Ch 7
Viewers 1k

အခန်း(7)


ထုန်လင်းအနေဖြင့် ကျန်းယွဲ့၏မိခင်နှင့် နှစ်ယောက်တည်းအရင်ဆုံး စကားပြောလိုခဲ့သည်။ 


သို့သော်လည်း ယခုအချိန်၌ လူအများအပြား ရှိနေပြီး မျက်လုံးများစွာက သူမကို ကြည့်နေသောကြောင့် ထွက်ခွာရဲခြင်း မရှိခဲ့ပေ။ 


အခြေအနေများက ဤနေရာသို့အထိ မည်သို့ ဖြစ်လာရသည်ကို သူမ နားမလည်နိုင်တော့ပေ။ ဤခဏတွင် သူမ အလွန်အမင်း နောင်တရသွားသည်။ 


သူမ လလီဟုန်ကျွင့်ကို လိမ်ညာ၍  မပြောခဲ့လျှင် ကောင်းမည်ဟု တွေးမိလာရသည်။ 


လီဟုန်ကျွင့်သာ စိတ်မဆိုးခဲ့ပါက ဒါရိုက်တာလျို့၏အာရုံကို ဆွဲဆောင်နိုင်မည် မဟုတ်ပေ။


ဒါရိုက်တာလျို့ မလာခဲ့ပါက လီရှန်းသည်လည်း လီဟုန်ကျွင့်ကို အိမ်တွင်းရေးအဖြစ်သာ  တံခါးပိတ် မေးမြန်းလိမ့်မည်။


သို့ဆိုပါက သူမအနေဖြင့် လီဟုန်ကျွင့်ကို ကိစ္စကြီးကြီးမားမား မလုပ်ရန် ဆွဲဆောင်နိုင်မည်ဟု ယုံကြည်နိုင်သည်။ 


ယခုကဲ့သို့ တစ်လှမ်းမှား၍ နောက်တစ်လှမ်း ထပ်မှားပြီးချိန်တွင်တော့ ပြန်လည်ပြင်ဆင်ရန် နောက်ကျလွန်းနေခဲ့ပေပြီ ။


ထုန်လင်းတစ်ယောက် ကျန်းကျူးရိ ဝင်ထွက်နေသည်ကို ကူကယ်ရာမဲ့စွာ ကြည့်နေခဲ့ရသည်။ ကျန်းကျူးရိ ပြန်ထွက်လာသောအချိန်တွင် သူ့လက်ထဲ၌ စက်ဘီးတစ်စီးကို တွန်းလာခဲ့လေသည်။ 


သူမ အလွန်အမင်း စိုးရိမ်ပူပန်နေခဲ့ရသည်။ 


“ဟုန်ကျွင့်၊ ကျွန်မကိုစောင့်ဦး၊ ကျွန်မ ရှင်နဲ့ လိုက်ခဲ့မယ်” 


  ထုန်လင်းက အလျင်အမြန် ပြောလိုက်သည်။ 


လီဟုန်ကျွင့်က သဘောတူလိုသော်လည်း နောက်ကို လှည့်လိုက်သောအချိန်တွင် သူ့၏ယောက်ဖဟောင်းက သူ့ကို အေးစက်သောမျက်နှာဖြင့် ကြည့်နေသည်ကို တွေ့လိုက်ရသည်။


သူ့နှလုံးသားက ရုတ်တရက် တုန်လှုပ်သွား၍ အလျင်အမြန် ငြင်းဆန်လိုက်လေသည်။


“မင်းနဲ့ အစ်မစွမ်းက ရှန်းရှန်းနှင့်အတူ နောက်ကနေ လိုက်ခဲ့တော့” 


ဤသို့ပြောပြီးနောက် ထုန်လင်း၏မျက်နှာကို ကြည့်ရန်ပင် မဝံ့ရဲဘဲ ချက်ချင်း စက်ဘီးပေါ်သို့ တက်၍ စက်ဘီးကိုနင်းကာ ထွက်ပြေးသွားသည်။ 


ထုန်လင်းတစ်ယောက် မယုံကြည်နိုင် ဖြစ်ခဲ့ရသည်။ 


သူမနှင့် နှစ်ပေါင်း ၂၀ နီးပါး အိပ်ရာတစ်ခုတည်းကို ခွဲဝေသုံးစွဲခဲ့သော သူမ၏ခင်ပွန်းသည်က ထိုသို့ပင် ထွက်ပြေးသွားခဲ့သည်။


လီဟုန်ကျွင့် ထွက်ပြေးသွားသည်နှင့်တစ်ပြိုင်နက် ဒါရိုက်တာလျို့သည်လည်း အလျင်အမြန် လိုက်ပါသွားလေသည်။


ကျန်းကျူးရိက လီရှန်းကို ခေါ်ဆောင်လိုသော်လည်း ခဏ စဉ်းစားပြီးနောက် သူတစ်ပါး၏  အမြင်တွင် ကောင်းမွန်မည် မဟုတ်သောကြောင့် သူမကို နောက်ကလိုက်ပါလာခဲ့စေခြင်းက ပို၍ကောင်းသည်ဟု တွေးမိသည်။ ထို့ကြောင့် စွမ်းလီဖန်ကို ခေါင်းညိတ်နှုတ်ဆက်၍ ပြောလိုက်လေ၏။


“အစ်မ၊ ရှန်းရှန်းကို ခေါ်သွားပေးပါဦး” 


“ဟေး.. ဘာမှမဖြစ်ပါဘူး၊ ကျန်းဟုန်ကျန့် နဲ့ ငါက အရင်ကတည်းကသူငယ်ချင်းကောင်းတွေအဖြစ် ရှိခဲ့ကြတာပါ” 


စွမ်းလီဖန် ပွင့်လင်းစွာ ပြောလိုက်သည်။ 


အမျိုးသားများအားလုံး ထွက်သွားပြီးနောက် စွမ်းလီဖန်က လီရှန်း၏လက်ကို ဆွဲကိုင်၍ ပြောလုက်လေ၏။


“ရှန်းရှန်းလည်း ခံစားခဲ့ရတာပဲ” 


လီရှန်း“…” 


ဤရုတ်တရက် စိုးရိမ်မှုသည်က အနည်းငယ် လွန်ကဲခဲ့သည်။ 


“အန်တီ၊ ကျွန်မ တစ်ခု မေးချင်လို့၊ အန်ကယ်ရဲ့ စက်ရုံက ဒီနှစ်မှာ အလုပ်သမားတွေ ထပ်ခေါ်ဦးလောက်မယ်လို့ ထင်လား” 


စွမ်းလီဖန်မှာ ယခင်က စက်ရုံသို့ မရောက်ဖူးလာခဲ့ပေ။ ယနေ့ ရောက်လာခြင်းအတွက်ပင် အတော်လေး စိတ်လှုပ်ရှားနေခဲ့သည်။


ဆိုရလျှင် သူမ၏သားနှစ်ဦးအနက် အကြီးဆုံးသားမှာ အထည်ချုပ်စက်ရုံသို့ ဝင်ခဲ့သည်။ 


အငယ်ဆုံးသား၏အလုပ်မှာတော့ လက်ရှိအချိန်ထိ မဆုံးဖြတ်ရသေးပေ။ 


အကယ်၍ အငယ်ဆုံးသားက စက်ရုံသို့ ဝင်ရောက်နိုင်ခဲ့လျှင် အနာဂတ်၌ လက်ထပ်ရန်အတွက် ပို၍ အားသာချက်များ ရှိလာမည် ဖြစ်သည်။ 


သို့သော်လည်း ယခုအချိန်တွင် အဓိကစက်ရုံကြီးများတွင် အလုပ်သမားအဖြစ် ဝင်ရောက်နိုင်ရန်အတွက်ခက်ခဲနေသောကြောင့် စွမ်းလီဖန်အနေဖြင့် မသေချာတော့ပေ။ 


“ဒီအကြောင်းကို အန်တီ သိပ်ပြီး မသိဘူး” 


လီရှန်းက စွမ်းလီဖန်ကို  ရည်ရွယ်ချက်ရှိစွာဖြင့် ပြုံးပြ၍ ပြောလိုက်သည်။


“ကိစ္စပြီးရင် ကျွန်မ အန်တီအတွက် မေးပေးရင်ရော” 


စွမ်းလီဖန်က အလျင်အမြန် ခေါင်းညိတ်၍ ပြောလာလေသည်။


“ကောင်းပြီ” 


သူမက လီရှန်း၏လက်ကို ပုတ်လိုက်လေသည်။


သူမ၏ လက်ထဲမှ အနွေးဓာတ်နှင့်အတူ နှလုံးသားထဲတွင် ချစ်ခြင်းမေတ္တာနှင့် သနားခြင်းတို့က ပိုမိုများပြားလာသကဲ့သို့ ခံစားလိုက်ရသည်။ 


“ဘယ်သူက ဒီလိုနုနယ်တဲ့ မိန်းကလေးကို ထောင်ချောက်ဆင်ရဲတာလဲ.. ကံကြမ္မာက လက်စားချေခြင်းကို မကြောက်ဘူးလား မသိဘူး” 


ထုန်လင်း “…” 


ထုန်လင်းအနေဖြင့် မတိုင်မီကပင် အလွန်စိုးရိမ်နေပြီးဖြစ်သော်လည်း လီရှန်းက သူမကို ထပ်မံ ထိုးနှက်လိုခဲ့သည်။ 


သူမက စိတ်ထိခိုက်နေသည့်ဖြင့် ပြောလိုက်လေသည်။


“အန်တီထုန်၊ ဘာဖြစ်တာလဲ၊ ကားမူးတာလား..ဘာလို့ မျက်နှာမကောင်းတာလဲ” 


ထို့နောက် စွမ်းလီဖန်ဘက်သို့ လှည့်ကြည့်၍ 


“အန်တီစွမ်း၊ ကျွန်မရဲ့အဖေနဲ့ ဦးလေးက သွားနှင့်ပြီ၊ ကျွန်မတို့ ခဏလောက်နားပြီးမှ လိုက်သွားရအောင်လေ” 


စွမ်းလီဖန်က ခေါင်းညိတ်၍ ပြောလိုက်သည်။


“ဒါဆို အနားယူလိုက်ဦးလေ..  မင်းက ငယ်ရွယတဲ့ ကလေးပဲ ရှိသေးတာ၊ အကြီးတွေက ဒီကိစ္စကို ဦးဆောင်ရလိမ့်မယ်၊ စိတ်မပူနဲ့” 


ထုန်လင်းတစ်ယောက် ရုတ်တရက် စိုးရိမ်သွားခဲ့ရသည်။ 


“အခု သွားရအောင်ပါ၊ ကျွန်မ နည်းနည်းလောက် စိုးရိမ်လို့”


“မင်းက  ဘာကို စိုးရိမ်တာလဲ.. မင်းက မင်းရဲ့ ဟုန်ကျွင့် ကို မယုံဘူး၊ ငါ့ရဲ့‌လောင်လျို့ကိုလည်း မယုံဘူးပေါ့.. စိတ်မပူပါနဲ့၊ ငါ အရာအားလုံးကို မင်းအတွက် စစ်ဆေးပေးမယ်လို့ ကတိပေးတယ်” 


စွမ်းလီဖန်က ဒါရိုက်တာလျို့ကို အလွန်အမင်း ယုံကြည်စွာ ပြောလိုက်သည်။ 


ထုန်လင်းကတော့ မျက်ရည်ကျလုနီးပါး ဖြစ်နေခဲ့ရသည်။ 


သူမက သူတို့၏ စွမ်းရည်များကို အလွန်အမင်း ယုံကြည်သောကြောင့်သာ စိုးရိမ်နေခဲ့ခြင်း ဖြစ်ပေသည်။ 


“အမျိုးသားသုံးယောက်က အဲဒီမိန်းမရဲ့ ကောက်ကျစ်မှုတွေကို မကိုင်တွယ်နိုင်မှာကို စိတ်မပူသင့်ဘူး” 


စွမ်းလီဖန်ပြောသည်က အမှန်ပင်ဖြစ်ပေသည်။ 


သို့သော်လည်း မိန်းမများ၏ အပြုအမူက အမျိုးသားများအတွက် ကိုင်တွယ်ဖို့  ခက်ခဲသည်။


ပေါ့ပေါ့တန်တန်လုပ်လျှင် မကောင်းသကဲ့သို့၊ အလေးအနက်ထားလျှင်လည်း မကောင်းပေ။ 


“ဒီလောက်ဆို ရလောက်ပါပြီ၊ အမြန်သွားရအောင်” 


လီရှန်း ခဏတာလောက် ကြန့်ကြာစေပြီးနောက် လုံလောက်ပြီဟု ယူဆလိုက်လေ၏။


ထို့ကြောင့် ထုန်လင်း၏တိုက်တွန်းသကားကို သဘောတူညီစွာ ခေါင်းညိတ်လိုက်လေသည်။ သူမက ထုန်လင်း၏ မျက်နှာပျက်ယွင်းနေသည်ကို ပို၍မြင်ချင်ခဲ့သည်။ 


လူသုံးဦးက အလျင်အမြန် ထွက်ခွာလာခဲ့ကြသည်။ သူတို့ ပန်းထိုးစက်ရုံသို့ ရောက်ရှိသောအချိန်တွင် ကျန်းယွဲ့၏မိခင်က အလုပ်သမားသမဂ္ဂခန်း၌ ရှိနေကာ ဆူပူမှုအလည်တွင်ရှိနေပခဲ့သည်။


ရုံးခန်းတံခါးဝပတ်လည်တွင်လည်း လူအများအပြား စုဝေး၍ ရယ်မောပျော်ရွှင်စွာ ကြည့်ရှုနေခဲ့ကြသည်။ 


“ရှင်က ခံရတယ်လို့ ပြောချင်ရင် ကျွန်မလည်း ခံရတာပဲ၊ အပြင်ထွက်ပြီး မေးကြည့်၊ ကျွန်မဆိုတဲ့ လီရှုမေ့အကြောင်းကို ဘယ်နှစ်ယောက် ကြားဖူးလဲ၊


ကျွန်မ အိမ်ထောင်သည် ဘယ်နှစ်တွဲကို ပေါင်းဖက်ပေးဖူးလဲ၊ ကျွန်မ တွဲစပ်ဖူးတဲ့ ဘယ်မိသားစုက အဆင်မပြေတာရှိလို့လဲ” 


ကျန်းယွဲ့၏မိခင် လီရှုမေ့က ရင်ဘတ်ကို ထုကာ အသံကျယ်ကျယ်ဖြင့် အော်ဟစ်နေခဲ့သည်။ 


“ကျွန်မ လုပ်ဖူးသမျှထဲမှာ  ဒီတစ်ခေါက်က အရှက်အရဆုံးပဲ၊ အစကတော့ ရှင်တို့မိသားစုအတွက် ကြားက အောင်သွယ် မလုပ်ချင်ပါဘူး၊


ဒါပေမဲ့ အဲဒီတစ်ယောက်က ကျွန်မကို တောင်းပန်ပြီး ကလေးက သနားစရာကောင်းတယ်၊ သူမရဲ့ ဖခင်ရင်းက ဂရုမစိုက်ဘူး၊ သူမရဲ့ မိခင်ရင်းကလည်း လွန်ခဲ့တဲ့ နှစ်အများကြီးကတည်းက ဆုံးပါးသွားပြီလို့ ပြောခဲ့တယ်လေ၊


သူမက အသက်တော်တော်ကြီးနေပြီ၊ ဒါပေမဲ့ သူမကို အသိစိတ်မဲ့တဲ့ ဦးလေးမိသားစုက အိမ်မှာပဲ ထိန်းသိမ်းထားပြီး လက်ထပ်ခွင့် မပေးဘူးတဲ့၊


သူမကိုယ်တိုင် ပြောခဲ့သေးတယ်၊ တစ်ဖက်လူက အောင်မြင်တိုးတက်နေတဲ့ ယောက်ျားတစ်ယောက် ဖြစ်နေဖို့ မလိုဘူး၊ ရိုးရှင်းတဲ့ ဆက်ဆံရေးရှိတဲ့ မိသားစုနဲ့ ကူညီပေးနိုင်တဲ့ မိဘတွေပဲ လိုချင်တယ်၊ 


ဖြစ်နိုင်ရင် ချမ်းသာတဲ့သူက ကလေးတွေ ဖြစ်နေပြီး ကောင်းကောင်းမွန်မွန် နေထိုင်နိုင်အောင် ကူညီပေးနိုင်ရင် အကောင်းဆုံးပဲ၊ 


ဒါကြောင့် ချန်ခမိသားစုမကြောင်းကို ကျွန်မ ပြောခဲ့တာ” 


လီရှုမေ့အနေဖြင့်  တကယ်တမ်းတွင် နားထောင်ရန်မသင့်သည့် စကားများကို ပြောခဲ့ကြောင်း ပြောရန်ပင် မလိုခဲ့ပေ။ လူတိုင်းက အဓိပ္ပာယ်ကို နားလည်ခဲ့ကြသည်။ 


ဆိုရလျှင် ခရိုင်ထဲတွင် မိသားစုများထဲ၌ ဆက်ဆံရေးရိုးရှင်းပြီး မိဘများက ကူညီနိုင်သည့် ချမ်းသာသော မိသားစုများစွာ ရှိသည်။


သူမ ပြောသလောက်သာ လိုအပ်ချက် ရှိမည်ဆိုပါက ချန်မိသားစု၏အလှည့်သို့ မည်သို့ရောက်လာနိုင်မည်နည်း။ 


 

“ဒါ့အပြင် ချန်မိသားစုက ဘာမှားနေလို့လဲ.. ကလေးက ဒီလိုဖြစ်ခဲ့ရပြီး အများကြီး ဆင်းရဲဒုက္ခခံခဲ့ရတာပဲလေ..  သူ မွေးရာပါ ဆိုးရွားတာလည်း မဟုတ်ဘူး” 



“ချန်တာ့ဟဲက အဆင့်ရှစ် အလုပ်သမားပဲ..လစဉ် လစာလည်း ယွမ် ၈၀ ကျော်တယ်.. သူ့ကိုပြန် ထောက်ပံ့ဖို့ဆိုတာ ပြောစရာတောင်မလိုဘူး၊ 


သူ့မှာ သားတစ်ယောက်ပဲ ရှိတယ်.. သူက သားဆယ်ယောက်ကိုတောင် ကျွေးမွေးထားနိုင်တယ်..  မင်းတို့မိသားစုက လက်မထပ်ဘူးဆိုရင်တောင် လက်ထပ်ချင်တဲ့သူတွေ အများကြီးပဲ” 


“ကျွန်မက  ဒီကလေးကို သနားစရာဆိုပြီး စဉ်းစားပေးနေခဲ့သေးတာ”



လီရှုမေ့သည် အမှန်ပင် အောင်သွယ်တစ်ယောက်ဖြစ်သောကြောင့် အလွန်ပင် စကားပြောမြန်သည်။ သူမက စကားကို ပီပြင်စွာပြောပြီး အသံကလည်း ကျယ်လောင်ကာ သူမ၏ အရှိန်အဝါက ယောက်ျားသုံးဦးကိုသာမက ပန်းထိုးစက်ရုံသမဂ္ဂဥက္ကဋ္ဌ၏ အတွင်းရေးမှူးကိုပါ ဖိအားပေးနိုင်ခဲ့သည်။ 


တံခါးဝသို့ ရောက်ရှိလာသော စွမ်းလီဖန်မှာ  ဤနေရာတွင် ဖိနှိပ်ခံရသည်ကို မြင်လိုက်သည်နှင့် ချက်ချင်း ပြေးဝင်လာပြီး စတင်အော်ဟစ်ခဲ့သည်။ 



“မင်း အဓိပ္ပါယ်မရှိတာတွေ ပြောနေတာပဲ.. မင်းက တခြားသူတွေ ပြောတဲ့စကားတိုင်းကို ယုံနေတာလား.. မိဘတွေနဲ့တောင် စကားမပြောဘဲ မိန်းကလေးတစ်ယောက်ကို တစ်ယောက်ယောက်နဲ့ လက်ထပ်ပေးဖို့ စီစဉ်ချင်နေတယ် ၊ မင်းရဲ့ အကြံက တကယ်ကိုကောင်းလွန်တာပဲ” 


“အိမ်ထောင်ပြုတယ်ဆိုတာက အခုခေတ်မှာ လွတ်လပ်ခွင့်အပြည့်ရှိနေပြီ..  ဒါ့အပြင် အဲဒီမိန်းကလေးကလည်း ခံစားနေခဲ့ရတာပဲလေ..  တကယ်လို့ သူ့ရဲ့မိဘတွေကနေတစ်ဆင့် လုပ်မယ်ဆိုရင် ဒီကိစ္စကို ဆွေးနွေးလို့ရမှာ မဟုတ်ဘူး” 




လီရှုမေ့က နှာမှုတ်လိုက်သည်။ 


သူမက ကြင်ဖက်စီစဥ်ပေးခဲ့သည့်ကိစ္စတွင်  မှားယွင်းခဲ့သည်ဟု မထင်ပါချေ။




*