Chapter 33
“အဲတော့ မင်းပြောချင်တာက မကောင်းဆိုးဝါးဝိညာဥ်ပူးခံထားရတဲ့ အရုပ်တစ်ရုပ်က လူဖြစ်လာတယ်ပေါ့”
မိုက်ကီရယ် ညကပြောပြထားသည့် အကြောင်းအရာကို အန်ဒရီတစ်ယောက် မျက်မှောင်ကျုံ့ကာ မေးနေလေသည်။
“မကောင်းဆိုးဝါးဝိညာဥ်တော့ မဟုတ်ပါဘူး၊ ဒီတိုင်း လူအသွင်ပြောင်းသွားတဲ့ အရုပ်တစ်ရုပ်ပဲ”
မိုက်ကီရယ် ပြန်ပြင်ပြောလိုက်သည်။ ယခင်က သူကိုယ်တိုင်လည်း မကောင်းဆိုးဝါးဝိညာဥ်လို့ ထင်ခဲ့ဖူးသည်။ သို့သော် ယခုတော့ မထင်ရက်တော့ပေ။
မိုက်ကီရယ်၏ မျက်လုံးထဲတွင်တော့ ယောလ်အား မကောင်းဆိုးဝါးဝိညာဥ် ပူးကပ်ထားသည်ဟု မမြင်ဘဲ သူလက်ဆောင်ရထားသည့် ချစ်စရာကောင်းသောအရုပ်ကလေး ဟုသာ မြင်နေမိသည်။
“အေးပါ ဟုတ်ပါပြီ ဘာပဲဖြစ်ဖြစ်၊ အဲအရုပ်က လူပြောင်းသွားတယ်ပေါ့”
“ဟုတ်တယ်”
“အိုင်းစက်”
“အွန်း”
အန်ဒရီခေါ်လိုက်သည်နှင့် အိုင်းစက်မှာ ချက်ချင်းပြန်ဖြေလိုက်၏။
အိုင်းစက်အား ခေါ်လိုက်ခြင်းမှာ ကြောင်တောင်တောင်နိုင်သည်ဟု မိုက်ကီရယ်ထင်သော်လည်း ဘာအကြောင်းပြောမည်ကိုသိချင်သဖြင့် တိတ်တိတ်ကလေးကြည့်နေသည်။
“နန်းတော်ထဲက စိတ်ကျန်းမာရေးဆရာဝန် တစ်ယောက်လောက် ပင့်ခဲ့စမ်းပါကွာ၊ အာ မဟုတ်ဘူး နန်းတော်ထဲကမဖြစ်လည်းရတယ်၊ ရှိသမျှ အကောင်းဆုံး စိတ်ကျန်းမာရေး ဆရာဝန်တွေကိုသာ ပင့်လာခဲ့တော့၊ ငါ့သူငယ်ချင်း ရူးသွားပြီ ထင်တယ်”
“ငါမရူးဘူးဟ အကောင်းကြီးရှိသေးတယ်”
မိုက်ကီရယ်တစ်ယောက် အန်ဒရီ၏စကားကြောင့် မျက်မှောင်ကြုတ်သွားလေသည်။ အစကတည်းက သူ့စကားကို လွယ်လွယ်နှင့် ယုံမည်ဟု မထင်ထားသော်လည်း သူ့ကို အရူးဟု တန်းသတ်မှတ်လိမ့်မည်ကိုတော့ တကယ်မထင်ထားပေ။ အနည်းအငယ် မကျေမနပ် နှင့် စိတ်ပျက်လက်ပျက် ဖြစ်သွားသော်လည်း ဒါသာမာန်ပါပဲဟု တွေးမိလိုက်သည်။
ယူရီ့ကိုသာ ခေါ်လာလျှင် အန်ဒရီ အလွယ်တကူ ယုံလောက်မည်ဟု သူခဏတွေးလိုက်မိသေးသော်လည်း ထိုအတွေးအား ချက်ချင်း ပြန်ဖျောက်လိုက်သည်။
“သာမာန်လူတစ်ယောက်ဆိုရင် အရုပ်က လူဖြစ်လာတယ်လို့ ပြောပါ့မလားဟ”
အန်ဒရီတစ်ယောက် မိုက်ကီရယ်၏ နှလုံးသားရေးကိစ္စများကို ဘာမှနားမလည်နေဘဲ လွှတ်ကနဲ ပြောချလိုက်သည်။
“ထပ်ပြောပြန်ပြီ ငါမရူးပါဘူးဆို၊ အဲဒါကြောင့် စိတ်ပူမနေစမ်းနဲ့ကွာ”
မိုက်ကီရယ် မည်သို့ပင်ငြင်းနေသော်လည်း အန်ဒရီက သူ့အား မယုံကြည်သောအကြည့်ဖြင့် ခေါင်းအစခြေအဆုံး ကြည့်နေလေသည်။
မိုက်ကီရယ့်ပုံကရူးနေပုံပေါက်လျှင်တော့ အန်ဒရီလည်း ယုံမည်မဟုတ်ပေ၊ သို့သော် သူ့ပုံစံက ယခု သာမန်လူကဲ့သို့ပင်။ အန်ဒရီမှာ သံသယများ ရှိနေသော်လည်း မိုက်ကီရယ်က ဇွတ် မရူးဘူး ပြောနေသဖြင့် ဒီအတိုင်းထားလိုက်ရန်သာ ဆုံးဖြတ်လိုက်၏။
သူ့ကိုယ်သူ ပုံမှန်ဟုထင်နေသည့် လူတစ်ယောက်ကို ဆက်ပြောနေသော်လည်း ဘာမှထူးမည်မဟုတ် ဟု အန်ဒရီတွေးလိုက်လေသည်။
“အေးပါ ဟုတ်ပါပြီ၊ အခုတော့ ထားလိုက်ပါတော့”
“အခုတော့ ထားလိုက်ပါတော့မဟုတ်ဘူး ငါတကယ်မရူးဘူးကွ”
“အေးပါ အေးပါ ဟုတ်ပါပြီ၊ အဲဒါဆို အဲအရုပ်လေးက လူပြောင်းသွားတယ်ပေါ့”
အန်ဒရီစကားလမ်းကြောင်း လွှဲလိုက်သည်။ မိုက်ကီရယ်လည်း အန်ဒရီမှာ သူ မရူးကြောင်းပြောသည်ကို ယုံမည်မဟုတ်ကြောင်း သိသဖြင့် ဒီအတိုင်းသာ ထားလိုက်တော့၏။ ယခုလောလောဆယ်မှာတော့ ယောလ်ကိစ္စက ပိုအရေးကြီးသည်သာပင်။
“အင်း၊ သူ ခေါင်းအရမ်းကိုက်တယ်ပြောပြီး လူအသွင်ပြောင်းသွားတာပဲ”
“ဘယ်တုန်းကလဲ”
“မနေ့ညကပဲ”
“အင်း၊ ဟုတ်ပြီ”
အန်ဒရီလည်း မိုက်ကီရယ်၏ စကားကို ခေါင်းတစ်ငြိမ့်ငြိမ့်နှင့် နားထောင်နေရင်း အရေးကြီးသော တစ်ခုခုကို သတိထားမိသွားသည်။
“နေပါဦး၊ မနေ့ညကဆိုရင် မြို့စားအယ်ဆာရင်းရဲ့ ညစာစားပွဲရှိတယ်မလား၊ ဪ အေးပေါ့ မင်းက သွားမှာလည်း မဟုတ်ပါဘူး”
“ငါသွားလိုက်တယ်”
“ဘယ်လို၊ အင်း ဒါပေမဲ့လည်း မင်းအရုပ်ကို အိမ်မှာ ထားခဲ့ရင် ကိစ္စမရှိပါဘူး”
အန်ဒရီ ခဏတွေဝေနေပြီးကာမှ သူ့စိတ်သူ ပြန်ထိန်းလိုက်သည်။ ဘယ်လောက်ပင် သူ့သူငယ်ချင်းက ရူးနေသည်ပြောပြော ညစာစားပွဲကြီးကိုတော့ အရုပ်တစ်ရုပ်အား ယူမသွားလောက် ဟု သူယုံကြည်နေမိသည်။
“ငါယူရီ့ကိုခေါ်သွားတယ်”
“ဘာ၊ မင်းနောက်နေတာမလား”
“ဒီကိစ္စကို ငါက ဘာလို့နောက်ရမှာလဲကွ”
“ဟ မင်းရူးနေပြီပဲ၊ တကယ့်အရူးထက်တောင် မင်းက ပိုရူးနေပြီ၊ မင်းဘာတွေတွေးနေတာလဲ ဟမ်၊ အရုပ်တစ်ရုပ်ကို ညစာစားပွဲ ခေါ်သွားရအောင် အဲပွဲမှာ မင်းက ဘယ်နေရာ အရုပ်နဲ့ သွားဆော့မှာလဲ”
“ယူရီက တကယ့် အရုပ်မဟုတ်ဘူး”
မိုက်ကီရယ့်စကားများကြောင့် အန်ဒရီတစ်ယောက် အားရပါးရ ရယ်နေတော့သည်။ သူ့သူငယ်ချင်းအား ရူးနေသည်ဟု မပြောချင်သော်လည်း မပြောဘဲ မနေနိုင်တော့ပေ။ သူခေါင်းပင် ခါနေလိုက်တော့သည်။
“အရုပ်မဟုတ်ဘူးဆိုဘာလဲ တကယ့်လူလားသူက”
“ငါခုနက ပြောသလိုပဲလေ၊ လူအသွင် ပြောင်းသွားတာလို့”
“အဓိပ္ပာယ်မရှိတာကွာ”
“အေး ငါပြောတာ အဲဒါပဲ ငါနောက်နေတာမဟုတ်ဘူး၊ ရူးနေတာလည်း မဟုတ်ဘူး ငါအမှန်အတိုင်းပြောနေတာ”
မိုက်ကီရယ်၏ မျက်နှာသည် အမှန်တရားကို အခိုင်အမာပြောသည့်ပုံ ပေါက်နေ၏။ သူပြောသည်ကို ယုံဖို့ခက်မှန်း သူသိသည်။ အန်ဒရီ့နေရာမှာ သူဆိုလျှင်လည်း ယုံမည်မဟုတ်ပေ။
သို့သော်လည်း ဘယ်လောက်ပင် ယုံဖို့ခက်ခဲသည့် စကားများ ဖြစ်ပါစေ သူငယ်ချင်းဟောင်းကြီး ပြောလျှင်တော့ ယုံကြည်ပေးလိမ့်မည်ဟု မိုက်ကီရယ် သေချာနေ၏။
“အန်ဒရီ၊ မင်းငါ့ကို ယုံမှ ရမယ်”
အန်ဒီရီလည်း မိုက်ကီရယ့် နည်းတူပင်။
“အေးပါ ငါယုံပါပြီ”
အန်ဒရီ သူ့စကားများအား တဖြည်းဖြည်းချင်း ယုံကြည်လာမည်ဟု မိုက်ကီရယ် ယုံကြည်သည်။
အန်ဒရီ့ခမျာ သက်ပြင်းအရှည်ကြီးချကာ ခေါင်းကုတ်နေလေသည်။ သို့သော် မိုက်ကီရယ်၏ မျက်နှာအမူအရာမှာ စိတ်အေးသွားပုံပေါ်နေလေ၏။
“အေးပါ မင်းပြောသလို ဒါအမှန်တွေပဲထားပါတော့၊ ငါ့ကို ဒါတွေ ပြောပြတာ အကြောင်းတစ်ခုခုတော့ ရှိရမယ်”
“ယူရီဘာဖြစ်နေလဲ ငါသိချင်တယ်”
မိုက်ကီရယ့် စကားဆုံးသည်နှင့် အန်ဒရီ သက်ပြင်းအရှည်ကြီးတစ်ချက် ထပ်ချလိုက်ပြန်သည်။ အဘယ့်ကြောင့်ဆိုသော် မိုက်ကီရယ်လိုချင်သည့်အရာကို လုပ်ပေးရန် မလွယ်ကူမှန်းသူသိသည်။
ထိုချည်အရုပ်ကလေးက ဘယ်သူဆိုတာ သိအောင်ရှာပေးဖို့ ခက်သည့်အပြင် ဘာကြောင့် အရုပ်မှ လူပြောင်းသွားသည်အား သိဖို့လည်း ခက်ခဲလှ၏။
သို့သည့်တိုင်အောင် သူမငြင်းရက်နိုင်သည့် အကြောင်းအရင်း တစ်ခုရှိနေလေသည်။ မိုက်ကီရယ်သည် အရမ်းမာနကြီးကာ မည်သူ့အပေါ်တွင်မှ အကြွေးတင်မခံချင်သော စိတ်ရှိသူတစ်ဦးဖြစ်၏။ သူ၏ ဧကရာဇ်ရာထူးဖြင့် မိုက်ကီရယ့်အား ခက်ခဲသည့်အရာများ လုပ်ခိုင်းမိလျှင်တောင်မှ သူ့ဘက်ကနေ ဘာမှပြန်မတောင်းဆိုခဲ့ဖူးပေ။
ယခုလို လူကိုယ်တိုင် လာတွေ့ကာ အကူအညီတောင်းရလောက်အောင် အသည်းအသန်ဖြစ်နေသည့် သူ့သူငယ်ချင်းကို သူအသည်းမာမာနှင့် မငြင်းရက်နိုင်ပေ။
“အေးပါ ငါရှာကြည့်လိုက်မယ်”
“ကျေးဇူးတင်ပါတယ်”
“မလိုပါဘူးကွာ”
အန်ဒရီ ပုခုံးတစ်ချက် တွန့်ပြလိုက်ကာမှ မိုက်ကီရယ်လည်း နည်းနည်း စိတ်သက်သာရာ ရသွားသည်။
မိုက်ကီရယ့်နှလုံးသားသည် အမှောင်ထုကြီး ဖုံးလွှမ်းနေခဲ့သော်လည်း ယခုမူ အလင်းရောင်ဖျော့ဖျော့လေး မြင်နေရပြီဟု ခံစားရလာ၏။
***
ထိုစဉ် အိုလောဗ်အိမ်တော်တွင်။
ယောလ်တစ်ယောက် လယ်ဗီယူလာပေးသည့်အဝတ်များကို ဝတ်ကြည့်ကာ မှန်ရှေ့တွင် ပြုံးစိစိဖြစ်နေ
လေသည်။
အလောတကြီးနှင့် အဝတ်တွေမှာလိုက်သော်လည်း ယခုလောလောဆယ်တွင် သူ့မှာ ဝတ်စရာ အဝတ်မရှိနေပေ။ ထို့ကြောင့် လယ်ဗီက သူ့အဝတ်တွေ ငှားပေးထားရသည်။ လယ်ဗီ၏ခန္ဓာကိုယ်မှာ အနည်းငယ် အရပ်ရှည်သော်လည်း ခြေလက်ကလေးတွေကသေးသဖြင့် ယောလ်နှင့် ကွက်တိနီးပါးပင်။
ယောလ်ခမျာ လူလိုသူလို မဝတ်ရသည်မှာ အတော်ကြာပြီဖြစ်သဖြင့် ယခုပြန်ဝတ်ရသည့်အချိန်တွင်မှာတော့ မှန်ရှေ့ကမခွာနိုင်ဖြစ်နေရှာသည်။
“ယူရီ ဒါလေးစားကြည့်နော်”
လယ်ဗီ့စကားကြားသည်နှင့် ယောလ်တစ်ယောက် လှည့်ကြည့်ကာ မျက်လုံးတွင် အရောင်များ တောက်လာလေသည်။ ပန်းကန်ပြားလှလှလေးနှင့် ထည့်လာသည့်အချိုပွဲတစ်ပွဲပင်။
“ဝိုးးး လယ်ဗီ၊ ဒါဘာလေးလဲ ဟင်”
“အစ်ပဟန်လို့ခေါ်တယ်ရယ် အိမ်အပြန်လမ်းက ဝယ်လာတာ အသစ်ဖွင့်တဲ့ မုန့်ဆိုင်လို့ ပြောတာပဲဗျ စားကြည့်လိုက်ပါဦး”
(T/N: Ispahan ဆိုတာ macaron တစ်မျိုးပါပဲ)
ထိုအချိုမုန့်လေးက ယောလ်အား ညှို့ဓာတ်အပြည့်နှင့် ဆွဲဆောင်နေသည်။ လက်ထဲတွင် ခရင်းတစ်ချောင်းကိုင်ကာ အချိုပွဲလေးအား စားချင်စိတ်အပြည့်ဖြင့် သူကြည့်နေ၏။ သို့သော် လှလွန်းသဖြင့် မစားရက်နိုင်ဖြစ်နေလေသည်။
ခဏတာစိုက်ကြည့်ပြီးနောက် ယောလ်သည် သူ့စိတ်များကို စုစည်းကာ သတ္တိရှိရှိဖြင့် အစ်ပဟန်လေးကို ခက်ရင်းဖြင့် ထိုးချလိုက်တော့၏။ အပေါ်က ဘီစကစ်သားလေးများက တကျွတ်ကျွတ် မြည်သံများ ထွက်ပေါ်လာသည်။ တစ်ကိုက်လောက် ဖွဖွလေးကိုက်ပြီးနောက် ချိုချိုမွေးမွေးအရသာလေးက သူ့ပါးစပ်ထဲ၌စွဲသွား၏။
“အား အရသာရှိလိုက်တာ”
ယောလ်သည် စိတ်ကျေနပ်မှုအပြည့်ရသည့် မျက်နှာဖြင့် ပြုံးပျော်ရွှင်နေတော့သည်။ ထို့နောက် မုန့်တစ်ခုလုံးကုန်အောင် စားမိလိုက်ပြီးကာမှ နောင်တရသည့် မျက်နှာဖြင့် မှိုင်နေလေသည်။
“ကျွန်တော် နောက်တစ်ခုထပ်ဝယ်ပေးရမလားဗျ”
“အာ..ရပါတယ်ဗျ”
ယော်ခမျာ ထပ်စားချင်သည်မှာ တစ်ပိုင်းသေနေသော်လည်း လယ်ဗီ မည်မျှအလုပ်များကြောင်း သူသိသဖြင့် မတောင်းဆိုရက်ပေ။
“ဟုတ်ရဲ့လားဗျ၊ တကယ်လို့ စားချင်ရင် မြို့စားကြီးကိုသာ ပြောလိုက်နော်၊ သူဝယ်ပေးမှာရယ်”
“ဟုတ် သိပါပြီ”
“ဒါမှမဟုတ် ဒီအားလပ်ရက်ကို အပြင်ထွက်လည်ချင်လားဗျ”
“အယ်”
လယ်ဗီ၏ စကားကိုကြားပြီးနောက် ယောလ်၏ မျက်လုံးများသည် ကြည်မြနေသော ရေကန်လေးကဲ့သို့ပင် အရောင်လက်လာကာ စိတ်လှုပ်ရှားမှုများ၊ ပျော်ရွှင်မှုများဖြင့် ပြည့်နေတော့သည်။