Ch 35
Viewers 2k

Chapter 35

[ငြိမ်းချမ်းခြင်းကို ဖုံးကွယ်ခြင်း]


ဧကရာဇ်မင်းမြတ်၏ မွေးနေ့မင်္ဂလာတွင် စုန့်လီချင်းသည် အပန်းဖြေနန်းဆောင်ပြင်ပ၌ နှစ်နာရီမျှ လေရူးသုန်သုန်တိုက်ခတ်နေသည့် ဆောင်းဦးလေအောက်တွင် ရပ်စောင့်နေရချေသည်။ နောက်ဆုံး၌ ကျွင်းချီယွီသည် သန်းဝါးလျက် နန်းဆောင်မှ ထွက်လာလေ၏။


ကျွင်းချီယွီသည် ဖခမည်းတော်၏ မွေးနေ့ကို မမေ့မလျော့ဘဲ အိမ်ရှေ့စံမင်းသားနှင့် လျော်ညီစွာ နဂါးပုံပါ ပိုးထည်ဝတ်ရုံ၊ ရွှေခေါင်းပေါင်းနှင့် မင်္ဂလာတိမ်ပုံပါ ဖိနပ်တို့ကို ဆင်ယင်ထားသည်ဖြစ်ရာ အလွန်ပင် ခန့်ညားထည်ဝါလှပေသည်။


စုန့်လီချင်းက ကျွင်းချီယွီနားသို့ ချဉ်းကပ်၍ သူ၏ ခေါင်းဆောင်းကို ပြင်ဆင်ပေးလေသည်။


ကျွင်းချီယွီသည် မူလကပင် မြင့်မြတ်သော ရုပ်ရည် ရူပကာရှိသူဖြစ်ရာ ဤအဝတ်အစားတို့ဖြင့် ပို၍ပင် တော်ဝင်ဆန်လျက်ရှိ၏။


“အရှင့်သား၊ ကျွန်တော်မျိုး အသင့်စီစဉ်ထားတဲ့ လက်ဆောင်နှစ်မျိုးရှိပါတယ် တစ်မျိုးက အရှေ့ပင်လယ်က သန္တာနီကျောက်ဖြစ်ပြီး အခြားတစ်မျိုးကတော့ အနောက်တိုင်းက ဖန်မီးအိမ် ဖြစ်ပါတယ် လက်ခံ‌ပေးမလား” ဟု စုန့်လီချင်းက မေးမြန်းလိုက်၏။


“ခမည်းတော် မမြင်ဖူးတဲ့ အဖိုးတန်ရတနာ ဘယ်နှစ်မျိုးရှိမလဲ၊ ဟူနွီအာက ငါ့အတွက် အသင့်ပြင်ဆင်ပြီး ဖြစ်လိမ့်မယ်” 


ကျွင်းချီယွီကဆိုကာ အစားအသောက်ထည့်သည့် သေတ္တာတစ်ခုကို ပေးလိုက်သည်။


“ဒါကို ခမည်းတော်ကို ဆက်သလိုက်ပါ” 


ကျွင်းချီယွီက ခေတ္တမျှ စဉ်းစားပြီးမှ ပြော၏။ 


“စိတ်ရင်းစေတနာကို အလေးပေးပြီး ငါကိုယ်တိုင် စီမံပြုလုပ်ခဲ့တယ်လို့ ပြောလိုက်၊ ဖခမည်းတော် ကျေနပ်လိမ့်မှာ အသေအချာပဲ”


စုန့်လီချင်းက ပုံးကို ဖွင့်လိုက်သည့်အခါ မွှေးကြိုင်သောရနံ့နှင့်အတူ အလွန်လက်ရာမြောက်သည့် အသက်ရှည် မက်မွန်သီးကို တွေ့ရသော်လည်း မည်သည့်စကားကိုမျှ ထပ်မံမပြောဆိုတော့ပေ။


“သွားကြမယ်”


လူနှစ်ဦးတို့သည် မြင်းလှည်းထဲသို့ အတူတကွ ဝင်ရောက်ကြသည်။ ကျွင်းချီယွီသည် ဦးစွာ ထိုင်လိုက်သော်လည်း စုန့်လီချင်းက ထုံးစံအတိုင်း သူ၏ဘေးတွင် မထိုင်ဘဲ အခြားတစ်ဖက်သို့ သွားကာ လိုက်ကာကို ဖွင့်၍ အပြင်သို့ ငေးမောကြည့်ရှုနေသည်ကို သတိထားမိလိုက်သည်။ ပိန်ပါးသည့် ဘေးတစောင်း ရုပ်ရည်အဆင်းတွင် ဝမ်းနည်းမှုအရိပ်အယောင်က စွန်းထင်နေပြီး မျက်လုံးများမှာလည်း အနည်းငယ် မှေးမှိန်နေ၏။


စုန့်လီချင်းသည် အနည်းငယ် ပုံသဏ္ဌာန်ကျသော အရာရှိဝတ်စုံ၊ အပြာရောင် လည်ဝိုင်းဝတ်ရုံနှင့် အနက်ရောင်ဖိနပ်တို့ကို ဝတ်ဆင်ထားသည်။ သူ စာမေးပွဲအောင်သည့်နေ့ကဲ့သို့ တက်ကြွသည့် အသွင်အပြင် အချို့ ကျန်ရှိနေသေးသော်လည်း သူ့ကိုယ်သူ ကျေနပ်ခြင်းဟူသည့် အငွေ့အသက်မှာမူ ပျောက်ကွယ်နေချေပြီ။


ကျွင်းချီယွီသည် သူဝတ်ဆင်ထားသည့် အဝါရောင် တစ်ထပ်ထုံး ပန်ဖွားကို သတိထားမိလိုက်သည်။


“မင်း ဒီပန်းဖွားကို အခုထိ ဝတ်နေတုန်းပဲလား” 


ကျွင်းချီယွီက စကားစပြောလိုက်သည်။


စုန့်လီချင်းသည် ခေါင်းလှည့်ကာ အောက်သို့ ငုံ့ကြည့်၏။


“အင်း”


“ချီလီ နန်းဆောင်က မင်း ဆင်မြန်းဖို့ ကျောက်စိမ်း မပေးဘူးလား၊ ဒီနေ့လို အရေးကြီးတဲ့နေ့မှာ ဒီလို ရိုးရိုးပုံစံနဲ့ မနေသင့်ဘူး”


ကျွင်းချီယွီက နှုတ်ခမ်းသပ်ကာဆိုသည်။


“မင်းရဲ့ ခမည်းတော်သာ ဒီပုံစံကို မြင်ရင် တစ်ယောက်ယောက်က မင်းကို အနိုင်ကျင့်နေတယ်လို့ ထင်သွားနိုင်တယ်”


စုန့်လီချင်းသည် ပန်းဖွားကို ပြင်ဆင်လျက် ဆယ်စုနှစ်တစ်ခုကျော် ဖုံးကွယ်ထားခဲ့သော်လည်း မမှိန်ပျဘဲ ရှိခဲ့သည့်တိုင် မကြာသေးမီရက်များအတွင်း ၎င်း၏ အရောင်သည် လျင်မြန်စွာ မှေးမှိန်လာပြီး ဖြူဖွေးသည်အထိ ပြောင်းလဲလုနီးပါး ဖြစ်နေသည်ကို ထူးခြားစွာ သတိထားမိလိုက်သည်။


“ဟုတ်ပြီ”


စုန့်လီချင်းက မတတ်သာဘဲ ၎င်းကို ချွတ်၍ ရင်ခွင်ထဲ ထည့်လိုက်သည်။


“ကျွန်တော်မျိုး မဝတ်တော့ပါဘူး”


ကျွင်းချီယွီသည် စကားပြောလို၍သာ ပြောလိုက်ခြင်းဖြစ်ပြီး စုန့်လီချင်းက ခါတိုင်းလို ခေါင်းမာစွာ ဝတ်ဆင်မည်ဟု မျှော်လင့်ထားသော်လည်း ယခုတစ်ကြိမ်တွင်မူ ဤမျှ လွယ်ကူစွာ သဘောတူလိုက်သည့်အတွက် အံ့အားသင့်သွားသည်။


ဧကရာဇ်မင်းမြတ်၏ လေးဆယ့်ခြောက်နှစ်မြောက် မွေးနေ့ပွဲသည် ကြီးကျယ်ခမ်းနားသော ပွဲတော်ကြီးမဟုတ်သော်လည်း လူအများ စုဝေးရာ အခမ်းအနားတစ်ခုတော့ ဖြစ်ချေ၏။ 


မင်းဆွေမင်းမျိုးများ၊ ယုံကြည်ရသော မှူးမတ်များနှင့် အိမ်နီးချင်းနိုင်ငံများမှ သံတမန်များ စုဝေးရာ စုစုပေါင်း လူနှစ်ရာခန့် ရှိမည်ဖြစ်ပြီး နန်းတွင်းအစေခံများနှင့် အတွင်းဝန်များ ပါဝင်လာသည်ကို ထည့်မတွက်ရသေးပေ။ သို့ဖြစ်၍ ထိုင်ဟယ်ခန်းမသည် ယနေ့၌ အထူးပင် လူစည်ကားပြီး သက်ဝင်လှုပ်ရှားနေချေသည်။


ရွှေခွက်များဖြင့် သောက်သုံးသော မင်္ဂလာဝိုင်များ၊ ကျောက်စိမ်းပန်းကန်များပေါ်မှ အဖိုးတန်ဟင်းလျာများနှင့် ပျော်ရွှင်ဖွယ် ဂီတသံများ၊ အကအလှများဖြင့် လေထုတစ်ခုလုံး၌ ပြည့်နှက်နေခဲ့သည်။


စုန့်လီချင်းသည် ကျွင်းချီယွီနှင့်အတူ ဧကရာဇ်၏ ဘေးနားတွင် ထိုင်လျက်လိုက်ပါလာ၏။ သူ၏ ဖခင် စုန့်ချင်းသည် စစ်သူကြီးနှင့် ဧကရာဇ်၏ ဆွေမျိုးရင်းချာအဖြစ် မလှမ်းမကမ်းတွင် ထိုင်နေကာ စုန့်လီချင်းနှင့် ပေနှစ်ဆယ်ခန့်သာ ကွာဝေးပြီး စိုးရိမ်သော မျက်လုံးများဖြင့် အဆက်မပြတ် ကြည့်ရှုနေသည်။


သို့သော်လည်း စုန့်လီချင်းသည် စုန့်ချင်းနှင့် စကားပြောရန်ပင် မဝံ့မရဲ ဖြစ်နေ၏။


ရှောင်တိ၏ ယခုပုံစံသည် ဖျားနာပိန်ချုံးနေပြီး အသက်မဲ့နေသော မျက်လုံးများမှာ အနီးကပ်ကြည့်ပါက သူ၏ အခြေအနေကို ဖော်ပြနေလိမ့်မည်မှာ သေချာချေသည်။


ကံကောင်းထောက်မစွာပင် စုန့်လီချင်းသည် ရှောင်တိအား မိတ်ကပ်မှုန့် အချို့ လိမ်းပေးခိုင်းထားသဖြင့် သူ၏ အသားအရေမှာ အနည်းငယ် ပိုမို ကျန်းမာပုံရသော်လည်း ဖျော့တော့နေဆဲ ဖြစ်သည်။ သို့သော် သူ၏ လက်ချောင်းများပေါ်မှ ဒဏ်ရာများမှာ မပျောက်ကင်းသေးသဖြင့် လက်များကို စားပွဲအောက်တွင် ဝှက်ထားကာ တူပင် မကိုင်ရဲပေ။


ထိုအခါ အခြားအသံတစ်သံ ထွက်ပေါ်လာသည်။


“အိမ်ရှေ့စံမိဖုရား နည်းနည်း ပိန်သွားပုံရတယ်”


ထိုသူကား စုန့်ချင်း၏ တစ်ဖက်တစ်ချပ်၊ မျက်နှာချင်းဆိုင်တွင် ထိုင်နေသည့် ပေရှင်းရှု ဖြစ်ချေ၏။


စုန့်လီချင်း ရောက်သည်နှင့် တစ်ပြိုင်နက် ပေရှင်းရှု၏ အကြည့်မှာ သူ့ထံမှ မခွာတော့ပေ။


အသားအရေကို မိတ်ကပ်မှုန့်ဖြင့် ဖုံးကွယ်နိုင်သော်လည်း စိတ်ဓာတ်ကိုမူ ဖုံးကွယ်၍ မရနိုင်ပေ။


ပေရှင်းရှုသည် ချီလင်နန်းဆောင်၌ သူ ကောင်းကောင်းမွန်မွန် မနေရကြောင်း သိရှိနေချေ၏။


ဖျားနာပြီးနောက် ကျွင်းချီယွီသည် စနစ်တကျ ပြုစုစောင့်ရှောက်ရန် ပျက်ကွက်ခဲ့ရုံသာမက စုန့်လီချင်းမှာ ပို၍ပင် အားအင်ချိနဲ့လာပုံရချေသည်။


စုန့်လီချင်းသည် ချက်ချင်းပင် စိတ်လှုပ်ရှားလာသည်။ ဤအချိန်အတွင်း ပေရှင်းရှုနှင့် မတွေ့ရသေးဘဲ သူကိုယ်၌လည်း အပြောင်းအလဲရှိပုံရပြီး ပေါ့ပေါ့ပါးပါး မရှိတော့ဘဲ ပြဿနာ တစ်စုံတစ်ခု ရှိသူကဲ့သို့ ဖြစ်နေချေသည်။


ကျွင်းချီယွီ၏ ရန်လိုမှုသည် ချက်ချင်းပင် ပေါ်ပေါက်လာသော်လည်း သူသည် ချက်ချင်း တုံ့ပြန်ခြင်းမပြုခဲ့ပေ။


“မင်းသား ပေ မင်း အမြင်တွေ မှားနေသလား၊ ချီလင်နန်းဆောင်မှာ အဝတ်အထည်နဲ့ အစားအစာ လိုအပ်မှု ရှိနိုင်ပါ့မလား”


ပေရှင်းရှုက တမင်တကာ ပြောဆိုသည်။ 


“ဪ အရှင့် ကြင်ယာတော်က ဒီလောက်ကြီးတဲ့ နန်းဆောင်ကို စီမံခန့်ခွဲရတာ ပင်ပန်းလို့လား၊ ဒါမှမဟုတ် နေမကောင်းလို့လား… ဖျားနာလို့လား”


ကျွင်းချီယွီသည် စုန့်လီချင်း၏ မကြာသေးမီက အပြင်း ဖျားနာမှုကို တမင်တကာ ဖုံးကွယ်ထားခဲ့သော်လည်း ပေရှင်းရှုက ဆက်တိုက် စူးစမ်းနေသည်။ သူ မည်ကဲ့သို့ မအံ့သြဘဲ နေနိုင်မည်နည်း။


“ဒီနေ့က ဧကရာဇ်ရဲ့ မွေးနေ့ပွဲပါ၊ မောင်မင်းပေက ခမည်းတော်ကို ဂုဏ်မပြုဘဲ ငါ့ရဲ့ အိမ်ရှေ့မိဖုရားကို စိုးရိမ်နေတာလား၊ သူ ဖျားနေတာပဲဖြစ်ဖြစ်၊ ပိန်နေတာပဲဖြစ်ဖြစ် မင်းနဲ့ ဘာဆိုင်လဲ၊ မင်း စုန့်လီချင်းကို အခုထိ လိုချင်နေပြီး လက်မလျှော့နိုင်သေးဘူးလား”


ပေရှင်းရှုက လှောင်လိုက်သည်။


“ကျွန်တော်မျိုး မဝံ့ရဲပါဘူး သိချင်ယုံသက်သက်ပါ၊ အရှင်တို့ လက်ထပ်တာ သုံးလပဲ ရှိသေးတယ်၊ ချစ်ခင်တွယ်တာရမယ့် အချိန်ပေမဲ့ အိမ်ရှေ့စံက တစ်ချိန်လုံး လူတိုင်းနဲ့ စကားပြောနေပြီး အိမ်ရှေ့မိဖုရားကို လုံးဝ လစ်လျူရှုထားလို့လေ၊ လှည့်တောင် မကြည့်ဘူး၊ ပျားရည်ဆမ်းကာလက ဒီလောက် မြန်မြန် ပြီးသွားတာလား၊ အရှင်က သစ္စာမရှိတဲ့လူ တစ်ယောက်လိုပဲ”


“ပေရှင်းရှု”


ကျွင်းချီယွီက ဒေါသထွက်ကာ မတ်တပ်ထရပ်တော့မည့် ဆဲဆဲတွင် စုန့်လီချင်းက သူ၏ အင်္ကျီလက်စကို တိတ်တဆိတ် ဆွဲလိုက်သည်။


ငါးအနည်းငယ်ကို ယူကာ စုန့်လီချင်းက ပြုံးရွှင်စွာဖြင့် ကျွင်းချီယွီ၏ နှုတ်ခမ်းနားသို့ ကမ်းလိုက်၏။


“ချီယွီ၊ ဒီလို နေ့ကောင်းနေ့မြတ်မှာ ဒေါသမထွက်ပါနဲ့၊ ဒီဟာကို မြည်းကြည့်”


ကျွင်းချီယွီက ငါးကို မျိုချလိုက်ပြီး ချစ်ခင်ဖွယ် အပြုံးကို အတင်းအကျပ် ပြုံးကာ ကျပန်း ဝါးစားလိုက်သည်။


စုန့်လီချင်းက ထပ်မံဖြည့်စွက်ပြောကြားသည်။ 


“ကျွန်တော် မကြာသေးခင်က နည်းနည်း အားနည်းနေတာ ဆောင်းဦးကူးပြောင်းချိန်ဆိုတော့ အအေးမိတာပါ၊ လုံလန်မင်းသားရဲ့ စိုးရိမ်မှုကို ကျေးဇူးတင်ပါတယ်၊ ချီယွီနဲ့ ကျွန်တော်တို့က နက်နဲနက်နဲ့ မေတ္တာရှိကြပါတယ်၊ လုံလန်မင်းသားရဲ့ စိုးရိမ်မှုအတွက် အထူး ကျေးဇူးတင်ပါတယ်”


သူတို့၏ အပြန်အလှန်ဆက်သွယ်မှုကို ကြည့်ရှုရင်း ချစ်ခင်ကြင်နာပုံ ပေါ်သော်လည်း ပေရှင်းရှုသည် နက်ရှိုင်းစွာ နာကျင်ခံစားရဆဲ ဖြစ်၏။


ပေရှင်းရှုက စုန့်လီချင်းကို ကြည့်ကာ ပြောဆိုသည်။


“မေတ္တာက ပျိုးထောင်ပေးပြီး၊ အမုန်းက ဒဏ်ရာရစေတယ်… အိမ်ရှေ့စံမိဖုရား နွေးထွေးမှုနဲ့ အေးစက်မှုကို ကိုယ်တိုင်ကပဲ သိနိုင်တာပါ”


စုန့်လီချင်းက အလျင်အမြန် ပြောဆိုလိုက်သည်။


“ကျွန်တော်တို့ရဲ့ အတွင်းရေးကိစ္စတွေကို အပြင်လူတွေ စိုးရိမ်ဖို့ မလိုပါဘူး”


“အပြင်လူ…”


ပေရှင်းရှုက ထိုစကားလုံးကို ပြန်လည် ပြောဆိုပြီး သူ၏ နှလုံးသားက ကွဲကြေသွားတော့သည်။


ပေရှင်းရှုသာ စုန့်ချီလင်းကို ပို၍ ချစ်မြတ်နိုးလျှင် ဘာဖြစ်မည်နည်း။ သူသည် နာမည်မရှိသော အပြင်လူ သာဖြစ်ပြီး၊ ကျွင်းချီယွီသည် လူဆိုး တစ်ယောက်ဖြစ်သည့်တိုင် စုန့်လီချင်း၏ ခင်ပွန်း ဖြစ်နေဆဲပင်။


“ကျွန်တော့်အပြစ်ပါ၊ ကျွန်တော်မျိုး မဆီမဆိုင် ဝင်စွက်ဖက်မိပါတယ်”


ပေရှင်းရှုသည် ဝမ်းနည်းဖွယ် အမူအရာဖြင့် သေရည်ပြင်းပြင်း တစ်ခွက်ကို ကုန်အောင် မော့သောက်ချလိုက်သည်။


သူသည် စုန့်လီချင်းကို အပြစ်မတင်ခဲ့ပေ။


သူသည် ရင်ကွဲမတတ် ခံစားရုံသာ ရှိတော့သည်။ စုန့်လီချင်းက ဤမျှ ပင်ပန်းနွမ်းနယ်နေသည့်တိုင် ခါးသီးမှုအားလုံးကို မျိုချကာ လူအများရှေ့တွင် အရာအားလုံး အဆင်ပြေနေဟန်ဆောင်နေသည်။


ဧကရာဇ်မင်းမြတ်သည် ချီလင်နန်းဆောင်၌ ဖြစ်ပျက်နေသည်များကို မသိရှိဘဲ ကျွင်းချီယွီက မနာလိုရုံသာ ဖြစ်သည်ဟု ထင်မှတ်ကာ အခြေအနေကို ပြေလည်စေရန် ကြားဝင်ဖြေရှင်းပေးလေသည်။


“လီချင်း၊ မင်း စစ်သူကြီးနန်းဆောင်ကို မပြန်ဖြစ်တာ အတော်ကြာပြီ၊ အဖေနဲ့သား နှစ်ကိုယ်ချင်း စကားပြောစရာ တစ်ခုခု ရှိနိုင်တာပဲ၊ မင်းအဖေဆီသွားပြီး ဝိုင်နဲ့ ဂါရဝပြုလိုက်ပါ၊ အဖေတစ်ယောက်က သူ့သားသမီးတွေကို စိုးရိမ်တာကို ငါ နားလည်ပါတယ်”


စုန့်လီချင်းသည် ငြင်းပယ်၍မရဘဲ နာခံလိုက်သည်။ သူသည် ဝိုင်တစ်ခွက်ကို ကောက်ယူကာ စုန့်ချင်း၏ ဘေးသို့ လျှောက်သွားသည်။ သူသည် စုန့်လီချင်းနှင့် သွေးသားမတော်စပ်သော်ငြား ဆင်းရဲဒုက္ခမှ ကယ်တင်ခဲ့ပြီး ပြုစုစောင့်ရှောက်ခဲ့သူ ဖြစ်၏။ သူသည် သားသမီးဝတ်ကို အချိန် အတော်ကြာအောင် မပြုစုခဲ့မိပေ။


စုန့်လီချင်း၏ မျက်လုံးများတွင် မျက်ရည်များဖြင့် ပြည့်လာပြီး ဦးညွှတ်ရန် ဒူးထောက်လိုက်ရာ သူ၏ စိတ်ထဲတွင် ရှိသော နှုတ်ဆက်စကားကို မပြောနိုင်ဘဲ “ပါးပါး” ဟု ခေါ်ဆိုပြီးသည်နှင့် လည်ချောင်းထဲတွင် နင်သွားတော့သည်။


စုန့်ချင်းက ထရပ်ကာ သူ့အား ထူပေးလိုက်သည်။


ပေရှင်းရှု၏ ဝင်ရောက်စွက်ဖက်မှုကြောင့် စိတ်မသက်မသာ ဖြစ်ခဲ့ရသော စုန့်ချင်းသည် အချိန်ကြာမြင့်စွာကပင် သံသယဝင်နေခဲ့ချေ၏။


“သား ချီလင်နန်းဆောင်မှာ အဆင်ပြေရဲ့လား” 


စုန့်ချင်းက စိုးရိမ်မှုအပြည့်ဖြင့် မေးမြန်းလိုက်သည်။


“ကျွန်တော် အဆင်ပြေပါတယ်၊ ချီယွီက ကျွန်တော့်ကို ကောင်းကောင်း ဆက်ဆံပါတယ်”


စုန့်လီချင်းသည် သူ၏ ခေါင်းကို လှည့်လိုက်ရာ မကျေနပ်မှုနှင့် တွန့်ဆုတ်မှုတို့ကို မထိန်းချုပ်နိုင်တော့ဘဲ မျက်ရည်များ စီးကျလာသည်။


စုန့်ချီလင်း၏ ဖခင်ကား သူ့အား အပြစ်မတင်သင့်ပေ။ ဤသည်မှာ သူတို့နှစ်ဦး၏ နောက်ဆုံးတွေ့ဆုံမှု ဖြစ်နိုင်သော်လည်း သူသည် လိမ်ညာနေဆဲပင်။


____________________________________________________________________________