အပိုင်း (၅၂) (က)
နေ့လယ်ခင်းတွင် ကုန်သည်ယာဥ်တန်းသည် တောလမ်းထဲသို့ ရောက်လာခဲ့သည်။ အားလုံးက သည်နေရာတွင် ခဏအနားယူလိုက်ပြီး တစ်ခုခု စားသောက်လိုက်ကြသည်။ ထို့နောက် သူတို့သည် ခရီးဆက်လိုက်ကြလေသည်။
မကြာခဏဆိုသလို လီစုန်းက ကျန်းမိသားစုအခြေအနေကို လှည့်ပြီး စစ်ဆေးကြည့်လေသည်။ သူ့အဖေက ကျန်းမိသားစုကို စောင့်ရှောက်ပေးဖို့ရန် မှာထားလေသည်။
ကျန်းမိသားစုက အံ့ဩစရာကောင်းသည်ဟု သူက ထင်မိသည်။ ရွာက သာမန်မိသားစုတစ်ခုသည် လုမြို့သို့ တခါမှ မရောက်ဖူးကြပေ။ သူတို့သည် လုမြို့တွင် ငွေရှာနိုင်သည်ဟု ကြားလိုက်ချိန်တွင် ထိုနေရာသို့ သွားရဲကြသည်။ သူသာဆိုလျှင် လုပ်ရဲမည်မဟုတ်ပေ။ သူ့ပထမဆုံး အာမခံအလုပ်ခရီးအကြောင်း ပြန်စဥ်းစားမိတော့ လုမြို့သို့ သွားရသည့်ခရီး ဖြစ်နေသည်။ အဖွဲ့က အာမခံဌာနက လူဟောင်းများအကုန် ပါလာသည်။ သူက နောက်မှလိုက်လာရုံသာဖြစ်ပြီး အလွန်မှ စိတ်ပူနေခဲ့မိသည်။
အမှန်တွင်တော့ ကျန်းချိန်သည် စိတ်ပူနေမိသည်။ ထို့ကြောင့် လီစုန်း သူ့ဆီလာသည်ကို မြင်လိုက်သောအခါ သူက လုမြို့အခြေအနေကို ဆက်တိုက်မေးနေမိလေသည်။
လမ်းတွင် ဘာပြဿနာမှ မရှိသဖြင့် လီစုန်းက သူ့ကို အသေးစိတ်ပြောပြလိုက်လေသည်။
ကျန်းယွင်ကျူးက ဘေးတွင်နားထောင်ရင်း သူပြောသည့်စကားနှင့် သူမ သိထားသည့်အချက်များကို အတည်ပြုကြည့်လိုက်သည်။ လီစုန်းက လူတစ်ယောက်ကို ထုတ်ပြောလိုက်ချိန်တွင်တော့ သူမက မေးရတော့သည်။ အနာဂတ်အစီအစဥ်အတွက် လမ်းခင်းထားရမည်ဟု စဥ်းစားထားလိုက်သည်။
လူများက စကားပြောလာကြရင်း လီစုန်းက သတိဖြင့် နောက်သို့ ရုတ်တရက် လှည့်ကြည့်လိုက်လေသည်။
“ဘာဖြစ်တာလဲ”
ကျန်းချိန်က စိုးရိမ်တကြီးမေးလိုက်လေသည်။ လမ်းတွင် ချန်ဖုန်းစီရင်စုမှ အငတ်ဘေးကြောင့် ကပ်ဘေးရှောင်လာသူများနှင့် တွေ့ပြီး တစ်ကြိမ်တွင် သူတို့သည် တောပုန်းဓားပြများကို တွေ့လိုက်ခဲ့ကြသည်။ ကံအားလျော်စွာ သူတို့ကို အဝေးမှ တွေ့လိုက်ကြသဖြင့် ရှောင်ရှားနိုင်ခဲ့လေသည်။ မဟုတ်လျှင်တော့ ဘာဖြစ်သွားမည်ကို အမှန်ပင် မသိနိုင်တော့ပေ။
“ဘာမှမဟုတ်ပါဘူး၊ ခင်ဗျားတို့ ဆက်ပြီးသွားလိုက်ကြ”
လီစုန်းက ပြန်ပြောလိုက်၏။ ထို့နောက် သူသည် သူ့မြင်းကို ပြန်လှည့်ပြီး အနားက ကျောက်ဆောင်တစ်ခုနောက်တွင် ပုန်းနေလိုက်သည်။
ကျန်းယွင်ကျူးနှင့် တခြားသူများက ဆက်သွားလိုက်ကြသည်။ ဆယ့်ငါးမိနစ်ကြာပြီးနောက် လီစုန်းက လူတစ်ယောက်ကို ဖမ်းမိခဲ့လေသည်။ နောက်တွင်တော့ မြည်းတစ်ကောင်ပါလာသည်။
ကုန်သည်ယာဥ်တန်းက ရပ်သွား၏။ လီစုန်းက ထိုလူကို မြေပေါ်သို့ ပစ်ချလိုက်တော့သည်။
ကုချီဖုန်းက ဝှစ်ခနဲ ထရပ်လိုက်သည်။ သူက လည်ချောင်းရှင်းလိုက်ပြီး စူပုတ်ပုတ်နှင့်ပြောလေသည်။
“ကျွန်တော် ခင်ဗျားနောက် လိုက်တာ မဟုတ်ဘူးလို့ ပြောပြီးပြီလေ၊ ဒီလမ်းက ခင်ဗျားမိသားစု ပိုင်တာမလို့လား၊ တခြားသူတွေက မသုံးရတော့ဘူးလား”
သူဖြစ်နေတာကိုး။ ကျန်းယွင်ကျူးတို့ အဖွဲ့သည် အံ့အားသင့်သွားကြတော့သည်။
သည်တစ်ကြိမ် လုမြို့တွင် ဆိုင်ဖွင့်ရန် သွားခြင်းဖြစ်သည်။ ကျန်းယွင်ကျူးက ရွှယ်ကျင်း၊ ကျန်းချိန်နှင့် အမျိုးသမီးချန်တို့ကိုသာ ခေါ်လာခဲ့သည်။ ရွှီချင်ရှန့်က လှည်းမောင်းပေးရသည်။
ပြောရမည်ဆိုလျှင် ကျန်းယွင်ကျူးသည် ကုချီဖုန်း၏ခေါင်းမာမှုကို လျှော့တွက်ခဲ့မိသည်ပဲ။ သူသည် ကျန်းမိသားစုကို တွယ်ကပ်နေပြီး ကျန်းအိမ်၏ နေရာတိုင်းက အလုပ်များကို ရှာဖွေလုပ်ခဲ့လေသည်။ သူ့မိဘများက သူ့ကို အကြိမ်ကြိမ် ပြန်ဆွဲခေါ်သွားခဲ့သော်လည်း အလုပ်မဖြစ်ခဲ့ပေ။ ထို့ကြောင့် နောက်ဆုံးတော့ သူတို့လည်း လွှတ်ထားလိုက်ကြတော့သည်။
ကုချီဖုန်း၏စကားအရ သူသည် ကုယန်ကျိုးလို တော်ဝင်စာမေးပွဲဖြေနိုင်လောက်သည်အထိ မတော်သည်ကို သိထားကြလေရာ သူတို့သည် နောက်ဆုံးတော့ ကံကိုသာ ပုံအပ်ထားလိုက်တော့သည်။
ထိုအချန်ကစပြီး သူသည် ကျန်းအိမ်ကို ပိုပြီး စောင့်ကြပ်လာခဲ့သည်။
အမှန်တွင်တော့ ကျန်းမိသားစုလည်း သူ့ကို တော်တော်လေးသဘောကျပါသည်။ သူသည် စိတ်သဘောထား ကောင်းမွန်ပြီး စာရင်းများကို လုပ်ကိုင်တတ်ကာ စကားပြောကောင်းသူတစ်ယောက် ဖြစ်လေသည်။ သူသည် တာဝန်ခံတစ်ယောက် ဖြစ်လာနိုင်သည့် လူတော်လည်းတစ်ယောက် အမှန်ပင်ဖြစ်လေသည်။
သည်တစ်ကြိမ်တွင် ကျန်းယွင်ကျူးတို့က လုမြို့သို့သွားကြမည်ကို ကြားလိုက်ရသောအခါ သူလည်း လိုက်သွားဖို့ရာ ဆက်တိုက် တွယ်ကပ်နေတော့သည်. ကျန်းယွင်ကျူက လက်မခံမည်ဟု ပြောရန်ပင် မလိုချေ။ မျှော်လင့်မထားဘဲ သူက နောက်မှ တိတ်တိတ်လေး လိုက်လာခဲ့လေသည်။
“ မိန်းကလေးတို့ သူနဲ့သိလား”
လီစုန်းက ကျန်းယွင်ကျူးနှင့် တခြားသူများက မေးလိုက်၏။ သူသည် ကျန်းအိမ်သို့ ခဏခဏ သွားခဲ့ဖူးပြီး ကျန်းအိမ်တွင် ကုချီဖုန်းကို တွေ့မိသည်ထင်သည်။
“ မင်းဘာဖြစ်လို့ လိုက်လာခဲ့တာ” ကျန်းချိန်က မေးလိုက်၏။
“ကျွန်တော် လုမြို့ကို သွားလည်ချင်လို့ပါ”
ကျန်းချိန်နှင့် တွေ့လိုက်ရသော်လည်း ကုချီဖုန်းက အလွန်မှ ရိုးသားနေသည်။ သူကမနေနိုင်တော့ဘဲ ဆက်ပြောလေသည်။
“နှစ်သစ်ကူးပြီးသွားရင် ကျွန်တော် အသက်၁၄နှစ်ပြည့်ပြီ၊ ကျွန်တော့်ဝမ်းကွဲအစ်ကိုကလည်း အသက်၁၄နှစ်မှာ မြို့တော်မှာ စာသွားသင်နေပြီ၊ ကျွန်တော်က သူ့လောက်မတော်ပေမဲ့ ကလေး မဟုတ်တော့ပါဘူး”
ဟုတ်ပါသည်။ ကုချီဖုန်းက သူ့ကိုယ်သူ သေချာနားလည်သည်။ သူသည် သည်ရက်ပိုင်းများတွင် ကျန်းမိသားစုကို ကူညီပေးခဲ့ပြီး အနာဂတ်တွင် သူလုပ်ချင်သည့်အရာကို သိလေသည်။ ထို့အပြင် တစ်ခါတလေ အခွင့်အရေးများသည် ခဏပဲရောက်လာတတ်လေရာ တိုက်ခိုက်ယူဖို့လိုသည့်အခါလည်း ရှိသည်။
သည်နေ့ခေတ်အခါတွင် အသက် ၁၄နှစ်သည်အမှန်ပင် မငယ်တော့ပေ။ တချို့လူများက လက်ထပ်ပြီး ကလေးပင်ရနေပြီ။
ကျန်းချိန်က ကျန်းယွင်ကျူးကို မေးစမ်းသည့်သဘောဖြင့် ကြည့်လိုက်လေသည်။ အခု သူတို့ဘာလုပ်ကြမလဲ။ လူကို အတင်းမောင်းပြန်ခိုင်းရမှာလား။ ခရီးတစ်ဝက်တောင် ရောက်နေပြီလေ။ ကုချီဖုန်းတစ်ယောက်ထဲ ပြန်လွှတ်ဖို့လည်း စိတ်မချရဘူး။
ကျန်းယွင်ကျူးက မျက်မှောင်ကျုံ့လိုက်၏။
“ သူ့ကို ကျွန်တော့်နောက် လိုက်လာခိုင်းလိုက်မယ်လေ”
ရွှီချင်ရှန့်က ဖြတ်ပြောလိုက်၏။ ကုချီဖုန်းသည် ကုယုံသယ်၏တူလေး ဖြစ်သည်။ ထို့ကြောင့် သူက ကုချီဖုန်းနှင့် အမျိုးတော်သည်။ သူက ကုချီဖုန်းကို စောင့်ရှောက်ပေးရလိမ့်မည်။
“အစ်ကိုချင်ရှန့်က အကောင်းဆုံးပဲ”
ကုချီဖုန်းက ချက်ချင်း ရွှီချင်ရှန့်ထံ ပြေးသွားလိုက်ပြီး စကားများ ပြောတော့သည်။ သူက အိတ်ထဲ ပန်းသီးတစ်လုံးကိုပင် ထုတ်ကာ ရွှီချီရှန့်ကို ကျွေးလိုက်သေးသည်။
ရွှီချင်ရှန့်က လက်မခံပေ။ သူက သူ့မိသားစုကို ပြောခဲ့သလားဆိုသည့် အကြောင်းနှင့် သူနှင့်မခွာတမ်း လိုက်ခဲ့ရမည်ဟုသာ ပြောလိုက်လေသည်။
“ကျွန်တော် အဖေ့ကိုတော့ ပြောခဲ့ပါတယ်၊ ဒါပေမဲ့ အမေ့ကိုတော့ မပြောခဲ့ဘူး၊ ကျွန်တော် သိပါတယ်၊ အစ်ကို ချင်ရှန့်ရယ် စိတ်မပူပါနဲ့” ကုချီဖုန်းက အာမခံလိုက်လေသည်။
ပြဿနာလေးတစ်ခု ဖြစ်ပြီးသွားပြီးနောက် အားလုံးက ခရီးဆက်လိုက်ကြတော့သည်။
မှောင်စပျိုးလာချိန်တွင် သူတို့သည် ပိလင်မြို့လေးသို့ ရောက်လာကြသည်။
“ဒီမှာ တစ်ညလောက် နားကြမယ်၊ ကျွန်တော်တို့တွေ မနက်ဖြန် နေ့လယ်ဆိုရင် လုမြို့ကို ရောက်ပါပြီ”
လီစုန်းက ပြောလိုက်၏။
ကျန်းချိန်နှင့် တခြားသူများက အဆင်ပြေကြသည်။
တိတ်ဆိတ်ငြိမ်သက်နေသည့် ညတစ်ညပင်။ နောက်တစ်နေ့မနက်တွင် ကျန်းယွင်ကျူးက တစ်နာရီစောကာ အိပ်ရာထလိုက်ပြီးနောက် တည်းခိုခန်း၏ မီးဖိုဆောင်ထဲတွင် အလုပ်များနေလေသည်။ အားလုံး ထလာချိန်တွင် သူမက အိုးထဲက အရာကို ခရားအိုးထဲ လောင်းထည့်လိုက်ပြီး အဖုံးပိတ်ထားလိုက်သည်။
“ယွင်ကျူး သမီး အစောကြီး နိုးနေတာလား၊ ဘာလုပ်နေတာလဲ၊ အနံ့က မွှေးနေတာပဲ”
အမျိုးသမီးချန်က ပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီး ကျန်းယွင်ကျူး၏လက်ထဲက ခရားအိုးကို တွေ့လိုက်ရလေသည်။
“ အမေ သမီး ဒါ လုပ်နေတာ” ကျန်းယွင်ကျူးက ပြန်ဖြေလိုက်သည်။
တည်းခိုးခန်းက မနက်စာကျွေးသည်။ အားလုံးက မနက်စာစားလိုက်ကြသည်။ ခရားအိုးထဲက အရာက အေးသွားလေသည်။ ကျန်းယွင်ကျူးက အပြင်သို့ လောင်းထည့်လိုက်ပြီး အပိုင်းငယ်လေးများ ဖြစ်အောင် လှီးဖြတ်လိုက်ပြီး ထမင်ဘူးထဲ ထည့်ကာ ခရီးဆက်လိုက်ကြလေသည်။
နေ့လယ်ခင်း ရောက်ခါနီးတွင် သူတို့သည် လုမြို့၏ တံခါးကို တွေ့လိုက်ရသည်။ လုမြို့သည် အလယ်ပိုင်းတောင်ပိုင်းတွင် အကြီးဆုံးမြို့ ဖြစ်ထိုက်ပေသည်။ မြို့သည် ကျယ်ပြောပြီး ခမ်းနားလွန်းလှသည်။ မြို့တံခါးတစ်ခုတည်းကပင် ၅မီတာအမြင့် ရှိသည်။ လူတစ်ယောက်သည် ဤမျှကြီးမားလှသည့် အရွယ်အစားတစ်ခုရှေ့တွင် သေးငယ်သွားသယောင်။
မြို့တံခါးနားတွင် လှည်းယာဥ်အများအပြား ရှိနေသည်။ အမျိုးသမီးချန်နှင့် ကျန်းချိန်တို့သည် ကြီးမားလှသည့် ပြောက်ကျားအပြာရောင်အချပ်ကြီးကို ဖြတ်လျှောက်လာခဲ့သည်။ စိုးရိမ်စိတ်တို့က သူတို့၏စိတ်ထဲတွင် တိုးပွားလာတော့သည်။
သို့သော်ငြား ကျန်းယွင်ကျူးအတွက်တော့ ရင်းနှီးသည့်ခံစားချက်တစ်ခု ဖြစ်နေလေသည်။ ဒါက တကယ် လုမြို့ပဲ။ သူမရဲ့အိပ်မက်ထဲမှာ ခုနှစ်နှစ်လောက် နေခဲ့တာ နေရာ။
နှစ်သစ်ကူး ၅ရက်ကနေ မီးပုံးပွဲတော်မရောက်ခင် ၁၅ရက်နေ့အထိ မြို့ထဲက ဘုရားကျောင်းမှာ ပွဲတော်တစ်ခု ရှိတယ်။ မြို့က အရမ်းကို စည်ကားမှာပဲ။ အခုတော့ ပွဲတော်အတွက်အလှဆင်ထားတဲ့ ပုံစံအမျိုးမျိုးကို လမ်းပေါ်မှာ အလှဆင်ထားပြီးပြီ။ ပတ်ဝန်းကျင်ကို ကြည့်လိုက်တော့လည်း စည်ကားပြီ လမ်းသွားလမ်းလာအပြည့်ပဲ။
“ မိန်းကလေး ဘာဆက်လုပ်မှာလဲ” လီစုန်းက မြို့ထဲဝင်လာပြီးနောက် မေးလိုက်လေသည်။ အာမခံဌာနက ကုန်ပစ္စည်းများကို ပို့ပေးပြီးသည်နှင့် သူတို့သည် ပုံမှန်ဆိုလျှင် နေ့ချင်းပြန်ကြပြီး ပိလင်မြို့တွင် တစ်ညအိပ်ကာ နောက်တစ်နေ့တွင် ဝူလင်စီရင်စုသို့ ပြန်ကြလေသည်။
ကျန်းမိသားစုကရော။ သူတို့တွေ ဘယ်သွားကြမှာလဲ။ သူတို့တွေ ဘယ်မှာတည်းကြမှာလဲ။ တည်းခိုးခန်းမှာလား။ ပုံမှန်ဆိုရင်တော့ အဆင်ပြေပါတယ်။ ဒါပေမဲ့ နှစ်တစ်နှစ်ရဲ့ ဒီလိုအချိန်ဆိုရင် တည်းခိုခန်းကလည်း လူတွေပြည့်နေပြီး စျေးကလည်း နှစ်ဆဖြစ်နေမှာ။ လီစုန်းက သူတို့တွေ နေထိုင်ဖို့ရာ နေရာတစ်ခု ရှာမတွေ့နိုင်ဘဲ တည်းခိုခန်းတွင် တစ်ညတာ တည်းခိုဖို့ရာ ငွေအများကြီး ကုန်ကျမည်ကို စိုးရိမ်သွားတော့သည်။ သူတို့တွေ အစားအသောက်ရောင်းပြီး ငွေအများကြီး မရှာနိုင်ခဲ့ရင် ငွေရှာဖို့ထဲ ငွေဆုံးတာပဲ ဖြစ်လိမ့်မယ်။
“ ကျွန်တော်မိသားစုက မြို့အနောက်ဘက်ခြမ်းမှာ ဂိုဒေါင်တစ်ခုရှိတယ်၊ ဒါပေမဲ့ တကယ့်ကို ဂိုဒေါင်တစ်ခုပါပဲ၊ ပြတင်းပေါက်လည်း မရှိဘူး၊ ရေလည်းမရှိဘူး၊ တချို့ပစ္စည်းတွေကို အဲမှာ သိမ်းထားလို့ရပါတယ်၊ နေထိုင်ဖို့ကတော့....”
လုံးဝအဆင်ပြေမှာ မဟုတ်ဘူး။ ပိုဆိုးတာက ကျန်းယွင်ကျူးတို့က လူများတယ်လေ။ အထဲမှာ ဘယ်လိုမှ နေလို့ရမှာမဟုတ်ဘူး။ အင်းပေါ့။ လမ်းပေါ်မှာ အိပ်တာထက်တော့ သေချာပေါက် ပိုကောင်းတာပေါ့လေ။ ဒီလိုဆိုရင် သူကပဲ သူတို့အတွက် ငွေရှင်းပေးပြီး တည်းခိုခန်းတစ်ခု ရှားပေးရတော့မှာပဲ။
ကျန်းယွင်ကျူးသည် ပစ္စည်များကို သိမ်းဖို့ရန် အစကတည်းက ဂိုဒေါင်တစ်ခုရှာချင်ခဲ့သည်။ လီစုန်းက ကမ်းလှမ်းလာသဖြင့် အဆင်ပြေသွားတော့သည်။ ကျန်သည်က နေထိုင်ရန် နေရာတစ်ခု ရှာဖို့ပင်။ ဟုတ်ပါသည်။ သူမက လီစုန်းကို ငွေရှင်းခွင့်ပြုမည် မဟုတ်ပေ။
“ဖာထုန်း ဘုရားကျောင်းက ဒီလမ်းလား” သူမက လီစုန်းကို မေးလိုက်လေသည်။
“ မိန်းကလေးက ဖာထုန်းဘုရားကျောင်းကို သွားမလို့မလား” လီစုန်းက ဇဝေဇဝါဖြစ်သွားတော့သည်။
“အင်း ရှင်ပြောလိုက်တဲ့စကားကို ကြားမိလိုက်လို့ပါ၊ ဖာထုန်းဘုရားကျောင်းရဲ့ ဧည့်သည်ကို လက်ခံပေးတဲ့ဘုန်းကြီးက လူထူးဆန်းတစ်ယောက်ဆို”
လုစီရင်စုပြည်နယ်မြို့တွင် နာမည်ကြီးဘုရားကျောင်း ၆ခုရှိလေသည်။ ပထမတစ်ခုမှ ကျင်းကွမ်းဘုရားကျောင်း ဖြစ်ပြီး တော်ဝင်ရုံးတော်က ဆောက်လုပ်ထားခြင်းဖြစ်သည်။ အကြီးမားဆုံးဖြစ်ပြီး လာရောက်ပူဇော်သူ အများဆုံးဖြစ်သည်။ ထို့နောက်တွင် ကျားလန်ဘုရားကျောင်းနှင့် ချန်မင်ဘုရားကျောင်း တို့ရှိကြသည်။
ဖာထုန်းဘုရားကျောင်းက သည်ဘုရားကျောင်း ၆ခုထဲတွင် နောက်ဆုံးဖြစ်သည်။ သို့တိုင် ထိုဘုရားကျောင်းတွင် လူများစွာ လာရောက်ကြလေသည်။
ဖာထုန်းဘုရားကျောင်းက ဧည့်သည်လက်ခံပေးသည့် ဘုန်းကြီးက အလွန်မှနာမည်ကြီးလေသည်။ သူသည် ရှန်မင်းဆက်က ယိယင် နှင့်နည်းနည်းတူပြီး အနောက်ဟန်မင်းဆက်က လျိုအန်းနှင့်လည်း အနည်းငယ် တူပြန်သည်။ သူသည် အစားအသောက်ကို နှစ်ခြိုက်သူတစ်ယောက် ဖြစ်လေသည်။ တစ်ခါက သူသည် ဇင်ဘာသာထဲက အစားအသောက်အကြောင်း ရှင်းပြထားသည့် ‘ အဓိကအရသာ သဘောတရားများ’ စာအုပ်တစ်အုပ်ကို ရေးသားခဲ့သည်။
သူသည် အရသာရှိလှသည့် အစားအသောက်များကို နှစ်သက်သောကြောင့် ဖာထုန်းဘုရားကျောင်းရှိ သက်သက်လွတ်စားသောက်ဆိုင်များက အလွန်မှ နာမည်ကြီးလေသည်။
ကျန်းယွင်ကျူးသည် အိပ်မက်ထဲတွင် ဖာထုန်းဘုရားကျောင်း ခဏခဏ ရောက်ခဲ့ဖူးပြီး ဧည့်သည်လက်ခံပေးသည့် ဘုန်းကြီး၏အကျင့်စရိုက်ကို သိထားလေသည်။ ထို့ကြောင့် သူမသည် အစောကြီးကတည်း အစီအစဥ်ချထားပြီးသား ဖြစ်လေသည်။
ထိုစကားကို ကြားလိုက်တော့ လီစုန်းသည် ကျန်းယွင်ကျူး အရင်ကမေးခဲ့ဖူးသည့် ဧည့်သည်လက်ခံသည့် ဘုန်းကြီးအကြောင်းကို ပြန်သတိရသွားတော့သည်။ ကျန်းယွင်ကျူး၏ အချက်အပြုတ်လက်ရာက အရသာရှိကြောင်း သူလည်း သိထားသည်။ ထို့ကြောင့် သူသည် ခပ်ရေးရေးလေး ခန့်မှန်းမိလိုက်လေသည်။ သို့သော် ကျန်းယွင်ကျူးက အလွန်မှ စွန့်စားလွန်းသည်ဟု ခံစားမိနေသေးသည်။
“ကျွန်တော် မိန်းကလေးတို့ကို ခေါ်သွားပေးပါ့မယ်”
သူက ပြောလိုက်၏။ အဆင်မပြေခဲ့ရင် သူက သူတို့အတွက် တည်းခိုခန်းတစ်ခုလောက် ရှာပေးနိုင်တယ်လေ။ အနည်းဆုံးတော့ သူက လုမြို့နဲ့ ရင်းနှီးပြီးသားပဲ။
“ကျေးဇူးတင်ပါတယ်ရှင်၊ ကျွန်မတို့ ရှင့်ကို ဒုက္ခများစေခဲ့မိပါပြီ”
ကျန်းယွင်ကျူးက ပြန်ပြောလိုက်၏။
လီစုန်းက ပြုံးလိုက်ပြီး
“သူတို့တွေ ပစ္စည်းချတာ အချိန်နည်းနည်းတော့ ပေးရအုံးမှာ၊ ကျွန်တော် မိန်းကလေးတို့ကို ပို့ပြီး ပြန်လာတဲ့အချိန်ကျရင်း ဒါလည်း ပြီးလောက်ပြီ”
ပြောပြီးသည်နှင့် သူက အာမခံကိုယ်ရံတော်များကို ပစ္စည်းချခိုင်းလိုက်တော့သည်။ ထို့နောက် သူက ကျန်းယွင်ကျူးနှင့် တခြားသူများကို ဦးဆောင်ကာ ခေါ်လာလိုက်လေသည်။
စေတနာနှင့် လုပ်ပေးသည့်ကို လက်မခံရင် ကျေးဇူးကန်းရာ ကျလိမ့်မည်။ ကျန်းယွင်ကျူးနှင့် တခြားသူများက လားလှည်းတစ်စီး၊ မြည်းလှည်းတစ်စီးတို့ဖြင့်နောက်မှ လိုက်သွားလိုက်ကြသည်။
...
အပိုင်း (၅၂) (ခ)
နှစ်သစ်ကူးတွင် ဘုရားကျောင်းသို့ သွားပြီး အမွေးတိုင်လှူကြသူ အများအပြားရှိလေသည်။ တစ်ချက်မှာ ဘုရားရှင်ထံတွင် ကံကောင်းစေရန် ဆုတောင်းကြပြီး ဒုတိယအချက်မှာ ပျော်ရွှင်ဖို့ရန်ဖြစ်လေသည်။ ထို့ကြောင့် ဘုရားပွဲတော် မစခင်မှာပင် ဖာထုန်းဘုရားကျောင်း၌ လူများဖြင့် စည်းကားနေတော့သည်။
သူတို့သည် ဘုရားကျောင်းသို့ ရောက်လာချိန်တွင် လီစုန်းမှာ ဆွံ့အသွားလေသည်။ အခုတော့ သူတို့တွေ ဘာလုပ်ကြမလဲ။ ပတ်ဝန်းကျင်ကို ကြည့်လိုက်တော့လည်း လူပင်လယ်ကြီးပဲ။
“အဖေ အမေ ဒီနေရာမှာ လှည်းကိုဂရုစိုက်ရင်း သမီးကို စောင့်နေနော်”
ကျန်းယွင်ကျူးက အစားအသောက်ဘူးတစ်ခုနှင့် လှည်းပေါ်က ဆင်းသွားလိုက်သည်။
“ယွင်ကျူး”
ကျန်းချိန်နှင့် အမျိုးသမီးချန်တို့က စိုးရိမ်တကြီး လှမ်းခေါ်လိုက်လေသည်။
“စိတ်မပူပါနဲ့၊ ကျွန်တော် မိန်းကလေးကျန်းနောက် လိုက်သွားလိုက်ပါ့မယ်”
လီစုန်းက ပြောလိုက်၏။ သူသည် အရပ်မြင့်မြင့် ထွားကြိုင်းသည့် သံထည်မျှော်စင်တစ်ခုနှင့် တူလေသည်။ သူက ကျန်းယွင်ကျူးကို ကာကွယ်ပေးပြီး လူကြားထဲတွင် သူမအတွက် မြန်မြန်လမ်းဖွင့်ပေးလိုက်သည်။
သိပ်မကြာခင်မှာပင် ကျန်းယွင်ကျူးက ဘုရားကျောင်းထဲဝင်သွားပြီး ဘုရားဖူးများကို ကြိုဆိုဖို့ တာဝန်ကျသည့် ကိုရင်ငယ်လေးတစ်ပါးကို တွေ့သွားသည်။ ထို့ကြောင့် သူမက လျှောက်သွားလိုက်ပြီး မေးလိုက်၏။
“ ဆရာလေး ဘုရားကျောင်းထဲမှာ ဆရာတော် ဖူရွှမ်း ရှိပါသလား”
ဖူရွှမ်းသည် ဘုရားကျောင်း၏ ဧည့်တွေ့ကိုယ်တော်ဖြစ်လေသည်။
ဖာထုန်း ဘုရားကျောင်းလို ဘုရားကျောင်းတစ်ခုတွင် ဧည့်တွေ့ကိုယ်တော်ကို တော်တော်လေး ရိုသေရလေသည်။ ချမ်းသာပြီး အာဏာရှိသူ မဟုတ်လျှင် သူက ပုံမှန်ဆိုလျှင် လူကိုယ်တိုင် မတွေ့ဆုံတတ်ချေ။
ကိုရင်လေးက ကျန်းယွင်ကျူးကို တစ်ချက်အကဲခတ်လိုက်ပြီး ဆက်ပြီး မကြည့်ရဲတော့ချေ။
သည်နေ့ ကျန်းယွင်ကျူးက အမျိုးသမီးလျိုပေးထားသည့် အဝတ်အစားသစ်များကို တမင် ဝတ်ဆင်လာခဲ့ပြီး သူမ၏ခေါင်းပေါ်တွင် ဆံထိုးလေးနှစ်ခုကို ပန်ထားသည်။ လူနှင့် အဝတ်အစားတို့က အချင်းချင်း လိုက်ဖက်တင့်တယ်နေကြသည်။ သူမသည် တောက်ပသည့်လရောင်အောက်က ပုလဲလေးတစ်လုံးလို လှပနေလေသည်။
ကိုရင်ငယ်လေးက လက်အုပ်ချီလိုက်ပြီး မေးလိုက်၏။
“ ဒကာမလေးက ဘယ်သူလဲ သိပါရစေ”
သူသည် သိသည်နှင့် ဝင်သွားပြီး အကြောင်းကြားပေးနိုင်သည်။
သို့သော် ကျန်းယွင်ကျူးက သူမလက်ထဲက အစားအသောက်ဘူးကို သူ့ကို လှမ်းပေးလိုက်၏။
“ တပည့်တော်မှာ ဆရာတော်ဖူရွှမ်းကို မြည်းကြည့်စေချင်တဲ့ ဟင်းတစ်မျိုးရှိလို့ပါ၊ နာမည်ကိုတော့ ဆရာတော် မြည်းကြည့်ပြီးမှပဲ ပြောပါရစေ”
သည်နေရာက ဘယ်သူမှ သူမကို မသိကြသဖြင့် သူမနာမည်ကို ပြောပြဖို့ရန်က မဖြစ်နိုင်ပေ။
ကိုရင်လေးက သူမ၏အဝတ်အစား၊ စိတ်နေသဘောထားနှင့် ပြောဆိုပုံတို့ကို အကဲခတ်လိုက်သည်။ သူမသည် အိမ်တော်ကြီးတချို့က အထက်တန်းစားတစ်ယောက် ဖြစ်ရမည်ဟု သူက ခံစားလိုက်ရလေသည်။ ထို့ကြောင့် သူသည် လျစ်လျူရှုမထားရဲတော့ချေ။ သူက အစားအသောက်ဘူးကို လက်ခံလိုက်ပြီး အထဲသို့ ဝင်သွားလိုက်သည်။
မကြာသေးမီက ဘုရားကျောင်းတွင် ကိစ္စအများအပြားဖြစ်သွားခဲ့လေ။ ဖူရွှမ်းက တပည့်နှစ်ပါးကို ကိစ္စများ လုပ်ထားရန် မှာကြားနေစဥ် ကိုရင်လေးက အစားအသောက်ဘူးနှင့် ဝင်လာခဲ့သည်။
ဖူရွှမ်းက ရပ်လိုက်၏။
ကိုရင်လေးက အကြောင်းအရာကို ရှင်းပြလိုက်လေသည်။
နေ့ခင်းရောက်နေပြီဖြစ်ပြီး သူသည် အခုမစားရသေးချေ။ ဖူရွှမ်းက အနည်းငယ် ဆာလောင်နေသဖြင့် စိတ်ဝင်စားသွားပြီး အစားအသောက်ဘူးကို ချောင်းကြည့်လိုက်လေသည်။
ကိုရင်လေးက နားလည်သွားပြီး အစားအသောက်ဘူးကို ဖွင့်ကာ ပန်းကန်များကို စားပွဲ တင်ပေးလိုက်သည်။
အနီးနားက ဖူရွှမ်း၏တပည့်နှစ်ပါးက ပန်းကန်ထဲက အရာများကို မြင်သွားပြီး ချက်ချင်း ထအော်ကြတော့သည်။
“ ဒီလို ဟာမျိုးကို ဘုရားကျောင်းထဲ ယူလာရဲရသလား”
နောက်တစ်ယောက်က ပိုကြင်နာတတ်ပြီး ချက်ချင်း တိုက်တွန်းလိုက်လေသည်။
“ ဒါကို အခုပဲ ယူထွက်သွားလိုက်”
ထိုအခါမှ ပန်းကန်ပြားကိုင်ထားသည့် ကိုရင်လေးမှာ အသိဝင်လာတော့သည်။ သူက ပန်းကန်များကို အစားအသောက်ဘူးထဲ မြန်မြန် ထိုးထည့်လိုက်တော့သည်။ စိတ်ထဲတွင်တော့ ကျန်းယွင်ကျူးကို အလွန်မှ စိတ်ဆိုးသွားလေသည်။ သူမကို အကျင့်သီလကောင်းပြီး လှပတဲ့မိန်းကလေးလို့ သူက မြင်ထားခဲ့တာလေ။ ဒါကြောင့် သူမအတွက် အစားအသောက်ဘူး ယူလာပေးလိုက်တာပေါ့။ သူမက သူ့ကို ဒီလိုအန္တရာယ်ပေးလိမ့်မယ်လို့ ဘယ်သူကထင်ထားမှာလဲ။
သည်အချိန်တွင် ဖူရွှမ်းက ပြောလိုက်၏။
“ဟင်းကို ပြန်ချထားလိုက်”
“ဆရာတော်” သုံးယောက်လုံးက တပြိုင်တည်း အော်လိုက်ကြလေသည်။
သူတို့သည် ထိုဟင်းပွဲကို လှမ်းကြည့်ရုံသာ ကြည့်လိုက်သော်လည်း ဒါက အသားနန်တုံဟင်းတစ်မျိုးမှန်း သေချာမြင်လိုက်ရသည်။ ဗုဒ္ဓဘာသာဝင် ဘုန်းတော်ကြီးတို့သည် အသားကို ရှောင်ရလေသည်။ ဒါကို လူတစ်ယောက်က ဖူရွှမ်းကိုယ်တော် မြည်းကြည့်ဖို့ အသားနန်တုံဟင်းကို ပို့ပေးလိုက်တယ်တဲ့။ ဒါက တမင်တကာ သူ့ကို အရှက်ခွဲနေတာမဟုတ်ဘူးလား။
ဒါက လုံးဝကို သည်းခံနိုင်စရာမကောင်းသလို လက်ခံနိုင်စရာလည်းမရှိဘူးလေ။
“ အနီးကပ် တစ်ချက်လောက်လာကြည့်လိုက်ပါအုံး” ဖူရွှမ်းက ပြောလိုက်၏။
သူတို့သုံးယောက်က ကြောင်အမ်းအမ်းဖြစ်သွားကြလေသည်။ အနီးကပ်တစ်ချက်လောက် ကြည့်ရမတဲ့လား။ ဆရာတော်က ဘာပြောချင်တာလဲ။ ကိုရင်လေးက အစားအသောက်ဘူးထဲက ဟင်းပွဲများကို ပြန်ထုတ်လိုက်ပြီး စားပွဲပေါ် တင်လိုက်ရင်း သေသေချာချာ စစ်ဆေးကြည့်လိုက်လေသည်။
မည်သို့ပင် ကြည့်ပါစေ ဒါသည် အသားနန်တုံဟင်းတစ်ခွက်ပင်။
အသားနန်တုံကို အတုံးလိုက်ဖြစ်အောင် လှီးထားသော်လည်း ပန်းပွင့်ပုံဖော်ကာ ထည့်ထားလေသည်။
ဖူရွှမ်းက အော်ရယ်လိုက်၏။ အစားအသောက်ဘူးထဲတွင် တူတစ်စုံပါသည်။ သူက တူကို ကောက်ကိုင်လိုက်ပြီး တစ်တုံးကို ညှပ်လိုက်ကာ သူ့ပါးစပ်ထဲ ထည့်လိုက်လေသည်။
“ဆရာတော်”
တပည့်သုံးပါးသည် အံ့ဩတကြီး အော်ခေါ်လိုက်ကြသည်။ ဆရာတော်ကတော့ ဒီတစ်လုပ်စာအတွက် ဘာသာရေး စည်းကမ်းကို ချိုးဖောက်လိုက်တာပဲ။ ပြီးတော့ ဘယ်သူပို့လိုက်တာမှန်းလည်းမသိ။ အဆိပ် ခတ်ထားလားမှန်းလည်း မသိ။
သို့သော် ပါးစပ်ထဲသို့ ဟင်းတစ်တုံးကို ထည့်လိုက်သည့် ဖူရွှမ်း၏ မျက်နှာပေါ်တွင် အံ့ဩသည့် အကြည့်တစ်ခု ဖြစ်သွားတော့သည်။ ထို့နောက် သူက ထပ်ဝါးလိုက်ပြီး မှတ်ချက်ပေးလိုက်လေသည်။
“ ထင်ထားတဲ့အတိုင်းပဲ”
“ဆရာတော်....”
တပည့်သုံးပါးက ဘာလုပ်ရမည်မသိဖြစ်သွားတော့သည်။
“ မင်းတို့လည်း မြည်းကြည့်ကြစမ်း၊ ဒါဆိုရင် နားလည်သွားလိမ့်မယ်၊ မင်းတို့သုံးယောက်လုံးက ငါကိုယ်တော်လို မဟုတ်ဘူး”
ဖူရွှမ်းသည် အစားအသောက်ကို ကြိုက်သည့်အပြင် အစားအသောက်ကို လေ့လာရသည်ကိုလည်း သဘောကျလေသည်။ သို့သော် သူ့တပည့်သုံးပါးကတော့ အလုပ်အမျိုးမျိုးနှင့် အလုပ်ရှုပ်နေတတ်ကြသည်။
တပည့်သုံးပါးက အချင်းချင်း ကြည့်လိုက်ကြ၏။ ဒါက အသားနန်တုံ မဟုတ်ဘူးလား။
နောက်ဆုံးတွင် သူတို့သည် အံကြိတ်လိုက်ပြီး မြည်းကြည့်လိုက်ကြတော့သည်။ ဆရာတော်တောင် စားပြီးပြီပဲ။ သူတို့တွေ မစားခဲ့ရင် နောက်ပိုင်း ဆရာတော်က သူတို့ကို အထင်အမြင်သေးသွားမှာလား။
သူတို့သည် တူကိုလည်း ရှာချိန်မရကြတော့ပေ။ ထို့ကြောင့် သူတို့သည် ကြည်လင်နေသည့် ဟင်းတစ်တုံးကို လက်ဖြင့်ယူကာ ပါးစပ်ထဲ ထည့်လိုက်ကြတော့သည်။
ကျောက်ကျောအသားက အလွန်မှနူးညံ့ပြီး ပျော့ပြောင်းလေသည်။ သွားနှင့်ကိုက်လိုက်လျှင် ကျောက်ကျောက ချက်ချင်း အရည်ပျော်သွားပြီး အရည်က ပါးစပ်ထဲ စီးဝင်သွားလေသည်။
လတ်ဆတ်လိုက်တာ။ တော်တော့်ကို လတ်ဆတ်တဲ့ အရသာပဲ။
တစ်ချိန်ထဲတွင် သွားက ကျောက်ကျောထဲက အသားအခေါက်ကို ကိုက်မိသွားသည်။ အသားအခေါက်က ပျော့ပြာင်းကာ တအိအိ ဝါးရလေသည်။ အသားအရသာနှင့် တူလေသည်။ သို့သော်.... သူတို့အားလုံးက ဖူရွှမ်းကို လှည့်ကြည့်လိုက်၏။ ဒီဟင်းက အသားအခေါက်နဲ့ လုံးဝမတူတာပဲ။
ပြီးတော့ ဒီကျောက်ကျောက အသားအရသာ ရှိတယ်ဆိုပေမဲ့ အသား လုံးဝမဟုတ်ဘူး။ သက်သက်လွတ်ဟင်း စစ်စစ်ပဲ။
“ မင်းတို့တွေ အမြင်ကျယ်သွားကြပြီလား” ဖူရွှမ်းက မေးလိုက်၏။
တပည့်သုံးယောက်လုံးက မျက်နှာပေါ်တွင် ရှက်ရိပ်သန်းသွားကြတော့သည်။ တစ်စုံတစ်ယောက်က နန်တုံနှင့် အလွန်မှတူသည့် သက်သက်လွတ်ဟင်းတစ်ပွဲကို လုပ်နိုင်လိမ့်မည်ဟု လုံးဝ မထင်ထားခဲ့ကြပေ။
“ဒါကြောင့် ငါကိုယ်တော်ပြောတာပေါ့၊ မင်းတို့တွေ နေ့တိုင်းဘုရားကျောင်းထဲမှာ ပတ်သွားမနေကြနဲ့လို့၊ ကောင်းကင်ကို ထိုင်ကြည့်နေတာက မင်းတို့ရဲ့ခြေလှမ်းတွေကို ချုပ်ထားတာပဲ ( မြင်ကွင်းကို ချုံ့ထားက ကိုယ့်ကိုယ်ကိုယ် မတိုးတက်အာင်လုပ်နေတာပဲ)” ဖူရွှမ်းက ပြောလိုက်၏။
“ဆရာတော်၊ တပည့်တော်တို့ကို ဆုံးမပေးတာကို နာခံပါ့မယ်”
တပည့်သုံးယောက်က ချက်ချင်း ဦးညွှတ်လိုက်ကြသည်။ ထို့နောက် သူတို့သည် ‘အသားခေါက်’ကျောက်ကျောဟင်းပွဲကို ကြည့်လိုက်ကြလေသည်။ ဒီအစားအသောက်က တကယ်အရသာရှိတာပဲ။ သူတို့သည် ခုနတုန်းက တစ်တုံးထဲနဲ့ အရသာ အပြည့်အဝ မသိခဲ့ရဘူး။ အရသာရှိတယ်လို့ပဲ စဥ်းစားခဲ့မိတာ။
ဖူရွှမ်းက ဟင့်ခနဲ ဖြစ်သွားပြီး ဘာမှ မပြောလိုက်ပေ။ သို့သော် သူ့အကြည့်က ‘အသားခေါက်’ကျောက်ကျော ပန်းကန်ဆီတွင် ရစ်ဝဲနေလေသည်။
“ ဒီအစားအသောက် လာပို့ပေးတဲ့သူ ကို အထဲခေါ်လိုက်”
သူက ကိုရင်လေးကို မိန့်လိုက်လေသည်။
“တင်ပါ့ ဘုရား” ကိုရင်လေးက ချက်ချင်း ထွက်သွားလိုက်သည်။
အပြင်ဘက်တွင် ကျန်းယွင်ကျူးက ထိုနေရာတွင် ရပ်စောင့်နေဆဲ။
“ ဒကာမလေး ကိုယ်တော့်ဆရာတော်က ဒကာမလေးကို ဖိတ်ခိုင်းလိုက်ပါတယ်”
ကိုရင်လေးက အကြောင်းကြားပေးလိုက်သည်။
ကျန်းယွင်ကျူးက သက်ပြင်းတစ်ချက် မှုတ်ထုတ်လိုက်၏။ သူမတော့ ကံကောင်းနေပုံပဲ။ သူမက ပင်မခန်းမကို ပတ်ပြီး ကိုရင်လေးနောက် လိုက်သွားလိုက်သည်။ နောက်ကျောဘက် အခန်းတစ်ခုထဲ ဝင်လိုက်သည်နှင့် သူမက ဖူရွှမ်းကို တွေ့လိုက်ရလေသည်။
ဖူရွှမ်းသည် သူမ မှတ်မိထားသည့်ထက် ပိုငယ်နေသော်လည်း ပင်ကိုအားဖြင့်တော့ အတူတူပင်။
ဖူရွှမ်းသည် ကျန်းယွင်ကျူးကို အကဲခတ်နေလိုက်သည်။ သူ့အမြင်က ကိုရင်လေးထက် အများကြီး ပိုကောင်းလေသည်။ ကျန်းယွင်ကျူး၏ မိသားစုနောက်ခံက မကောင်းမှန်း သိနိုင်လေသည်။ သို့သော် အရေးမကြီးပေ။ သည်လိုဟင်းပွဲမျိုးကို လုပ်နိုင်သူသည် ထူးခြားပြီးသားဖြစ်လေသည်။
“ဒကာမလေး ကျေးဇူးပြုပြီး ထိုင်ပါ”
သူက လက်ကို ဆန့်လိုက်သည်။
“ကျေးဇူးတင်ပါတယ်” ကျန်းယွင်ကျူးက ပွင့်ပွင့်လင်းလင်း ထိုင်လိုက်လေသည်။
“ဒကာမလေးက သည်ဟင်းပွဲအတွက် ကန်စွန်းဥမှုန့်ကို သုံးခဲ့တာလား” ‘အသားခေါက်’ကို ကန်စွန်းဥမှုန့်နှင့် လုပ်ထားဟန်တူသည်။
“ ဆရာတော်က အမြော်အမြင် သိပ်ရှိလှပါတယ်၊ တပည့်တော် အမှန်တကယ်ပဲ ကန်စွန်းဥအမှုန့်ကို သုံးခဲ့တာပါ”
ဟုတ်ပါတယ်။ ဒီလိုအမြင် အထိအတွေ့မျိုးရအောင် ကန်စွန်းဥအမှုန့်တစ်ခုထဲ သုံးခဲ့တာတော့ မဟုတ်ဘူးပေါ့။ ထည့်ထားတဲ့ပါဝင်ပစ္စည်းတွေကိုတော့ ဘုန်းကြီးကို ပြောပြဖို့ရာက အဆင်မပြေလေဘူး။
“ တကယ်ကို အစစ်အတိုင်းပဲနော်”
ဖူရွှမ်းက မေးလိုက်၏။ ဝက်ဝံလက်သည်းပုံတူနှင့် ကမာကောင်ပုံစံ စသည့် ပုံစံတူသက်သက်လွတ် ဟင်းပွဲတချို့လည်း ရှိလေသည်။ သို့သော် အမျိုးစုက သူတို့အရသာကိုသာ တူအောင်လုပ်ထားခြင်းပင်။ ကျန်းယွင်ကျူး၏ ဟင်းပွဲကတော့ ပုံသဏ္ဌာန်ကပါ အလွန်တူလေသည်။ လူများကို စနောက်နေသည်ဟုပင် သံသယဖြစ်စရာကောင်းလှသည်။
ဥပမာ သူ့ အရည်အချင်းမရှိလှတဲ့ တပည့်သုံးယောက်ကိုပဲ ကြည့်လေ။
ကျန်းယွင်ကျူးတွင် တခြားနည်းလမ်းမရှိခဲ့ပေ။ သည်မနက်က သည်ဟင်းကို သူ့ကို ပေးကာ စားစေဖို့ရာ လုပ်ခဲ့ခြင်းပင်။ သူမသာ တစ်ခုခု အမြင်ဆန်းတာမျိုး မလုပ်ခဲ့ရင် သူက သူမကို တွေ့မှာတဲ့လား။ သို့သော် သူမသည် ထိုစကားကို တိုက်ရိုက်မပြောနိုင်ခဲ့ပေ။ ထို့ကြောင့် သူမက ပြုံးသာနေလိုက်ပြီး
“ အတုက အစစ် ဖြစ်ပြီး အစစ်ကလည်း အတုဖြစ်နိုင်ပါတယ်”
သူမ၏စကားသည် ‘ခန်းဆောင်နီအိပ်မက်’ထဲက စာသားဖြစ်လေသည်။ - ‘ အမှန်တရားက စိတ်ကူးယဥ်မှုတစ်ခု ဖြစ်လာတဲ့အချိန်မှာ စိတ်ကူးယဥ်ဆန်တာကလည်း အမှန် ဖြစ်လာတယ်: အစစ်အမှန်က အမှန်တကယ် ဖြစ်မလာဘဲ အမှန်တရား မဟုတ်တာက အမှန်ဖြစ်လာခဲ့တယ်’ တဲ့။ သည်စာသားက အမှန်နှင့် အမှားကြားက ဆက်နွယ်မှုကို ရှင်းပြထားခြင်းပင်။
ဖူရွှမ်းသည် အခိုက်တန့် မှင်တက်အံ့ဩသွားတော့သည်။ အစစ် ၊ အတု တဲ့.... ရုတ်တရက် သူက ဝါးလုံးကွဲ အော်ရယ်လိုက်လေသည်။
“ ဒကာမလေးက လိမ္မာပါးနပ်တာပဲ၊ ဒီဘုန်းကြီးက ပညာရခဲ့ပါပြီ”
ကျန်းယွင်ကျူး၏ မျက်နှာသည် အနည်းငယ် နီမြန်းသွားတော့သည်။ သူမက သည်စကားကို ကိုယ်တိုင် စဥ်းစားပြီး ပြောခဲ့တာမဟုတ်ဘူးလေ။ ဒီအတိုင်း ငှားရမ်းသုံးခဲ့တာပါ။
ကံကောင်းချင်တော့ ဖူရွှမ်းက သူမကို ဒီအကြောင်း မမေးခဲ့ဘူး။ အဲဒီအစား သူမရောက်လာရတဲ့ အကြောင်းအရင်းကိုပဲ မေးလိုက်တယ်။
ကျန်းယွင်ကျူးက လုမြို့သို့ လာရသည့် သူမ၏ရည်ရွယ်ချက်နှင့် နေရာထိုင်ခင်းအတွက် ငှားရမ်း နေထိုင်ချင်သည့််ကိစ္စကို ပါးပါးနပ်နပ် ပြောပြလိုက်လေသည်။ သူမက အမိုးရှိသည့်နေရာတစ်ခုသာ ရရန်လိုအပ်သည်ဟု ပြောခဲ့သည်။ သူမသည် ဧည့်သည်ခန်းတစ်ခု မလိုအပ်ပေ။ ထင်းတဲလို အဆောင်ဆိုလျှင်လည်း အဆင်ပြေသည်ဟု ဆိုခဲ့သည်။
ယခုအချိန်တွင် ဘုရားကျောင်း၌ ဘုရားဖူးများ အများအပြားရှိပြီး ဧည့်သည်အခန်းလွတ်များက အမှန်ပင် မရှိတော့ပေ။ ထင်းတဲဆိုသည်ကတော့
“ ထင်းတဲတွေကတော့ အများကြီးရှိပါတယ်၊ ဒါပေမဲ့ အဲဒီမှာ အချိန်အကြာကြီး ဘယ်သူမှ မနေခဲ့ကြဘူး၊ ဒကာမလေး စိတ်မရှိဘူးဆိုရင်တော့....”
“ တပည့်တော် လုံးဝစိတ်ထဲမထားပါဘူး’ ကျန်းယွင်ကျူးက မြန်မြန်ပြောလိုက်၏။
ဖူရွှမ်းက ခေါင်းညိတ်ပြလိုက်ပြီး ကိုရင်လေးအား ကျန်းယွင်ကျူးကို ထင်းတဲဆီ ခေါ်သွားရန် ပြောလိုက်လေသည်။
“ ဒါဆို ဆရာတော့်ကို ကျေးဇူးတင်ပါတယ်၊ နောက်တစ်ခုရှိပါသေးတယ်၊ တပည့်တော် ဘုရားကျောင်းက မီးဖိုဆောင်ကို သုံးလို့ရမလား ဘုရား၊ ဘုရားကျောင်းမှာ နေထိုင်ဖို့အတွက်က ကျေးဇူးပြန်ဆပ်စရာ နည်းလမ်းကလည်း မရှိလို့ပါ၊ တပည့်တော်က ဆရာတော့်ကို ကျေးဇူးတင်တဲ့အနေနဲ့ ဟင်းနှစ်မျိုး ချက်ပေးချင်ပါတယ်”
ကျန်းယွင်ကျူး၏အဓိပ္ပာယ်မှာ အစားအသောက်ကို အခန်းခဖြင့် သုံးလိုခြင်းပင်။
‘အသားနန်တုန်’အရသာကို စဥ်းစားလိုက်ပြီးနောက် ဖူရွှမ်းက အလိုလို သဘောတူလိုက်တော့သည်။
ကျန်းယွင်ကျူး ဘုရားကျောင်းထဲက ထွက်လာချိန်တွင် ဘုရားကျောင်းပေါက်ဝ အပြင်ဘက်တွင် ကျန်းချိန်နှင့် အမျိုးသမီးချန်တို့သည် စိုးရိမ်တကြီးစောင့်စားနေကြလေသည်။
“ယွင်ကျူး” အမျိုးသမီးချန်က စိတ်ပူပူနှင့် မေးလိုက်၏။
“အဖေ အမေ သမီး တည်းခိုဖို့ နေရာတစ်ခု တွေ့ခဲ့ပြီ”
ကျန်းယွင်ကျူးက ပြောပြလိုက်၏။ ထို့နောက် သူမက လီစုန်းကို ပြောလိုက်လေသည်။
“ အစ်ကိုလီ ကျွန်မ ရှင့်ဂိုဒေါင်ကို ငှားလို့ရမလား”
သူမက အသားတုတ်ထိုးများကို သိမ်းဆည်းရန် ဖြစ်လေသည်။ သူတို့သည် ဘုရားကျောင်းတွင် တည်းခိုရသဖြင့် သည်အသားများကို အမှန်ပင် ယူသွားလို့မဖြစ်နိုင်ပေ။
လီစုန်းသည် ခုနက သူမ၏အပြုအမူများကြောင့် ဆွံ့အသွားတော့သည်။ ဖာထုန်းဘုရားကျောင်းက ဧည့်တွေ့ကိုယ်တော်က အရသာရှိတဲ့ အစားအသောက် ကြိုက်တယ်လို့ပဲ ကြားခဲ့တာကို သူမက တစ်ခုလောက် လုပ်ပြီး တံခါးနားအထိ သွားပို့ခဲ့တယ်။ ပြီးတော့ လတ်လတ်ဆတ်ဆတ် လုပ်ထားတာလည်း မဟုတ်ဘူး။ မနက်က လုပ်ထားတဲ့ဟာလေ။ ရလဒ်ကျတော့ တစ်ဖက်လူက သူတို့ကို တည်းခိုဖို့နေရာတစ်ခု ပေးလိုက်သတဲ့လား။
လီစုန်းသည် ကျန်းယွင်ကျူးက အလွန်မှဉာဏ်ကောင်းလွန်းသည်လား၊ ကံပဲကောင်းသွားသည်လား ၊ နှစ်ခုလုံးပဲ ဖြစ်နေမည်လားကိုတော့ မသိတော့ပေ။
မည်သို့ဆိုစေ အခုတော့ သူသည် သူမကို အလွန်မှ လေးစားသွားတော့သည်။ ကျန်းမိသားစုသည် သည်တစ်ကြိမ် လုမြို့တွင် အမှန်ပင် ငွေကောင်းကောင်းရှာနိုင်လိမ့်မည်ဟု ခံစားလိုက်ရတော့သည်။
“ရပါတယ်” သူက သဘောတူလိုက်၏။
လီမိသားစု၏ ဂိုဒေါင်ထဲတွင် ပစ္စည်းများကို သိမ်းဆည်းလိုက်ပြီးနောက် ကျန်းယွင်ကျူးနှင့် တခြားသူများက ဖာထုန်းဘုရားကျောင်းသို့ ပြန်လာခဲ့ကြသည်။ ဧည့်သည်ခန်း၏ အနောက်ဘက် ခြံဝင်းထဲတွင် အမှန်ပင် ထင်းတဲတစ်ခု ရှိလေသည်။ တချို့အခန်းထဲတွင် ပစ္စည်းများ စုပုံနေပြီး တချို့ကတော့ နည်းနည်းယိုယွင်နေသည်။ သို့တိုင် သန့်ရှင်းရေးလုပ်ပြီးသွားလျှင် နေထိုင်လို့ရသေးသည်။
အခုမှ အမျိုးသမီးချန်နှင့် ကျန်းချိန်တို့သည် ကျန်းယွင်ကျူးအား အဖြစ်အပျက်များကို မေးချိန် ရလာတော့သည်။ ကျန်းယွင်ကျူးက အကျဥ်းချုပ်ရှင်းပြလိုက်၏။ သူမသည် မြို့ထဲက တည်းခိုခန်းတွင် တည်းခိုဖို့ရန် နေရာမရှိမှာကို စိုးရိမ်ခဲ့မိသည်။ ဖာထုန်းဘုရားကျောင်းက ဧည့်တွေ့ကိုယ်တော်က အရသာရှိသည့် အစားအသောက်များကို သဘောကျသည်ဟု ကြားလိုက်သည်တွင် တည်းခိုဖို့ နေရာတစ်ခု ငှားရမ်းပြီး၊ ငှားရမ်းခအတွင် ဟင်းပွဲများကို သုံးရမည်ဟု စဥ်းစားလိုက်မိသည်။
အဓိကအချက်မှာ သည်နေရာတွင်တည်းခိုခြင်းက တည်နေရာနီးသည့် အားသာချက်တစ်ခု ရှိခြင်းပင်။ သူတို့အတွက် နေရာတစ်ခုယူပြီး လမ်းဘေးဆိုင်လေးတစ်ခု တည်ဖို့ အဆင်ပြေလိမ့်မည်။
ကျန်းချိန်နှင့် တခြားသူများသည် သည်အကြောင်းကို ကြားလိုက်ရပြီးနောက် သူတို့သည် ပျော်ရွှင်သွားပြီး လေးစားသွားကြတော့သည်။
ထိုနေ့ညက ကျန်းယွင်ကျူးသည် ဖူရွှမ်းအတွက် သက်သက်လွတ်ဟင်းနှစ်မျိုးကို လုပ်ပေးခဲ့သည်။ ဖူရွှမ်းက လူလွှတ်ပြီး သူမတို့အတွက် အချိုပွဲနှစ်ပန်းကန် ပြန်ပို့ပေးခဲ့သည်။ သူက ထိုသက်သက်လွတ်ဟင်းနှစ်မျိုးကို သဘောကျသည်မှာ သိသာလေသည်။
နောက်တနေ့ မိုးမသောက်ခင်တွင် ကျန်းမိသားစုသည် စောစောစီးစီး အိပ်ရာထခဲ့ကြသည်။
ကျန်းယွင်ကျူးက ဝူလျို့တံတားအနီးတွင် ဆိုင်လေးတည်ရန် ရှာတွေ့ထားပြီးဖြစ်သည်။ ထိုနေရာတွင် သွားလာကြသူများအားလုံးသည် ငွေရှိကြသူများဖြစ်ကြသည်။ သူမအတွက် အသားတုတ်ထိုးရောင်းရန် တော်တော်လေး သင့်တော်လှသည်။
သူတို့သည် စောစောရောက်လာကြသော်လည်း တံတားဘေးတွင် ပစ္စည်းများ ရောင်းနေကြသည့် ဆိုင်တချို့က ရှိနှင့်နေသည်။ တချို့က နှမ်းကိတ်ရောင်းကြသည်။ တချို့က မျက်နှာချေများရောင်းသည်။ တချို့က လက်ဖက်ရည်ရောင်းသည်။ အမျိုးမျိုးပင်။ သူတို့သာ နည်းနည်းလေး နောက်ကျခဲ့လျှင် နေရာတစ်ခုပင် ရချင်မှရလိမ့်မည်။
အားလုံးက ဘုရားကျောင်းထဲတွင် နေလိုက်သည်က အလွန်မှအဆင်ပြေသွားသည်ဟု ခံစားလိုက်ကြသည်။
နေရာတစ်ခု မြန်မြန်ယူလိုက်ပြီး ကျန်းယွင်ကျူးက နေရာကို သန့်ရှင်းရေးလုပ်လိုက်၏။ ကျန်းချိန်က အသားတုတ်ထိုးနှင့် တခြားပစ္စည်းများကို သွားယူလိုက်သည်။
သူတို့သည် သန့်ရှင်းရေးလုပ်ပြီးသွားသည့်နောက်တွင် လမ်းပေါ်၌ လူများလာလေသည်။
“တုတ်ထိုးကင်နော်၊ အရသာရှိတဲ့ တုတ်ထိုးကင်တွေ၊ လာမြည်းကြည့်ကြပါအုံး”
ကုချီဖုန်းက ရွှင်မြူးစွာ သံကုန်အော်ဟစ်လိုက်လေတော့သည်။
...