အခန်း (၈) : ချော့မြှူနှစ်သိမ့်ခြင်း
ပွန်းပဲ့ဒဏ်ရာများ....
ရှည်လျားသော ခရမ်းပြာရောင် အတွင်းကြေဒဏ်ရာများက သူ၏ဖြူဖွေးနူးညံ့သောအသားအရေတစ်လျှောက် သဘာဝမကျစွာပင် ကန့်လန့်စင်းများဖြစ်နေပြီး ကြီးမားသည့်ငှက်ခြေသည်းရာများက အောက်ဘက်အထိ ကုတ်ခြစ်ထားသည်။ သင်္ဘောပျံပျက်ကျစဉ်က သူ့ကိုဖမ်းမိခဲ့သည့် အနီရောင်ဖီးနစ်ငှက်မှာ ခွန်အားကိုထိန်းထားခဲ့သော်ငြား အမဲလိုက်ငှက်တစ်ကောင်၏ ဆုပ်ကိုင်ထားမှုသည် သိသိသာသာကိုပင် မျိုးရိုးမြင့်မိသားစု၏ အလိုလိုက်ခံသခင်လေး သည်းညည်းခံနိုင်သည့်အရာတစ်ခု မဟုတ်ပါချေ။
ထို့အပြင် သူကအဖမ်းခံခဲ့ရပြီး အဝေးကြီးပျံသန်းလာခဲ့ရတာပင်။
ထိတ်လန့်မှုကြောင့် ထိုဒဏ်ရာများကို ခဏတာလျစ်လျူရှုနိုင်ခဲ့ပေသိ နတ်ဆရာက သူတို့ကိုထိလိုက်သည်နှင့် ပြန်နာလာတော့သည်။
ချိုးပေါ်သုန့်သည် ကူကယ်ရာမဲ့စွာဖြင့် ငိုရှိုက်သံတို့ကို ထိန်းချုပ်ထားရင်း ဝက်သစ်ချသားနံရံပေါ်မှီလိုက်သည်....။ သူ တော်တော်လေးနာကျင်နေသော်ငြား သူ့ကိုနှစ်သိမ့်ချော့မြှူပြီး အလိုလိုက်ပေးမည့် အစ်မဟယ့်တို့က ဒီမှာမရှိကြပေ။ အန္တရာယ်များပြီး ကြောက်စရာကောင်းသည့် လူရိုင်းနတ်ဆရာသာရှိလေသည်...။ သူ၏မျက်တောင်ထူထူကော့ကော့လေးများမှာ မျက်ရည်မကျစေရန် ထိန်းချုပ်ဖို့ကြိုးစားနေသောကြောင့် အနည်းငယ်တုန်ယသ်နေ၏။ သူငို၍မဖြစ်၊ ယင်းက ရှက်စရာကောင်းလွန်းသည်...။
အိမ်ကိုအရမ်းလွမ်းတယ်... တတိယဦးလေးနဲ့တခြားလူတွေကိုလည်း သတိရတယ်....
သူက ပြင်းပြင်းထန်ထန်တုန်လှုပ်နေပြီး ကြောက်ရွံ့လွန်းလှသဖြင့် လျှို့ဝှက်ဆန်းကြယ်ပြီး ကြောက်စရာကောင်းသော နှင်းလွင်ပြင်မှ နတ်ဆရာက ရုတ်တရက် သူ့လက်ချောင်းများ ဖယ်ခွာသွားချိန်တွင် ချက်ချင်းပင် ပြန်မတုံ့ပြန်နိုင်ခဲ့ပေ။
အမျိုးသား၏ မြင့်မားပြီးသန်မာသော ပုံရိပ်က သူ့ထံမှ ထွက်ခွာသွား၏။
ထိုသူသည် မတ်တပ်ရပ်ကာ သူယူလာခဲ့သည့် ကြေးမီးဖိုနှင့်အတူ ကြမ်းပြင်ပေါ်ချထားခဲ့သည့် ပစ္စည်းအချို့ကို သွားယူနေ၏။
ဖိနှိပ်ခံထားရသည့်ခံစားချက်က ချက်ချင်းပျောက်ကွယ်သွားသော်ငြား ချိုးပေါ်သုန့်ကတော့ တုန်ယင်နေခြင်းကို မရပ်တန့်နိုင်သေးပါချေ။ သူသည် အားကိုးရာမဲ့စွာဖြင့်ပင် ယခုလေးတင် လွတ်မြောက်သွားသော သူ၏လက်ဖြင့် အတွင်းဝတ်အင်္ကျီကို ဆွဲတင်လိုက်သည်။ ချိုးပေါ်သုန့်သည် ပထမဆုံးအကြိမ် နှင်းမုန်တိုင်းနှင့်ပက်ပင်းတိုးခဲ့ရသည့် အပျံသင်ကာစအဖိုးတန်ငှက်တစ်ကောင်နှင့် ဆင်တူ၏။ ထိုငှက်မှာ သူ၏ လှပသည့်တိုင် အသုံးမဝင်သောအတောင်ပံကို အသုံးပြုကာ သူ့ကို လုံးဝဖျက်ဆီးပစ်နိုင်သည့် မုန်တိုင်းကိုတားဆီးနေရှာ၏။
သနားစရာငှက်ကလေးပါပင်။
ရွှေလှောင်အိမ်နှင့် စိမ်းလန်းစိုပြည်သော ဥယျာဉ်လေးထဲတွင် မွေ့လျော်ရမည့်အစား ဤကြမ်းတမ်းပြီး ရေခဲတမျှအေးစက်နေသည့် မြေရိုင်းဒေသကိုမှ လာဖို့ရွေးချယ်ခဲ့ရှာသည်။
ထိုငှက်မှာ ဆီးနှင်းပြင်ရှိ သားရဲတစ်ကောင်ထံမှပင် ထပ်ပြီးအဖမ်းခံလိုက်ရပြန်၏။
...ချိုးပေါ်သုန့်က ရုန်းကန်ခဲ့သော်လည်း အလွယ်တကူအချုပ်ခံခဲ့ရသည်။ သူက မျက်ရည်ကို ထိန်းထားနိုင်ရန် မျက်လုံးများကို ပြူးကျယ်အောင်ဖွင့်ထားလိုက်ပြီး သူ၏အနက်ရောင်မျက်ဆံလှလှလေးတွေက ဝေဝါးလာ၏။ သူ၏ဝိုးတိုးဝါးတားအမြင်ထဲတွင် ဆီးနှင်းပြင်မျိုးနွယ်စုခေါင်းဆောင် ထူလဲ့နတ်ဆရာက နောက်တစ်ကြိမ်အဖြစ် အလင်းရောင်ကို ကာဆီးလာပြန်သည်။
သူ့အရပ်က အရမ်းမြင့်တာပဲ...
ဆီးနှင်းပြင်မျိုးနွယ်စုမှ ယောက်ျားသားများ၏ကိုယ်ထည်က အလယ်ပိုင်းလွင်ပြင်သားနှင့်ယှဉ်လျှင် ပို၍ကြီးမားကြလေ၏။
ထိုင်နေချိန်မှာတောင် သူက ချိုးပေါ်သုန့်ထက် ပိုမြင့်နေဆဲပင်။ ကြေးမီးဖိုမှမီးရောင်က သူ့ပခုံးထက်ကိုကျော်လွန်၍ သစ်သားနံရံထက်တွင် တောင်တန်းသဖွယ် အရိပ်ကျရောက်နေ၏။
ချိုးပေါ်သုန့်က သူဘာလုပ်ဖို့ကြံနေလဲဆိုတာ မသိပါချေ။
တစ်ဖက်လူက အေးတိအေးစက်နှင့် နှုတ်ဆိတ်နေ၏။
ဆီးနှင်းပြင်ထဲမှ ကျောက်တုံးတွေလိုပင် ထူးဆန်းလှသည်။
ရုတ်တရက် ချိုးပေါ်သုန့်၏မျက်အိမ်တို့က အတန်ငယ်ပြူးကျယ်လာရသည်။
ထူလဲ့နတ်ဆရာအကြီးအကဲက အနီရောင်ဖီးနစ်ငှက်ချန်ခဲ့သည့် ခြစ်ရာများကို ထိလာခဲ့၏။
သူ၏ မာကြောလျက်ရှိသော လက်ဆစ်တို့၌ ကြောက်မက်ဖွယ်အင်အားတို့ရှိပါသော်လည်း သူ့လှုပ်ရှားမှုများကတော့ မမျှော်လင့်ထားလောက်အောင် ညင်သာပေ၏။ သူ့လက်ချောင်းများနှင့် ထိမိသွားသည့်နေရာတိုင်းတွင် အမျိုးအမည်မသိရသော ဆေးကပျံ့နှံ့သွားကာ အစပိုင်းတွင် အေးမြမြလေးနှင့် ၊ နောက်ပိုင်းတွင် သူ၏ လက်ဆစ်များမှတစ်ဆင့် နွေးထွေးသော မီးလျှံတစ်ခုက ပျံ့နှံ့သွားသကဲ့သို့ပင်။ အတွင်းကြေကာပိတ်ဆို့နေသည့်သွေးကြောများကို သက်သာသွားစေသည်...။
နာကျင်မှုနှင့်အတူ အရိုးကြားထဲထိ စိမ့်ဝင်နေသည့် အေးစိမ့်နေသောလေထုမှာလည်း လျင်မြန်စွာပင် လွင့်ပြယ်သွား၏။
...တစ်ဖက်လူက သူ့ကိုဆေးလိမ်းပေးနေတာပင်။
သူ့လှုပ်ရှားမှုများက အံ့ဩစရာကောင်းလောက်အောင်ပင် နှေးကွေးလှသည်။
အမျိုးသား၏လက်ချောင်းတွေက အစ်မဟယ့်နှင့်အခြားသူတွေ၏ နူးညံ့သောလက်ချောင်းများနှင့်မတူဘဲ အသားမာတက်နေသဖြင့် အထိခံလိုက်ရချိန်တွင် ခပ်ကြမ်းကြမ်းနှင့် သဲရှပ်သကဲ့သို့ ခံစားချက်မျိုး ပေးစွမ်းနေလေ၏။ အနွေးဓာတ်က ပျံ့နှံ့သွားပြီး ဒဏ်ရာထဲသို့ စိမ့်ဝင်သွားသည်နှင့်အမျှ သူ၏လက်ချောင်းထိပ်မှ ဖိအားများကလည်း တိုးလာသည့်တိုင် သည်းခံနိုင်လောက်သည့် အတိုင်းအတာအတွင်းတော့ရှိသေး၏။
နည်းနည်းနာနေသေးတယ်။
တကယ်ကို နည်းနည်းလေးပါပဲ....
နည်းနည်းတော့ ထူးဆန်းတယ်... ဘာလဲဆိုတာတော့ သူလည်း သေချာမပြောတတ်။
လက်ချောင်းက အနီရောင်ဖီးနစ်ငှက်၏ လက်သည်းကြောင့် ကျန်ခဲ့သည့် အကြီးဆုံးဒဏ်ရာကိုထိလိုက်ချိန် အထိအတွေ့ခံစားချက်က သိသာလှသည်။ ကောင်လေး၏ခန္ဓာကိုယ်မှာ အချိုးအစားကျကျနှင့် အဆီပိုမရှိ ကျစ်လျစ်သွယ်လျနေသော်လည်း သေချာပေါက် တုတ်ချောင်းတစ်ချောင်းကဲ့သို့ ပိန်ပါးနေခြင်းမျိုးတော့ မဟုတ်ပေ။
“လက်တစ်ဖက်တည်းနှင့် ဆွဲဖက်၍ရသည့် ပိုးထည်တစ်ပေစာမျှ သွယ်လျသည့်ခါးလေး” ၏ စံပြဥပမာပါပင်။
ချိုးပေါ်သုန့်က တစ်ဖက်လူ၏လှုပ်ရှားမှုများက နည်းနည်းတန့်သွားတာကို ခံစားမိလိုက်သည်။
သူ့မျက်နှာက ချက်ချင်းပဲ ရှက်သွေးဖြာသွား၏။
သူက လူသားရေးရာကိစ္စများကို လုံးဝမသိနားမလည်လျှင်တောင် သူ့တွင် အလိုအလျောက်သိစိတ်တော့ ရှိပါသေးသည်။
“မ မထိနဲ့! ငါ့ဘာသာလုပ်လိုက်မယ်!”
သူက နတ်ဆရာ၏လက်ကို တွန်းဖယ်ပြီး “ငါ့ဘာသာလုပ်လိုက်မယ်” ဆိုသည့် စကားကိုပင်ပြောလာချေပြီ။ ယင်းက သူ၏လက်ဖွာမှုနှင့်မာနကြီးမှုကို သိထားသည့် တုန်းကျိုးရှိလူများ၏ ခေါင်းကိုပင်ထောင်လာနိုင်စေ၏။
သူက သူ့ဘာသာတောင် တစ်ခါမှကြယ်သီးမတပ်ခဲ့ဖူးဘူးလေ!
ထူလဲ့နတ်ဆရာအကြီးအကဲက ဘာမှမပြောလာသလို တုံ့ပြန်လာခြင်းလည်းမရှိပေ။
ဆေးတော့ဆက်လိမ်းပေးနေဆဲ။
ချိုးပေါ်သုန့်က သူ့ကို အားကုန်သုံးပြီး တွန်းထုတ်နေသော်လည်း လက်ကောက်ဝတ်ကိုရွေ့သွားအောင်ပင် လုပ်နိုင်ခြင်းမရှိခဲ့။
...ကြမ်းတမ်းပြီး နွေးထွေးနေတာပဲ။
ချိုးပေါ်သုန့်က အရှက်အကြောက်ကြီးစွာ နှုတ်ခမ်းကိုကိုက်ပြီး လက်မြှောက်ကာ သူ့မျက်နှာကိုအုပ်ထားလိုက်သည်။ ဤရှက်ရွံ့စိတ်ကို သက်သာသွားအောင် ဘယ်လိုလုပ်ရမလဲဆိုတာ သူမသိပေ...သစ်သားခေါင်မိုးပေါ်ရှိ မီးရောင်က မှိတ်တုတ်မှိတ်တုတ်လင်းနေပြီး ရှေးခေတ်အချိန်စက်ဝန်းက အဆက်မပြတ်လည်ပတ်နေလျက်...
“အဲ့ဒါကို အဆုံးသတ်ခွင့်ပေးလိုက်ရုံပဲပေါ့”
သူက ပေါ့ပေါ့တန်တန်တွေးလိုက်ကာ ဤအခြင်းအရာထက် ပိုရှက်စရာကောင်းတာမရှိတော့သလို ခံစားလိုက်ရသည်။
အစ်မဟယ့်နဲ့တခြားသူတွေတောင် တစ်ခါမှ သူ့ကို ဒီလိုမျိုးဆေးမလိမ်းပေးခဲ့ဖူးဘူး!
သနားစရာသခင်လေးဟာ နောက်ထပ်အမှားတစ်ခု ထပ်လုပ်မိပြီ :
ဤသည်မှာ သူ့အတွက် အဆိုးရွားဆုံးအရာမဟုတ်သေး။
“...ခင်ဗျားဘာလုပ်နေတာလဲ!”
ချိုးပေါ်သုန့်မှာ ကိုယ်ကိုမှောက်ခုံလုပ်ခံလိုက်ရသဖြင့် သတိလက်လွတ်ဖြစ်သွားကာ ထခုန်လုမတတ်ပင်။ သူ့ဦးခေါင်းက အမျိုးသား၏အေးစက်မာကြောသောမေးကို တိုက်မိသွားပြီး ထိုလူ၏ဝင်သက်ထွက်သက်က သူ့ဆံပင်ပေါ်ကျရောက်လာသည်။ သူ၏ဖြူဖြူဖွေးဖွေးပါးပြင်က ရှက်သွေးဖြန်းသွားပြီး အုတ်ဖိုထဲမှ ကြွေထည်ဖြူဖြူထက်ပင် အနီရဲရဲတောက်နေ၏။ သူ အပြင်းအထန် ရုန်းကန်လိုက်သည်။
ပထမတွင် သူ၏လက်ချောင်းများက တစ်ဖက်လူ၏ အသားမာတက်နေသောလက်ချောင်းများကို ထိမိသွားပြီး ထို လက်ဖျားတွေက နွေးထွေးနေဆဲပင်။ ချိုးပေါ်သုန့်သည် လက်အပူလောင်သွားသည့်အလား ချက်ချင်းဖယ်ခွာလိုက်သည်။ ထို့နောက် သူက ကြမ်းပြင်ပေါ်မှအားတင်းထရန် ကြိုးစားသော်လည်း သူ၏ပါးလွှာသောပိုးထည်အဝတ်အစားကိုသာ ဖိမိသွားလေ၏။ သူက မထနိုင်တော့ရုံမကဘဲ ရှစ်ဝူလော့၏မေးစေ့ကိုပင် တိုက်လုနီးနီး... ကံကောင်းစွာနှင့် လက်တစ်ဖက်က သူ့ကို အချိန်မီလှမ်းဖမ်းလာသည်။
—ချိုးပေါ်သုန့်အတွက်တော့ ထိုသူ့ထံတွင် ဝပ်စင်းနေရခြင်းထက်စာလျှင် ဒူးထောက်ကျသွားတာမှ ပိုကောင်းပေမဲ့ပေါ့။
အမွေးရှည်ဆင်အုပ်ကြီးက ကျိုးတိုးကျဲတဲထင်းရှူးတောအုပ်အစွန်တစ်လျှောက် မလှမ်းချင့်လှမ်းချင် သွားနေကြသည်။
သူတို့၏ကျောပြင်ပေါ်တွင် သစ်သားအိမ်ငယ်လေးများက အတန်းလိုက်စီတန်းနေပြီး တံခါးနှင့်ပြတင်းပေါက်များက တင်းတင်းစေ့ပိတ်ထားကာ၊ နွေးထွေးသော လိမ္မော်ရောင်အလင်းတန်းအနည်းငယ်ကသာ အက်ကွဲကြောင်းများမှတစ်ဆင့် ထွက်လာလေ၏။ သူတို့အထဲရှိ သစ်သားအိမ်တစ်အိမ်တွင်မူ ဒေါသသံနဲ့ရှက်ရွံ့သံရောစွက်နေသည့် အသံခပ်တိုးတိုးက ပျံ့လွင့်လျက်....
စိတ်တိုလာပုံရသော ချိုးပေါ်သုန့်က သူကြောက်နေသည်ကိုပင်မေ့ပြီး နှုတ်မှလွှတ်ခနဲပြောလိုက်၏။ “ခင်ဗျားကို ပြောပြီးပြီလေ! ကိုယ့်ဘာသာလုပ်ယူမယ်လို့!!”
ထို့နောက် အသံက တုန်ယင်သွားပြန်သည်။
၎င်းက လေပြင်းတစ်ချက်တိုက်သံနှင့်အတူ ပြိုကွဲသွား၏။
ဆီးနှင်းပြင်တွင် ညအချိန်ရောက်လာလေပြီ။
အမွေးရှည်ဆင်အုပ်က ရှည်လျားကွေ့ကောက်နေသော မြစ်တစ်စင်းကို ဖြတ်ကျော်သွား၏။ ၎င်းမြစ်မှာ တစ်ဝက်ကရေခဲနေပြီး တစ်ဝက်ကရေစီးနေသေးကာ အဖြူရောင်မြူခိုးများဖြင့် ကာဆီးနေလျက်။ မြေပြင်ကို ဆောင်းရာသီက လွှမ်းခြုံထားပြီး လွင်ပြင်များ၊ တောင်ကုန်းများနှင့် တောင်တန်းများကတော့ နှင်းများဖြင့်ဖုံးလွှမ်းနေကာ ညအခါတွင် ခရမ်းပြာရောင်အလင်းဖျော့ဖျော့တို့ဖြင့် တောက်ပနေ၏။ ထင်းရှူးတောအုပ်ကြီးက ငြိမ်သက်နေသောဧရာမလူကြီးများကဲ့သို့ ရပ်နေပြီး တရွေ့ရွေ့သွားနေသော ခရီးသွားများကို စောင့်ကြည့်နေလေသည်။
အိပ်ချိန်ရောက်ပြီပင်။
သစ်သားအိမ်လေးထဲတွင် ချိုးပေါ်သုန့်၏တွန့်ကြေနေသည့် အနီရောင်တောက်တောက် ပိုးထည်ဝတ်ရုံကို ခင်းကျင်းထားဆဲ။
အလယ်ပိုင်းလွင်ပြင်ဒေသမှ ချောမောလှပသောသခင်လေးက ဝတ်ရုံထဲတွင် ကွေးနေပြီး အကြောင်းတချို့ကြောင့် သူ့ကိုယ်လုံးက တောင့်တင်းနေကာ အခန်းထဲရှိတခြားလူကို ကျောပေးထားရင်း သနားစဖွယ်ကောင်းစွာ ဘောလုံးတစ်လုံးကဲ့သို့ ကွေးနေလေ၏။ ထူထဲလေးလံသော အနက်ရောင်ဝတ်ရုံက သူ့ကို လုံးလုံးလျားလျား လွှမ်းခြုံနေသည့်တိုင် သူ့ခန္ဓာကိုယ်ကောက်ကြောင်းတချို့က ပေါ်လွင်နေဆဲ... ပိန်ပါးပြီး အထဲသို့ချိုင့်ဝင်နေကာ သွယ်လျ၏... သူ ဤကဲ့သို့မအိပ်နေသင့်ပေ။
ထူလဲ့နတ်ဆရာအကြီးအကဲက ကြေးမီးဖိုမှ မီးကိုငြှိမ်းလိုက်ပြီး လှမ်းထိ၍မရသော ထောင့်တစ်နေရာတွင် ထားလိုက်သည်။
လှုပ်လှုပ်ရှားရှားအသံက ကြောက်ရွံ့နေသည့်ငှက်ငယ်လေးကို ထိတ်လန့်သွားစေသည်။
“အနားကပ်မလာနဲ့”
သခင်လေးက အနက်ရောင်ဝတ်ရုံကို ကျစ်ကျစ်ဆုပ်လိုက်သည်။ ပြီးနောက် တစ်ဖက်လှည့်ကာ ခေါင်းကိုသာဖော်ထားပြီး အခန်းထဲရှိအခြားလူတစ်ယောက်ကို သတိကြီးစွာစိုက်ကြည့်နေ၏။
သူ၏ လျော့ရဲရဲနှင့် ဖရိုဖရဲဖြစ်နေသည့် ဆံပင်တို့မှတစ်ဆင့် နီရဲနေဆဲဖြစ်သော နားရွက်တို့ကို ဝိုးတဝါးမြင်နေရပေ၏။ သူ့လေသံက ခက်ထန်ပြီး ကြောက်ရွံ့တုန်လှုပ်နေသော်လည်း သူက တစ်ဖက်လူကိုသတိပေးနေရင်း ထိုသူ၏အဝတ်ကိုခြုံထားသည်အား မေ့သွားပုံရသည်။
သူ့ကို ခွင့်လွှတ်ပေးပါလေ...
သူ၏ကိုယ်ပိုင်အဝတ်အစားများက ပျံ့ကြဲနေသည့်ပန်းပွင့်တွေအလား ကြမ်းပြင်အနှံ့ပျံ့နှံ့နေပြီး အရောင်လှလှလေးများက သူ၏အနက်ရောင်ဝတ်ရုံအောက်မှ ပြူထွက်နေ၏။
ရှစ်ဝူလော့က ဆောင့်ကြောင့်ထိုင်နေရာမှ ထလာပြီး သူ့အနားချဉ်းကပ်လာ၏။
ချိုးပေါ်သုန့်မှာ ချက်ချင်းပင် နံရံပေါ်သို့ မှီလိုက်ကာ ကျောပြင်ရှိဒဏ်ရာများက သစ်သားပြားနှင့် တိုက်မိသွားချိန် ထွက်ပေါ်လာသည့်နာကျင်မှုကို လျစ်လျူရှုလိုက်သည်။
ရှစ်ဝူလော့က ရပ်တန့်သွား၏။
သူက ခံစားချက်မရှိသည့် ဓားသွားကဲ့သို့သော ငွေရောင်ဖျော့ဖျော့ မျက်လုံးများဖြင့် ငုံ့ကြည့်လာခဲ့သည်။
ချိုးပေါ်သုန့်သည် တကယ်တမ်း တော်တော်လေးမောပန်းနေခဲ့ပြီ။ လမ်းတစ်လျှောက်လုံး အကြောက်ကြောက်အလန့်လန့်ဖြစ်ခဲ့ရသဖြင့် ခြေကုန်လက်ပန်းကျနေခဲ့ပြီ။ ထိုသူ ဘာကြောင့်သူ့ကို လွှတ်ပေးခဲ့လဲမသိ၊ ယခုလို ဒုက္ခများမှလွတ်မြောက်သွားခြင်း၏ စိတ်သက်သာရာရမှုက သူ့အပေါ် ပင်ပန်းမှုလှိုင်းလုံးတွေ ရိုက်ခတ်လာစေ၏။ သို့သော် စွဲကျန်နေခဲ့သည့် အကြောက်တရားက သူ့ကို ဆက်ပြီး မျက်ခွံများ ဖွင့်ထားစေပြီး တစ်ဖက်လူကို မျက်တောင်ပင်မခတ်ရဲဘဲ စူးစူးစိုက်စိုက်ကြည့်နေစေခဲ့သည်။
...တကယ်လို့ တကယ်လို့ တစ်ဖက်လူက သူ့ကိုလွှတ်ပေးမဲ့ရည်ရွယ်ချက် မရှိဘူးဆိုရင်ရော?
ထိုသို့ဖြစ်လာလျှင်တောင် ချိုးပေါ်သုန့်က ဘာလုပ်နိုင်မလဲဆိုတာ မသိပါချေ။
လှုပ်ရှားသံထွက်လာ၏။
အမျိုးသားက အမှန် တကယ်ပဲ အနားကိုရောက်လာလေသည်။
ချိုးပေါ်သုန့်၏ကျောပြင်က တောင့်တင်းသွားပြီး တစ်ကိုယ်လုံး တောင့်တင်းလုနီးနီးပင် ဖြစ်သွား၏။ သို့သော် တစ်ဖက်လူကတော့ သူ့ဘေးမှာ လဲလျောင်းရုံမျှသာဖြစ်ပြီး လက်ဆန့်လာကာ သူ့ကို ရင်ခွင်ထဲဆွဲသွင်းလိုက်သည်။ အသားမာတက်နေသောလက်ချောင်းတို့က သူ့လည်ပင်းပေါ် အသာနားခိုလာ၏။
ယေဘုယျအဓိပ္ပာယ်ကား :
“အိပ်တော့”
_
စာရေးသူမှတ်ချက်:
အမေးအဖြေအချိန် : ငါလုပ်ချင်ပေမဲ့ သူဒဏ်ရာရနေလို့ အလွှတ်ပေးလိုက်တယ်။
စာကြွင်း : ဆေးက ကျောင်းကျောင်း အအေးမိတာသက်သာဖို့နဲ့ ဒဏ်ရာတွေကိုလိမ်းပေးဖို့အတွက်ပါ။ အခန်း (၁)မှာ ကျောင်းကျောင်းရဲ့ဓားမြောင်ကို လွင့်ပျံသွားစေတဲ့ ကျောက်တုံးက အားလော့ပစ်လိုက်တာပါ။ နှင်းတောင်လင်းယုန်ကတော့ အတွေ့အကြုံတစ်စက်မှမရှိဘဲ ပထမဆုံးအကြိမ်အဖြစ် ပန်းတစ်ပွင့်ကို သယ်လာခဲ့တာပါ။ အားအများကြီးသုံးမိလို့ ထိခိုက်သွားမှာ စိုးခဲ့ရတာ။
ကျောင်းကျောင်း = အလိုလိုက်ခံကလေးလေး၊ ချစ်စရာကလေးလေး
Xi's note -ရှစ်ဝူလော့ကလေ "in a world of boy he is a gentle man🥺💛"