Ch 8
Viewers 3k

🔥 Chapter 8

ကျန်းချီ မဟုတ်ဘူး



ကျိုးယွီဟယ်၏မျက်လုံးများက ရုတ်တရက် စိုစွတ်လာပြီး မျက်ရည်များက သူ့အမြင်အာရုံကို ဝေဝါးသွားစေသည်။ သူ့လက်သီးအောက်တွင် ညည်းတွားပြီး လက်နက်မဲ့ကာ ပြန်လည်မခုခံနိုင်သော ထိုသူ၏ မျက်နှာသည်လည်း စန်အန်း၏ မျက်နှာမှ သူ၏ ကိုယ်ပိုင်မျက်နှာအဖြစ်သို့ ပြောင်းလဲသွားခဲ့လေသည်။


ကျိုးယွီဟယ် အလန့်တကြား ဖြစ်သွားသည်။


သူ၏ လက်လှုပ်ရှားမှုများလည်း ရပ်တန့်သွားလေသည်။


အချိန်က ခဏတာမျှ ရပ်တန့်သွားခဲ့သည်။


ထို့နောက်... 

 

“ယွီဟယ်…”

စန်းအန်းက ရှိုက်ကြီးတငင် ငိုကြွေးလိုက်သည်။ သူ့စိတ်ထဲ ပရမ်းပတာ ဖြစ်နေပြီး ဘာဖြစ်နေသည်ကို လုံးဝ မသိတော့ပေ။ မှောင်မည်းနေသော အခြေအနေထဲတွင် သူ့အိတ်ကပ်ထဲမှ တစ်စုံတစ်ရာကို ဆွဲထုတ်သွားသည်ဟုသာ ခံစားလိုက်ရသည်။ ထိုအရာက  ဘာဖြစ်သည်ကို သတိပြုမိသည်နှင့် လုယူရန်အတွက် အသည်းအသန် ကြိုးစားလိုက်သော်လည်း နောက်တစ်စက္ကန့်တွင် သူ့ လည်ကုပ်ကို ဆွဲခေါ်ခံလိုက်ရကာ ခန္ဓာကိုယ်တစ်ခုလုံးကို တံခါးအပြင်ဘက်သို့ လုံးဝဆွဲထုတ် ပစ်ချခံလိုက်ရသည်ကိုသာ သိလိုက်ရတော့သည်။


"အာ့—" 

စန်အန်းက လဲကျသွား၍ နာကျင်နေသော ကျောပြင်ကို ဖိထားလျက် ဖြည်းဖြည်းချင်း ထူမလိုက်သည်။ သို့သော် တံခါးဝတွင် မလှုပ်မယှက် ရပ်နေသော ကျိုးယွီဟယ်ကို သူ မြင်လိုက်ရသည်။ ကျိုးယွီဟယ်၏ ပါးပြင်ပေါ်တွင် မျက်ရည်စီးကြောင်းတစ်ခု စီးကျနေပြီး၊ မျက်လုံးများက မည်သည့်ခံစားချက်မှ မရှိပေ။ သူ့ကို ကြည့်နေသကဲ့ဖြစ်ကာ သူ့အား ဖောက်ထွင်း၍ အခြားတစ်စုံတစ်ယောက်ကို ကြည့်နေသကဲ့သို့လည်း ထင်ရလေသည်။


စင်္ကြံပြတင်းပေါက် အပြင်ဘက်မှ အမှောင်ထုထဲတွင် တဖျောက်ဖျောက်မြည်သံ ထွက်ပေါ်လာသည်။


မိုးရွာနေခြင်းပင် ဖြစ်သည်။


စန်အန်းက သူ့စိတ်ခံစားချက် အဘယ်ကြောင့် ရုတ်တရက် ထူးဆန်းသွားသည်ကို မသိပေ။ သူက ထိုကောင်လေးနှင့် တစ်နှစ်ပတ်လုံး ရန်ဖြစ်ခဲ့သော်လည်း၊ ယခုကဲ့သို့ ဤသူကို ထာဝရ ဆုံးရှုံးသွားပြီဟူသော အထင်မှားသည့် ခံစားချက်မျိုးကို တစ်ခါမှ မခံစားခဲ့ရပေ။ နက်နဲသော ချောက်ထဲမှ ရွှံ့ပေကျံနေသော လက်တစ်စုံက သူ့ကို ဆွဲချနေသကဲ့သို့ ခံစားရသည်။

 

သူလည်း ငိုခဲ့သည်။


ယခင်က တရှုံ့ရှုံ့ငိုကြွေးခဲ့ခြင်းက ဟန်ဆောင်မှုသက်သက် ဖြစ်ခဲ့လျှင်ပင် ဤအခိုက်အတန့်တွင် စန်အန်းက တကယ်ပင် ဝမ်းနည်းခဲ့သည်။ သူ တကယ်ပင် မှားယွင်းကြောင်း သိရှိခဲ့သည်။


သူ့ခန္ဓာကိုယ်က နာကျင်ပြီးရင်း နာကျင်နေသော်လည်း သူ့နှလုံးသားက ပို၍ နာကျင်နေခဲ့သည်။

 

သူက တစ်စုံတစ်ရာ ပြောရန်၊ တစ်စုံတစ်ရာ လုပ်ရန် ပြင်ဆင်နေသော်လည်း ထိုဆယ်ကျော်သက်လေး၏ အသံက ပို၍ မြန်ဆန်နေခဲ့သည်။ ကျိုးယွီဟယ်က ပို၍ မြန်ဆန်စွာ လှုပ်ရှားခဲ့ပြီး သူ၏ စကားများ ထွက်ပေါ်လာချိန်နှင့် တစ်ပြိုင်နက် သတ္တုတံခါးမှာ ကျယ်လောင်စွာ ပိတ်သွားသည်။

  

သူ ပြောလိုက်သည်မှာ-


“နှုတ်ဆက်ပါတယ် စန်အန်း…”


နှုတ်ဆက်ပါတယ် ကျိုးယွီဟယ်…


×××××


ကျိုးယွီဟယ်က ရှည်လျားလွန်းသည့် အိပ်မက်တစ်ခု မက်ခဲ့သည်။ ထိုအိပ်မက်ထဲတွင် သူက မိမိ၏ ခုတင်ပေါ်၌ အိပ်ပျော်နေပြီး တံခါးအပြင်ဘက်မှ အဆက်မပြတ်တံခါးခေါက်သံတို့သာ ကြားနေရ၏။ သို့သော် သူ့မျက်ခွံများကို တန်တစ်ထောင် အလေးချိန်ဖြင့် ဖိနှိပ်ထားသကဲ့သို့ ရှိနေပြီး မည်သို့မှ ဖွင့်၍မရနိုင်ပေ။


သူ့ကို တကယ်တမ်း နိုးသွားစေသည့် တစ်ခုတည်းသောအရာမှာ ဖုန်းခေါ်ဆိုမှုတစ်ခုသာ ဖြစ်သည်။


သူ့စိတ်ထဲတွင် ပထမဆုံး ပေါ်လာသည့် စကားလုံးမှာ “ချောင်ချိုးယွဲ့” ဟူသော စကားလုံး ဖြစ်သည်။ “ချောင်ချိုးယွဲ့” ဟူသော စကားလုံး ပေါ်လာသည်နှင့်တစ်ပြိုင်နက် ချက်ချင်းပင် သူ့မျက်ခွံများပေါ်မှ ဖိအားက ရုတ်တရက် လျော့ကျသွားသည်။ သူက အိပ်ရာဘေးမှစားပွဲကို ကမန်းကတန်း စမ်းလိုက်ပြီး ကြည့်ချိန်မရဘဲ  ဖုန်းကို အမြန် လက်ခံဖြေကြားလိုက်သည်။


“ဟဲလို…”

ထိုအချိန်တွင် ကျိုးယွီဟယ်က  ပင်ပန်းကြီးစွာဖြင့်သာ မျက်လုံးကို မှိတ်တုပ်မှိတ်တုပ် လှုပ်ရှားလိုက်သည်။


“မင်း အခုထိ အိပ်နေတုန်းလား…”

အမျိုးသားအသံတစ်သံက ကျိုးယွီဟယ်၏ စိတ်အားထက်သန်မှု အားလုံးကို ငြှိမ်းသတ်ပစ်လိုက်လေတော့သည်။


သူက အိပ်တစ်ဝက်နိုးတစ်ဝက်ဖြင့် ဖုန်းကို  ကောက်ကိုင်လိုက်ရာ ဖုန်းပေါ်ရှိ “ယန်ယွီ” ဟူသော စာလုံးနှစ်လုံးက သူ့မျက်လုံးများကို စူးရှစေခဲ့သည်။


ဤသူက သူ့အေးဂျင့်(မန်နေဂျာ)ဖြစ်သည်။ ထို့အတူ စန်အန်း၏ အေးဂျင့်လည်း ဖြစ်သည်။


ထင်ထားသည့်အတိုင်းပင် နေ့စဉ်တာဝန်ခံ မန်နေဂျာ ယန်ယွီက တောင်းပန်စကား ပြောခိုင်းရန်အတွက် မကြုံစဖူးသော အကြောင်းရင်းဖြင့် ဖုန်းခေါ်ဆိုလာခြင်းဖြစ်သည်။


“မင်း စန်အန်းကို နှင်ထုတ်ပြီး ရိုက်နှက်ခဲ့တယ် ဟုတ်လား… မင်းက အခုဆို ပိုပြီး အစွမ်းအစရှိလာပြီပေါ့ ကျိုးယွီဟယ်…”

ဖုန်းတစ်ဖက်မှ ယန်ယွီ၏အသံက သူ့မျက်နှာကဲ့သို့ပင် မှောင်မည်းနေပြီး မှင်ရည်များပင် စီးကျတော့မတတ် ဖြစ်နေသည်။


“ကျွန်တော် တောင်းပန်ပါတယ် ယန်ကော…”


နွေဦးနံနက်ခင်းတွင် ဆယ်ကျော်သက်လေး၏ အနည်းငယ် ကြည်လင်သောအသံက နွေးထွေးနူးညံ့နေသော်လည်း သုံးဆသော တောင်းပန်ခြင်းနှင့် နာကျင်ခံစားရခြင်းများ ပါဝင်နေသည်။


ယန်ယွီ အံ့အားသင့်သွားခဲ့သည်။ ထိုအံ့အားသင့်မှုသည် သူ့မျက်စိဖြင့် နေက အနောက်အရပ်မှ ထွက်လာသည်ကို မြင်လိုက်ရသည့် အံ့အားသင့်မှုမျိုးနှင့် တူနေသောကြောင့် အလွန်အမင်းအံ့သြရသည်ဟု ပြောလျှင် လွန်မည် မဟုတ်ပေ။


သူက နှစ်ကြိမ် ချောင်းဟန့်လိုက်သည်။ သူ့လေသံက အေးစက်ခက်ထန်ဆဲ ဖြစ်သော်လည်း ယခင်ကကဲ့သို့ စကားထဲ၌ ဆူးပါနေသည့် ပုံစံမျိုး မဟုတ်တော့ပေ။

“ဒီတစ်ခါတော့ မင်း တော်တော်လေး ပြဿနာရှာလိုက်တာပဲ… ဘယ်လိုပဲဖြစ်ဖြစ်၊ ခဏလောက်တော့ အလုပ်တွေမယူဘဲ အိမ်မှာပဲနေပြီး ကိုယ့်ကိုယ်ကိုယ် ပြန်သုံးသပ်လိုက်ပါဦး…”


“အဲဒီလိုတော့ မလုပ်နိုင်လောက်ဘူးထင်တယ်  ယန်ကော…”


“မင်း ဘာပြောလိုက်တာလဲ…”

ယန်ယွီ၏ စိတ်အေးလက်အေးပုံစံက တစ်ဖန် မှောင်မိုက်လာပြန်သည်။


“'ပြန်လည်နုပျိုခြင်း (Rejuvenation)' ဇာတ်ကားရဲ့ ဖွင့်ပွဲအခမ်းအနားက ဒီတစ်ပတ်ထဲ လာတော့မယ်လေ… ကျွန်တော်က  နံပါတ်နှစ် အမျိုးသားဇာတ်လိုက်ဖြစ်တဲ့ ရှုချန့်နေရာက သရုပ်ဆောင်ရမှာဆိုတော့ ပျက်ကွက်လို့ မကောင်းဘူး…”


ဖုန်းတစ်ဖက်တွင် ဆယ်စက္ကန့်တိတိကြာသည်အထိ မည်သူမျှ စကားမပြောဘဲ လေးလံသော လေရှူသံများကိုသာ ကြားနေရသည်။

“မင်း ဘာပြောလိုက်တာ…”


*


ကျိုးယွီဟယ်က ယန်ယွီ၏ အမိန့်အရ လျင်မြန်စွာ မျက်နှာသစ်၊ အဝတ်လဲပြီး ရုံးခန်းသို့ ထွက်ခွာရန် ပြင်ဆင်လိုက်သည်။


ဖုန်းထဲတွင် တစ်ဖက်လူက မည်သည့်အရာကိုမှ ထုတ်မပြောဘဲ သူ့၏ ပုံမှန်လုပ်ငန်းသံနှင့် အနည်းငယ် စိုးရိမ်တကြီး တိုက်တွန်းပြောဆိုမှုများသာ ရှိနေသောကြောင့် ကျိုးယွီဟယ်သည်လည်း တစ်ဖက်လူ ဘာတွေးနေသည်ကို အနည်းငယ်မျှပင် မသိနိုင်ဖြစ်နေသည်။


သူ တံခါးကို ဖွင့်လိုက်ရာ မူးနေသော စန်အန်းနှင့် အိတ်ကြီးနှစ်လုံးတို့မှာ လုံးဝပျောက်ကွယ်သွားပြီဖြစ်သည်။ ကျိုးယွီဟယ် အောက်ငုံ့ကြည့်လိုက်ရာ လုံခြုံရေးတံခါးအောက်ခြေတွင် ဖိနပ်ရာများစွာကို တွေ့လိုက်ရသည်။ ပြီးခဲ့သည့်ညက သူ မက်ခဲ့သော တံခါးခေါက်သံ အိပ်မက်က အလကားမဟုတ်ကြောင်း ထင်ရှားပေသည်။


ဒါပေမဲ့ အဲတော့ရော ဘာဖြစ်လဲ… 


ကျိုးယွီဟယ်က သူ့နှုတ်ခမ်းထောင့်စွန်းကို အသာအယာမဲ့၍ ပြုံးလိုက်ပြီး လက်တစ်ဖက်ကို ဘောင်းဘီအိတ်ထဲထည့်ကာ တိုက်ခန်းမှ ထွက်လာခဲ့သည်။


သူ့ကိုသာမက စန်အန်းကိုပါ ပိုမိုလွယ်ကူစွာ ဂရုစိုက်နိုင်ရန်အတွက် လက်ထောက်သုံးဦးတို့က အနီးပတ်ဝန်းကျင်နေရာတွင် တိုက်ခန်းတစ်ခန်းကို ငှားရမ်းထားကြသည်။ ဤငွေကိုလည်း ကျိုးယွီဟယ်၏ဝင်ငွေထဲမှ နုတ်ယူထားခြင်း ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သူတို့ကို ကုမ္ပဏီက သတ်မှတ်ပေးထားသည့် တိုက်ခန်းတွင် မနေထိုင်ကြသောကြောင့် အပြင်ထွက်နေထိုင်သည့် ကုန်ကျစရိတ်များကို အနုပညာရှင်က တာဝန်ယူရမည်မှာ သဘာဝကျပေသည်။


ကောင်းသည့်အရာမှာ တစ်ခုခုဖြစ်သည်နှင့် နာနီဗန်ကားက အထူးလျင်မြန်စွာ ရောက်လာခြင်း ဖြစ်သည်။


ကျိုးယွီဟယ်က ညက ရွာထားသည့် မိုးစက်များ ကျန်ရှိနေသေးသော အောက်ထပ်၌ စောင့်နေသည်မှာ ဆယ်မိနစ်ပင် မကြာလိုက်ခင် အနက်ရောင် နာနီဗန်ကားတစ်စီးက သူ့ရှေ့တွင် ပေါ်လာခဲ့သည်။


ကားထဲတွင် ရှိသူမှာ စူးစူးတစ်ယောက်တည်းသာ ဖြစ်သည်။


“ဟို… တဝေ့နဲ့ အိုက်ကျင်းက စန်ကောကို ပစ္စည်းရွှေ့ပေးဖို့ သွားကြတယ်…”

စူးစူးက အနည်းငယ် မသက်မသာဖြစ်နေပုံဖြင့် ပြောသည်။ ကျိုးယွီဟယ်နှင့် စန်အန်းတို့၏ကိစ္စက အပြင်သို့ မပေါက်ကြားသော်ငြားလည်း၊ သူတို့နှစ်ဦး ချစ်ကြိုက်ခဲ့သည်မှာ ကြာလှပြီဖြစ်သောကြောင့် ပတ်ဝန်းကျင်မှ လူများက အနည်းနှင့်အများ သိနေကြသည်။ သို့သော် သူတို့၏ လက်ထောက်အနည်းငယ်က လျှို့ဝှက်ချက်ထိန်းသိမ်းရေး သဘောတူညီချက်ကို လက်မှတ်ထိုးထားကြသောကြောင့် သူတို့က သူ့ကိုယ်ရေးကိုယ်တာများကို အခြားသူများသိအောင် ထုတ်ဖော်ပြောကြားမည်ကို စိုးရိမ်စရာ မလိုပေ။


ကျိုးယွီဟယ်က သူမ၏မျက်နှာ အဘယ်ကြောင့် ထူးဆန်းနေသည်ကို မြင်ကတည်းက ကြိုတင်သိထားပြီးဖြစ်၍ ပြုံးလိုက်ပြီး ဂရုမစိုက်သည့်လေသံဖြင့် မေးလိုက်သည်။

“တခြား ဘာတွေပြောကြသေးလဲ…”


စူးစူးက ကျိုးယွီဟယ်၏ မျက်လုံးများကို ကြည့်လိုက်သည်။ သူမ မပြောချင်ခဲ့သော အရာများကို ထိုကဲ့သို့ ထိုးထွင်းမြင်တတ်သည့် အကြည့်အောက်တွင် မရည်ရွယ်ဘဲ အားလုံးကို ပြောလိုက်မိသည်။

“သူတို့က ပြောကြတာက… ရှောင်ကျိုး… မင်းက တကယ်ကို မဟုတ်သေးဘူးတဲ့… စန်ကောကို ညကြီးမင်းကြီး အိမ်ထဲကနေ နှင်ထုတ်လိုက်တာ… ရာသီဥတုကလည်း အေးနေတာ… သူကလည်း မူးနေတာကို တဲ့…”


ကျိုးယွီဟယ်က နားထောင်ပြီးနောက် ရယ်စရာကောင်းသည်ဟု ခံစားလိုက်ရသည်။ သူက အမှန်တကယ်ပင် ကျေးဇူးမသိတတ်သော လူနှစ်ယောက်ကို မွေးမြူထားခဲ့မိသည်ာ သူတို့က အကျိုးကျေးဇူး အနည်းငယ်ရသည်နှင့် အတိတ်ကို မေ့သွားကြပြီး မည်သူက သူတို့၏ လစာကို တကယ်တမ်း ပေးခဲ့သည်ကို မေ့သွားကြသည်။


သို့သော် လူ့စိတ်ဆိုသည်မှာ ထိုကဲ့သို့ပင် ဖြစ်သည်။ ဖြစ်နိုင်သည်မှာ သူတို့စိတ်ထဲတွင် စန်အန်းက ရတနာဖြစ်ပြီး သူ၊ ကျိုးယွီဟယ်က မြက်ရိုင်းမျှသာဟု ထင်နေကြခြင်းဖြစ်ကြပေမည်။ မှန်ကန်သည့် ရတနာကို လောင်းကြေးထပ်လိုက်သည်နှင့် နောင်တွင် ကောင်းမွန်သောဘဝကို ပိုင်ဆိုင်ရမည်ကို စိုးရိမ်စရာမလိုတော့ဟု ယူဆကြလိမ့်မည်။ သူ ပေးခဲ့သည့် လစာအနည်းငယ်က အရေးပါမည်မဟုတ်ဟု ထင်ကြသည်။


ကျိုးယွီဟယ်က စတီရီယိုကို ဖွင့်လိုက်ရာ သာယာငြိမ့်ညောင်းသော ဂန္တဝင်တေးဂီတသံက မှန်တံခါးပိတ်ထားသော နာနီကားတစ်စီးလုံးကို လွှမ်းခြုံသွားသည်။


သူက မျက်လုံးများကို မှိတ်ထားလိုက်ပြီး သူ၏ လှပပြီး အေးစက်သော မျက်နှာတွင် မည်သည့် ခံစားချက်မျှ မရှိပေ။

 

“သူတို့က စန်အန်းကို ဒီလောက်တောင် ‘ဂရုစိုက်’ နေကြတာဆိုရင် ဒီကနေ့ကစပြီး သူနဲ့ပဲ အလုပ်လုပ်ခိုင်းလိုက်ပါတော့… ဘုရားကျောင်းငယ်လေးထဲမှာ ဗုဒ္ဓတွေ အများကြီးကို ထောက်ပံ့မထားနိုင်ဘူး…”


ပြီးတော့ ငါက အခုအချိန်မှာ အဆင့်၁၈တန်းစား အနုပညာရှင်အဆင့်ပဲရှိသေးတာ လက်ထောက်သုံးယောက်လုံး အလုပ်ရှုပ်နေရလောက်အောင် ငါ ဘယ်လိုများ အလုပ်များနိုင်မှာတဲ့လဲ…


သူတို့က စန်အန်းနှင့် ရောနှောနေထိုင်ရသည်ကို သဘောကျနေ၍ အတူတူထုပ်ပိုးပြီး အဝေးကို ပစ်ထုတ်လိုက်မှသာ မျက်စိနောက်အောင် မလုပ်နိုင်တော့မည်ဖြစ်သည်။


“ရှောင်ကျိုး ဒါက…”

စူးစူးမှာ ကြက်သီးမွေးညင်းထလောက်အောင် လန့်သွားခဲ့ရသည်။ ကျိုးယွီဟယ်က ဤမျှ‌လောက် ပြတ်သားလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။


“ငါ ယန်ကောကို ကိုယ်တိုင် ပြောလိုက်ပါမယ်… ကျန်တာကို မင်းကို အပ်လိုက်မယ်…”

ကျိုးယွီဟယ်က သူမကို ဖြတ်ပြောလိုက်ပြီး၊ ယခင်ကတည်းက အေးစက်နေသည့် သူ့မျက်နှာက ယခုအခါ ပို၍ပင် အေးစက်သွားခဲ့သည်။


“မဟုတ်ပါဘူး ရပါတယ်…”

စူးစူးက သူမ၏ လျှာကို ကိုက်လိုက်ရင်း ကျိုးယွီဟယ်နှင့် စန်အန်းတို့က ဤတစ်ကြိမ်တွင် အမှန်တကယ် ပြဿနာဖြစ်ကြပြီဟု တွေးလိုက်သည်။ သူတို့လက်ထောက်အချို့က စန်အန်းနှင့် ရင်းနှီးလာခဲ့သည်မှာ တစ်ရက်နှစ်ရက် မဟုတ်တော့သော်လည်း ယခင်က သူ ထိုကဲ့သို့ စိတ်ဆိုးဒေါသထွက်နေသည်ကို မမြင်ခဲ့ဖူးရာ ဤသည်မှာ အမှန်တကယ် လမ်းခွဲခြင်း ဖြစ်ပုံရသည်။


လမ်းခွဲလိုက်တာလည်း ကောင်းပါတယ်…


သူမက စန်အန်း၏ ချစ်သူကို သီးသန့်ကူညီဆောင်ရွက်ပေးနေစဉ်၌ပင် တစ်စုံတစ်ရာကို ခံစားမိခဲ့သည်။ သို့သော် ရှောင်ကျိုး... ဤကလေးက အေးစက်ပြီး ဘာကိုမှ ဂရုမစိုက်ဟန်ရသော်လည်း သူ့စိတ်ထဲတွင် အမှန်တကယ်ပင် အလွန်ဝမ်းနည်းနေမည်မှာ သေချာသည်။


စူးစူးက နှစ်သိမ့်စကားကို မပြောဘဲ မနေနိုင်ဖြစ်ကာ ပြောလိုက်သည်။

“ရှောင်ကျိုးရယ် တချို့ကိစ္စတွေက အတိတ်မှာပဲ ကျန်ခဲ့တာပေါ့…  မင်းရဲ့ နောက်လာမယ့် အလုပ်ကိုတော့ မထိခိုက်စေနဲ့နော်… မင်း မနေ့က မှာထားတာတွေ အကုန်လုံး ငါ ဝယ်လာခဲ့တယ်… ဇာတ်ညွှန်းလည်း မနေ့ညက ရထားတယ်… ကျန်းချီရဲ့ အခန်းတွေကိုလည်း မာကာနဲ့ မှတ်ပေးထားတယ်နော်…ဒါရိုက်တာချိုက်လက်အောက်မှာ ဇာတ်ကားရိုက်ရတယ်ဆိုတာ ရှားပါးတဲ့ အခွင့်အရေးပဲ…”

  

ကျိုးယွီဟယ်က မျက်လုံးများ ဖွင့်လိုက်ပြီး ရုတ်တရက် မတ်မတ်ထိုင်ကာ သူမကို ကြည့်လိုက်သည်။

“ကျန်းချီဟုတ်လား… ကျန်းချီရဲ့ အခန်းတွေကို ဖတ်နေတာက ဘာအဓိပ္ပာယ်ရှိလို့လဲ…”


“……..” စူးစူးသည်လည်း အံ့အားသင့်ကာ စကားမပြောနိုင် ဖြစ်သွားသည်။


ကျိုးယွီဟယ်က အနည်းငယ် ရယ်ရယ်မောမောဖြင့် နောက်သို့ ပြန်မှီလိုက်သည်။

“ငါ မနေ့က သရုပ်ဆောင်ဖို့ စစ်ဆေးခံခဲ့တဲ့ ဇာတ်ကောင်က ရှုချန့်လေ… ကျန်းချီ မဟုတ်ဘူး…”


“ရှုချန့်လား…”


ကျိုးယွီဟယ်က ပြုံးပြီး သူမကို ကြည့်လိုက်ရာ စူးစူး၏ ဦးခေါင်းတစ်ခုလုံး ပေါက်ကွဲသွားသလို ခံစားလိုက်ရပြီး ဆယ်စက္ကန့်လုံးလုံး ကြောင်အငြိမ်သက်နေခဲ့သည်။


သူမက ရုတ်တရက် တဝေ့နှင့် အိုက်ကျင်းတို့အတွက် အနည်းငယ် စိတ်မကောင်း ဖြစ်မိသွားသည်။


ရှောင်ကျိုး သရုပ်ဆောင်ရန် စစ်ဆေးခံခဲ့သည့် ဇာတ်ကောင်က ကျန်းချီ မဟုတ်ဘဲ ရှုချန့် ဖြစ်သည်ကိုသာ သူတို့ သိခဲ့လျှင် အူများ အစိမ်းရောင်ဖြစ်လာသည်အထိ နောင်တရနေကြပေလိမ့်မည်။



🔥🔥🔥