Chapter 28
ပေရှင်းရှု၏ စကားများမှာ စုန့်လီချင်းအား နက်ရှိုင်းသည့် အတွေးထဲသို့ နစ်မြောသွားစေပြီး သူ၏ ခိုင်မာလှသော ယုံကြည်မှုက ပထမဆုံးအကြိမ်အဖြစ် လျော့ရဲလာခဲ့သည်။
ကျွင်းချီယွိကို သူမခွဲနိုင်သည့် တစ်ဦးတည်းသောသူအဖြစ် အမြဲတမ်း သတ်မှတ်ထားခဲ့ခြင်းဖြစ်သည်။
သို့သော် သေခြင်းတရားနှင့် ရင်ဆိုင်ရပြီးနောက် ဤကမ္ဘာပေါ်တွင် ခွဲခွာလို့မရသော အရာတစ်ခုမှ မရှိဘူးဆိုသည်ကို စုန့်လီချင်း သိလိုက်ရ၏။
သူ တကယ်ပဲ အတော်လေးခေါင်းမာခဲ့ခြင်း ဖြစ်နိုင်သည်။
ကျွင်းချီယွိ၏ အချစ်ကို ရရှိရန်အတွက် သူအတော်လေး အစွဲအလမ်းကြီးလွန်းခဲ့သောကြောင့် ယခုလို ပုန်ကန်သည့်အခြေအနေကို ဖြစ်စေခဲ့ခြင်းပင်။
သို့သော် ယခုအချိန်တွင် စုန့်လီချင်းမှာ ‘အချစ်ဆိုတာ တစ်ခုတည်းသော ဖြစ်တည်မှု မဟုတ်ဘူးလား၊ တခြားရွေးချယ်စရာတွေ ရှိနေမယ်ဆိုရင် အဲဒါကို အချစ်လို့ ခေါ်လို့ရသေးရဲ့လား’ ဆိုသည့် သံသယကို ရှင်းရှင်းလင်းလင်း အဖြေမထုတ်နိုင်ဖြစ်နေသည်။
စုန့်လီချင်းမှာ ဤသံသယအား အချိန်အတော်ကြာသည်အထိ မဖြေရှင်းနိုင်ခဲ့ပေ။
“လီချင်း!”
ပေရှင်းရှုက သူ့ကို အသံကျယ်ကျယ်ဖြင့် ခေါ်လိုက်သည်။
စုန့်လီချင်းက ယခုမှ အိပ်ရာကနိုးလာသကဲ့သို့ ခေါင်းစောင်းပြီး ယောင်နနဖြင့် ပြန်ဖြေလေသည်။
“ဟင်”
“မင်းရဲ့ မျက်လုံးတွေ…”
ပေရှင်းရှုမှ တစ်ခုခု မူမမှန်နေတာကို သတိပြုမိသွားသည်။ စုန့်လီချင်း နိုးလာကတည်းက ဘယ်အရာကိုမှ တည့်တည့်မကြည့်ပေ။ မျက်ဆံများမှာလည်း ကြောင်အ,နေပြီး အာရုံလည်းမရပေ။
ယခုလေးတင် စုန့်လီချင်း အချိန်အကြာကြီး စိတ်လွင့်နေသည်။ ထို့အပြင် ပေရှင်းရှု သူ့ရှေ့တွင် လက်ကို အကြိမ်ပေါင်းများစွာ ဝှေ့ယမ်းပြနေသော်လည်း စုန့်လီချင်းမှာ ထိုအရာကိုလည်း မမြင်ပေ။
“မျက်လုံးတွေက…”
စုန့်လီချင်းက ဟန်ဆောင်ပြုံးလိုက်ရင်း ပြန်ပြောလိုက်သည်။
“ကျွန်တော် ကလေးဘဝကတည်းက ငိုရတာကို ကြိုက်တယ်၊ အများကြီး ငိုလိုက်တော့ အရင်ရောဂါဟောင်း ပြန်ထလာတာနေမှာ၊ တစ်ခါငိုလိုက်ရင် လင်းလိုက်မှိန်လိုက်နဲ့ ဘာမှမမြင်ရတော့ဘူး”
သူနိုးလာသည့် အချိန်တွင် ဘာလို့ ထိုမျှလောက် ပျာယာခတ်မိသွားလဲဆိုသည်ကို မအံ့သြမိတော့ပေ။
သူ အမှောင်ထဲရောက်နေပြီး သူ့ မျက်လုံးများ ကွယ်နေသည်ကို သိသွားသောကြောင့် ကြောက်လန့်တကြားနှင့် သူ့ကိုယ်သူဖက်ပြီး ငိုခဲ့မိတာပင်။
ယခုချိန်မှာမူ သူတခြားသူများကို စိတ်မပူစေချင်သောကြောင့် တည်ငြိမ်ဟန်ဆောင်နေခြင်းဖြစ်သည်။
ပေရှင်းရှု၏ နှလုံးသားမှာ ရုတ်တရက် နာကျင်လာရသည်။ သူ စုန့်လီချင်းကို ထိတ်လန့်စရာကောင်းသည့် ဤနေရာမှ ခေါ်သွားပြီး ကျွင်းချီယွိနှင့်ဝေးရာမှာ ထားချင်သည်။
သူ့ကိုသေချာဖွက်ထားပြီး ချစ်ပေးချင်မိသည်။
ယခုက အချိန်ကောင်း မဟုတ်သေးကြောင်းကို ပေရှင်းရှုသိသောကြောင့် ဤပြင်းပြနေသည့် စိတ်ဆန္ဒကို ထိန်းချုပ်ထားလိုက်ရသည်။
“ဒါက ကိစ္စသေးသေးလေးမဟုတ်ဘူးနော် လီချင်း”
“စိတ်မပူပါနဲ့၊ ခဏနားလိုက်ရင် အဆင်ပြေသွားမှာပါ”
အမှန်တွင် ဤသည်မှာ စုန့်လီချင်း လုံးဝ မျက်စိကွယ်သွားသည့် ပထမဆုံးအကြိမ် ဖြစ်သည်။
ယခင်အခါများမှာ လင်းလာလိုက်မှိန်သွားလိုက်နှင့် မှုန်တိမှုန်ဝါးသာ ဖြစ်ခဲ့သည်။ အဆိုးဆုံးအနေနှင့် ခဏလောက်ပဲ အမှောင်ကျသွားပြီး ပြန်ကောင်းလာတာပင်။ သို့သော် ဤတစ်ကြိမ်မှာတော့ သူ နိုးနေခဲ့တာ အတော်ကြာတာတောင်မှ အလင်းရောင်နည်းနည်းလေးကိုတောင် မမြင်ရသေးပေ။
သူ့ရင်ထဲမှာ မသက်မသာဖြစ်နေမိသည်။ ကံကောင်းစွာနှင့် သူပေရှင်းရှုကို စကားပြောနေတုန်းမှာပဲ မီးခိုးရောင်အလင်းလေးကို တဖြည်းဖြည်း မြင်လာခဲ့သည်။ ထို့နောက် အရာဝတ္ထုများ၏ ပုံသဏ္ဌာန်တွေကို မြင်လာရပြီး နောက်ဆုံးတွင် ပေရှင်းရှု မှုန်ဝါးဝါးပုံရိပ်ကို မြင်နိုင်သွားသည်။
“ကြည့် ကျွန်တော်ပြန်ကောင်းဖို့ နည်းနည်းပဲလိုတော့တယ်၊ ခင်ဗျားထိုင်နေတာ ဒီနေရာမှာ၊ ခင်ဗျားရဲ့ခေါင်းကဒီမှာ၊ လက်တွေက ဒီမှာ…”
စုန့်လီချင်းက လေထဲ၌လက်ညှိုးထိုးပြရင်းဖြင့် သူအမြင်အာရုံ ပြန်ရပြီဆိုသည်ကို သက်သေပြလိုက်သည်။
“မင်းအဆင်ပြေတာ သေချာလို့လား”
ပေရှင်းရှုက သံသယဝင်နေသည်။
“အွန်း”
စုန့်လီချင်းတစ်ယောက် ပေရှင်းရှုကိုချော့ဖို့ရန် စကားလုံးအများကြီး သုံးလိုက်ရသည်။ နောက်ဆုံး၌ ဤသို့ပြုမူနေခြင်းမှာ ကျွင်းချီယွိ၏ သံသယကို နှိုးဆွလိုက်သကဲ့သို့ ဖြစ်နေလိမ့်မည်ဟု ပြောလိုက်မှသာလျှင် ပေရှင်းရှုမှာ အင်တင်တင်ဖြင့် ချီလင်စံအိမ်တော်မှ ထွက်သွားတော့သည်။
စုန့်လီချင်းမှည ခေါင်းအုံးပေါ်သို့ ညင်သာစွာမှီထားသည်။ သူ့ကျန်းမာရေးက ပိုပိုပြီးဆိုးလာတာကို သူခံစား၍ရသည်။ အထူးသဖြင့် သတိလစ်ပြီးနောက်ပိုင်းမှာ သွေးကုန်ခမ်းရောဂါက လျင်မြန်စွာ ပျံ့နှံ့နေပြီး သူ့ခန္ဓာကိုယ်တစ်ခုလုံး ပျော့ခွေနေသည်။ လက်လေးတောင်မှ မမြှောက်နိုင်ပေ။
“အချိန်က အရမ်းတန်ဖိုးရှိတာပဲ…”
သူ အလွန်စိတ်ထိခိုက်နေမိသည်မှာ ထိုနေ့မရောက်ခင် ကျွင်းချီယွိ၏ မုန်းတီးမှုနှင့် ရွံရှာမှုများကို ရပ်တန့်သွားအောင်လုပ်ရန် အချိန်ရှိ၊မရှိဆိုသည်ကို မသိသောကြောင့်ပင်။
ပေရှင်းရှု၏ ကြင်နာမှုကိုလည်း ပြန်ပေးဆပ်ဖို့ အချိန်ရမလားဆိုသည်ကိုလည်း သူမသိပေ။
မဟုတ်လျှင် သူ ကျွင်းချီယွိအပေါ် ရှိနေသည့် မကျေမနပ်ချက်များ၊ ပေရှင်းရှုအပေါ် အပြစ်ရှိစိတ်များနှင့်အတူ သေဆုံးရလိမ့်မည်ပင်။
စောစောက ပြင်ဆင်ထားသော အရည်နှင့်အစားအသောက်ကို ရှောင်တိမှာ ယူ၍ သူ့ကိုပေးလာသည်။ အနံ့ကတော့ ဆေးနှင့်တူသည်။ စုန့်လီချင်း နှစ်လုတ်လောက်မျိုချလိုက်ပြီးနောက်မှာ ပျို့အန်ချင်လာသလို ခံစားလိုက်ရသည်။
“ပြန်ယူသွားလိုက်ပါ၊ ငါ မစားနိုင်ဘူး”
စုန့်လီချင်း ပါးစပ်ထပ်မဟချင်တော့ပေ။
သူ့အခြေအနေကို ကြည့်ပြီး ရှောင်တိက စိုးရိမ်တကြီးဖြင့် ပြောလိုက်သည်။
“ဒါက တော်ဝင်သမားတော်ချီမြောင် ပြင်ပေးသွားတဲ့ ဆေးဖက်ဝင်အစာပါ၊ သွေးနဲ့အာဟာရကို ပြန်လည်ဖြည့်တင်းဖို့ သခင်လေးနိုးလာတာနဲ့ သောက်ရမယ်လို့ ပြောပါတယ်”
“ဪ၊ ဒါဆို ငါကုန်အောင်သောက်လိုက်မယ်”
စုန့်လီချင်းက ပန်းကန်ကို သူ့ဘာသာ ကိုင်လိုက်သည်။ သူ့လက်များမှာ မသိမသာ တုန်ယင်နေလေသည်။ သူ ပျို့အန်ချင်စိတ်ကို သည်းခံလိုက်ပြီး အလုတ်ကြီးကြီး မျိုချလိုက်သည်။
ရှောင်တိက ညင်သာစွာ ပြုံးလိုက်သည်။ စုန့်လီချင်းက သူမ ဘာလို့ပြုံးလိုက်သည်ကို နားမလည်စွာဖြင့် ကြည့်လိုက်သည်။
“သခင်လေး ရိုင်းပျသွားရင် ခွင့်လွှတ်ပါ၊ သခင်လေးက အရမ်းကောင်းလွန်းတယ်၊ လူတွေသခင်လေးကို ဖြစ်စေချင်တာမှန်သမျှ သခင်လေးက အကုန်လုပ်ပေးနေတယ်”
“အင်း…”
စုန့်လီချင်း နောက်ဆုံးတစ်လုတ်ကို အားယူပြီး အတင်းမျိုချလိုက်ရ၏။ သူ ပါးစပ်ကို လက်နှင့်အုပ်ပြီး အကြိမ်အနည်းငယ် ပျို့အန်မိသွားသည်။
“တခြားသူတွေ ကြိုးစားပြီးလုပ်ထားရတာကို ငါဖြုန်းတီးလို့မရဘူး…”
စုန့်လီချင်းက ခေတ္တရပ်ပြီး ပြောလေသည်။
“ငါ တခြားသူတွေကို စိတ်ပျက်အောင်လုပ်မိမှာ ကြောက်တယ်”
ရှောင်တိမှာ နားလည်သလိုလို မနားလည်သလိုလိုပင်။
“ဒါပေမဲ့ သခင်လေးရဲ့ စိတ်ထဲမှာ တခြားသူတစ်ယောက်လိုမျိုး ဟန်ဆောင်နေရင် ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ဖို့ ဘယ်လိုလုပ် အပိုအင်အားရှိတော့မှာလဲ”
သူတို့စကားပြောနေစဉ် ကျွင်းချီယွိဝင်လာသောကြောင့် ရှောင်တိက ချက်ချင်းဆိုသလို အလေးအနက်ဖြစ်သွားပြီး အရိုအသေပေးကာ အပြင်ကို ပါးနပ်စွာဖြင့် ထွက်သွားလိုက်သည်။
ကျွင်းချီယွိက စုန့်လီချင်းအိပ်ရာဘေးကို လျှောက်လာပြီး ပြုံးလိုက်သည်။
“မင်းနိုးနေပြီပဲ”
ကျွင်းချီယွိက ပေါ့ပေါ့ပါးပါးပဲ ပြောလိုက်သည်။
“မင်းအဆင်ပြေမယ်ဆိုတာ ငါသိသားပဲ၊ ဘယ်လိုလုပ် လူတစ်ယောက်က အလွယ်တကူ သေနိုင်ပါ့မလဲ”
သူ့လေသံက စုန့်လီချင်း ရုတ်တရက် အိပ်ပျော်သွားပြီး ဘာထိခိုက်မှုမှမဖြစ်ဘဲ နောက်တစ်နေ့မှာ နိုးလာသလိုမျိုး သာမန်လေသံပင်။
စုန့်လီချင်း၏ မျက်လုံးတွေက ယခုဆို ယခင်ကလို ပြန်ကောင်းနေပြီဖြစ်သောကြောင့် သူ ကျွင်းချီယွိ၏ မျက်နှာအစိတ်အပိုင်းများကို ရှင်းရှင်းလင်းလင်း မြင်နေရပြီဖြစ်သည်။
“အင်း”
စုန့်လီချင်းက ပေါ့ပေါ့တန်တန်ပဲ ပြန်ဖြေလိုက်ပြီး ငြိမ်သက်သွားသည်။
တစ်ခုခုမှားနေတာကို ကျွင်းချီယွိသတိထားမိလိုက်သည်။
“မင်း…”
ကျွင်းချီယွိ သေချာမပြောနိုင်ခဲ့သော်လည်း စုန့်လီချင်းက ပြောင်းလဲသွားပြီဟု ခံစားနေရသည်။
“ဘာဖြစ်နေတာလဲ”
စုန့်လီချင်း၏အသံက အက်ကွဲမှုအနည်းငယ်စွက်နေကာ အားနည်းနေတုန်းပင်။
“ဘာမှမဖြစ်ပါဘူး”
ကျွင်းချီယွိက သူ့ခေါင်းကိုထိကာ ပြောလိုက်သည်။
“မင်းကအရမ်း တည်ငြိမ်ပြီးရင်း တည်ငြိမ်နေတယ်လို့ ငါတွေးမိရုံပဲ”
စုန့်လီချင်းက မေးလိုက်သည်။
“ဘာလို့ အဲလိုပြောတာလဲ”
“အဲဒါက…မင်းငါ့ကိုတွေ့တော့ ပြုံးလည်းမပြုံးဘူး၊ ငိုလည်းမငိုဘူး၊ ငါ့ကို ပြောစရာမရှိဘူးလား”
သူပါးစပ်ဟလိုက်သည်။ သူမေ့မြောနေစဥ်မှာ ‘မြေအောက်ဘုရင်ရဲ့ နန်းတော်က နတ်ဆိုးက သူ့ကိုငရဲထိ ဆွဲခေါ်သွားခဲ့တယ်၊ ကျွင်းချီယွိရဲ့အသံကသာ သူ့ကို အလင်းဆီ လမ်းပြပေးခဲ့တာလို့’ ကျွင်းချီယွိကို သူပြောပြချင်သည်။
သို့သော် သူနိုးလာသောအချိန်တွင် ကျွင်းချီယွိကိုဖက်ပြီး သည်းကြီးမည်းကြီး ငိုချလိုက်ချင်စိတ်က ပျောက်ဆုံးသွားသည်ကို သူတွေ့လိုက်ရသည်။
သူမျက်စိကွယ်သွားသောကြောင့် ခံစားခဲ့ရသည့် ကြောက်လန့်မှုကလည်း ပေရှင်းရှုကြောင့် ပြေလည်သွားခဲ့ပြီပင်။
ကျွင်းချီယွိက သူခံစားရသည့် နာကျင်မှုနှင့် ဝမ်းနည်းမှုများကို မမြင်ခဲ့ပေ။
တချို့အရာများက လွဲချော်ပြီးသွားလျှင် ထပ်ပြောစရာမလိုတော့ချေ။
ဘာပဲနေနေ ကျွင်းချီယွိက နားထောင်ချင်မှာမှ မဟုတ်တာ။
“ငါအခုမှ အသည်းအသန် နေမကောင်းတာကနေ ပြန်ကောင်းလာလို့ အားမရှိတာနေမှာပါ…”
ကျွင်းချီယွိက သူမူမမှန်တာကို ထောက်ပြလိုက်သည်။
“မင်းက ငိုတောင်မငိုဘူး၊ မင်းက မျက်ရည်ကျရတာကို ကြိုက်တဲ့သူလေ”
စုန့်လီချင်း ခေါင်းညိတ်လိုက်သည်။ သူ သူ့မျက်နှာကို လက်ဖြင့်ထိကြည့်လိုက်တော့ မျက်ရည်တွေက ခြောက်တောင်ခြောက်နေပြီဖြစ်သည်။ သေရွာကနေ ပြန်လာပြီး ကျွင်းချီယွိကို ပြန်တွေ့ရသည်ါ ပျော်ရွှင်မှုမှာလည်း ကျွင်းချီယွိအပေါ် ကြောက်ရွံ့မှုနှင့် အနာဂတ်အတွက် ဇဝေဇဝါဖြစ်မှုများဖြင့် အစားထိုးခံလိုက်ရပြီဖြစ်သည်။
“ငါငိုပြီးသွားပြီ”
စုန့်လီချင်းက ထိုအတိုင်းပဲ ပြန်ဖြေလိုက်သည်။
“မင်းမှဒီမှာမရှိတာ”
ကျွင်းချီယွိကို စုန့်လီချင်းအလိုအပ်ဆုံးအချိန်မှာ သူက ရှိမနေပေးခဲ့ပေ။
ကျွင်းချီယွိ မျက်မှောင်ကြုတ်လိုက်သည်။
“ငါကမင်းရဲ့ အိပ်ရာဘေးမှာနေပြီး နေ့ရောညပါ ဂရုမစိုက်လို့ မင်းကငါ့ကို အပြစ်တင်နေတာလား၊ အဲလိုနေပြီး မင်းနိုးလာတာနဲ့ ငါကမင်းကို ပွေ့ဖက်နှစ်သိမ့်ပေးနိုင်အောင်လို့လား၊ စုန့်လီချင်း မင်းက တောင်းဆိုတာတွေ အရမ်းများလွန်းတယ်!”
“ငါကဘာလို့ မင်းကိုအပြစ်တင်ရမှာလဲ ချီယွိရဲ့”
စုန့်လီချင်းက သူဘာလို့ စိတ်တိုနေတယ်ဆိုသည် ကို မသိဘဲ ကြင်နာစွာဖြင့် ပြန်ပြောလိုက်သည်။
“ငါငိုတာကို မင်း မုန်းတယ်မဟုတ်ဘူးလား၊ ငါမငိုတော့ရင် မင်းကို နှောင့်ယှက်ရာမရောက်တော့ဘူးလေ”
ကျွင်းချီယွိက ဒေါသတကြီး ပြောလိုက်သည်။
“လူတွေ ငါ့ကို ဂရုမစိုက်တာကို ငါပိုမုန်းတယ်!”
“မင်း အထင်လွဲနေတာပါ၊ ငါ့မှာတကယ် ငိုဖို့အားမရှိတော့တာ”
စုန့်လီချင်းက ကျွင်းချီယွိ၏လက်ကို ကိုင်လိုက်သည်။ သူထပ်ခါထပ်ခါ စော်ကားခံနေရတာတောင်မှ ယခုထိ ဒီလူကို ချစ်နေတုန်းပင်။
ကျွင်းချီယွိက ထိုအဖြေကို မကျေနပ်တာ အသေအချာပင်။ ဒါကြောင့် သူ စုန့်လီချင်းကို အကဲခတ်လိုက်သည်။
“ပေရှင်းရှုက အခုလေးတင်မှ ထွက်သွားတာလား”
“အမ်း”
“မင်းငါ့ကို အေးတိအေးစက်ဆက်ဆံနေတာ မထူးဆန်းတော့ဘူး”
ကျွင်းချီယွိက ထူးထူးဆန်းဆန်းလေသံတစ်မျိုးဖြင့် ပြောသည်။
“မင်းရဲ့ပုံမှန် စိတ်အားထက်သန်မှုတွေကို သူ့ကို ပေးလိုက်တာမဟုတ်လား”
စုန့်လီချင်း၏ရင်ထဲ တုန်လှုပ်သွားရသည်။ သူ့လက်တွေက အားအင်မရှိစွာ ပြုတ်ကျသွားပြီး ကျွင်းချီယွိလက်ကို သူ့လက်ဖဝါးထဲမှ ထွက်သွားခွင့်ပြုလိုက်ရသည်။
________________________________________________________________________