Chapter1
Viewers 535


အခန်း(၁): ချိုးအိမ်တော်ကသခင်လေး


သိုင်းလောကတွင် အလွန်ကြီးမားသော အဖြစ်အပျက်တစ်ခု ဖြစ်ပွားခဲ့သည်:

တုန်းကျိုးရှိ ဩဇာတိက္ကမအကြီးဆုံးမိသားစု၏ သခင်လေး ပျောက်ဆုံးသွားခဲ့သည်။ 


ပြောကြသည်မှာ သူက ရှီးကျိုးရှိ အဆုံးစွန်အေးသည့် ထျန်းလွင်ပြင်မှ နှင်းများကို ဝိုင်ချက်ချင်သည့် စိတ်ကူးပေါက်လာသတဲ့။ သို့သော် သူ၏ သင်္ဘောပျံက ထောင်စုနှစ်များစွာကြာမှ တစ်ကြိမ်သာ ဖြစ်ပေါ်တတ်သည့် နှင်းမုန်တိုင်းနှင့်ပက်ပင်းတိုးခဲ့ပြီး မည်သူကမှ သူ့ကို အသက်ရှင်လျက်ဖြစ်စေ၊သေဆုံးလျက်ဖြစ်စေ မတွေ့ကြရတော့ပေ။ 


ထိုသတင်းကြောင့် အုတ်အော်သောင်းနင်းဖြစ်သွားခဲ့ရသည်။ 


အကယ်၍ အနောက်ဘက်‌ဒေသတွင် နေထိုင်ကြသူများအား ဆောင်းရာသီတွင် ဘာကိုအကြောက်ဆုံးလဲဟု အမေးရှိလာသော် မလွဲမသွေ ထို နှင်းမုန်တိုင်းဟု ဖြေကြလိမ့်မည်ပင်။ 


ဤအနောက်ဘက်တိုက်ကြီးသည် တိုက်ကြီးဆယ့်နှစ်တိုက်အနက် အမြင့်ဆုံး၊ အကြမ်းတမ်းဆုံးနှင့် အခေါင်ဆုံးဒေသပင်ဖြစ်သည်။ ဆောင်းရာသီတွင် ၎င်း တိုက်ကြီးရှိ တောင်များက နှင်းများဖြင့် ဖုံးလွှမ်းနေတတ်ပြီး မြစ်များမှာလည်း ခဲကုန်ကြသည်။ ဓားကဲ့သို့ ထက်ရှလှသည့် လေပြင်းများမှာလည်း တဝေါဝေါ တိုက်ခတ်လေ့ရှိပြီး ဆောင်းဦးမှ နွေဦးအလယ်ပိုင်းအထိ မြို့တံခါးဝများကို လေပြင်းများက ပိတ်ဆို့ထားတတ်သည်။ သို့ပေမဲ့ နှင်းမုန်တိုင်းတိုက်ခတ်လာသည်အခါ လေပြင်းများက နှင်းမှုန်လေများအဖြစ် ပြောင်းလဲသွားကြ၏။ ထိုလေများ တိုက်ခတ်လာသည်နှင့် ကောင်းကင်နှင့်ကမ္ဘာမြေကြီးအကြား နှင်းစောင်တစ်ထည်ခြုံထားသကဲ့သို့ ဖြူစွတ်နေတတ်သည်။ 


ခရီးသွားများမှာ ထိုအအေးလှိုင်းနှင့်ကြုံတွေ့ရပါက သေဆုံးသွားကြရပြီး နှစ်ရာချီကြာသည့်တိုင် သူတို့၏အလောင်းများကို နှင်းထဲမှတူးထုတ်၍မရနိုင်ပေ။ 


ဆိုင်ငယ်လေးထဲတွင် လူတစ်ချို့သည် ချိုးမိသားစုက သူတို့သခင်လေး၏ရုပ်ကြွင်းအား ဘယ်အချိန် သွားကောက်မလဲဆိုသည့်အ‌ကြောင်း ပြောဆိုဆွေးနွေးနေကြ၏။ 

လက်ဖက်ရည်ရောင်းသူက သည်းမခံနိုင်တော့ဘဲ ဖြတ်ပြောလိုက်သည်။ 

“အားလုံးပဲ စကားပြောတာသတိထားကြပါဦး”


“အရင်နှစ်တွေတုန်းက ဒီနှင်းမုန်တိုင်းကနေ ရှင်သန်နိုင်ခဲ့တဲ့သူ ဘယ်သူမှမရှိဘူးရယ်လည်း မဟုတ်ပါဘူး...ဒီသခင်လေးသာ ကံနည်းနည်းပိုကောင်းမယ်ဆို သူလည်း အသက်ရှင်ရင် ရှင်သွားမှာပေါ့”


သူက စေတနာနှင့် အကြံပေးစကားပြောလိုက်ပေမဲ့လည်း တခြားသူတွေက သူ့ကို အရူးတစ်ယောက်အလား ကြည့်လာကြ၏။ 


သူ့ခမျာ လုံးဝကိုဝေခွဲမရဖြစ်သွားသည်။ 


အနီးအနားရှိလူတစ်ယောက်က တရယ်တမောနှင့် ပြောလာ၏။

“ဒီကညီနောင် ခင်ဗျား ချိုးမိသားစုရဲ့ဒီသခင်လေးအကြောင်းကို မကြားဖူးသေးဘူးဟုတ်”


ထိုအမျိုးသားက လက်ဖက်ရည်ရောင်းသူ ခေါင်းခါလိုက်သည်ကို မြင်လိုက်သောအခါ သဘောပေါက်သွားပြီး ပြောလိုက်၏။ 

“နှင်းမုန်တိုင်းကနေ လွတ်မြောက်လာနိုင်တဲ့သူတွေအားလုံးက အများအားဖြင့် သာမန်လူတွေ သည်းညည်းမခံနိုင်တဲ့ အအေးဒဏ်နဲ့နာကျင်မှုဒဏ်ကို တောင့်ခံနိုင်တဲ့ စိတ်ဓာတ်ခွန်အားမျိုးရှိကြတယ်... ဒါပေမဲ့ ဒီချိုးမိသားစုရဲ့သခင်လေးက ပျားရည်အိုးထဲမှာ ကြီးပြင်းလာတာလေ... သိုက်မေပိုးထည်အကြောင်း ခင်ဗျားသိတယ်‌မလား? အဲ့ဒါက တစ်ပေကို ရွှေတစ်ရာတန်ဖိုးရှိတဲ့ အထည်စလေ... အဲ့ဒါက မိန်းမငယ်တစ်ယောက်ရဲ့မျက်နှာထက်တောင် ချောမွေ့နူးညံ့တာကို ဒီချိုးအိမ်တော်ရဲ့သခင်လေးကတော့ မဝတ်နိုင်ဘူးတဲ့လေ! အဲ့ဒါက ကြမ်းလွန်းတော့ သူ့အသားတွေနီရဲကုန်လို့တဲ့!”


လက်ဖက်ရည်ရောင်းသူက မယုံကြည်နိုင်စွာ စိုက်ကြည့်နေမိ၏။ 

“ဒါ...ဒါက!”


“ဒီလောက် အထိမခံတဲ့အသားအရေနဲ့ နူးညံ့တဲ့ဒီသခင်လေးကတော့ ပထမနေ့မှာတင် ခဲသေသွားလောက်တယ်။ ချိုးမိသားစုကသာ လှုပ်ရှားတာမြန်ရင်တော့ အလောင်းတစ်ခုလုံးကို ပြည့်ပြည့်စုံစုံ ရှာတွေ့နိုင်လောက်ပေမဲ့ သူတို့သာ နှောင့်နှေးသွားရင်တော့...”  

ပြောသူက ပုခုံးတွန့်သွားသည်။ 

“အရိုးတစ်ပိုင်းကိုတောင် ရှာတွေ့မှာမဟုတ်ဘူး”


……………………


တစ်ယောက်တည်းအထီးကျန်နေသော သခင်လေးမှာ အခုထိတော့ ရေခဲအဖြစ် ပြောင်းမသွားသေးပေ။ 


သို့ပေမဲ့ ရေခဲဖြစ်ဖို့လည်း သိပ်မကြာတော့ပါချေ။  


တောင်ကြားအဟများဆီမှ နှင်းများက ခေါင်းပေါ်ကို တပေါက်ပေါက်ကျနေသည်။ တောဆိတ်များ၊ သမင်များနှင့် နှင်းဝံပုလွေများက နှင်းမုန်တိုင်းထံမှလွတ်မြောက်ရန် လျှိုမြောင်ကျဉ်းကျဉ်းလေးထဲတွင် တိုးဝှေ့နေကြပြီး ရံဖန်ရံခါ သူတို့ကျောပေါ်က နှင်းပုံတွေကို ခါချလျက်ရှိသည်။ ချိုးအိမ်တော်သခင်လေးက မီးလျှံနီရောင်သားမွေးခြုံထည်ကို ပတ်ခြုံထားပြီး ‌အနွေးဓာတ်ရစေရန်အတွက် နှင်းဝံပုလွေအုပ်စုကြီးထဲ တိုးဝှေ့နေလေသည်။ 


သခင်လေးက တကယ်ပဲ တော်တော်လေးတော့ ကံကောင်းလေ၏။ 


သင်္ဘောပျံက လွန်ကဲလှသည့်အအေးဓာတ်ကြောင့် ပျက်ကျသွားပြီးနောက် ကံကောင်းထောက်မစွာပင် အပျံသင်စ ငှက်ငယ်လေးများကို ကယ်တင်လေ့ရှိသည့် အနီရောင်ဖီးနစ်ငှက်၏ ဖမ်းဆီးခြင်းကိုခံလိုက်ရသဖြင့် သူ့ခန္ဓာကိုယ်မှာ အစိတ်စိတ်အမွှာမွှာ မပျက်စီးသွားပေ။ နောက်ပိုင်းတွင် အနီရောင်ဖီးနစ်ငှက်က သူ့ကို မျိုးတူမဟုတ်မှန်း သတိထားမိသွားသော်လည်း ငှက်ပေါက်လေးတစ်ကောင်ဟုသာ မှတ်ယူလိုက်ပုံရပြီး ကောင်းကင်ပေါ်က တန်းမပစ်ချလိုက်ဘဲ ဆီးနှင်းပြင်ထဲက လျှိုမြောင်လေးတစ်ခုမှာ သူ့ကိုချပေးခဲ့သည်။ 


“တစ်ပါးသူကို အဆုံးထိကူညီပေးတတ်သည့်” ထိုငှက်ကို မိစ္ဆာကောင်များအကြား ကိုယ်ကျင့်တရားကောင်းသည့် စံပြမိစ္ဆာဟုပင် ခေါ်၍ရနိုင်သည်။ 


အကယ်၍ သာမန်ကျင့်ကြံသူသာဆိုလျှင် တောင်ကြားထဲတွင် ပုန်းကွယ်ရင်း ချောက်ချားဖွယ်အတွေ့အကြုံကို တောင့်ခံလိုက်ပါက အသက်ရှင်နိုင်ချေများလောက်၏။ 


ပြဿနာမှာ....


ချိုးအိမ်တော်သခင်လေးက “သာမန်ကျင့်ကြံသူ” အတန်းအစားနှင့် မသက်ဆိုင်ပေ။ 


သူက ကမ္ဘာတုန်ဟီးလောက်သည်အထိ အလွန်အဖိုးတန်ပြီး နူးညံ့လွန်းသည်မှာလည်း မည်သူမျှသူ့ကို မယှဉ်နိုင်ပေ။ 


တုန်းကျိုးပိုးထည်လုပ်ငန်းတွင် ပြက်လုံးတစ်ခုရှိ၏: အကယ်၍ ချိုးသခင်လေးက အထည်သားကို ဝတ်ဆင်ကြည့်လိုက်ပြီး သူ့အရေပြားပေါ်တွင် သိသာသော အနီမှတ်များ ရှိလျှင် ၎င်းကိုထိပ်တန်းအဆင့်ဟု သတ်မှတ်၍ရသည်။ မှိန်ဖျော့ဖျော့ အနီမှတ်ဆိုလျှင်တော့ အထက်တန်းစားပိုးထည်စဟု ရည်ညွှန်း၍ရနိုင်ပြီး မမြင်ရလုနီးပါးဖြစ်နေသည့် အနီမှတ်များရှိလျှင်တော့ အကောင်းတကာ့အကောင်းဆုံး ပိုးထည်စပင်။အနီကွက် လုံးဝမထင်ပါက အနူးညံ့ဆုံး အပြစ်အနာအဆာအကင်းဆုံး ပိုးထည်စဖြစ်ပြီး အကောင်းဆုံးဟု သတ်မှတ်၍ရသည်ဟု.... ထိုပြက်လုံးက သံသယမရှိ ချဲ့ကားထားသော်လည်း အနှီချိုးသခင်လေး၏ အလိုလိုက်ခံထားရသော သဘာဝကို မီးမောင်းထိုးပြနေ၏။ 


ယခုချိန်တွင် ချိုးသခင်လေးမှာ ခဲသေဖို့ အချိန်အနည်းငယ်သာလိုတော့သည်။ 


အေးတယ်...

တကယ်ကို အေးချက်ပဲ...


အလွန်တရာအေးစက်လှသဖြင့် ချိုးပေါ်သုန့်မှာ သူ၏ သားမွေးဝတ်ရုံကို တင်းတင်းကျပ်ကျပ်ခြုံနိုင်ရန် အားပင်မရှိတော့သဖြင့် သားမွေးကော်လာကြားထဲတွင် သူ၏ နူးနူးညံ့ညံ့မျက်နှာလေးကို အသည်းအသန်နှစ်မြုပ်ထားရုံသာ ရှိတော့သည်။ သူ၏ ကြွေလိုနူးညံ့သည့် ပါးပြင်လေးက အအေးဓာတ်ကြောင့် သဘာဝမကျစွာပင် နီရဲလာသည်။ သူ၏ ယပ်တောင်ကဲ့သို့သော မျက်တောင်များကလည်း နှင်းမှုန်များနှင့်ဖုံးလွှမ်းနေသည်မှာ အလွန်သနားချင့်စဖွယ်ကောင်းနေပေ၏။ 


သူ နောင်တအကြီးအကျယ်ရနေမိပြီ....


"ငါသာကြိုသိခဲ့မယ်ဆိုရင် ဒီတိုင်းပြုတ်ကျသေသွားရတာကမှ ပိုကောင်းအုံးမယ်!"


အကယ်၍ ပြုတ်ကျသေသွားပါက နာကျင်မှုကို မျက်စိတမှိတ် ခဏလေးအတွင်းသာ ခံစားရလိမ့်မည်။

အခုလိုမျိုးမဟုတ်ဘဲနဲ့ပေါ့.... 


ပါးလွှာသိပ်သည်းသောလေအေးများက အရပ်မျက်နှာပေါင်းစုံဆီမှ သူ့အရိုးထဲကို စိမ့်ဝင်နေ၏။ ယင်းက သူ့ကိုမေ့လဲသည်အထိ ခဲပစ်လိုက်လျှင်တောင် ကောင်းလိမ့်ဦးမည်။ ယခုတော့... အအေးဓာတ်များက အရိုးထဲအထိ အပ်နှင့်ထိုးနေသကဲ့သို့ စူးဝင်နေ၏။

သို့တိုင် ချိုးပေါ်သုန့်က အသုံးမကျသည့်သခင်‌လေးတစ်ယောက် ဖြစ်လျှင်တောင်မှ ဩဇာအာဏာကြီးမားသည့်မိသားစုမှ ဖြစ်နေဆဲပင်။ သူအမွေဆက်ခံထားသည့် ဝိညာဉ်စွမ်းအင်က ရှိနေ၏။သို့‌သော် ၄င်းက အသက်ကို မသေရုံတမယ် ဆွဲထားပေးကာ သူ့ကို မသေမရှင်အခြေအနေတွင် ထိန်းထားပေး၏။ ဖြည်းဖြည်းချင်းလှီးသတ်လိုက်လျှင်တောင် ဤမျှလောက် သူ့ကို မညှဉ်းပန်းနိုင်ပေ။ 


ချိုးပေါ်သုန့်ကတော့ သူ၏မလောက်မငှဝိညာဉ်စွမ်းအင်ဖြင့် အလွန်ဆုံးညသန်းခေါင်မတိုင်ခင်ထိသာ တောင့်ခံနိုင်လောက်မည်ဟု ခန့်မှန်းလိုက်၏။

သန်းခေါင်ယံကျော်သွားသည်နှင့် ငြိမ်းချမ်းစွာ ထွက်သွားနိုင်ပြီ။ 


တရှဲရှဲမြည်သံနှင့်အတူ တောင်တန်းငယ်များကဲ့သို့ကြီးမားကြသည့် နှင်းဝံပုလွေများစွာက သူတို့၏ကျောကို ခါယမ်းရင်း အလယ်မှာတိုးကပ်နေသည့် ချိုးပေါ်သုန့်ပေါ်ကို နှင်းပုံကြီးတစ်ပုံ ပစ်ချလိုက်လေသည်။ 


ချိုးပေါ်သုန့်: “...”


ကောင်းတယ်...


သူတို့က ငါ့ကို တန်းပြီး အသက်ရှင်ရက်မြေမြှုပ်ပေးနေတာပဲ။ 


ချိုးပေါ်သုန့်က ငြိမ်ကျသွားသည်။ 

သဘာဝဆန်ဆန်နဲ့ သန့်စင်ပြီး ညစ်ညမ်းမှုကင်းတဲ့ အဖြူရောင် ခေါင်းတလားတစ်လုံးရဖို့ ဘယ်လောက်ကြာမလဲဆိုတာ သူစတင်မှန်းဆနေမိပြီ!


နှင်းကျတာရပ်သွားပြီး ဝံပုလွေတွေပါးစပ်ထဲ သေသွားမှာကို ထိုင်စောင့်နေမည့်အစား ဤသေဆုံးနည်းကသာ သခင်လေးချိုး၏ အနုပညာအလှရသနှင့် ပိုကိုက်ညီလေ၏။ 


နှင်းတောင်ကြားတစ်ခုထဲမှာ အတူစုဝေးနေကြသည့် တောဆိတ်များနှင့် နှင်းဝံပုလွေအုပ်ကြီးတို့၏ လက်ရှိငြိမ်းချမ်းရေးကြောင့် အလှည့်စားမခံလိုက်ပါလေနှင့်။ နှင်းကျတာရပ်ပြီး လေပြင်းတွေတိုက်ခတ်လာသည်နှင့် တောင်ကြားဟာ သွေးချောင်းစီးသွားလိမ့်မည်ပင်....။ အနီးပတ်ဝန်းကျင်က ဝံပုလွေများအတွက်တော့ ချိုးသခင်လေးက သူတို့ပါးစပ်ရှေ့တည့်တည့်ကို ရောက်လာသည့် အချိုပွဲနှင့်မခြားပါချေ။


လက်ရှိငြိမ်းချမ်းရေးနှင့် တည်ငြိမ်မှုသည်ကား မုဆိုးနှင့် သားကောင်နှစ်မျိုးစလုံးကို ခြိမ်းခြောက်နိုင်ခဲ့သည့် အပြင်ဘက်ရှိ ကောင်းကင်ဘုံ၏ ကျော်လွှားရခက်သည့် စွမ်းအား၏ ရလဒ်သာဖြစ်သည်။ 


သူ ထိုအကြောင်းတွေးနေတုန်းမှာပင် သူ့အနားကဝံပုလွေအုပ်မှာ လှုပ်လှုပ်ရွရွဖြစ်လာတော့သည်။ 


ချိုးပေါ်သုန့်ကို မကြာကြာကြည့်ပြီး သူ့သွားစွယ်ကိုလျက်နေတတ်သည့် နှင်းဝံပုလွေကြီးသည် ရုတ်တရက် ထရပ်ပြီး လည်ချောင်းကနေ တိုးတိုးလေး မာန်ဖီလိုက်လေသည်။ 


ချိုးပေါ်သုန့်၏ မျက်ခွံများတွန့်သွားရပြီး သူ၏ခဲတောင့်နေသောလက်များက အင်္ကျီအောက်ရှိဓားမြှောင်ကို ကျစ်ကျစ်ဆုပ်လိုက်သည်။ တစ်ချိန်တည်းမှာပင် သူ မနည်းခေါင်းထောင်လိုက်ရပြီး လေအေးများတိုက်ခတ်နေသည့် အပြင်ဘက်ကိုလှမ်းကြည့်လိုက်သည်။ 

တစ်ချက်ကြည့်ရုံနဲ့တင် သူ့ကိုစိတ်ညစ်သွားစေရန် လုံလောက်နေချေပြီ – ဒီလိုအချိန်ကြီးမှာမှ အနားက ခပ်စောင်းစောင်းကျောက်စောင်ပေါ်မှာ နေနေတဲ့ တောဆိတ်မတစ်ကောင်က သားဖွားနေရတယ်လို့! 


အမေတောဆိတ်မကြီးက ကျောက်ဆောင်မျက်နှာပြင်ကို တင်းတင်းကျပ်ကျပ် တွဲခိုနေရင်း တတ်နိုင်သမျှ အသံနည်းနည်းပဲထွက်အောင် ဗီဇအရကြိုးစားနေ၏။ 


သို့သော် ဝံပုလွေတွေက အနံ့ခံအာရုံ အင်မတန်ကောင်းလှ၏။ 


ထွက်လာသည့်သွေးနံ့ဆိုးက သူတို့နှာခေါင်းအောက်က မလွတ်မြောက်နိုင်ပေ။ 


ဤအကောင်ကြီးများက ဆာလောင်နေကြသဖြင့် သွေးနံ့ကိုသည်းမခံနိုင်ကြပေ။


ချိုးပေါ်သုန့်သည် သူ့ခေါင်းပေါ်ကို မိုးကြိုးတစ်ချက်ပစ်ချလိုက်သလို ခံစားလိုက်ရပြီး တောင်တန်းငယ်လောက်ကြီးမားသည့် နှင်းဝံပုလွေဒါဇင်လိုက်က တစ်ပြိုင်တည်း ဟိန်းဟောက်လာကြသည်။ ထိုသားရဲကောင်များ၏အော်မြည်သံကြောင့် သူ၏နှလုံး၊ သွေးကြောများနှင့် ဦးခေါင်းခွံတို့မှာ တဒုတ်ဒုတ်တုန်ခါသွားရ၏။ 


ချိုးပေါ်သုန့်က မျက်ခွံများပါတွန့်သွားရပြီး ဓားရိုးကိုဆုပ်ကိုင်ကာ အားကုန်သုံး၍ အပြင်သို့ ဆွဲထုတ်လိုက်သည်။ 


အချိုပွဲ‌လေးနဲ့အတူ ငရဲသွားလိုက်တော့!

သူ သေတဲ့အထိ ကိုက်သတ်ခံမယ့်အစား သူ့ကိုယ်သူဓားနဲ့ပဲ ထိုးသတ်လိုက်တော့မယ်!


ဓားမြှောင်ဆွဲထုတ်လိုက်သည်နှင့် တစ်ပြိုင်နက် သားရဲများ၏ အော်ဟိန်းသံကြောင့် ထိတ်လန့်သွားကြသည့် သားကောင်များမှာ တကွဲတပြားဖြစ်ကုန်ကြပြီး တောင်ကြားအဝဆီ ထွက်ပြေးကြတော့သည်။ ထောင်ပေါင်းများစွာသော တောဆိတ်များနှင့်သမင်များ ထွက်ပြေးရာမှ ထွက်ပေါ်လာသည့် နားကွဲလုမတတ်အသံများဟာ တောင်ကြားတစ်ခုလုံးကို ယိမ်းခါသွားစေ၏။ တောင်ကြားနှစ်ဖက်လုံးဆီမှ နှင်းများ ဆက်တိုက်ကျဆင်းလာပြီး ဘယ်ကပေါ်လာမှန်းမသိသည့် ကျောက်တုံးတစ်တုံးက ချိုးပေါ်သုန့်၏ လက်ကောက်ဝတ်ကိုမှ တည့်တည့်လာထိမှန်၏။ 


အေးစက်စက်အလင်းရောင်က လက်ခနဲဖြစ်သွားသည်။ 


ဓားမြှောင်က ထောင့်ဖြတ်ကျကျ လွင့်ပျံသွားပြီး အဝေးတစ်နေရာက နှင်းခဲပုံမှာ သွားပြီးစိုက်ကျနေ၏။


အံ့ဩစရာကောင်းလိုက်တာ! ပြောင်မြောက်လိုက်တာ! အင်မတန်ကိုမှ အံ့ဩစရာကောင်းချက်ပဲ! 


ချိုးပေါ်သုန့်က အံကြိတ်လိုက်ပြီး သူ၏ကံကို ဂုဏ်ပြု ချီးမြှောက်လိုက်သည်: ထောင်စုနှစ်မှတစ်ခါဖြစ်တတ်တဲ့ အအေးလှိုင်း၊ သားရဲကောင်တွေရဲ့ လုံးထွေးမှုတွေနဲ့ ထပ်ပြီးတော့ ကျောက်တုံးပြုတ်ကျလာတာတဲ့! 

သူ “ရှန်းဟိုင်မုန့်ချိုင်”မှာ ကံစမ်းကြည့်သင့်နေပြီ! သူ ထီမပေါက်ခဲ့ရင်တော့ ကျိန်းသေပေါက်ကို အဲ့ဒီစိတ်ပုတ်တဲ့ ရှန်းဟိုင်မုန့်ချိုင်က ကုန်သည်တွေက လုံးဝကို ဆုမပေးထားလို့ပဲ ဖြစ်ရမယ်!


[T/N: မုန့်ချိုင်က ရှေးဟောင်းထီပါ။ ရှန်းဟိုင်ကတော့ ထီနာမည် တောင်နဲ့ပင်လယ်ကို ပြောတာပါ။ ပေါ်သုန့် ကံကောင်းချက်က ကိုယ့်ကိုယ်ကိုယ်သတ်သေတာတောင် မသေနိုင်လို့ ထီထိုးပြီးကံစမ်းကြည့်ရင် ပေါက်လောက်တယ်လို့ ပြောတာပါ။]


သွေးနံ့ဆိုးများနှင့် သားရဲကောင်များ၏ အော်သံတွေက ဆက်တိုက်ဆိုသလို ပေါက်ကွဲထွက်လာ၏။ 


တောင်ကြားအဝကို ပြေးသွားကြသည့် တောဆိတ်နှင့်သမင်များက အပြင်ဘက်ရှိ ကြောက်မက်ဖွယ် နှင်းမုန်တိုင်းကြီးကြောင့် နောက်ပြန်ဆုတ်လာရာမှ အချင်းချင်းတိုက်မိကုန်ကြပြီး တောင်ကြားကို ဖရိုဖရဲအခြေအနေအတွင်းသို့ ကျရောက်သွားစေ၏။ 


နှင်းဝံပုလွေကြီးများက ခုန်အုပ်ရန်အတွက် ဝပ်တွားလိုက်စဉ် ပေါ်လာသော သူတို့၏ သားမွေးအောက်က တောင့်တောင့်တင်းတင်းကြွက်သားကြီးများကို မြင်လိုက်ရသည့်အခါ ချိုးပေါ်သုန့်က မျက်လုံးသာမှိတ်လိုက်တော့၏။ 


အရှင်လတ်လတ်မြေမြှုပ်ခံရတာလည်း သေခြင်းတရားပဲ၊ တက်နင်းခံရပြီး သေတာကလည်း သေခြင်းတရားပဲ!


ဘယ်လိုပဲဖြစ်ဖြစ် အရာအားလုံးက ရုတ်တရက်ဖြစ်ပျက်သွားတာတွေပဲ!


သူ မျက်လုံးများ မှိတ်လိုက်သည့်အခိုက် ဝံပုလွေများ၏ အလွန်ကျယ်လောင်သော ဟိန်းဟောက်သံတွေက နားထဲသို့ဝင်လာပြီး ၊ နားကွဲလုမတတ်မြည်ဟီးသံတွေအကြားတွင် မြေပြင်မှတစ်ဆင့် လေပြင်းများက တ‌ဝေါဝေါတိုက်ခတ်လာ၏။ 


.....မဟုတ်သေးဘူး။


သူ့စိတ်ထဲ ထိုအတွေးဝင်လာသည်နှင့် ချိုးပေါ်သုန့်က ရုတ်တရက် မျက်လုံးဖွင့်လိုက်၏။ 


ဝံပုလွေအုပ်ကြီးက သွေးမြင်ကွင်းကြောင့် အချိန်မတိုင်ခင် အမဲလိုက်ဖို့ လှုံ့ဆော်ခံလိုက်ရတာမဟုတ်ဘဲ တိုက်ပွဲအတွက် ပြင်ဖို့ဖြစ်နေတာပင်!


ဒုန်း! ဒုန်း! ဒုန်း!


တောင်ကြားထိပ်တွင် အားကောင်းပြီး ပြင်းထန်သောဗုံတီးချက်များက ပေါက်ကွဲထွက်လာပြီး လေပြင်းနှင့် နှင်းမုန်တိုင်းကို ထိုးဖောက်လာကာ ဗုံသံတစ်ချက်ချင်းစီသည် ရိုင်းစိုင်းကြမ်းကြုတ်သော ဧရာမလူထွားကြီးက ဧရာမတူကြီးကို လွှဲယမ်းပြီး မြေကြီးပေါ် တဒုန်းဒုန်းထုနေသည့်အလား။ 


– တကယ့်ကို ဧရာမလူကြီးတွေပင်။ 


တောင်ကြားတစ်ဖက်တစ်ချက်စီ၏ နှင်းများဖုံးလွှမ်းနေသောတောင်ထိပ်ပေါ်မှ မြင့်မားသည့်ပုံရိပ်များ ထွက်ပေါ်လာ၏။ သူတို့က အလွန်ကြီးမားသည့် သမင်ရိုးမျက်နှာဖုံးများကို တပ်ဆင်ထားကြပြီး ထူထဲလေးလံသော သားမွေးဝတ်ရုံများ ဝတ်ဆင်လျက် မြူနှင်းထုကြီးကို ဖြတ်ကျော်လာကြသည်။ နေရောင်ခြည်က သူတို့၏လည်ပင်းနှင့် လက်ကောက်ဝတ်တဝိုက်မှ သားရဲသွားစွယ်များကို အလင်းပေးနေလျက်ရှိသည်။ သူတို့၏တုတ်များကို တစ်ချက်ဝှေ့ယမ်းလိုက်တိုင်း နှလုံးကို တဒုတ်ဒုတ်ခုန်စေနိုင်သည့် ဗုံတီးသံများ ထွက်ပေါ်လာပြီး နှင်းဝံပုလွေများ၏ ဟိန်းဟောက်သံကိုပင် ဖုံးလွှမ်းသွား၏။ 


သူတို့ကို လူသားလို့ ခေါ်ခြင်းထက် ရှေးဦးလူသားများ၏ပြယုဂ်ဟု ပြောလျှင် ပိုမှန်လိမ့်မည်။ 


အရိုင်းဆန်ပြီး ရက်စက်ကြမ်းကြုတ်၏။ 


ဝံပုလွေအုပ်ကြီးက မတ်စောက်လှသော တောင်စောင်းမှတစ်ဆင့် အပေါ်သို့ ပြေးတက်သွားကြသည်။တောင်ကြားထိပ်နားရောက်သောအခါတွင် လေထဲသို့ ခပ်မြင့်မြင့်ခုန်လိုက်ကြပြီး၊ ပြင်းထန်သောနှင်းမုန်တိုင်းကြီးထဲတွင် ဗုံတီးနေကြသော ဧရာမစစ်သည်တော်များပေါ်သို့ ခုန်အုပ်လိုက်ကြသည်။ 


နေရောင်ခြည်ရယ် ဝံပုလွေအရိပ်တွေရယ်...


မြားသံများက ဝှီးခနဲမြည်လာကြ၏။ 


မြားတံများသည် လေထုကိုဖြိုခွင်းပြီး ဝံပုလွေ၏မျက်လုံးများ၊ လည်ချောင်း၊ ရင်ဘတ်နှင့် ကျောရိုးတို့ကို ထိုးဖောက်သွား၏။


လေးသည်တော်များက ဗုံတီးနေသော စစ်သည်တော်များ၏ အနောက်မှ ပေါ်ထွက်လာကြပြီး ခုန်အုပ်နေသော ဝံပုလွေအုပ်ကြီးနှင့် ရင်ဆိုင်လိုက်သည်။ သူတို့က တည်ငြိမ်စွာပင်  မြားတံများကိုထုတ်ကာ လေးကြိုးနှင့်တေ့ပြီး ကြိုးကို နောက်ပြန်ဆွဲလိုက်သည်။ ရုတ်ခြည်းဆိုသလိုပင် ဝံပုလွေကြီးများ၏ခန္ဓာကိုယ်တွင် မြားများစုပြုံလာပြီး ဇကာပေါက်များ ဖြစ်ကုန်ကြ၏။ သူတို့၏ အရေခွံများက လေ့ကျင့်ထားသည့် စစ်သည်တော်များကဲ့သို့ ထူထဲလှသော်လည်း တစ်ကောင်ပြီးတစ်ကောင် မျှော်လင့်ချက်ပျက်သုဉ်းလျက် ကျဆုံးရုံသာရှိတော့၏။ 


ဒုန်း! ဒုန်း ဒုန်း!


ဒုန်း!


ဗုံတီးနေသည့်စစ်သည်တော်က သူ့တုတ်တံနှင့် ဗုံကို ပြင်းထန်စွာရိုက်ချရင်း အော်ဟစ်မြည်တမ်းလေ၏။

 “ထူလဲ့! အာ့လန်ရဲ့ထူလဲ့! ငါ့ရဲ့ဘိုးဘေးဘီဘင်အဆက်ဆက်ကို စောင့်ရှောက်ခဲ့တဲ့ ထူလဲ့!” 


ကျယ်ပြန့်လှသော နှင်းဖြူများအကြားတွင် ဟစ်ကြွေးသံက ဟိန်းထွက်လာ၏။ 


နှင်းတိမ်တိုက်ထဲတွင် အက်ကွဲကြောင်းသေးသေးလေး ပွင့်ဟလာပြီး ဖြာကျနေသည့် ရွှေရောင်နေခြည်ကိုပေးဝင်ကာ တောင်ကြားတစ်ခုလုံးကို အလင်းဖ့င့်ဖြိုခွင်းလာစေ၏။ ကျန်ရစ်နေသေးသော နှင်းဝံပုလွေများမှာ ရွာကျလာသော မြားမိုးများကို အားတင်းတောင့်ခံရင်း ခုန်ထွက်လာကြသည်။ အုပ်စုထဲက မည်သည့်အကောင်ထက်မဆို ပိုကြီးမားပြီး ကြောက်ရွံ့ဖွယ်ကောင်းသော ဝံပုလွေဘုရင်သည် သူတို့၏အကာအကွယ်နောက်မှ ဟုန်းခနဲပေါ်လာပြီးနောက် ခုန်အုပ်လိုက်သည်။ အမွေးထူထူအောက်က ဖောင်းကားနေသည့်ကြွက်သားကြီးများနှင့် ဝံပုလွေဘုရင်က ရွှေရောင်အလင်းတန်းအောက် ခိုလှုံနေ၏။ 


ဒုတ်!


မြားတစ်စင်းက ဝံပုလွေဘုရင်၏နဖူးကို ထိုးဖောက်ဝင်‌ရောက်သွားပြီး သွေးများ ပန်းထွက်လာစေ၏။ 


နှင်းပွင့်များသည် သွေးအိုင်ထဲတွင် စီးဆင်းနေပြီး နူးညံ့လှပပြီး တွဲလွဲကျနေသော ရေခဲပန်းဆွဲများက ရောင်ပြန်ဟပ်နေ၏။


ဧရာမဝံပုလွေဘုရင်ကြီးက မြေကြီးပေါ် ပြန်ကျလာသည်။ 


၎င်းက နှင်းမှုန်ထုကြီးကို ကြွတက်လာစေ၏။ 


နွေးထွေးသော ဝံပုလွေသွေးများက သူ့ပါးပြင်ပေါ် လာစင်၏။ ချိုးပေါ်သုန့်သည် နှင်းမှုန်များအကြားတွင် တောင်ထိပ်ရှိ အလင်းရောင်ကို ဆန့်ကျင်၍ မတ်တပ်ရပ်နေသည့် ကျစ်လျစ်သွယ်လျသောပုံရိပ်ကို မြင်လိုက်ရသည်။ လူသားတစ်ယောက်ပင်။ လေးကိုထောင့်ဖြတ်ကိုင်ထားသည့် အလွန်အန္တရာယ်များသော လူသားတစ်ယောက်...လေပြင်းနှင့် နှင်းများက သူ၏ အနက်ရောင်အင်္ကျီလက်အစွန်းကို တိုက်ခတ်သွားပြီး လက်ကောက်ဝတ်ရှိ ထင်ရှားသောကောက်ကြောင်းများကို ပေါ်လွင်လာစေ၏။ 


ထိုအမျိုးသားက ငွေရောင်ဖျော့ဖျော့ သမင်ရိုးမျက်နှာဖုံးကို ဝတ်ဆင်ထားလျက်...

သူ့ကို ငုံ့ကြည့်လာသည်။



_______________



[Xi's note-သေချာပေါက်ဖတ်ရန်...

တရုတ်သမိုင်းမှာ ကျိုးမင်းဆက်က နှစ်ပေါင်း ၈၀၀ နီးပါး ကြာရှည်ခဲ့တဲ့ အရှည်ကြာဆုံး မင်းဆက်တစ်ခုပါ။ အုပ်ချုပ်ပုံစနစ်နဲ့ မြို့တော်တည်နေရာအပြောင်းအလဲပေါ်မူတည်ပြီး Western Zhou ရှီးကျိုး (အနောက်ဘက်ကျိုး) နဲ့ Eastern Zhou တုန်းကျိုး (အရှေ့ဘက်ကျိုး) ဆိုပြီး နှစ်ပိုင်းခွဲခြားထားပါတယ်။


Xi Zhou ရှီးကျိုး Western Zhouက ဘီစီ ၁၀၄၆ – ၇၇၁ ကာလပါ။

ဒါကတော့ ကျိုးမင်းဆက်ရဲ့ အစောပိုင်းကာလဖြစ်ပြီး အင်အားအကောင်းဆုံးအချိန်ပါ။

 "မင်းကောင်းမင်းမြတ်ဖြစ်ရင် နတ်ဘုရားက အုပ်ချုပ်ခွင့်ပေးတယ်" ဆိုတဲ့ အယူအဆကို စတင်ကျင့်သုံးခဲ့ပါတယ်။

 

နောက်ဆုံးမင်းဆက်ဖြစ်တဲ့ ယုံဘုရင် လက်ထက်မှာ နန်းတွင်းရေးရှုပ်ထွေးမှုနဲ့ ပြင်ပရန် (ချွမ်ရုံနွယ်ဖွားများ) တိုက်ခိုက်မှုကြောင့် မြို့တော်ပျက်စီးပြီး အရှေ့ဘက်ကို ဆုတ်ခွာခဲ့ရပါတယ်။အဲ့ဒါကြောင့် တုန်းကျိုးဖြစ်ပေါ်လာတာပါ။


ဒီ novelမှာ ML ရှစ်ဝူလော့ကို ရှီးကျိုးဒေသဘက်မှာရှိတဲ့ ထူလဲ့မျိုးနွယ်စုခေါင်းဆောင်နတ်ဆရာအဖြစ် ပုံဖော်ထားပါတယ်။

ထူလဲ့က စိတ်ကူးယဉ်လူမျိုးစုလို့ ယူဆလို့ရပါတယ်။

သူတို့က လူသူမနီးတဲ့ အရပ် (ဥပမာ- နှင်းဖုံးတောင်တန်း သို့မဟုတ် ကန္တာရစွန်) တွေမှာ နေထိုင်ပြီး ကိုယ်ပိုင်ယဉ်ကျေးမှုနဲ့ ကိုးကွယ်ယုံကြည်မှု ရှိကြပါတယ်။

ဒီမျိုးနွယ်စုက Western Zhou ရဲ့ အနောက်ဘက်နဲ့ မြောက်ဘက် နယ်စပ်တစ်လျှောက်မှာ နေထိုင်ခဲ့ကြတဲ့ "Di" တိ နဲ့ "Rong" (ရုံ) လို့ ခေါ်တဲ့ မျိုးနွယ်စုတွေကို အခြေခံထားတာ ဖြစ်ပါတယ်။


သူတို့က ဟန်လူမျိုး(တရုတ်)တွေနဲ့ သိပ်မတူပါဘူး။ သူတို့ကအရပ်ပိုရှည်ပြီးတော့ နေထိုင်ပုံတွေလည်းမတူပါဘူး။

သူတို့အကြောင်းက တဖြည်းဖြည်းပါလာမှာပါနော်။


Dong Zhou တုန်းကျိုး Eastern Zhouက ဘီစီ770-256ကာလဖြစ်ပြီး ကွန်ဖြူးရှပ်ပေါ်ပေါက်လာတဲ့ခေတ်ပါ။

MC ချိုးပေါ်သုန့်က တုန်းကျိုးကပါ။ 

ကျိုးမြို့တော်ကို အရှေ့ဘက်ရှိ လော့ယန်ကို ပြောင်းရွှေ့လိုက်ရတဲ့အတွက် အရှေ့ဘက်ကျိုးလို့ ခေါ်တာပါ။ description မှာ အရှေ့တိုက်ကြီးလို့ ပြန်ထားပါတယ်။အတူတူပါပဲနော်။ 

ဒီကာလဟာ ဖရိုဖရဲဖြစ်ပြီး စစ်မက်အင်မတန်များပါတယ်။

သူက တုန်းကျိုးကနေ ရှီးကျိုးကို သွားရာကနေ ဒီဇာတ်လမ်းလေးက စတင်မှာပါ🤍]