Ch 40
Viewers 2k

Chapter 40



“ဘာဖြစ်လို့လဲ၊ မင်းစောက်ဖြစ်ရှိအောင် လုပ်နိုင်တာ ဘာရှိလဲ”



ဒေါသတကြီးနှင့် ကျယ်လောင်စွာ ပြောနေသော အသံတစ်သံ ထွက်ပေါ်လာသည်။ ထိုပုဂ္ဂိုလ်က ဒေါသမထိန်းနိုင်စွာနှင့် သလင်းကျောက်ဖြင့် ပြုလုပ်ထားသော ပြာခွက်တစ်ခွက်ကို ကိုင်ပေါက်ကာ ရိုက်ခွဲလိုက်၏။ ပြာခွက်မှာ အစိတ်စိတ်အမွှာမွှာကွဲထွက်သွားကာ ရိုက်ခွဲသံကလည်း လူတိုင်းပင် အတိုင်းသားကြားနိုင်လေသည်။



ကံကောင်းထောက်မစွာနှင့် ပြာခွက်သည် မတ်တပ်ရပ်နေသော အမျိုးသမီး၏ နေရာမှ အတော်ဝေးဝေးသို့ လွင့်စင်သွားသဖြင့် သူမအား ဖန်ကွဲစများ ရှမသွားပေ။



“ကျွန်မ တောင်းပန်ပါတယ်”



“တောင်းပန်တာနဲ့ လုံလောက်မလားကွ ငါမင်းကို ပြောတာ ဘယ်နှစ်ခေါက် ရှိပြီလဲ၊ မြို့စားအိုလော့ဗ် မင်းကို ကြိုက်လာအောင်လုပ်ပြီး မြို့စားကတော် ရာထူးကိုရအောင် လုပ်ပါဆို၊ မင်းပြောတော့ မင်းဘာသာမင်း ကြည့်လုပ်လိုက်မယ်ဆို အခုတော့ ဒါဘာလဲ…ဟမ်၊ ဟိုက ကလေးတောင် ရနေပြီတဲ့”



ပြောပြောဆိုဆိုနှင့် ထိုပုဂ္ဂိုလ်က ဒေါသမထိန်းနိုင်ဖြစ်လာကာ ပို၍ပင် ရမ်းကားလာလေသည်။



ထိုသူမှာ တခြားသူမဟုတ်၊ မြို့စားဝေလ်ဆင်ပင်။ မိုက်ကီရယ့်အား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့စဉ်က ပုံစံနှင့် ယခုပုံစံမှာ တခြားစီဖြစ်နေ၏။



“သမီး တောင်းပန်ပါတယ် အဖေ”



“တောင်းပန်တယ် တောင်းပန်တယ်နဲ့ တောင်းပန်ရင်း လဲသေလိုက်၊ တစ်ခုခု စောက်တလွဲဖြစ်သွားရင် တောင်းပန်ဖို့ပဲ သိတယ်၊ အရှက်မရှိချက်က မင်းအမေနဲ့ အတူတူပဲ၊ မင်းအမေကလည်း စောက်ရှက်မရှိတာ ‘ကျွန်မတောင်းပန်ပါတယ် ဒါပေမဲ့ မြို့စားကြီးရဲ့ကလေးကို ကိုယ်ဝန်လွယ်ထားရပါပြီ' တဲ့လေ၊ ညစ်ပတ်စုတ်ပြတ်ပြီး လျှောက်သွားနေတဲ့ ကလေးက ငါ့သွေးသားပါလို့ ဘယ်သူ အာမခံပေးနိုင်လို့လဲ ဟမ်”



မြိုစားဝေလ်ဆင်၏ သူမ မိခင်ကို စော်ကားသော စကားများကြောင့် မာရီနာ‌ဝေလ်ဆင်ခမျာ ဒေါသထွက်လွန်းလှသဖြင့် သူမနှုတ်ခမ်းများကိုသာ ကိုက်ထားမိသည်။ သူမ၏ အညိုရောင် မျက်ဝန်းများမှာ ဒေါသများဖြင့် ပြည့်နှက်နေသော်လည်း မြို့စားဝေလ်ဆင်ကတော့ သူမ၏ ခံစားချက်များကို သတိမထားမိပေ။ ခေါင်းထဲပင် မထည့်ဟု ဆိုရလျှင် ပို၍မှန်ပေလိမ့်မည်။ 



ဝေလ်ဆင်သည် မာရီနာ၏ မိခင် အာမန်ဒါ အိုဝဲလ်အား အလွန်မုန်းတီးလှသည်။



အာမန်ဒါ အိုဝဲလ်က မြို့တော်နှင့်ဝေးလှသော ပင်လယ်ကမ်းရိုးပြည်နယ်ဘက်မှ ငယ်ရွယ်နုပျိုလှသည့် ဘာရွန်ဘွဲ့ခံ အမျိုးသမီးတစ်ဦးဖြစ်၏။ သူမနှင့် မေဂျာ ဝေလ်ဆင်သည် အထက်တန်းလွှာအသိုင်းအဝိုင်းများမှကျင်းပသော ကပွဲတစ်ခုတွင် တွေ့ဆုံခဲ့ကြခြင်းပင်။



ဝေလ်ဆင်နှင့် အာမန်ဒါသည် အသက်အတော်ကွာလှသော်လည်း အာမန်ဒါမှာ မေဂျာ ဝေလ်ဆင်၏ စကားပြောညင်သာကာ လူကြီးလူကောင်းဆန်မှုများတွင် နစ်မြောသွားခဲ့‌လေရာ သူတို့ပထမဆုံးတွေ့သည့် ညမှာပင် အတူတူနေဖြစ်ခဲ့ကြ‌လေ၏။



ဝမ်းနည်းဖို့ကောင်းလှသည်မှာ ထိုနေ့က အာမန်ဒါ့အတွက်တော့ ပထမ‌ဦး‌ဆုံး ချစ်ကျွမ်းဝင်မိသောနေ့ဖြစ်သော်လည်း ဝေလ်ဆင့်အတွက်မူကား အာမန်ဒါမှာ သူရှုပ်‌ပွေထားသောမိန်းမများထဲမှ တစ်ဦးသာသာပင်ဖြစ်သည်။ ထိုကိစ္စကို အာမန်ဒါသိလိုက်ရသည့်အချိန်တွင် သူမ၏ဗိုက်ထဲ၌ သန္ဓေသားလေး ရောက်နေလေပြီ။



မိန်းမလိုက်စားသည့်လူတစ်ဦး၏ ဇနီးမယားဖြစ်ရခြင်းကို အာမန်ဒါတစ်ယောက် သေလောက်အောင် မုန်းလှသော်လည်း သူမ၏ ရှေးရိုးဆန်လှသော မိဘများက အိမ်ထောင်မပြုမီ လိင်ဆက်ဆံခြင်းကို လုံးဝသည်းမခံနိုင်ပေ။ ထို့ကြောင့်ပင် သူမ၏မိဘနှစ်ပါးကိုယ်တိုင်က စွန့်ပစ်ခဲ့ရာ အာမန်ဒါ‌အတွက် သွားစရာနေရာမှာ တစ်နေရာသာ ရှိတော့သည့်အတွက် သူမ မြို့စားဝေလ်ဆင်၏ အိမ်တော်သို့ ခြေဦးတည်ရတော့၏။



တစ်ချိန်တည်းမှာပင် ဝေလ်ဆင်၏ မိဘများကလည်း ဘဝကို အလေးမထားဘဲ ပေါ့ပေါ့ပါးပါး ဖြတ်သန်း‌နေသောသူတို့၏ သားအား ပြဿနာရှာနေလေသည်။ ထို့အပြင် ပို၍ဆိုးရွားလှသည်မှာ အမွေကို ဆက်ခံမည့်မျိုးဆက်မရှိသေးခြင်းပင်။



ထိုစဉ် ဝေလ်ဆင်၏ ကလေးကို လွယ်ထားရသော မျိုးရိုးမြင့် မိန်းကလေးတစ်ဦးသည် သူတို့ဆီသို့ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာလေသည်။ မျိုးရိုးမြင့်တစ်ဦးဖြစ်သော်လည်း ကျေးလက်တောသူဖြစ်သည့် အာမန်ဒါအား ဝေလ်ဆင်က မယူချင်ပေ။ သို့သော်လည်း မိဘများက အမွေနှင့် အတင်း ချိန်းခြောက်သည့်အတွက် လက်ထပ်လိုက်ရ၏။



ထိုအချိန်တွင် ဝေလ်ဆင်၏ မိဘနှစ်ပါးမှာ သူတို့၏မြေးလေးသည် ယောင်္ကျားလေးမုချ ဖြစ်ရမည်ဟု သတ်မှတ်ထားကြသည်။



သို့သော် မွေးလာသည့်ကလေးမှာ မိန်းကလေးဖြစ်နေလေရာ အကြီးအကျယ် စိတ်ပျက်သွားကြသည်။ မြေးမလေးဖြစ်သောမာရီဒါအား မချစ်မနှစ်သက်ကြသည့်အပြင် သူမ၏ မိခင်ဖြစ်သူ အာမန်ဒါ့ကိုပါ ပစ်ပယ်ထားကြလေတော့၏။



ဝေလ်ဆင်ကတော့ ပါးစပ်ကထုတ်မပြောသော်လည်း အာမန်ဒါမှာ ထိုစိတ်ဖြင့် တစ်နေ့ထက် တစ်နေ့ ကျန်းမာရေး ပို၍ ဆိုးရွားလာသည်။



သိပ်မကြာခင်မှာပင် ဝေလ်ဆင်၏ မိဘနှစ်ပါးလုံး နာတာရှည်ရောဂါဖြင့် ဆုံးပါးသွားကာ ဝေလ်ဆင်တစ်ယောက် မြို့စားဖြစ်လာလေတော့သည်။ သူမြို့စားဖြစ်ပြီးပြီးချင်းမှာပင် သူ၏ ရောဂါဝေဒနာ ခံစားနေရသော ဇနီးသည်အား ကျန်းမာရေး ပိုကောင်းလာစေရန် ဟူသည့် မဟုတ်မမှန် အကြောင်းပြချက်ဖြင့် ကျေးလက်ဒေသသို့ ပို့ဆောင်လိုက်၏။ အာမန်ဒါအား ထိုကဲ့သို့ ဖယ်ထုတ်ရန်မှာ ဝေလ်ဆင်ယခင်ကတည်းက ကြံစည်နေသည့်အရာပင်။


မာရီနာ့ကို မပစ်ပယ်ရသည့် အကြောင်းပြချက်ကတော့ ရိုးရှင်းလှ၏။ မာရီနာမှာ အလွန်လှပသော အမျိုးသမီးကောင်းတစ်ဦးအနေဖြင့် ကြီးပြင်းလာခဲ့သောကြောင့် သူမအား တခြားသူတစ်ယောက်၏ ဇနီးမယားအဖြစ် ရောင်းစားရန် ရည်ရွယ်ထားသောကြောင့်ပင်။



ဝေလ်ဆင် အဓိကရည်ရွယ်သည်မှာ ကြွယ်ဝချမ်းသာလှသော တော်ဝင်မိသားစုအသိုင်းအဝိုင်းဖြစ်လေသည်။ သို့သော်လည်း တော်ဝင်မိသားစုအသိုင်းအဝိုင်းတွင် သတ်မှတ်ချက်များ များလွန်းလှသဖြင့် သူ၏ စံနှုန်းများကို တစ်ဆင့်လျော့ချကာ အက်ရှ်မြိုစား အိုလောဗ်ကိုသာ ပစ်မှတ်ထားလိုက်တော့၏။



သို့တိုင်‌အောင် အက်ရှ်မြို့စား အိုလောဗ်သည်လည်း မြို့စားဝေလ်ဆင်အတွက် အလွန်ကောင်းသော ပစ်မှတ်ဖြစ်နေဆဲပင်။



ဝိုက်ဒီဖီးယား အင်ပါယာတွင် အာဏာအရှိဆုံးနှင့် အချမ်းသာဆုံး မိသားစုဖြစ်ရုံသာမက အင်ပါယာကိုယ်တိုင်ကပင် လျစ်လျူမရှုနိုင်သည့် သမိုင်းကြောင်းကို ပိုင်ဆိုင်ထားလေသည်။

ဝေလ်ဆင်သည် သူသာ သူ၏သမီးအား ထိုကဲ့သို့ အာဏာရှိလှသည့်မိသားစုနှင့် လက်ထပ်ပေးနိုင်လျှင် မေတ္တာမပါသည့် အိမ်ထောင်ရေးကို မေ့ထားနိုင်မည်ဟု ထင်နေ၏။



ထို့ကြောင့်လည်း အက်ရှ်မြို့စားအား တတ်နိုင်သလောက် ဖားကာ မျက်နှာချိုသွေးရန် ကြိုးစားနေသော်လည်း တကယ်တမ်းတွင် သူ၏ သမီးက ဘာမျှ မလှုပ်ရှားနေပေ။



ဤသို့ကိစ္စများ ရှိနေသည့်ကြားတွင် အက်ရှ်မြို့စား၌ ကလေးရှိကြောင်း သတင်းကြားလိုက်ရသည်။ အာမန်ဒါ သူ့ဆီ လိုက်လာသကဲ့သို့ အိုလောဗ်မြို့စား၏ကလေးအား မွေးဖွားပေးသော အမျိုးသမီးသည်လည်း လိုက်လာကာ အတင်းလက်ထပ်ခိုင်းလျှင် ပြဿနာတက်ပေမည်ဟု ဝေလ်ဆန်‌တွေးနေလေ၏။ အဘယ်ကြောင့်ဆိုသော် သူအနှစ်နှစ် အလလ စီမံခဲ့ရသည့်ကိစ္စမှာ မျှော်စင်တစ်ခု ပြိုလဲသွားသကဲ့သို့ ပျက်စီးသွားမည်ပင်။



“စိတ်မပူပါနဲ့‌ အဖေ၊ အက်ရှ်မြို့စား အိုလောဗ် မိန်းမရသွားတယ်လို့ လုံးဝမကြားမိပါဘူး”



“အေး ငါပြောတာ အဲဒါပဲ ဒါပေမဲ့ သူ့မှာ ကလေးရှိတယ်တဲ့၊ အက်ရှ်မြိုစား ကိုယ်တိုင် ငါ့ကိုပြောတာ”



“အဲဒါက သူ့ကလေးဆိုတာ အ‌ဖေသေချာရဲ့လား၊ သူက အဲကလေးကို ဒီတိုင်း ကျွေးမွေး စောင့်ရှောက်ထားတာရော မဖြစ်နိုင်ဘူးလား၊ တကယ်လို့ သူ့ကလေးသေချာရင်တောင် ကိစ္စမရှိပါဘူး သမီးလုပ်ရမှာက သူနဲ့ ကလေးရအောင်ယူပြီး အဲကလေးကို အိမ်တော်ရဲ့ဆက်ခံသူ ဖြစ်အောင် လုပ်ဖို့ပဲမလား”



“အင်း”



မာရီနာ၏ ဆက်တိုက် ပြောလာသောစကားများကြောင့် မြို့စားဝေလ်ဆင် ပါးစပ်ပိတ်သွားလေသည်။ ထို့နောက်ခေါင်းမော့ကာ မာရီနာ့အား မသင်္ကာသည့် မျက်လုံးများဖြင့် ကြည့်လိုက်ရာ မာရီနာမှာ ခေါင်းကို တန်းတန်းမတ်မတ်မော့ထားကာ ယုံကြည်မှုအပြည့်နှင့်ပင်။



ဤမိန်းကလေးသည် အမှန်စင်စစ်  သူ့သမီးဖြစ်ဟန်တူ၏။ တစ်ခါတစ်ရံမှာ ဒေါသထွက်စရာကောင်းသော်လည်း  ယခုလက်ရှိ သူမ၏ ပုံစံသည် သူနှင့် တစ်ထေရာတည်းပင်။



“အင်း ကောင်းပြီလေ ကြိုးစားကြည့်တာပေါ့၊ မင်းမှာ ဘာအကြံကောင်းတွေရှိလဲ ပြော ကြည့်လေ”



ဝေလ်ဆန်တစ်ယောက် သိပ်မယုံချင်သော်လည်း သူ့မှာ မာရီနာအား ယုံကြည်ရုံမှလွဲ၍ တခြားရွေးချယ်စရာမရှိပေ။



ထို့နောက် မာရီနာက ခေါင်းကို အသာအယာလေး ငြိမ့်ပြလိုက်သည်။



***


“...”



“...”



အခန်းတစ်ခန်းလုံး အလွန်တိတ်ဆိတ် ငြိမ်သက်နေလေသည်။



ယောလ်တစ်ယောက် အန်ဒရီ့အား မျက်လုံးကြီး ပုတ်ခတ်ပုတ်ခတ်နှင့် ကြောင်ကြည့်နေမိသည်။ နောက်ပြောင်သည် ဟုဆိုရအောင်လည်း အတည်ပြောနေမှန်းသိသာလေ၏။ သို့သော် အန်ဒရီဆိုလျှင်တော့ ရုပ်တည်ကြီးနှင့် လိမ်နိုင်လောက်ပေသည်ဟု တွေးမိပြန်သည်။



“ဟားဟားဟား အဲဒါဆို ဒီကောင်လေးက ထာဝရအသက်ရှင်ဖို့အတွက် သော့ချက်ပေါ့”



“သိပ်သေချာတာပေါ့”



“ဟူး…”



မဟုတ်ဘူး ဆိုသည့်အဖြေကို သူမျှော်လင့်မိ၏။ ဒီလိုလူစုတ်လူပေ၊ အသုံးမဝင်သောလူယုတ်မာများကြားထဲတွင် ဤချည်အရုပ်ကလေးက ထာဝရအသက်ရှင်နည်းအတွက် သော့ချက်ဆိုသည်မှာ အမှန်ဖြစ်ပါ့မလားဟု တွေးနေမိသည်။



“မိုက်-မိုက်ကီရယ်…”



ယောလ်သည် မျှော်လင့်ချက်ကို မစွန့်လွှတ်ဘဲ မိုက်ကီရယ့်အား ကြောက်ကြောက်လန့်လန့်နှင့် ခေါ်လိုက်လေသည်။ အန်ဒရီက‌တေ ယခုလိုအချိန်မှာတောင် အဓိပ္ပာယ်မရှိသည့်အရာများ လျှောက်ပြောကာ ရယ်ရယ်မောမော နေနိုင်သော်လည်း မိုက်ကီရယ်ကတော့ ထိုသို့လူမျိုးမဟုတ်ပေ။



“လီးပဲ”



ဘာ…ဘာ ခင်ဗျားကပါ ဘာလို့ဆဲနေတာလဲ၊ အခြေအနေက ပိုဆိုးသွားသလိုပဲ။



မိုက်ကီရယ်၏ ပါးစပ်မှ ဆဲသံထွက်လာသဖြင့် ယောလ်ခမျာ မျှော်လင့်ချက်များအားလုံး ရေစုံမျောသွားရသည်။ သူ့ပုံစံက အလွန်စိတ်ရှုပ်နေပုံပေါ်ကာ စိတ်ပျက်လက်ပျက်လည်းဖြစ်နေ၏။



“လူ့ခန္ဓာကိုယ်ကြီးဆိုတာ အဆုံးသတ်ရှိတယ်‌ ဒါပေမဲ့ လူတွေသေတယ်ဆိုတာ ဝိညာဉ်ပျက်စီးသွားလို့မဟုတ်ဘူး ဝိညာဉ်ကိန်းအောင်းတဲ့ ခန္ဓာကိုယ်ကြီးက ပျက်စီးသွားလို့သာ သေကြရတာလေ၊ တကယ်လို့ ဝိညာဉ်ကို ခန္ဓာကိုယ် တစ်ခုပြီးတစ်ခုပြောင်းနေလို့ရရင် ဘယ်လိုလုပ်မလဲ၊ အဲလိုသာ ဆက်တိုက်လုပ်နိုင်ရင် ထာဝရ အသက်ရှင်ဖို့ကမဖြစ်နိုင်ဘူးလား”



“ဖြစ်နိုင်တယ်ဗျ ဒါပေမဲ့ ဘယ်လိုအရူးမျိုးက အရုပ်ခန္ဓာကိုယ် သေးသေးလေးထဲကို ဝိညာဉ်ပြောင်းပြီး ထာဝရအသက်ရှင်ချင်ရတာလဲ”



ယောလ်တစ်ယောက် အလန့်တကြားနှင့် အော်ပြောတော့သည်။



အန်ဒရီ ဆိုလိုချင်သည်အား သူသဘောပေါက်၏။ တစ်လုံးမကျန် နားလည်လေသည်။ သို့သော်လည်း လူသားခန္ဓာကိုယ်နှင့် အရုပ်ခန္ဓာကိုယ်မှာ အခြေခံအရပင် ကွာခြားလှ၏။


ဝိညာဉ်အား ခန္ဓာကိုယ်တစ်ခုမှ အခြားတစ်ခုသို့ ကူးပြောင်းနေနိုင်သည် ဆိုလျှင်တောင် ကွာခြားမှုသိပ်မရှိပေ။ သို့သော် မည်သည့်ဘက်က စဉ်းစားကြည့်ပါစေ လူနှင့်အရုပ်မှာ ခန္ဓာကိုယ်များအား ဘေးချင်းယှဉ်ကြည့်လျှင်ပင် အသိသာကြီးဖြစ်၏။



“အေးပေါ့ ထပ်လေ့လာဖို့တော့ လိုသေးပေမဲ့ သိထားတာ ကောင်းတယ်မလား” 



အန်ဒရီ၏ ရှင်းပြချက်အား နားထောင်ကာ ယောလ်တစ်ယောက် လက်နှစ်ဖက်ဖြင့် မျက်နှာကိုသာ ကိုးရို့ကားယား ပွတ်သပ်နေတော့သည်။ 



ဤခန္ဓာကိုယ်လေး‌သည် ထာဝရအသက်ရှင်ခြင်း၏ သော့ချက်ဖြစ်နေမည်မှန်း သူတွေးပင် မတွေးမိဖူးပေ။



သို့သော် သူ့အတွက်ကတော့ ထာဝရအသက်ရှင်ခြင်း၊ မရှင်ခြင်းသည် အလွန်အရေးမပါပေ။ သူ၏ မူလခန္ဓာကိုယ်ထဲသို့ ပြန်ကူးပြောင်းသွားရန်သာ အရေးကြီးသည်။ ထိုသို့မဟုတ်ပါကလည်း အနည်းဆုံးတော့ သူလူသားတစ်ယောက် အနေဖြင့် နေချင်မိ၏။



“ဟုတ်ပြီ၊ ဒီခန္ဓာကိုယ်လေးက ထာဝရအသက်ရှင်ဖို့အတွက် သော့ချက်ပဲဆိုပါတော့ ဒါပေမဲ့ အဲဒါက အဲလောက်အရေးပါလို့လား၊ ပြီးတော့ စောနတုန်းက အောက်လမ်းအကြောင်း ပြောလိုက်သေးတယ်လေ၊ တကယ်လို့ အောက်လမ်းသုံးရင် ဖမ်းမိမှာပေါ့”



ယောလ်တစ်ယောက် ရှုပ်ထွေးနေသည့် သူ၏စိတ်များကို အလျင်အမြန်ပင် စုစည်းလိုက်သည်။ မည်သို့ပင်ဖြစ်စေ အန်ဒရီရော မိုက်ကီရယ်ပါ အခြား လန့်စရာကောင်းသည့်တစ်ခုခုကို ထပ်ပြောနိုင်လောက်တော့မည် မဟုတ်‌ဟု သူထင်သည်။



သို့‌သော်လည်း အန်ဒရီ့ပါးစပ်မှ ထွက်ပေါ်လာသော စကားများသည် သူ့စိတ်ကို အစိတ်စိတ် အမွှာမွှာ ကြေကွဲသွားစေခဲ့၏။