အခန်း(1) ကမ္ဘာပျက်ကပ် အပိုင်းတစ်
ကြီးမားနူးညံ့ပြီး သက်တောင့်သက်သာရှိသည့် လှောင်အိမ်ထဲတွင် ဖြူဖွေးနူးညံ့သည့်ယုန်လေးတစ်ကောင် အသိုက်ဖွဲ့နေလေ၏။
ထိုယုန်လေးသည်ကား နှစ်နှစ်ခြိုက်ခြိုက်အိပ်မောကျနေသော်လည်း ပန်းနုရောင်ပွင့်ချပ်သုံးချပ် ပါးစပ်လေးသည်ကတော့ ငြိမ်းချမ်းစွာအိပ်စက်၍ မရနေသကဲ့သို့ ငြင်သာစွာတုန်ရီနေခဲ့သည်။
မည်သည့်အရာကို အိပ်မက်မက်နေကြောင်း မသိရပါသော်လည်း ယုန်လေး၏ လုံးဝန်းသောခန္ဓာကိုယ်လေးသည်က တုန်ရီစပြုလာလေသည်။ ယုန်လေးမှာ မျက်လုံးလေးများအား မသဲမကွဲဖွင့်လိုက်ကာ ၎င်း၏လက်နှစ်ဖက်ကို ဆန့်ထုတ်၍ ပန်းရောင်လက်ဝါးများကို ဖော်ပြလိုက်သည်။
ယင်ရိလျိုတစ်ယောက် မျက်မှောင်တင်းတင်းကျုံ့လိုက်ကာ အိမ်မက်ဆိုးမှ နိုးထရန်အတွက် တိုက်ခိုက်နေခဲ့သည်။
သူမ၏အိပ်မက်ထဲတွင် အန္တရာယ်ရှိသည့်ပုံပေါ်သောသားရဲကြီးက သူမ၏ခေါင်းကိုကိုက်ဖြတ်ပစ်ရန်အတွက် အရှေ့ကို ချဥ်းကပ်လာ၏။
ယခုအချိန်ထိ သူမ၏စိတ်သည် ရီဝေဝေဖြစ်နေဆဲပင်။ သူမ စိမ်းသက်နေသော ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်လိုက်ပြီး သူမ၏ခန္ဓာကိုယ်ကို အကြောဆန့်လိုက်ချင်သော်လည်း သူမ၏လက်မောင်းများကို လှုပ်ရှာလိုက်သည့်အခါ တစ်စုံတစ်ခုလွဲမှားသကဲ့သို့ ခံစားလိုက်ရ၏။
သူမ၏လက်မောင်းများက အလွန်တိုနေလေသည်။
သူမ ငုံ့ကြည့်လိုက်သည့်အခါ ပြည့်ဖြိုးပြီး အမွှေးထူသည့်လက်မောင်းတစ်စုံကိုတွေ့လိုက်ရ၏။ သူမ၏သွယ်လျသည့် လက်ချောင်းများ သည်လည်း ပန်းရောင်လက်ဖဝါးတစ်စုံဖြင့် အစားထိုးခံလိုက်ရသည်။
သူမ၏စိတ်သည်ကား ထိုအခိုက်အတန့်၌ ပြန်တုံ့ပြန်ရန်အတွက် အနည်းငယ်တုံ့ဆိုင်းနေဆဲဖြစ်ပါသော်လည်း သူမစကားပြောရန်ကြိုးစားလိုက်သည့်အခါ သူမပါးစပ်မှ တကွိကွိအသံများ ထွက်လာသည်ကိုသာကြားလိုက်ရပြန်သည်။
သူမ၏စိတ်ထဲ လျှပ်စီးလက်သကဲ့သို့ ဖြစ်သွားကာ ကမ္ဘာကြီးတစ်ခုလုံး စိတ်ကူးယဉ်အရာတစ်ခုကဲ့သို့ ဖြစ်သွားကြောင်း ခံစားလိုက်ရသည်။
ထိုအခိုက်အတန့်၌ သူမ၏ အရှေ့တွင် သံချောင်းတန်းလေးများ ရှိနေကြောင်း သတိပြုမိသွားခဲ့သည်။ သူမသည်ကား လှောင်အိမ်တစ်ခုထဲတွင် ပိတ်မိနေသည့်ပုံပေါ်၏။
ဘာတွေဖြစ်နေတာလဲ?
သူမ မနေ့ညက မနက်သုံးနာရီ မတိုင်ခင်အချိန်ထိ ဝတ္ထုထိုင်ဖတ်နေမိရင်း အဆုံးသတ်၌ မတောင့်ခံနိုင်တော့ဘဲ အိပ်ပျော်သွားခဲ့သည် ။
သူမနိုးလာသည့်အခါ စိမ်းသက်နေသည့်ပတ်ဝန်းကျင်တစ်ခုဖြင့် နှုတ်ဆက်ခံရပြီး သူမကိုယ်တိုင်ကလည်း သဘာဝတရားကြီးရဲ့ ကြောင်တောင်တောင်ဖန်တီးမှုတစ်ခု ဖြစ်နေလိမ့်မယ်ဟု မည်သူက ထင်မည်နည်း။
အခန်း၏ မျက်နှာချင်းဆိုင်နေရာ တွင် ကိုယ်လုံးပေါ် မှန်တစ်ချပ်ကို ယင်ရိလျိုတွေ့လိုက်ရကာ ထိုနေရာဆီသို့ ဖြေးဖြေးချင်း ဦးတည်သွားလိုက်သည်။ ထိုမှန်ထဲတွင် ကြီးမားကျယ်ဝန်းသော ဇိမ်ခံဘရန်းလှောင်အိမ်တစ်ခုနှင့် လှောင်အိမ်ထဲ၌ နူးညံ့သည့် ယုန်ဖြူလေး တစ်ကောင်မှလွဲ၍ မည်သည့်အရာမှ ရောင်ပြန်ဟပ်မနေပေ။
သူမ၏ နှလုံးခုန်သံ မြန်သွားကာ သူမ ခေါင်းထဲ၌ အတွေးတစ်ခုဖြစ်ပေါ်လာသော်လည်း လျှင်မြန်စွာဖယ်ရှားလိုက်သည်။
သို့သော်လည်း သူမ၏လက်ဖဝါးလေးကို လှုပ်လိုက်သည့်အခါ မှန်ထဲရှိ ယုန်လေးသည်လည်း ရူးမိုက်စွာဖြင့် သူ၏လက်ဖဝါးကိုမြှောက်လိုက်သည်။ ရုတ်တရက် သူမ စိတ်ပျက်သွားသကဲ့သို့ ခံစားလိုက်ရ၏။
သူမက အမှန်တကယ် ယုန်တစ်ကောင်ဖြစ်လာသည်ပင်။
ယင်ရိလျို လုံးဝလမ်းပျောက်နေစဥ်တွင် ‘ဒင်’ဆိုသည့်အသံတစ်ခုသည် သူမ၏ခေါင်းထဲတွင်ရုတ်တရက် ထွက်ပေါ်လာသည်။ မရေမတွက်နိုင်သောအပိုင်းအစများသည် သူမ၏အသိပင်လယ်တွင် ပေါင်းစည်းသွားကာ
သူမ ပြန်လည်စိတ်တည်ငြိမ်လာချိန်တွင် သူမ၏စိတ်ခံစားချက်များ အလွန်ရှုပ်ထွေးနေလေ၏။
အမှန်တကယ် ဖြစ်လာလိမ့်မည်ဟု သူမ တစ်ခါမှမတွေးခဲ့မိသော ဝတ္ထုထဲသို့ ကူးပြောင်းခြင်းကဲ့သို့ အရာမျိုးသည်ကား သူမထံတွင် ဖြစ်လာခဲ့သည်။
သူမသည်ကား ဝထ္ထုတစ်ပုဒ်ထဲသို့ ကူးပြောင်းလာခြင်း ဖြစ်ကာ ထိုဝတ္ထုသည်ကား သူမ ညလုံးပေါက်နီးပါး ပြီးဆုံးအောင် ထိုင်ဖတ်ခဲ့ရသော ကမ္ဘာကြီး၏အဆုံးသတ် ဝတ္ထုတစ်ပုဒ်ဖြစ်နေခဲ့သည်။
ဝတ္ထုထဲမှ အမျိုးသမီးဇာတ်လိုက်သည် ပြန်လည်မွေးဖွားလာသူဖြစ်ပေသည်။ သူမ၏အရင်ဘဝ၌ ကမ္ဘာ့အဆုံးသတ် ပျက်ကပ်နေ့များကျရောက်လာသည့်အချိန်တွင် သနားစရာကောင်းစွာသေဆုံးခဲ့သော်လည်း ဤဘဝတွင် သူမ၏ရွှေလက်ချောင်းဖြင့် အဓိကဇာတ်လိုက်ကို ကူညီခဲ့ပြီး သူတို့နှစ်ယောက်သည် တခြားသူများထံမှ မည်သည့်အကူအညီမှမပါဘဲ မကောင်းဆိုးဝါးများကို သတ်ပြီး အဆင့်တက်ခဲ့ကြသည်။
သို့သော်လည်း ဝတ္ထုထဲတွင် ဗီလိန်ကြီး၏ တည်ရှိမှုသည် အလွန်စွမ်းအားကြီးလာခဲ့ပြီး အဆတ်မပြတ် အန္တရာယ်တောထဲသို့ ကျရောက်ခြင်းက အဓိကဇာတ်လိုက်နှင့်ဇာတ်လိုက်မအား ရှုံးနိမ့်မှု တစ်ခုပြီးတစ်ခုကိုခံစားစေခဲ့သည်။
ပျက်ကပ်နေ့များကို မရောက်ခင် ဗီလိန်သည်ကား အလွန့်အလွန်ခံစားခဲ့ရသည်။ သူ၏ခြေထောက်များသည် သူ၏ရန်သူများ တမင်ဖန်တီးသားသော လုပ်ကြံမှုတစ်ခုဖြစ်သည့် ကားမတော်တဆမှုတွင် မသန်စွမ်းဖြစ်သွားခဲ့သည်။
နောက်ပိုင်း ပျက်ကပ်နေ့များအတွင်း ဒဏ်ရာများကို ကုသနိုင်ခဲ့ပါသော်လည်း အကြောင်းအရင်း တချို့ကြောင့် သူသည်ကား ဇာတ်လိုက်များကို ဆက်လက်ဆန့်ကျင်ခဲ့သည်။
ဝတ္ထု၏နောက်ပိုင်းအချိန်အပိုင်းအခြားအရ ဗီလိန်ကို ဇာတ်လိုက်များထက် ပိုကြိုက်သည့် စာဖတ်သူ ပိုမိုများလာ၏။ဇာတ်ကြောင်း၏ ပျက်ဆီးမှုကို စာရေးသူ သတိထားသွားသည့်အချိန်တွင် ထိုစာရေးသူက ဗီလိန်ကိုတိုက်ရိုက် သေသည်အထိရေးလိုက်ပြီး အပြီးပိုင်အားလပ်ရက်ပေးလိုက်ကာ စာဖတ်သူများအား ယူကျုံးမရဖြစ်မှု နှင့်ဒေါသနှစ်ခုလုံးကိုဖြစ်ပွားစေသည်။
ယင်ရိလျိုသည်လည်း ထိုသူများထဲမှ တစ်ယောက်ဖြစ်သည်။
သူမ၏ အကြိုက်ဆုံးဇာတ်ကောင်သည်ကား စွမ်းအားကြီးသော်လည်း ကြင်နာတတ်သည့် ဗီလိန်တစ်ယောက်အဖြစ် အမြဲဖြစ်ခဲ့သည်။
ဝတ္ထုကို အပြီးဖတ်ရန် ညလုံးပေါက်နီးပါး အချိန်ကုန်ခဲ့ပါသော်လည်း ဤကဲ့သို့ အဆုံးသတ်နှင့်သာ ကြုံတွေ့လိုက်ရသဖြင့် သူမ ဖော်ပြ၍မရနိုင်သည်အထိ ဒေါသထွက်သွားခဲ့ကာ ချက်ချင်းဆိုသလို မှတ်ချက်အရှည်ကြီးတစ်ခုကို ရေးတင်ခဲ့သည်။
ထို့နောက် ယနေ့ သူမမျက်လုံးများကို ဖွင့်လိုက်သည့်အခိုက်တွင် သူမက ကူးပြောင်းသွားခဲ့ပြီးဖြစ်သည်။
ထို့နောက် တစ်ချိန်တည်းဆိုသလို သူမ၏မစ်ရှင်အကြောင်းကိုပါ သိလိုက်ရသည်။
ဗီလိန်၏တန်ပြန်တိုက်စစ်ကို ကူညီပြီး သူ၏ သေဆုံးခြင်းကိုကာကွယ်မှသာလျှင် သူမ၏ မူလကမ္ဘာကိုပြန်သွားနိုင်လိမ့်မည်ဖြစ်သည်။
ယင်ရိလျို အနည်းငယ်အားပျက်သွားခဲ့ရ၏။ အကယ်၍ သူမသာ အရံဇာတ်ကောင်အဖြစ် ကူးပြောင်းခဲ့ပါက ဝတ္ထုထဲတွင် မည်မျှသေးငယ်သည့် ဇာတ်ကောင်ကို ရရှိခဲ့ပါစေ ကိစ္စများကို ကိုင်တွယ်ရန် ပိုမိုလွယ်ကူသွားလိမ့်မည်ပင်။
သို့သော်လည်း အခုတွင်တော့ သူမက ယုန်တစ်ကောင်သာ ဖြစ်နေခဲ့သည့်အတွက် ဤကဲ့သို့အခြေအနေမျိုးဖြင့် ဗီလိန်၏တန်ပြန်တိုက်စစ်အား မည်ကဲ့သို့ ကူညီရမည်နည်း။
ဝတ္ထုထဲ၌ ပျက်ကပ်ကာလများအတွင်းတွင် သက်ရှိများသည်ကား ယေဘုယျအားဖြင့် ပိုမိုကြီးလာပြီး သူတို့၏ တိုက်ခိုက်သည့်စွမ်းရည်သည်လည်း တိုးတက်လာလိမ့်မည်ပင်။
သူတို့၏ ထူးခြားသောလက္ခဏာများသည်ကား သေးငယ်သည့်တိရစ္ဆာန်များကိုတိုက်ခိုက်ခြင်းနှင့် ဖမ်းယူခြင်းအပြင် လူသားများ၏အစားအစာများ အတွက် အကူပစ္စည်းများဖြစ်လာလိမ့်မည်ဖြစ်သည်။
ယခုလက်ရှိတွင် သူမ လုပ်နိုင်သည့်တစ်ခုတည်းသောအရာမှာ သူမသည်လည်း သန္ဓေပြောင်းပြီး အလွန်သန်မာသည့်ယုန်တစ်ကောင်ဖြစ်ရန်ပင်။
ထိုအခါမှသာ ပျက်ကပ်နေ့၏ အစောပိုင်းအချိန်များတွင် အသက်ရှင်နိုင်မည်ဖြစ်ပြီး ဗီလိန်ကို ခေါ်ဆောင်ကာ သက်စွန့်ဆံဖျား ထွက်ပြေးနိုင်မည်ဖြစ်သည်။
ထို့နောက် ဗီလိန်၏ စွမ်းရည်များ နိုးထလာသည့် နောက်ပိုင်းကာလများတွင် ရွှေပေါင်လုံးကို ဖက်ပြီး ကောင်းမွန်စွာနေထိုင်သွားနိုင်လိမ့်မည်ဖြစ်သည်။
ယင်ရိလျှို သူမ၏စိတ်ကူးယဉ်မှုများကြား ထဲတွင် နစ်မြုပ်နေစဉ်အတွင်း တံခါးဖွင့်သံကိုကြားလိုက်ရ၏။
ယင်ရိချို ချက်ချင်းဆိုသလို နာခံတတ်သော ယုန်တစ်ကောင်အဖြစ် သရုပ်ဆောင်လိုက်ကာ ကောက်ရိုးပုံထဲတွင်လဲလျောင်းနေရင်း သူမ၏ ပိုင်ရှင်သည်ကား မည်သည့်ပုံစံရှိသည်ကို ကြိုးစားကြည့်ရှုလိုက်သည်။
အပြင်ဘက်မှ တံခါးဖွင့်လိုက်ပါသော်လည်း သူမ၏ မြင်ကွင်း ရှေ့တည့်တည့်တွင် စားပွဲတစ်လုံးခံနေသဖြင့် မည်သည့် ပုံစံရှိသည်ကို သူမ မမြင်ရပေ။ တဖက်လူ၏ ခေါင်းထိပ်ကိုသာလျှင် သူမမြင်ရ၏။
သူမပိုင်ရှင်၏ အရပ်က အလွန်ပုလွန်းနေသည်။ သူက ကလေးတစ်ယောက်များဖြစ်နိုင်မလား?
သို့သော်လည်း ယင်ရိလျို၏အမြင်အာရုံထဲသို့ လူတစ်ယောက်ဝင်လာသည့်အခါ သူမနောက်ဆုံးတွင်နားလည်သွား၏။
လူငယ်၏ အသားအရည်သည်ကား အနည်းငယ်ဖျော့တော့နေသော်လည်း ရှေးဟောင်းရေတွင်းတစ်တွင်းထဲမှ ရေကဲ့သို့တည်ငြိမ်နေသည့် ဖီးနစ်မျက်လုံးတစ်စုံရှိနေခဲ့ကာ သူသည်ကား အလွန်အမင်းချောမောလှပေသည်။
သူက ဝှီးချဲပေါ်တွင် ထိုင်နေပြီး ထိန်းချုပ်ခလုတ်(ရီမု)ကို ထိန်းချုပ်နေသောကြောင့် အရှေ့သို့ဖြေးညှင်းစွာရွှေလျားနေခဲ့သည်။
ယင်ရိလျိုအနေဖြင့် ယခင်က ဤမျှလောက်အထိ အလွန်ချောမောခန့်ညားသည့် တစ်စုံတစ်ယောက်ကို တစ်ခါမှမတွေ့ဖူးခဲ့ချေ။ သူမ မြင်တွေ့ခဲ့ဖူးသော တီဗွီဖန်သားပြင်ထက်မှ အနုပညာရှင်များပင် သူ့ကို မယှဥ်နိုင်ပေ။
ထိုလူကို သူ မတွေ့လိုက်ချင်းချင်းပင် အမည်တစ်ခုက သူမ၏ ခေါင်းထဲတွင် ထွက်ပေါ်လာခဲ့သည်။
ကျင်းယန် ..
ထိုသူသည်ကား ပျက်ကပ်ဝတ္ထုထဲမှ အကြွင်းမဲ့အာဏာရှိသော ဗီလိန်ကြီးဖြစ်ပြီး ပြန်လည်တိုက်ခိုက်နိုင်ရန်အတွက် သူမ ကူညီပေးရန်လိုအပ်နေသည့် ပုဂ္ဂိုလ်လည်းဖြစ်သည်။
လက်ရှိအချိန်တွင်တော့ ထိုသူသည်ကား နွမ်းလျလျဖြင့် နားမကျန်းသည့် ပုံပေါက်နေကာ ဝှီးချဲပေါ်တွင် ထိုင်နေရင်း တက်ကြွမှုတို့ လုံးဝဥသုံရှိမနေခဲ့ပေ။
သူက ကျယ်ဝန်းပြီး ဗလာဖြစ်နေသည့်အခန်းထဲတွင် ရီမုကို ထိန်းချုပ်ကာ သွားလိုသည့်နေရာသို့ ရွှေ့လိုက်ရင်း ယုန်လှောင်အိမ် အရှေ့သို့ရောက်ရှိလာခဲ့သည်။
ထို့နောက် သူ ရပ်တန့်လိုက်ကာ လှောင်အိမ်ကိုဖွင့်လိုက်လေသည်။
ကျင်းယန် ပို၍နီးကပ်လာသည်နှင့်အမျှ ယင်ရိလျိုသည်လည်း သူမယခင်ကစိတ်ကူးသာယဥ်နိုင်သည့် ချောမောလှသည့် မျက်နှာအား အနီးကပ်မြင်လိုက်ရသည်။
ကြည့်ကောင်းလွန်းသည့် မျက်လုံးတစ်စုံက သူမ ကိုယ်တိုင်အပေါ်သို့ သက်ဆင်းလာသည့်အခိုက်တွင် သူမဘဝ၌ အချစ်ရဆုံးသူကိုတွေ့လိုက်ရသကဲ့သို့ပင် ခံစားလိုက်ရပေသည်။
သူမ၏ နှလုံးခုန်သံတို့က အလွန်ကျယ်လောင်လွန်းနေသဖြင့် တစ်ခုခုမှားယွင်းနေကြောင်းကို ကျင်းယန်သတိပြုမိသွားမည်ကို သူမ အလွန်စိုးရိမ်လှပေသည်။သို့သော်လည်း ကျင်းယန်သည်ကားအဘယ်ကြောင့် ယုန်တစ်ကောင်ပေါ်တွင် ထိုမျှလောက် အာရုံစူးစိုက်နေမည်နည်း။
သူ၏ ကျောက်စိမ်းကဲ့သို့ သွယ်လျလျ လက်ချောင်းများဖြင့် အစာအချို့ကိုလှမ်းယူလိုက်ပြီး လှောင်အိမ်ထဲရှိ ပန်းကန်လုံးအလွတ်ထဲသို့ ထည့်လိုက်သည်။
“စားလေ”
လူငယ်၏အသံသည်ကား အလွန်ဆွဲဆောင်မှုရှိလှသဖြင့် ထိုအသံကိုကြားပြီးနောက်တွင် ယင်ရိလျှို၏အ ားနည်းသော ယုန်နှလုံးသားသည် တစ်ဖန် ပြန်လည်ခုန်လှုပ်စပြုလာပြန်သည်။
ကျင်းယန်တစ်ယောက် လှောင်အိမ်ထဲမှ ရူးကြောင်သည့်ပုံလေးဖြစ်နေသည့် ယုန်ကိုကြည့်လိုက်ကာ သူ့မျက်မှောင်ကျုံ့သွားသည်။
ပုံမှန်အားဖြင့် လှောင်အိမ်ထဲသို့ သူအစာမထည့်ရသေးခင်ကပင် အကောင်လေးက အစာကိုတစ်တိတိစားရန် အရှေ့သို့ပြင်းပြင်းထန်ထန် ခုန်တိုးလာတတ်ပြီး တစ်ကွီကွီအော်နေပြီးသားဖြစ်နေတတ်သည်။
ဒီနေ့မှာ ဒီအကောင်လေး အစာစားချင်စိတ် မရှိနေတာများလား။
အဖြူရောင်ယုန်လေးက ခေါင်းကိုငုံ့ထားသည်ကို သူတွေ့လိုက်ရပြီး ထိုယုန်လေး၏ ခန္ဓာကိုယ်တစ်ခုလုံးက တက်ကြွမှုများ ပျောက်ကွယ်နေသည့်ပုံပေါ်လေသည်။
တစ်ခဏတာမျှ တွေးတောလိုက်ပြီးနောက် သူ ယုန်လေး၏အမွှေးထူထူနောက်ကျောလေးမှ ကောက်ချီလိုက်ကာ သူ့ခြေထောက်ပေါ်တွင် နေရာချထားလိုက်သည်။
ယင်ရိလျှိုသည်ကား သူမ၏နောက်ကျောအား တစ်စုံတစ်ယောက် ဆုပ်ကိုင်လိုက်သည်ကိုသာလျှင် ခံစားလိုက်ရသည်။
ထို့နောက်ချက်ချင်းပင် သူမ၏ယုန်ခန္ဓာကိုယ်တစ်ခုလုံးက လေထဲတွင်လွင့်မျောသွားခဲ့၏။ ရိုလာကိုစတာတာကိုစီးရသည်ထက်ပင် ပို၍ စိတ်လှုပ်ရှားဖွယ်ကောင်းနေခဲ့ပေသည်။
သူမ မတုံ့ပြန်နိုင်ခင် သူမ၏ ကိုယ်သည် ကြံ့ခိုင်သန်စွမ်းသည့် ပေါင်တစ်စုံပေါ်သို့ ဆင်းသက်သွားသည်ကိုခံစားလိုက်ရတော့သည်။
*