အခန်း ၆ သုံးလ
စုန့်လောင်စန်း၏မိသားစုမှ စုန့်ထောင်ဟုန် လက်ထပ်သည့်သတင်းက ရွာကို အတော်လေး လှုပ်ခတ်စေခဲ့ပြီး လူအများအပြား အပျော်သဘောဖြင့်ဖြစ်စေ အတင်းအဖျင်းကို သိချင်စိတ်ကြောင့် ဖြစ်စေ ထိုနေရာသို့ စုရုံးရောက်ရှိလာကြသည်။ သို့သော်လည်း ဤအရှုပ်တော်ပုံတွင် ပါဝင်နေသည့် အခြားသောအဓိကသောပုဂ္ဂိုလ်က အခမ်းအနားပြီးသည်အထိ ရောက်မလာသောကြောင့် တစ်စုံတစ်ရာ ပျောက်ဆုံးနေပြီး သက်ဝင်သည့်လေထုတစ်ခုက ပေါက်သွားသော ပူဖောင်းတစ်ခုကဲ့သို့ အလျင်အမြန် ပျောက်ကွယ်သွားသည်။
မင်္ဂလာပွဲတွင် စားသောက်ပြီးသောအခါတွင် စုန့်တင်းရှန်း၏သူငယ်ချင်းများက ထိုနေရာတွင် အချိန်မဖြုန်းတော့ဘဲ စုန့်လောင်စစ်၏အိမ်သို့ လှည့်ဝင်လာကြသည်။
အဲ့မှာမှ စိတ်ဝင်စားစရာ တစ်ခုခု တွေ့ရင် တွေ့နိုင်ဦးမယ်။
"တင်းရှန်း၊ တင်းရှန်း အိမ်မှာ ရှိလား?" သူမတို့၏အသံများ ဝန်လေးတုံ့ဆိုင်းနေခြင်းမျိုး မရှိသလို ကနွဲ့ကလျလည်း ဖြစ်မနေပေ။ ကျေးလက်တွင် နေထိုင်သော မိန်းခလေးများက မြို့ထဲတွင်သာ တွေ့နိုင်သည့် စည်းကမ်းတင်းကြပ်ပြီး သိမ်မွေ့သော မိန်းခလေးများကဲ့သို့ မဟုတ်ပေ။ မိန်းကလေး သုံးယောက်က တံခါးဝတွင် ရပ်နေပြီး စုန့်တင်းရှန်းကို အော်ခေါ်နေသော်လည်း ထိုအရာက အမှားအယွင်းဟု ယူဆမည့်သူ မည်သူမျှ မရှိချေ။
ပင်မအခန်းတွင် ရှိနေသည့် စုန့်တင်းရှန်းက အလျင်အမြန် ထွက်ပေါ်လာပြီး သူမ၏ သူငယ်ချင်းများကို လက်ဝှေ့ယမ်းကာ နှုတ်ဆက်လိုက်ပြီး အိမ်ထဲသို့ ဖိတ်ခေါ်လိုက်သည်။ သူမတို့ ပင်မအခန်းထဲသို့ ဝင်လိုက်ချိန်တွင် အခန်း၏နွေးထွေးမှုက သူမတို့ကို ဆီးကြိုလိုက်သည်။ ခန်ကုတင်၏ကျေးဇူးကြောင့် အခန်းတစ်ခုလုံး သက်တောင့်သက်သာ ရှိနေပြီး ပြီးပြည့်စုံသော နေ့လည်ခင်းကို ဖန်းတီးပေးနေသည်။
"အဖွားရေ... စန်းယာ၊ ချောင်ရှင်းအာနဲ့ တန်ဟုန်တို့ ရောက်လာတယ်" စုန့်တင်းရှန်းက အဘွားစုန့်ကို လှမ်းပြောလိုက်သည်။
စုန့်လောင်စစ်၏ မိသားစုမှ အကြီးအကဲ ဖြစ်သော အဘွားစုန့်က ခန်ပေါ်မှ စားပွဲတွင် ရှိနေသည့် မြေပဲနဲ့ ဖရဲစေ့များကို မော့ငေါ့ပြလိုက်ပြီး "ဟိုဘက်အခန်းကို သွားပြီး သူတို့နဲ့ သွားကစားလေ။ ဒီအစားအစာတွေ ယူသွားလိုက်... သကြားရေလည်း လုပ်ပေးလိုက်ဦး"
စုန့်တင်းရှန်း ဤကမ္ဘာသို့ ရောက်ရှိနေသည်မှာ နှစ်လရှိပြီ ဖြစ်ကာ သူမက သူမပတ်ဝန်းကျင်ရှိ လူများနှင့် ရင်းနှီးနေပြီ ဖြစ်သည်။ သူမက မူလကိုယ်၏ ကိုယ်ရည်ကိုယ်သွေးကို အခြေခံအားဖြင့် ရှာဖွေတွေ့ရှိခဲ့ပြီ ဖြစ်သည်။ သူမက တစ်ချိန်က သူမကဲ့သို့ အရာရာကို သတိထားကာ ရှက်ကြောက်တတ်သော မိန်းကလေး မဟုတ်တော့ပေ။ သူမ၏ ယုံကြည်မှုက တဖြည်းဖြည်း တိုးတက်လာပြီး အပြည့်အဝ မဟုတ်သေးသည့်တိုင်အောင် သူမက လူငယ်များ၏သာယာပျော်ရွှင်မှုကို အရသာခံရန် သင်ယူနေခဲ့ပြီ ဖြစ်သည်။
တကယ်တော့ သူမ သိထားတဲ့အတင်းအဖျင်းအများစုက သူမရဲ့ဒီညီအစ်မတွေဆီကနေ သိရှိလာခဲ့တာပါ။ နောက်ဆုံးတော့ မိသားစုထဲက လူကြီးတွေမှာ ကလေးတွေကို ပြောပြဖို့ ဆန္ဒမရှိတဲ့အရာတွေ ရှိနေသေးတယ်။ ဒါပေမယ့် ဒီညီမလေးတွေကြားထဲမှာတော့ ကွဲလွဲမှုတွေ၊ သိုဝှက်ထားတာတွေ အများကြီး မရှိဘူး။ သူမတို့က တစ်ဦးနဲ့တစ်ဦး တီးတိုးဆက်သွယ်ကြပြီး ဖျက်ဆီးလို့မရတဲ့ အတင်းအဖျင်း ကွန်ရက်ကြီးတစ်ခုကို ဖွဲ့စည်းထားကြတယ်။
"အိုး တင်းရှန်း၊ နင် ဒီရက်တွေမှာ ပိုပြီးကြည့်ကောင်းလာတယ်" ထိုမိန်းကလေးများထဲမှ အသက်အကြီးဆုံးဖြစ်သည့် ချောင်ရှန်းက အားကျမှုနှင့် တခြားအရာများ ရောထွေးနေသည့် အပြုံးဖြင့် စုန့်တင်ရှန်းကို ချီးကျူးလိုက်သည်။ သူမက အသက်ဆယ့်ခြောက်နှစ် ပြည့်နေပြီဖြစ်ကာ စေ့စပ်ထားပြီးသော်လည်း မကြာသေးမီက သတိုးသားဘက်မှ အဘိုးက ဆုံးပါးသွားသောကြောင့် မင်္ဂလာပွဲနှောင့်နှေးသွားကာ ယခုနှစ်ကို ဝမ်းနည်းပူဆွေးကာလအဖြစ် သတ်မှတ်လိုက်သောကြောင့် မင်္ဂလာပွဲကို နောက်နှစ်အထိ ရွှေ့ဆိုင်းလိုက်ရသည်။
သူမက အသက်ဆယ့်ခြောက်နှစ်သာရှိသေးသော်လည်း သူမက အလွန်စကားပြောကောင်းသည့် မိန်းကလေးတစ်ယောက်ဖြစ်ကာ အထူးသဖြင့် သူမ၏မျက်လုံးများဖြင့် စိုက်ကြည့်ကာ ချီးမွန်းလိုက်လျှင် တစ်ဖက်လူကို မနောခွေ့စေနိုင်သော နည်းလမ်းများ သူမထံတွင် ရှိနေပုံရသည်။
ကောင်မလေးများက ပင်မခန်းထဲတွင် ရှိနေသည့် အဘွားစုန့်အား နှုတ်ဆက်လိုက်ကြပြီး ချောင်ရှန်း၏ ကျွမ်းကျွမ်းကျင်ကျင် မြှောက်ပင့်မှုနှင့်အတူ ရယ်မောကာ အရှေ့ဘက်အခန်းသို့ သွားရန် စုန့်တင်းရှန်းနောက်မှ လိုက်ပါလာကြသည်။
ထိုအခန်းက သိပ်မကျယ်သော်လည်း ပင်ကိုယ်သပ်ရပ်မှု ရှိနေသည်။ အရိပ်ကျသည့်နေရာတွင် ရှိနေသော်လည်း အေးခြင်း သို့မဟုတ် စိုထိုင်းခြင်းများ ရှိမနေသောကြောင့် ယခုကဲ့သို့ စုဝေးရန် သင့်တော်သော နေရာ ဖြစ်သည်။ နံရံပေါ်တွင် ထူထဲသော ကောက်ရိုးစက္ကူဖြင့် ဖုံးအုပ်ထားသည့် ပြတင်းပေါက်ငယ်တစ်ခုလည်း ရှိနေသောကြောင့် အလင်းရောင်က ပြတင်းပေါက်မှ အလုံအလောက် ဝင်ရောက်နေကာ အိမ်နောက်ဘက်ကိုပင် မြင်နေရသည်။
စုန့်တင်းရှန်းက ပြတင်းပေါက်ကို အနည်းငယ်ဖွင့်လိုက်ရာ ထိုနေရာမှတဆင့် အိမ်နောက်ဖေးဘက်ကို မြင်နေရပြီး ထင်းသွားမရှာဘဲ အိမ်နောက်ဖေးတွင် ဆော့ကစားနေကြသည့် စုန့်မိသားစုမှ ကလေးများကို မြင်နေရသည်။
"နင့်အိမ်က ခန်က အရမ်းနွေးထွေးတယ်" စန်းယာက ခန်၏ဆွဲဆောင်မှုကို ခံလိုက်ရပြီး စိတ်မထိန်းနိုင်တော့ဘဲ သူမ၏ ဖိနပ်ကို ကန်ထုတ်ကာ ခန်ပေါ်သို့ တက်လိုက်သည်။ သို့သော် သူမက ငြိမ်ငြိမ်မနေဘဲ နှစ်ကြိမ်၊သုံးကြိမ်ခန့် လူးလိမ့်နေကာ ပြန်မထ ချင်တော့ပေ။ နွေးထွေးမှုက သူမ၏အရိုးများထဲအထိ စိမ့်ဝင်နေပြီး သူမအတွက် ဖန်တီးထားသလိုမျိုး လုံးဝပြီးပြည့်စုံနေသည်ဟု သူမ ခံစားနေရသည်။ "ငါတို့မိသားစုက ငါ့အဖိုးရဲ့အခန်းမှာပဲ ဒီလို ခန်မျိုးရှိတာ။ ဒါပေမယ့် လူတွေ ပြည့်ကျပ်နေပြီး ပြွတ်သိပ်နေတော့ ငါ့အတွက် အဆင်ပြေတဲ့နေရာလေးတစ်ခုတောင် မရှိဘူး"
စန်းယာက အနည်းငယ် စိတ်ပျက်လက်ပျက်ဖြစ်နေသည့် အမူအရာဖြင့် ပြောနေရင်း လက်ရှိအခိုက်အတန့်၏ တိတ်ဆိတ်ငြိမ်သက်မှုကို ခံစားနေခဲ့သည်။
စန်းယာ၏မိသားစုက ရွာအဝင်ဝတွင် နေထိုင်သော မိသားစုကြီး ဖြစ်ပြီး သူမတို့ မိသားစုမှ အမျိုးအမီးများက ကလေးမွေးနိုင်စွမ်းမြင့်မား ကြသည်။ ကလေးများက ပြေးလွှားဆော့ကစားနေသဖြင့် ထိုနေရာက မည်သည့်အခါမှ တိတ်ဆိတ်နိုင်ခြင်း မရှိတော့ပေ။ အရွယ်ရောက်သူများက အလုပ်သွားကြရပြီး သူတို့၏သားသမီးများကို ပြုစုစောင့်ရှောက်ရန် အဘိုးဖြစ်သူထံ အပ်နှံခဲ့သောကြောင့် အဘိုးထံတွင် ကလေးဆယ်ယောက်ကျော်လောက် အမြဲရှိနေတက်သည်။ သူမ၏အဖိုးက ကလေးများကို ဂရုစိုက်ပေးသည်ဆိုသော်လည်း အမြဲတမ်း ပရမ်းပတာ ဖြစ်နေပြီး ရှုပ်ယှက်ခတ်နေကာ ဆူညံသံများ အဆက်မပြတ် ထွက်နေတက်သည်။
"ဒါဆို ငါ့အိမ်ကို ခဏခဏ လာခဲ့နော်" စုန့်တင်းရှန်းက ခန်ပေါ်သို့ တင်နိုင်သည့် စားပွဲအသေးလေးပေါ်သို့ မြေပဲနှင့် ဖရဲစေ့များ တင်လိုက်ပြီး စားပွဲကို ခန်ပေါ်တင်လိုက်သည်။ ထို့နောက် ပန်းကန်လုံးငယ်များထဲသို့ သကြားရေပူပူများ လောင်းထည့်ကာ တစ်ယောက် တစ်လုံးစီ ပေးလိုက်သည်။
"နင်တို့ ဒီနေ့ ငါရဲ့တတိယအဘိုးအိမ်ကို မသွားကြဘူးလား? ဒါမှမဟုတ် နင်တို့ သွားပြီမှ ပြန်လာတာလား?" စုန့်တင်းရှန်းက မျက်လုံးတောက်တောက်လေးများဖြင့် စနောက်လိုက်သည်။
တန်ဟုန်က ပြုံးလိုက်ပြီး ဖရဲစေ့လက်တစ်ဆုပ်စာလောက်ကို ယူလိုက်ကာ "အိုး... နင် စိတ်ပူမနေနဲ့တော့။ ငါတို့ ဘယ်မှ ထပ်မသွားတော့ဘူး။ ငါတို့က အဲ့ပွဲကို သွားပြီးမှ ဒီကို လာခဲ့တာ၊ အဲ့မှာလည်း ငါတို့ လုပ်နိုင်တာ ဘာမှလည်း မရှိဘူးလေ၊ ဒါကြောင့် ဒီကို လာလိုက်တာ၊ ချောင်ရှင်းကျဲ(အစ်မချောင်ရှင်း) နင်က ဘာလို့ ငါတို့နဲ့အတူ ခန်ပေါ်မှာ လာမထိုင်ဘဲ ဘေးနားမှာ ရပ်နေတာလဲ? သူစိမ်းကျနေတာပဲ"
ချောင်ရှင်းက သူမ၏စကတ်ကို သေသေချာချာ ပြန်ဆန့်လိုက်ပြီး ခန်အစွန်းတွင် ဝင်ထိုင်လိုက်ကာ အပြုံးဖျော့ဖျော့လေးဖြင့် "ငါ မတက်တော့ဘူး။ ဒီမှာပဲ ထိုင်မယ်၊ ငါ့အမေက ငါ့ကို ငါ့အသက်နဲ့ သင့်တော်တဲ့ မိန်းခလေးတစ်ယောက်လို ပြုမူနေထိုင်ဖို့ မှာထားတယ်"
သူမကို ကြည့်ရသည်မှာ အသက်ကြီးသောအမျိုးသမီးလေးနှင့် တူနေသောကြောင့် စုန့်တင်းရှန်းက မျက်ခုံးပင့်ကာ ပြုံးလိုက်ပြီး "အိုး တကယ်လား? ဘယ်အရွယ်ရောက်ရင် ကုတင်ပေါ်မှာထိုင်ဖို့ မသင့်တော်တော့တာလဲ? နင့်ကို ဒါတွေ ဘယ်သူ သင်ပေးတာလဲ? နင်က မိန်းမကြီးနဲ့တူနေပြီ"
ထိုသို့ပြောပြီးနောက် သူမက ချောင်ရှင်းကို မျက်စောင်းထိုးလိုက်သည်။
ချောင်ရှင်း၏ မျက်နှာက နီရဲသွားပြီး သူမက စုန့်တင်းရှန်းကို ဖက်ခနဲ လှမ်းပုတ်လိုက်ကာ "နင့်ရဲ့ပါးစပ်ကတော့လေ၊ ငါ နင့်ကို စိတ်ဆိုးလိုက်မှာနော်!"
စုန့်တင်းရှန်းက ရယ်မောလိုက်ပြီး သူမ၏ရိုက်ပုတ်မှုကို အလွယ်တကူ ရှောင်ပုန်းကာ ဆက်ပြောလိုက်သည်။ "နင်က နောက်နှစ်အထိ အိမ်ထောင်ပြုရမှာ မဟုတ်သေးဘူး။ ငါက နောက်လမှာ လက်ထပ်ရတော့မယ်၊ ဒါပေမယ့် ငါ့အမေက ငါ့ကို ခန်ပေါ်မှာ မထိုင်ရဘူးလို့ တစ်ခါမှ မပြောခဲ့ဖူးပါဘူး၊ ငါ ကြိုက်သလို နေလို့ရတယ်"
တန်ဟုန်က ဖရဲစေ့ လက်တစ်ဆုပ်စာကို သူမ၏ပါးစပ်ထဲသို့ ထိုးထည့်လိုက်ပြီး သူမလက်ပေါ်မှ အမှိုက်များကို ပွတ်သပ်ခါချနေရင်း "အာ...တင်းရှန်း... ဒါက မတူဘူးလေ၊ နင့်မှာက စိတ်ပူစရာ မရှိဘူး၊ နင့်မှာ ယောက္ခမ မရှိဘူးဆိုတော့ နင် လုပ်ချင်တာမှန်သမျှ နင်လုပ်လို့ ရတယ်။ ဒါပေမယ့် ချောင်ရှင်းကျဲကတော့ မတူဘူးလေ၊ သူ(မ)မှာ ယောက္ခမတွေတင်မကဘဲ အဖွားတစ်ယောက်လည်း ရှိသေးတယ်၊ ပြီးတော့ ဆူဆူညံညံ လုပ်တက်တဲ့ မိသားစု တစ်ခုလုံးနဲ့ ဆက်ဆံဖို့လည်း ရှိနေသေးတယ်။ ငါ့အမေ ပြောတာက မိန်းခလေးတွေ အိမ်ထောင်ပြုတဲ့အခါ တခြားသူရဲ့ မိသားစုက အစိတ်အပိုင်းဖြစ်လာမှာတဲ့၊ အဲ့တာကြောင့် သူတို့ရဲ့ စည်းကမ်းတွေကို လိုက်နာဖို့ လိုတယ်။ ကိုယ့်အိမ်မှာနေသလို ကိုယ့်စိတ်ကြိုက်နေလို့ မရတော့ဘူး”
စုန့်တင်းရှန်းတစ်ယောက် အတွေးထဲသို့ နှစ်ဝင်သွားရပြန်သည်။
ဒါက တကယ့်ကို ခါးသီးတဲ့ အမှန်တရားပါပဲ၊ သူမ ဒါကို အသိအမှတ် မပြုချင်ရင်တောင် “တိုးတက်နေပြီ”လို့ သတ်မှတ်ထားတဲ့ သူမနေထိုင်ခဲ့တဲ့ ခေတ်သစ်မှာတောင် အမျိုးသမီးတွေက စစ်မှန်တဲ့ လွတ်လပ်မှုကို မရကြသေးပါဘူး။ ဒီလို ရှေးခေတ်ဆိုရင်တော့ ထည့်ပြောဖို့တောင် မလိုတော့ဘူး။ ဒီခေတ်မှာ မိန်းခလေးတစ်ယောက်အတွက် ပြည့်စုံတဲ့ဘဝနဲ့ နေထိုင်ဖို့ဆိုတာ မဖြစ်နိုင်သလောက်ပါပဲ။ သူမတို့ရဲ့လည်ပင်းမှာ သံကွင်းတစ်ကွင်း အစွပ်ခံထားရသလို အမြဲတမ်း လေးလံတဲ့ဘဝနဲ့ နေထိုင်ကြရတယ်။
ချောင်ရှင်းကလည်း စကားဝိုင်းကို ဝင်ရောက် ထောက်ခံလိုက်ပြီး "ဟုတ်တယ်၊ ငါ့အမေက တင်းရှန်းက ကံကောင်းတယ်လို့ နင့်ကို ချီးကျူးနေတာ။ နင့်အတွက်က စည်းမျဥ်းတွေ အများကြီး မရှိသလို နင့်ကို ထိန်းချုပ်ထားမယ့် လက်တွေလည်းမရှိဘူး၊ အနာဂတ်မှာ နင့်က နင့်တို့အိမ်ရဲ့သခင်ဖြစ်လာလိမ့်မယ်"
စုန့်တင်းရှန်း ဘာမှ ပြန်မပြောနိုင်သေးခင်မှာပင် စပ်စုတက်သော စန်းယာက ရုတ်တရက် ဘောလုံးတစ်လုံး ပစ်သွင်းလိုက်သည်။ "ဟေ့... တင်းရှန်း... နင် ကျိုးထျဲကျူးနဲ့လက်တွဲဖူးလား?"
ထိုစကား ဆုံးသည်နှင့် မျက်လုံးသုံးစုံက စုန့်တင်းရှန်းဆီသို့ တည့်တည့်ကျရောက်လာတော့သည်။
အကြောင်းအရာ ရုတ်တရက် သူမဘက်သို့ ပြောင်းလဲလာလိမ့်မည်ဟု မမျှော်လင့်ထားသော စုန့်တင်းရှန်းက ရှက်ရွံ့သွားပြီး သူမ၏ပါးပြင်လေးများက အနည်းငယ် နီရဲလာကာ သူမက လက်ကို အလျင်စလို ဝှေ့ယမ်းလိုက်ပြီး "ဘယ်လိုဖြစ်နိုင်မှာလဲ? ငါတို့က ပုံမှန်နေ့တွေမှာတောင် ဆုံခဲတယ်။ အခု သူက အနောက်ဘက်ခြံထဲမှာ နေနေတယ်၊ သူက ငါတို့အိမ်ကို ထမင်းစားဖို့ လာတာပဲ ရှိတယ်၊ ကျန်တာ ဘာမှ မရှိဘူး"
အားလုံးက သူမစကားကို စောင့်မျှော်နေသော်လည်း သူမက ရယ်မောကာ ရှောင်ထွက်လိုက်သည်။
စန်းယာက လက်မလျော့သေးဘဲ ချောင်ရှင်းဘက်သို့ လှည့်လိုက်ပြီး "ချောင်ရှင်းကျဲ၊ နင် တာ့ယွမ်ကောနဲ့ လက်တွဲဖူးလား?"
ချောင်ရှင်းကလည်း ရှက်ရွံ့သွားပြီး သူမ၏လက်ကို မြှောက်ကာ စန်းယာကို လှမ်းပုတ်လိုက်ပြီး "နင့်လို မိန်းမငယ်လေးက ဘာလို့ ဒီမေးခွန်းတွေကို အချိန်တိုင်း မေးနေရတာလဲ? နင် ဘာလို့ ဒီလိုအရာတွေကို ဂရုစိုက်နေရတာလဲ? နင့်အတွက် မိသားစုရှာပေးဖို့ နင့်အမေကို မြန်မြန် သွားပြောလိုက်တော့။ အချိန်တန်ရင် နင် သိလာလိမ့်မယ်"
စန်းယာက အသက်ဆယ့်လေးနှစ်သာ ရှိသေးပြီး ထိုအရာများကို ခံစားနိုင်ရန် အရွယ်မရောက်သေးသော်လည်း သူမက စူးစမ်းချင်သာအရွယ်သာ ဖြစ်သည်။
မိန်းခလေးများက တစ်ယောက်နှင့်တစ်ယောက် နောက်ပြောင်ကျီစယ်နေကြပြီး နောက်ဆုံးတွင် စုန့်တင်းရှန်းက စကားလမ်းကြောင်းကို ပေါ့ပေါ့ပါးပါး ပြောင်းလိုက်ကာ စုန့်လောင်စန်း၏အိမ်ဆီသို့ ပြန်ဦးတည်လိုက်သည်။ "ဒီနေ့ နင်တို့ ငါ့ရဲ့တတိယအဖိုးအိမ်မှာ ဘာတွေ စားခဲ့ရလဲ?"
စန်းယာ၏မျက်လုံးလေးများက တောက်ပလာပြီး "ဂေါ်ဖီထုပ်ချဉ်နဲ့ ဝက်သား ဟင်းရည်၊ တို့ဟူးဟင်း၊ ဂေါ်ဖီထုပ်ကြော်၊ အာလူးဟင်း၊ ကြက်သွန်နဲ့ ကြက်ဥမွှေကြော်..အဲ့တာတွေ ကျွေးတယ်၊ ဟိုစားပွဲနှစ်လုံးမှာတော့ ဟင်းတွေ အပြည့်ပဲ၊ စားပွဲတစ်လုံးက ရွာသူကြီးအတွက်တဲ့၊ နောက်တစ်လုံးက အောင်သွယ်အတွက်လေ၊ မုန့်ပေါင်းတောင်မှ မပါဘူး၊ ပန်ကိတ်တွေက ငါ့အမေလုပ်တာလောက်တောင် စားလို့ မကောင်းဘူး။ မနက်ဖြန်မှာ ညစာစားပွဲကို ရှိတယ်လို့ ပြောပေမယ့် ငါတို့ကို မဖိတ်ဘူး”
သူမတို့ရွာ၏ အနီးနား ပတ်ဝန်းကျင်တွင် ထိုသို့ မင်္ဂလာပွဲပြုလုပ်သည့် ဓလေ့ထုံးစံများရှိပြီး လူတိုင်းက ပွဲအကြောင်းကို စိတ်အားထက်သန်စွာ ပြန်ဆွေးနွေးလေ့ရှိကြသည်။ မင်္ဂလာမဆောင်မီ တစ်ရက်အလိုတွင် သတို့သမီး၏မိသားစုက လူများကို ထမင်းစားရန် ဖိတ်ကြားလေ့ရှိပြီး နောက်တစ်ရက်တွင် သတို့သမီးက သတို့အားအိမ်သို့ ပြောင်းရွေ့နေထိုင်ရမည်ဖြစ်ကာ သူမ၏မိဘများက သတို့သမီး လာကြိုသူများနှင့် ဝိုင်းဝန်းကူညီပေးသူများကို ထပ်မံဧည့်ခံလေ့ရှိကြသည်။ များသောအားဖြင့် ဟင်းလျာများက သတို့သမီးမိသားစု၏ကြယ်ဝမှုအပေါ် မူတည်လေ့ရှိသည်။
သူတို့ကျွေးတဲ့ ဟင်းအမျိုးအစားက သူတို့ရဲ့ပိုင်ဆိုင်မှုကို အကျယ်တဝင့် ပြောပြနိုင်တယ်။ တချို့မိသားစုတွေကတော့ နှိမ်နှိမ်ချချ နေတက်ပေမယ့် အများစုကတော့ ရှိသမျှကို ထုတ်ပြပြီး သူတို့ရဲ့ကံကြမ္မာကို ပြသတက်ကြတယ်။ အများအားဖြင့် ပြောရရင်တော့ ဝက်သားဝယ်ပြီး အိုးကြီးတစ်လုံးမှာ ဂေါ်ဖီထုပ်ချဉ်နဲ့ ရောပြုတ်ထားတာပါပဲ၊ ပိုတက်နိုင်တဲ့မိသားစုတွေကတော့ နည်းနည်းကောင်းတဲ့ ဟင်းပွဲတွေဖြစ်တဲ့ မုန့်နှစ်နဲ့ကြော်ထားတဲ့ အသားလုံးကြော်တို့ ငါးပေါင်းတို့လို ဆီပါတဲ့ဟင်းတွေ ထပ်ထည့်ကြတယ်။
စည်ကားသိုက်မြိုက်တဲ့ အခမ်းအနားတွေ မရှိတဲ့ ကျေးလက်နေပြည်သူတွေအတွက်တော့ ဒီလိုပွဲမျိုးက သာမာန်ညစာနဲ့ မတူတော့ပါဘူး။ တချို့ ဆင်းရဲတဲ့ မိသားစုတွေမှာတောင် အိမ်နီးနားချင်းမိသားစုတွေက သူတို့ရဲ့ကိုယ်တိုင် စားစရာတွေကို ယူဆောင်လာပြီး ထည့်ဝင်ကြတာကြောင့် ခမ်းနားတဲ့ လူစုကြီးကို ဖြစ်ပေါ်စေပြီး အတင်းအဖျင်းတွေကလည်း စျေးပေါတဲ့ ဆန်အရက်နဲ့အတူ လျောလျောရှူရှူ ထွက်ကျလာတော့တယ်။
သူမတို့ ရွာမှာလဲ လက်ထပ်တာက ဒီလိုပါပဲ။ စုန့်လောင်စန်းရဲ့မိသားစုမှာ ညစာ မလုံလောက်တာကြောင့် အိမ်နီးနားချင်းတွေနဲ့ ဆွေမျိုးတွေက သူတို့ကို စားဖို့ အစားအစာတွေ ယူလာပေးတဲ့အတွက် အဆင်ပြေပါတယ်။
ယခုအချိန်တွင် မိန်းမငယ်လေးများ စုရုံးနေပြီး စကားစမြည် ပြောနေကြသောကြောင့် ထိုအရည်ရွှမ်းသော အကြောင်းအရာကို အသေးစိတ် ခွဲခြမ်းစိပ်ဖြာရန် ပြင်ဆင်ကြတော့သည်။ စန်းယာ၏ ကျယ်လောက်သော ပါးစပ်ပေါက်က အတားအဆီး မရှိသောကြောင့် သားသတ်သမား၏ သားလှီးဓားဖြင့် ခပ်ပါးပါး လှီးထားသလို ဖြစ်နေသည့် သူမ၏စကားလုံးများက ခပ်မြန်မြန် ခုန်ထွက်လာတော့သည်။
"ငါ ဒီနေ့ ရှမိသားစုက လူတွေကို တွေ့လိုက်တယ်”
သူမက သရော်လှောင်ပြောင်သံဖြင့် စတင်လိုက်ပြီး “ရှမိသားစုက လူငယ်လေးကတော့ ကြည့်ရတာ ပုံမှန်အတိုင်းပါပဲ။ ကျန်တဲ့သူတွေကတော့ ဂေါ်ဖိထုတ်တွေ ပြုတ်ထားသလိုပဲ၊ သူ့ရဲ့ဝမ်းကွဲအကြီးဆုံးဆိုတဲ့ တစ်ယောက်က တို့ဖူးတုံးလို ဖောင်းပွနေတယ်၊ ပြီးတော့ သူတို့မိသားစုက အဒေါ်က... အိုး အမေရေ၊ သူ့(မ)မျက်နှာက ငါ့ကို သေအောင်ကြောက်လန့်စေတယ်၊ ဘယ်လို ပြောရမလဲ? နင့်အဖေရဲ့ အသားဆိုင်က ဝက်ကတောင် သူ့(မ)လောက် ကြောက်ဖို့ မကောင်းဘူး"
စုန့်တင်းရှန်းက ပေါ့ပေါ့ပါးပါး ရယ်မောလိုက်ပြီး စကားစကို ထပ်ဆွဲထုတ်လိုက်သည်။ "ထောင်ဟုန်ရော ဘယ်လိုလဲ? နင် သူ(မ)ကို မတွေ့ခဲ့ရဖူးလား?
သူ(မ)က အရင်ထဲက လှတာဆိုတော့ အခု ပိုတောင် လှနေဦးမယ်”
စန်းယာက ပြုံးလိုက်ပြီး “အိုး... သူ(မ)က အရင်လို လှနေတုန်းပဲ၊ ဒါပေမယ့် သူ(မ)ကို ကြည့်ရတာ နည်းနည်း ပိုပြည့်လာသလိုပဲ၊ သူ(မ)ပျော်နေလို့ အစားတွေ အများကြီး စားတယ်ထင်တယ်"
သွေးထိုးလှုံ့ဆော်သည့်နေရာတွင် ချောင်ရှင်းက သူမ သိနေသည်ဆိုသော အကြည့်များဖြင့် ချောင်းဟန့်လိုက်ကာ "တော်စမ်းပါဟယ်၊ နင်ရော ကောင်းကောင်းမစားလို့လား? နင်ကျတော့ ဘာလို့ မဝလာရတာလဲ?"
သူမက ပြေနေရင်းဖြင့် စုန့်တင်းရှန်းကို မျက်စိမှိတ်ပြလိုက်သည်။
စုန့်တင်းရှန်းက ချက်ခြင်း သဘောပေါက်သွားပြီး ရေအေးတစ်ပုံးလောင်ထည့်ရန် ပြင်ဆင်လိုက်သည်။ သူမက အံ့သြတကြီး အမူအရာဖြင့် သူမ၏ပါးစပ်ကို ဖွင့်လိုက်ကာ သူမ၏မျက်လုံးလေးများကလည်း ပြူးကျယ်နေသည်။
“ခဏနေဦး... နင်ပြောတာက......”
ချောင်ရှင်းက သူမပါးစပ်ကို အုပ်ကာ ရယ်မောလိုက်ပြီး သူမအသံကို လျှော့ချကာ အသံစူးစူးလေးဖြင့် "ငါ့အမေ ပြောတာတော့ ထောင်ဟုန့်မှာ အနည်းဆုံး သုံးလလောက်တော့ ရှိမယ်ထင်တယ်တဲ့၊ နင် ငါ့အမေအကြောင်းကို သိတယ်မလား? ငါ့အမေက ဒီအရာတွေနဲ့ပတ်သက်ပြီး ဘယ်တော့မှ မမှားဘူး"
စူးရှသော နားရွက်ရှိသော တန်ဟုန်သည် စပ်စုချင်စိတ်ဖြင့် သူမ၏ခေါင်းလေးကို စောင့်ငဲ့ကြည့်လိုက်ပြီး “သုံးလလား? အဲ့ဒါက ဘာကို ပြောတာလဲ?”
ချောင်ရှင်းက ထိတ်လန့်တုန်လှုပ်နေသော ငန်းတစ်ကောင်ထက်ပင် ပိုမြန်အောင် နောက်ပြန်ဆုတ်လိုက်ပြီး “အိုး ဘာမှ မဟုတ်ပါဘူး၊ သန့်စင်ခန်း သွားချင်လို့ တင်းရှန်းကို အဖော်ခေါ်နေတာ၊ ဘာ သုံးလမှ မပြောပါဘူး၊ နင် နားကြားလွဲသွားတာ ဖြစ်မယ်”
ထိုစကားကို ပြောပြီးနောက် သူမက စုန့်တင်းရှန်းကို ခန်ပေါ်မှ ဆွဲထုတ်ကာ စုန့်တင်းရှန်း ဖိနပ်စီးနေသည်ကို စောင့်ဆိုင်းပေးနေခဲ့သည်။ ထို့နောက် သူမက စုန့်တင်းရှန်းကို သန့်စင်ခန်းရှိသော နောက်ဖေးဘက်သို့ ဆွဲခေါ်သွားတော့သည်။
တခြားသူများ၏ဘေးနားမှ ထွက်လာသည်နှင့် စုန့်တင်းရှန်းက အသက်ကို ပြင်းပြင်းရှူလိုက်ပြီး ချောင်ရှင်းကို လှည့်ကြည့်ကာ "တကယ်မဟုတ်ဘူး မလား?"
"ငါ့အမေရဲ့မျက်လုံးထဲကနေ လွတ်နိုင်ပါ့မလား?" ချောင်ရှင်းက ခေါင်းညိတ်ပြလိုက်ပြီး သူမ၏ အသံတွင် ဂုဏ်ယူနေသော အရိပ်အယောင်များ ဖုံးလွှမ်းနေသည်။ သူမ ထို့သို ဂုဏ်ယူနိုင်လောက်အောင်လည်း သူမ၏အမေက ကလေးမွေးဖွားပေးရာတွင် ထူးခြားသော ကျွမ်းကျင်မှုရှိပြီး လက်တစ်ဖက်တည်းဖြင့် ကလေးမွေးပေးနိုင်သည်ဟု ဤအနီးတစ်ဝိုက်ရှိ ရွာများတွင်ပင် ကျော်ကြားနေခဲ့သည်။
ချောင်ရှင်းက "ငါ့အမေ ပြောတာက နင် အဲဒီနေ့က ရေထဲကျသွားတာ အံ့သြစရာ မဟုတ်တော့ဘူးတဲ့၊ ရှမိသားစုက စေ့စပ်ကြောင်းလမ်းမှုကို တော်တော်မြန်မြန် ဖြတ်ပစ်လိုက်တယ်လေ။ ရှမျိုးရိုး ပညာသင်သားက အဲ့ဒီလိုလူပဲ။ သူက စာအုပ်တွေကို ဖတ်ဖူးပေမယ့် အလကားပဲ၊ သူက ဟိတ်ဟန်များနေတာပဲ ရှိတယ်၊ တင်းရှန်း.... နင် ဘာမှ မစိုးရိမ်နဲ့နော်.. ကျိုးထျဲကျူးက နင့်အတွက် ပိုကောင်းတဲ့သူဖြစ်လာမှာပါ”
“ကျိုးထျဲကျူးလား?”
စုန့်တင်းရှန်း၏လေသံက သူမ၏စကားကို မယုံသလို ဖြစ်နေခဲ့သည်။
“သေချာတာပေါ့”
ချောင်ရှင်းက ဇွဲကောင်းကောင်းဖြင့် ထပ်ပြောလာပြန်သည်။ "သူ့မှာ ရည်မှန်းချက်တွေ ရှိပုံရတယ်၊ သူ စစ်တပ်ထဲကို ဝင်သွားတာက လုံးဝ မကောင်းတာတော့ မဟုတ်ဘူးလေ။ ဘယ်သူသိနိုင်မလဲ? သူက သူရဲကောင်းတစ်ယောက်အဖြစ်နဲ့ ပြန်ရောက်လာနိုင်သေးတယ်။ အချိန်တန်ရင် နင်က ကောင်းချီးပေးခံရလိမ့်မယ်။ ပြီးတော့ နင့်မှာ နင့်လည်ပင်းကို ညှစ်ထားမယ့် ယောက္ခမလည်း မရှိဘူး၊ သူ အမှုထမ်းဖို့ သွားတာနဲ့ နင်က နင့်အိမ်ကို ပြန်နေလို့ရပြီ၊ ရိုးရိုးသားသားပြောရရင် ငါ နည်းနည်းတောင် မနာလို ဖြစ်နေမိတယ်”
စုန့်တင်းရှန်း၏နှုတ်ခမ်းများက အပြုံးတစ်ခုဖြစ်ပေါ်လာသည်အထိ တွန့်ကွေးသွားပြီး အစောပိုင်းတွင် ရှိနေသည့် သူမ၏ သံသယများက အရည်ပျော်သွားတော့သည်။
"ဒါဆို နင် ပြောကြည့်စမ်းပါဦး၊ တာ့ယွမ်ကောက သင့်တော်တဲ့လူလို့ နင် မထင်ဘူးလား?"
ချောင်ရှင်းက ဒေါသတကြီး သက်ပြင်း မှုတ်ထုတ်လိုက်ပြီး စူးစူးရှရှ ဝန်ခံလိုက်သည်။ "သူက အဆင်ပြေလောက်တယ်လို့ ငါ ထင်တယ်၊ ဒါပေမယ့် သူ့မိသားစုက အရမ်းကြီးတယ်။ ဒါပေမယ့် ငါ့အမေကတော့ သူ့မိသားစုနဲ့ ပြောပေးမယ်လို့ ပြောတယ်၊ ငါနဲ့ တာ့ယွမ်အတွက် နောက်ထပ် အခန်းနှစ်ခန်း ထပ်ဆောက်ရလိမ့်မယ် အဲ့လိုမှ မဟုတ်ရင် ငါတို့အားလုံး အဆင်ပြေမယ့် နည်းလမ်းမရှိဘူးလို့ ငါ့အမေက ပြောတယ်။ လက်ရှိနေရာက အရမ်းကျဉ်းနေတယ်" ထိုစကားကို ပြောပြီးနောက် ချောင်ရှင်းက သူမအတွက် သူမ အနည်းငယ် စိုးရိမ်လာပုံရပြီး သူမ၏စကားထဲမှ လေးလံမှုများအတိုင်း သူမ၏မျက်ခုံးများက တွဲကျလာသည်။
သားသမီးမြေးများ များများမွေးခြင်းက ကံကောင်းခြင်းများကို ဆောင်ကြဉ်းပေးနိုင်သည်ဟု ရှေးလူများက ယုံကြည်ကြသည်။ ကလေးများကို ပြုစုပျိုးထောင်ရန် တတ်နိုင်သည်ဖြစ်စေ မတတ်နိုင်သည်ဖြစ်စေ ကလေးတစ်ယောက်ပြီး တစ်ယောက် မွေးရန် အလုပ်ကြိုးစားကြသည်။ ထို့ကြောင့် ယခုအချိန်တွင် မိသားစုကြီးတစ်ခုလုံး အတူတကွ နေထိုင်ကြပြီး မျိုးဆက်သုံးဆက်၏အဘိုးအဘွားများမှ စ၍ မြေးငယ်လေးများအထိ ခန်တစ်ခုတည်းပေါ်တွင် အိပ်ကြရသည်။ ထိုအရာက တွေးကြည့်ရုံဖြင့် အသက်ရှူကျပ်စေပြီး ဦးရေပြားများကို ထုံကျင်လာစေနိုင်သော အဖြစ်အပျက်သာ ဖြစ်နေတော့သည်။
သို့သော်လည်း မိသားစုတိုင်းတွင် ဖြေရှင်းရခက်ခဲသော ပြသနာကိုယ်စီ ရှိနေတက်သည်ကို နားလည်နေသော စုန့်တင်းရှန်းက ချောင်ရှင်းကို နှစ်သိမ့်ပေးလိုက်ပြီး နှစ်ယောက်သား လက်ချင်းချိတ်ကာ အိမ်ခန်းထဲသို့ ပြန်သွားလိုက်ကြသည်။
မိန်းခလေးများက ရောက်တက်ရာရာ ပြောဆိုနေရင်း စကားဝိုင်းက တဝဲလည်လည် ဖြစ်နေခဲ့သည်။ ကောင်မလေးများက စကားအနည်းငယ် ပြောပြီးသည်နှင့် ရယ်မောကြပြန်သည်။ ပေါ့ပေါ့ပါးပါး စကားစမြည်ပြောဆိုရခြင်းက စိတ်ကို ပျော်ရွှင်စေသော်လည်း အချိန်ကနောက်ကျလာပြီဖြစ်သောကြောင့် မိန်းခလေးအများက စုန့်တင်းရှန်းကို နှုတ်ဆက်လိုက်ကြသည်။
ချောင်ရှင်းနှင့်အခြားလူများကို ပြန်လိုက်ပို့ပြီးနောက်တွင် စုန့်တင်းရှန်းက သူမ၏ အတွေးထဲတွင်သို့ နစ်ဝင်သွားပြီး သူမ၏စိတ်ထဲတွင် ထူးဆန်းစွာ ဖုံးလွှမ်းနေသည့် မြူခိုးများ ကင်းစင်သွားသလို ခံစားလိုက်ရသည်။ ထိုနော်ကတွင် ကြီးမားသော ရုပ်ပုံကြီး၏အပိုင်းအစများ စုစည်းမိကာ ရုပ်လုံးပေါ်လာတော့သည်။
သူမက ထောင်ဟုန်ရဲ့လုပ်ရပ်အပေါ် သံသယရှိနေပြီး ရှမိသားစုရဲ့ရုတ်ခြည်း ဆုံးဖြတ်ချက်တွေက တစ်ကိုယ်ကောင်းဆန်ပြီး ယုတ်မာတယ်လို့ တွေးထားခဲ့ပေမယ့် ဒီလိုမျိုးဖြစ်လာလိမ့်မယ်လို့တော့ သူမ မထင်ထားခဲ့ဘူး။ အမှန်တရားက သူမ ထင်ထားတာထက် ပိုနက်နဲနေတယ်၊ ရက်ကို သေသေချာချာ ရေတွက်ကြည့်လိုက်တော့ သူမ ရေထဲကျသွားရတဲ့ အကြောင်းရင်းက ထောင်ဟုန်က ကြာကြာမစောင့်နိုင်တော့တာကြောင့်ပဲ၊ သူမ ရေထဲကို ပြုတ်ကျသွားတာက ထောင်ဟုန် မတော်တဆ တွန်းချလိုက်တာ မဟုတ်ဘူး။ ကျိုးထျဲကျူး တောင်ပေါ်ကနေ ဆင်းလာတဲ့အချိန်နဲ့ တိုက်ဆိုင်နေတာက အပြည့်အ၀ တွက်ချက်ထားတဲ့ လှုပ်ရှားမှုတစ်ခု ဖြစ်နေတာကြောင့်ပဲ။
ပြီးတော့ ရှမိသားစု?
ရှမိသားစုကလည်း ထောင်ဟုန် အကြောင်းကိုလည်း သိထားနိုင်တယ်၊ အဲ့တာကြောင့် သူတို့က စေ့စပ်ပွဲကို ဖြတ်ဖို့ မစောင့်နိုင်တော့တာပဲ။
ဒါပေမယ့် မီးကို စက္ကူနဲ့ ကာလို့ မရဘူး။ အဲ့လိုပဲ ဒီလျှို့ဝှက်ချက်တွေကို အကြာကြီး မြှုပ်နှံထားဖို့ မဖြစ်နိုင်ဘူး။ ထောင်ဟုန် ရှမိသားစုကို ဝင်သွားပြီး လမစေ့ဘဲ ကလေးမွေးလိုက်တာနဲ့ တခြားသူတွေက သူမကို ဝေဖန်ကြတော့မယ်။
တကယ်လို့ ဒီကိစ္စတွေက ခေတ်သစ်မှာ ဖြစ်နေတာဆိုရင် ဒီလို အရှုပ်တော်ပုံတွေကို ဘေးဖယ်ထားလို့ရတယ်။ ဒါက ကြီးကြီးမားမား ဖြစ်လာမှာ မဟုတ်ဘူး၊ ဒါပေမယ့် အခုတော့ ... ဒီတင်းကျပ်တဲ့ လူ့အဖွဲ့အစည်းမှာ ဆိုရင် လောင်းကြေးက ပိုမြင့်လာလိမ့်မယ်။
ထောင်ဟုန်က ဘယ်လိုတွေ တွေးနေတာလဲ?
ညနေပိုင်းတွင် ဖန့်ရှီလည်း ထိုအကြောင်းကို သိသွားခဲ့သည်။ ထိုအရှုပ်တော်ပုံက လေပြင်းတိုက်သလို ရောက်ရှိလာခဲ့ပြီး သူမ၏ ဒေါသက ခြောက်သွေ့သော ထင်းစည်းပေါ်သို့ ကျရောက်သွားသော မီးကဲ့သို့ လောင်ကျွမ်းနေတော့သည်။ သူမက ခန်ပေါ်တွင် ထိုင်နေရင်း ကြိမ်ဖန်များစွာ ကဲ့ရဲ့ရှုံ့ချပြောဆိုနေသည်။
"ဘယ်လောက်တောင် ကမောက်ကမနိုင်တဲ့ အရှုပ်တော်ပုံကြီးလဲ? ထွီ...”
သူမက အသံထွက်အောင်ပင် တံတွေးထွေးလိုက်ပြီး “တတိယဦးလေး မိသားစုက ရည်မွန်တယ်ဆိုတဲ့ကလေး၊ ရှစ်ယောက်မြောက်အစ်ကိုရဲ့သမီးကောင်းလေး... ကျွတ်..ကျွတ်... ပညာတတ်ကလေးတစ်ယောက်က ရိုးရာဓလေ့တွေကို လျော့ပေါ့ပြီး လျစ်လျူရှုလိုက်တာ မဆန်းတော့ပါဘူး။ ခုတော့ ဘာဖြစ်သွားလဲ? အဲဒါတွေ အားလုံးရဲ့အောက်မှာ ညစ်ညမ်းလျှို့ဝှက်ချက်တစ်ခု ရှိနေတယ်ဆိုတာ သိသာသွားတာပေါ့"
စုန့်ကျစ်ယွမ်က အလွန် အရှက်ရနေပြီး ခေါင်းကို ငုံ့ကာ ဖန့်ရှီ၏ ဆူပူကြိမ်းမောင်းသံကို နားထောင်နေခဲ့သည်။ ဖန့်ရှီ၏ ချွန်ထက်သောလျှာက သူ့ကို ကြာပွတ်ဖြင့် ရိုက်နေသလို ထိုးနှက်နေသောကြောင့် သူ့မျက်နှာက ပူလောင်ပြီးရင်း ပူလောင်လာသည်။ သို့သော်လည်း သူက ဖန့်ရှီကို မတုံ့ပြန်ရဲဘဲ မုန်တိုင်းထဲသို့ တိုးဝင်မည့်အစား ခေါင်းကိုသာ ငုံ့ထားလိုက်သည်။
သို့သော်လည်း ဖန့်ရှီက မရပ်သေးဘဲ အလွန်ဒေါသထွက်ကာ ဆက်လက် ဆူပူနေခဲ့သည်။ "ချစ်စရာကောင်းပြီး စကားချိုချိုလေးတွေ ပြောတက်တဲ့ ထောင်ဟုန်ဆိုတဲ့ မိန်းကလေးက ယဉ်ကျေးသိမ်မွေ့တဲ့ပုံပေါ်ပေမယ့် သူ(မ)က ဒီလောက် အရှက်ကင်းမဲ့လိမ့်မယ်လို့ ဘယ်သူက ခန့်မှန်းမိမှာလဲ? အခု အဓိက ပြသနာက ငါတို့မိသားစုတွေရဲ့ ဂုဏ်သတင်းကို ထိခိုက်စေပြီ၊ တကယ့်ကို အရှက်တကွဲ အကျိုးနည်းဖြစ်စေတဲ့ လုပ်ရပ်ပဲ၊ စုန့်မိသားစုရဲ့ မျိုးရိုးနာမည်က သူ(မ)ကြောင့် ရွှံ့ထဲဆွဲနှစ်ခံလိုက်ရပြီ၊ ရှင့်ရဲ့တတိယဦးလေးက တကယ်ပဲ မသိတာလား? ဒါမှမဟုတ် သူတို့ပါရောပြီး လှည့်စားနေကြတာလား?”
သူမ၏အသံတွင် အချွန်အတက်များ အထေ့အငေါ့များ ပြည့်နေပြီး စကားများကလည်း ရင့်သီးလွန်းသောကြောင့် သူမ၏ရွံရှာမှုကို အတိအကျ ဖော်ပြနေခဲ့သည်။
"ငါ ဘယ်လို သိမှာလဲ? မိန်းကလေးက ဒီလောက်တိတ်ဆိတ်နေတာကို ဘယ်သူက ခန့်မှန်းနိုင်မှာလဲ? ဟင်းး..."
စုန့်ကျစ်ယွမ်က ယောင်ဝါးဝါး တုံ့ပြန်လိုက်ပြီး သူ့အသံက ခပ်လျော့လျော့ဖြစ်နေကာ မသေချာမှုများ ပါဝင်နေသည်။ သို့သော်လည်း သူ့၏အကူအညီမဲ့နေမှုနှင့် သက်ပြင်းချသံက ဖန့်ရှီ၏ဒေါသကို မငြိမ်းသက်နိုင်ခဲ့ပေ။
"ကံကောင်းတာက တင်းရှန်းက ရှမိသားစုနဲ့ အိမ်ထောင်မပြုရသေးတာပဲ။ အဲ့အတွက် မိုးကောင်းကင်ကိုတောင် ကျေးဇူးတင် မိသေးတယ်”
တစုံတစ်ခုကို တွေးမိသောကြောင့် ဖန့်ရှိ၏ တုန်လှုပ်နေပြီး သူမ၏အသံတွင် စိတ်သက်သာရာရမှုနှင့် ဒေါသတို့ ရောထွေးနေသည်။
“သူတို့က ဘယ်လို လူမျိုးတွေလဲ? စေ့စပ်ထားတာတောင် တခြားမိန်းကလေးနဲ့ ရောထွေးနေသေးတယ်၊ သူက မိန်းခလေးရဲ့ခန္ဓာကိုယ်ကိုတောင် ထိပါးလိုက်သေးတယ်။ အဲ့တာနဲ့များ ပညာသင်သား ဖြစ်နေသေးတယ်၊ ဟက် ပြောရတာတောင် ကျက်သရေ မရှိတော့ဘူး၊ အဲ့အကြောင်းပြောရတာ ကျွန်မ အသားတွေတောင် ယားယံလာတယ်”
ဖန့်ရှီက ပြောနေရင်းဖြင့် သူမ၏ စိတ်အလိုမကျမှုများက ပွက်ပွက်ဆူလာကာ သူမကိုင်ထားသောအပ်ကို အပ်ချုပ်ခြင်းတောင်းထဲသို့ လိုအပ်သည်ထက်ပို၍ ထိုးသွင်းလိုက်ရင်း စုန့်ကျစ်ယွမ်ကို ခြိမ်းခြောက်လိုက်သည်။
“စုန့်ကျစ်ယွမ်... ရှင် ကျွန်မ စကားကို သေချာနားထောင်၊ တင်းရှန်းလက်ထပ်ရင် ရှင့်ရဲ့တတိယ ဦးလေးမိသားစုကို မဖိတ်နဲ့။ ကျွန်မ သူတို့ကို သည်းမခံနိုင်ဘူး၊ တွေးနေရင်းနဲ့တောင် ကျွန်မ ပိုဒေါသဖြစ်လာပြီ၊ အဲဒီ့မိသားစုက လူတွေရဲ့မျက်နှာကို ဒီအပ်ချုပ်ခြင်းတောင်းနဲ့ ပစ်ပေါက်ချင်နေပြီ”
သို့သော်လည်း စုန့်ကျစ်ယွမ်က တုံ့ဆိုင်းသွားကာ သူ့အမူအရာက ငြင်းဆန်ချင်နေပုံဖြင့် တိုးတိုးလေး ရေရွတ်လိုက်သည်။
“သူက ငါ့ရဲ့ တတိယဦးလေးလေ”
ဘာပဲဖြစ်ဖြစ် သူ့ရဲ့တတိယဦးလေးကို မဖိတ်ပဲ ဘယ်လိုနေလို့ ရမှာလဲ?
ဖန့်ရှီက မျက်မှောင်ကြုတ်လိုက်ကာ ပိုတင်းမာလာသော်လည်း သူမက ဤရန်ပွဲကို စွန့်လွှတ်လိုက်ပြီး သက်ပြင်းချလိုက်သည်။ သူမက ခဏလောက် စဉ်းစားနေခဲ့ပြီး အဖြေရသွားပုံဖြင့် “ကောင်းပြီ ဒီအတိုင်း ထားလိုက်မယ်။ ရှင် သူတို့ကို ဖိတ်လိုက်၊ ကျွန်မတို့က မဖိတ်ရင် ကျွန်မတို့မိသားစုက ယုတ်မာတယ်လို့ သူတို့က ပြောကြဦးမယ်။ ကျွန်မတို့က သူတို့လိုအဆင့်အထိ လျော့ချပြီး ကိုယ့်ကိုကိုယ် သိမ်ငယ်စေမှာ မဟုတ်ဘူး၊ ဒါပေမယ့် စုန့်ကျစ်ယွမ်... ရှင် မှတ်ထား အနာဂတ်မှာ ဘာပဲဖြစ်နေနေ ရှင့်ရဲ့တတိယဦးလေး မိသားစုနဲ့ ဝေးဝေးနေသင့်တယ်။ သူတို့ ကိစ္စတွေကို ဝင်မပါနဲ့၊ ဒီလူတွေက အရှက်ရစရာအပြင် ဘာမှ မလုပ်တက်ကြဘူး"
"ငါ သိပါတယ်..." စုန့်ကျစ်ယွမ်က လေးလေးလံလံ တုံ့ပြန်လိုက်ပြီး သက်ပြင်းချလိုက်ပြန်သည်။
ယခု သူ လုပ်နိုင်တာက ရှမိသားစုနဲ့ ထောင်ဟုန်က အခြေအနေကို ပိုပြီး ကမောက်ကမ ဖြစ်အောင် မလုပ်ဖို့ ဆုတောင်းရုံပဲ ရှိတော့တယ်။ သူမက မကြာခင် အခြားရွာကို သွားနေတော့မှာဆိုတော့ သူတို့အားလုံး နောက်ထပ်အရှက်ရဖို့ မလိုတော့ရင် အကောင်းဆုံးပါပဲ။
ဒါပေမယ့် သူ လေးလေးနက်နက် နားလည်နေတာကတော့ ဒီအရှုပ်တော်ပုံက သူ့ကို နှစ်ပေါင်းများစွာ ခြောက်လှန့်နေတော့မယ်ဆိုတာပါပဲ။ သူရဲ့တူမလေး ကောင်းကောင်းမွန်မွန် နေထိုင်ဖို့ သူ တောင်းတဲ့ တစ်ခုတည်းသောဆုက မီးထဲကို လောင်စာထပ်မထည့် မိစေဖို့ပါပဲ။ ဒါက မိသားစုအတွက် အရှက်ရာစရာတစ်ခုတင်မကဘဲ သူ့အတွက်လည်း သူ ဘယ်တော့မှ ရုန်းမထွက်နိုင်တော့မယ့် အရှက်တရားတစ်ခုပါပဲ။
တကယ်ကို အရမ်းရှက်စရာကောင်းတယ်။
🌟🌟🌟🌟🌟 Thank you for always being my greatest supporter. 🌟🌟🌟🌟🌟