တော့်မိသားစုက ဆင်းရဲတာမှန်ပေမဲ့ လူဆိုတာ အမြင်မကျဉ်းရဘူး၊ သိက္ခာရှိရမယ်လို့ ကျွန်တော့်အဖေက အမြဲသင်ပေးခဲ့ပါတယ်။ ကျွန်တော် ရွာထဲမှာ နာမည်မကောင်းတာကို သိပါတယ်... ဒါပေမဲ့ ကျွန်တော့်မှာလည်း သိက္ခာရှိပါတယ်။ ပစ္စည်းခိုးဖို့ကို ကျွန်တော် လုံးဝ စိတ်မကူးခဲ့ပါဘူး။ အဒေါ်စွင်နဲ့ ကျွန်တော်တို့အားလုံးက ပစ္စည်းမဲ့လူတန်းစား အချင်းချင်းတွေပဲ မဟုတ်လား။ ပစ္စည်းမဲ့လူတန်းစားတွေက စည်းလုံးရမယ်လို့ အားလုံးက ပြောကြတာပဲ၊ ကျွန်တော်က ဘယ်လိုလုပ်ပြီး ကိုယ့်ညီအစ်ကို မိသားစုဆီ လက်ဆန့်ပြီး ခိုးရက်မှာလဲဗျာ"
ကျန်းလဲ့၏ စကားများက အလွန်ပင် လေးနက်လှပြီး သနားဖွယ်လည်း ကောင်းလှသည်။ သူသည် မျက်ရည်များ စီးမကျလာစေရန် မျက်လုံးများကို အတင်းပြူးထားရပြီး ခိုင်မာပြတ်သားသော်လည်း အားကိုးရာမဲ့နေသည့် ပုံစံမျိုးကို ဖန်တီးထားခြင်း ဖြစ်သည်။
ရွာသားများမှာ ဤကဲ့သို့သော စကားလုံးများကို မစဉ်းစားတတ်ကြသော်လည်း ကျန်းလဲ့ ပြောသည်မှာ မှန်ကန်သည်ဟု ခံစားနေကြရသည်။
နစ်နာသူဖြစ်သည့် အဒေါ်စွင်ပင်လျှင် စိတ်ထဲတွင် ဝေခွဲမရ ဖြစ်လာ၏။
"ကျန်းလဲ့က တကယ်ပဲ မတရား စွပ်စွဲခံရတာလား"
ထို့ပြင် ကျန်းလဲ့၏ စကားများက တစ်ခွန်းချင်းစီတိုင်း အဓိပ္ပာယ်ရှိလှသည်။ "ညီအစ်ကို မိသားစု" ဆိုသည့်စကားမှာ အမှန်ပင် ဖြစ်သည်၊ ပစ္စည်းမဲ့လူတန်းစားအားလုံးမှာ ညီအစ်ကိုများပင် ဖြစ်ကြသည်။ လူတိုင်းက ကျန်းလဲ့ကို အရင်ကကဲ့သို့ အသုံးမကျသည့် လေလွင့်နေသူတစ်ဦးအဖြစ် မဟုတ်ဘဲ တစ်မျိုးတစ်ဖုံ ပြောင်းလဲကာ မြင်လာကြတော့သည်။
ကျန်းလဲ့မှာ စကားပြော၍ မပြီးသေးဘဲ ရွှီယိုချိုက်ဘက်သို့ လှည့်ကြည့်လိုက်ကာ အဓိပ္ပာယ်ပါပါဖြင့် ပြောလိုက်၏။
"ဒေါ်လေးစွင်ကတော့ တစ်ယောက်ယောက်ရဲ့ လှည့်စားမှုကို ခံလိုက်ရတာ ဖြစ်မှာပါ။ တစ်ယောက်ယောက်က ကျွန်တော်တို့ ပစ္စည်းမဲ့လူတန်းစားတွေကြားမှာ ပြဿနာတက်အောင် ရည်ရွယ်ချက်ရှိရှိ သွေးထိုးပေးနေတာနေမှာ!"
ရွှီယိုချိုက်တစ်ယောက် ကျန်းလဲ့ထံမှ အကြည့်ခံလိုက်ရသောအခါ သူ့စိတ်ထဲတွင်လည်း အမှန်တကယ် မရိုးသားသဖြင့် တံတွေးကိုပင် ခက်ခက်ခဲခဲ မျိုချလိုက်ရတော့သည်။
______
Xi's note -၁၉၇၀ ဝန်းကျင် တရုတ်ပြည်ရဲ့ ကာလ နောက်ခံဝတ္ထုတွေမှာ အသေးအဖွဲ အမှားလုပ်တာကို "နိုင်ငံတော်အဆင့် ရာဇဝတ်မှု" တွေနဲ့ နှိုင်းယှဉ်ပြီး တိုင်တောတာ၊ ဆဲဆိုတာမျိုးဟာ အလွန်ခေတ်စားပါတယ်။တကယ်က လမ်းညွှန်ဗုံးတွေ ခိုးလိမ့်မယ်လို့ ရေးထားတာပါ။