အခန်း(10)
တစ်နာရီခန့်ကြာပြီးနောက် ကားက ကုမ္ပဏီ၏အဝင်ဝတွင် ဖြေးဖြေးချင်း ရပ်နားလိုက်လေသည်။
ယွီဟန် ကားတံခါးကိုဖွင့်ကာ ထွက်လိုက်ပြီး ခံ့ညားထည်ဝါလှသော အဆောက်အဦးကြီးကို မော့ကြည့်လိုက်၏။
ရှဲ့မိသားစုမှာ ကျယ်ပြန့်သော အရင်းအနှီးများစွာရှိကာ လုပ်ငန်းတော်တော်များများတွင်လည်း ပါဝင်ထားသည့်အလျောက် ရှဲ့စစ်ရှင်းကိုယ်တိုင်သည်လည်း မြို့တော် A ၏ အထက်တန်းလွှာစက်ဝန်းများတွင် ပါးစပ်ပြော ရာဇဝင်တစ်ဦးဖြစ်နေခဲ့လေသည်။
ရှဲ့စစ်ရှင်း၏မိသားစု ပြိုကွဲသွားပြီးနောက်တွင် သူ၏မိဘများတွင် ရှိခဲ့သော အဆက်အသွယ်များလည်း လုံးလုံးပျောက်ကွယ်သွားခဲ့သည်။
ထိိ့အတွက် အရင်းအနှီးများ မရှိတော့လုနီးပါးဖြစ်နေသော ဦးလေးဖြစ်သူ၏အုပ်ထိန်းမှုအောက်တွင်သာ မှီခိုခဲ့ရ၏။
ထို့ကြောင့် ရှဲ့စစ်ရှင်းမှာ “သုညမှ တဖြည်းဖြည်းတည်ဆောက်ခဲ့သူတစ်ဦး”အဖြစ် သတ်မှတ်လို့ရပေသည်။
သူ အသက်(17) နှစ်အရွယ်တွင် သူ၏ဦးလေးအိမ်မှ ထွက်ခွာခဲ့ကာ သူ၏ ထူးခြားလှသောစွမ်းရည်များနှင့် သမာရိုးကျ မဟုတ်သော နည်းလမ်းများကိုသာ မှီခို၍ အန္တရာယ်များသော လျှောက်လမ်းပေါ်တွင် ခြေလှမ်းတစ်လှမ်းပြီးတစ်လှမ်း သွားလာခဲ့ရသည်။
ယခုတွင် အသက် (၃၀)ပင်မရောက်သေးသော်လည်း နိုင်ငံ၏ တစ်ဝက်နီးပါးလောက်သော လုပ်ငန်းများကို သိမ်းပိုက်နိုင်ခဲ့ပြီး လူအများ ဘဝတစ်လျှောက်လုံးတွင် မရောက်ရှိနိုင်သော အမြင့်တစ်နေရာကို ရောက်ရှိခဲ့လေသည်။
သို့သော်လည်း ရှဲ့စစ်ရှင်း၏ ဉာဏ်ထက်မြက်မှုသည် ဤထက်ပင် ပိုပေ၏။
သူသည်ကား သူ့ဦးလေး၏ ကုမ္ပဏီအပါအဝင် ရေတွက်မရသော စီးပွားရေးလုပ်ငန်းအကြီးအငယ်များစွာကို သိမ်းပိုက်ခဲ့လေသည်။
လူအနည်းငယ်သာ ထိုဖြစ်စဥ်အား အတွင်းကျကျသိသော်လည်း ရှဲ့စစ်ရှင်း၏ အကြင်နာကင်းမဲ့သော စည်းစနစ်များနှင့် နားလည်ရခက်သော ပင်ကိုစရိုက်အား လူတိုင်း သိနေကြ၏။
ဤလိုလူနှင့် ဆက်ဆံရခြင်းသည်ကား ကျားတစ်ကောင်အား သူ၏အရေခွံကိုပေးပါရန် တောင်းဆိုနေခြင်းနှင့် ဘာမျှ မကွာခြားလှပေ။
သို့သော် ယွီဟန်ကတော့ ထူးခြားစွာ စိတ်လှုပ်ရှားနေလေသည်။
ရှဲ့စစ်ရှင်းကဲ့သို့ လူမျိုးသာလျှင် သူနှင့်ပြိုင်ဖက်ဖြစ်ရန် ထိုက်တန်၏။
သူ အဆောက်အအုံထဲသို့ ပြတ်ပြတ်သားသားပင် လမ်းလျှောက်ဝင်သွားခဲ့သည်။
လင်းဟန်သည်ကား ရှဲ့စစ်ရှင်း၏ ကုမ္ပဏီသို့ လာခဲလှပြီး အပြင်သို့ပင် ထွက်ခဲသဖြင့် ကုမ္ပဏီမှ လူတိုင်းနီးပါးက သူ့ကို မမှတ်မိကြချေ။
သို့ရာတွင် ထိုစကားက ယွီဟန်ကို သတိမပြုမိသူမရှိချေဟု ဆိုလိုခြင်းတော့မဟုတ်ပါချေ။
ဆိုရလျှင် လက်ရှိရောက်လာသော ယွီဟန်မှာ ပေါ်လွင်ထင်ရှားနေလွန်းသောကြောင့်ဖြစ်လေသည်။
ပျားပန်းခပ်ကဲ့သို လှုပ်ရှားရုန်းကန်နေကြသော ရုံးအဆောက်အအုံထဲတွင် လူတိုင်းသည် လုပ်ငန်းအတွင်းရှိ သန့်ရှင်းသပ်ရပ်သောဝန်ထမ်းကောင်းများကဲ့သို့ ဝတ်ဆင်ထားကြကာ အလုပ်များနေကြ၏။
လူတိုင်းက ပို၍မြင့်မြင့်ခုန်တက်နိုင်ရန် လုပ်ဆောင်နေကြသည့် ဤပိရမစ်ကြီးကဲ့သို့ လုပ်ငန်းခွင်ထဲတွင် ထိုကဲ့သို့ ပုံပန်းသွင်ပြင်က ပုံမှန်ပင်ဖြစ်သည် ထင်မြင်ရပေသည်။
ထိုလူများထဲတွင် ယွီဟန်တစ်ယောက်တည်းသာ ကွဲပြားနေလေသည်။
လူငယ်လေးမှာ ကျော့ရှင်းပြီး ချောမောသော မျက်နှာသွင်အား ပိုင်ဆိုင်ထားသော်လည်း သူ၏စူးရှနေသော မျက်ဝန်းများက မမျှော်လင့်ထားလောက်စရာ အာဏာဖီဆန်မှုတစ်ခုကို သယ်ဆောင်ထားလေသည်။
သူသည် ပေါ့ပါးစွာပင် လမ်းလျှောက်ဝင်လာခဲ့ကာ ညာဘက်လက်၏ လက်ညှိုးတွင်မူ ပန်းရောင် နေ့လည်စာဘူးကို ပျင်းရိစွာဖြင့် ချိတ်ဆွဲထားလေ၏။
ကုမ္ပဏီ၏ ဧရာမ ဧည့်ကြိုခန်းတွင် မတ်တပ်ရပ်နေလျက် သူ၏မျက်နှာထားမှာ လမ်းပျောက်လာသော တောင်ဝင်မျိုးနွယ်စုမှ သခင်လေး သို့မဟုတ် ပိုင်နက်ကို ခန့်ညားစွာ စစ်ဆေးနေသော တိုင်းဘုရင်တစ်ပါးကဲ့သို့ပင် အေးဆေးစွာ တည်ငြိမ်နေခဲ့သည်။
ဆိုရလျှင် အမူအရာတစ်ခုချင်းစီတိုင်းမှာ ကျက်သရေအပေါင်းနှင့် ခညောင်းနေ၏။
သူ၏ဖြူစွက်နေသော လက်ရှည်အင်္ကျီထက်ရှိ အမည်းရောင် နှင့် ရေးထိုးထားသော “FUCK” ဟူသည့် ထင်ထင်ရှားရှားရှိလွန်းပါသည့် အင်္ဂလိပ်စကားလုံးကြောင့်သာမဟုတ်လျှင် ပို၍ပင် ပြီးပြည့်စုံသွားနိုင်သည်။
ယွီဟန်၏ တောက်ပလှသော ဝင်ရောက်မှုကြီးသည်က ဤစီးပွားရေးလုပ်ငန်းခွင်မှ ဝန်ထမ်းများနှင့် နေရာတွင်ရှိနေသော အထက်တန်းလွှာများကို မင်သက်သွားစေလေသည်။
သူတို့က ယွီဟန်အား သေသေချာချာစူးစိုက်ကြည့်နေကြကာ သူ၏ဓာတ်ပုံများသည်လည်း ကုမ္ပဏီ ဂရုchat ထဲသို့ ပျံ့နှံ့သွားလေသည်။
{ဒါ ဘယ်မိသားစုရဲ့ အချောလေးလဲ [ဓာတ်ပုံ]}
{ဘုရားရေ၊ သူက အရမ်းချောတာပဲ}
{နေ့လည်စာဘူးတောင် ယူလာတယ်၊ ချစ်စရာလေး}
{သူ ဂရုစိုက်တာကို ခံရတဲ့သူကတော့ ကံကောင်းလိုက်တာ၊ ငိုတောင်ငိုချင်လာပြီ}
[အခုချက်ချင်း သူ့လက်ထဲက ထမင်းဘူးလေးသာ ဖြစ်လိုက်ချင်တော့တယ်!!}
{သူ့ကို ယူကြမှာလား? မယူရင် ငါပဲယူလိုက်တော့မယ်}
ကျန်းစစ်နျဥ်တစ်ယောက် ကော်ဖီခွက်ကို ယူပြီးနောက် သူ၏အလုပ်စားပွဲသို့ ပြန်လာနေချိန်တွင် သူ၏ လက်ထောက် ရှောင်မေ့မှာ ဖုန်းကြည့်ရင်း မိခင်တစ်ယောက်ကဲ့သို့ မျက်နှာထားဖြင့် ပြုံးရယ်နေသည်ကို သတိပြုမိလိုက်၏။
ထို့ကြောင့် ကျန်းစစ်နျဥ်က သူမ၏ နဖူးပေါ်ကို လက်ညိုးဖြင့်တောက်၍ ပြောလိုက်သည်။
“အလုပ်ချိန်အတွင်း ဖုန်းဆော့နေတာလား၊ ဥက္ကဌမတွေ့စေနဲ့နော်”
“ဥက္ကဌက ကောလောက် သဘောထားမသေးပါဘူး”
ရှောင်မေ့တစ်ယောက် လန့်ဖျပ်သွားကာ သူ၏ခေါင်းကို လက်ဖြင့် ဖုံးအုပ်၍ ပြန်လည်ချေပလိုက်လေသည်။
ကျန်းစစ်နျဥ်ကကော်ဖီတစ်ငုံစာသောက်လိုက်ကာ ပေါ့ပေါ့ပါးပါးပင် မေးလိုက်လေ၏။
“မင်း ဘာတွေကြည့်နေတာလဲ?”
ရှောင်မေ့က ချက်ချင်းပင် ပြန်လည်ရွှင်ပျသွားကာ ကျန်းစစ်နျဥ်ကို ကုမ္ပဏီ ဂရုchat ထဲရှိ ဓာတ်ပုံများကိုပြသရင်း တခစ်ခစ်ရယ်မောလာသည်။
“အတွင်းရေးမှူး ကျန်း၊ ဒီတစ်ယောက်ကို သိလား? ဘယ်မိသားစုကလဲ?”
ကျန်းစစ်နျဥ်ကို ဖုန်းမျက်နှာပြင်ကို သူ၏မျက်စွန်းထောင့်မှ ကြည့်လိုက်၏။
ဓာတ်ပုံထဲမှ ရင်းနှီးနေသော ပုဂ္ဂိုလ်ကိုမြင်လိုက်ရသောအချိန်တွင် ချက်ချင်းဆိုသလိုပင် သူ၏ပါးစပ်ထဲမှ ကော်ဖီကို သုံးမီတာအဝေးခန့်သို့ရောက်လောက်အောင် ထွေးထုတ်လိုက်မိလေ၏။
ရှောင်မေ့: “?”
ပုံမှန်တွင် အေးဆေးတည်ငြိမ်နေတတ်သော အတွင်းရေးမှူးကျန်းစစ်နျဥ်ကမှာ ဥက္ကဌ၏ရုံးခန်းသို့ တစ်မိနစ်လျှင် မီတာ၁၀၀ အရှိန်နှုန်းဖြင့် ပြေးသွားနေသည်ကို မြင်လျှင် ရှောင်မေ့တစ်ယောက် ကြောင်ပမ်းကာ ကြည့်နေမိတော့သည်။
ရုံးခန်းထဲတွင်တော့ ရှဲ့စစ်ရှင်းမှ လုပ်ငန်းကိစ္စများကို လုပ်ဆောင်နေချိန်တွင် ကျန်းစစ်နျဥ်က ဝရုန်းသုန်းကားဖြင့် ရုံးခန်းထဲသိုး ဝင်ချလာကာ ချော်လဲမလိုပင် ဖြစ်သွားသည်ကို မြင်လိုက်ရလေသည်။
ရှဲ့စစ်ရှင်းသည် သူ၏မျက်ခုံးများကို အနည်းငယ်ကြုံ့ပြီး မေးလိုက်သည်။
“မင်း ဘာတွေအရေးကြီးနေတာလဲ?”
“ဥက္ကဌ၊ မဒမ်.. မဒမ်ရောက်နေတယ်!”
ကျန်းစစ်နျဥ်တစ်ယောက် အလွန်ပင် နိုးကြားနေသည်မှာ အံ့သြစရာမရှိတော့ပေ။ အမှန်တွင် ယွီဟန်၏ လက်တလော လုပ်ရပ်များက ကျန်းစစ်နျဥ် ကြုံတွေ့ခဲ့ရဖူးသမျှထက် သာလွန်ထူးခြားနေခဲ့လေ၏။
ယွီဟန်၏ ကုမ္ပဏီသို့ရောက်ရှိလာမှုမှာ ဤနေရာတွင် ပြဿနာများ ထပ်ရှာရန်အတွက်ဖြစ်နိုင်သည်ဟု သူ ခိုင်မာစွာ ခံစားနေရသည်။
ရက်စက်ကြမ်းကြုတ်လှသော ဘီလူးကြီးတစ်ကောင်ကို မြင်တွေ့လာရသကဲ့သို ထိတ်ထိတ်ပျာပျာဖြစ်နေသော ကျန်းစစ်နျဥ်နှင့်မတူဘဲ ရှဲ့စစ်ရှင်းမှာမူ ထူးထူးခြားခြားပင် တည်ငြိမ်နေခဲ့၏။
ကြားလိုက်ရသော သတင်းကြောင့် မျက်ခုံးတစ်ဖက်ကို ပင့်ကြည့်လိုက်ရုံမျှသာ တုံ့ပြန်လာခဲ့သည်။
သူက ခေတ္တခဏစဥ်းစားပြီးနောက် တည်ကြိမ်စွာ ပြောလာခဲ့သည်။
“ဘေးဘက်က အစည်းအဝေးခန်းထဲ ခေါ်ခဲ့”
ကျန်းစစ်နျဥ်တစ်ယောက် ကြောင်အမ်းသွားလေသည်။ သူ၏ဥက္ကဌမှ ဤမျှလောက် တည်ငြိမ်နေလိမ့်မည်ဟု သူ မထင်ထားပေ။
တစ်ဖက်လူက ဤအရာကို ကြိုတင်ခန့်မှန်းထားခဲ့သကဲ့ ရှိနေခဲ့သည်။
ဆေးရုံတွင် ယွီဟန်၏ သာမန်လူနှင့် မတူညီသော လုပ်ရပ်များကို ပြန်မှတ်မိနေသော ကျန်းစစ်နျန်ကတော့ သူတို့၏ကုမ္ပဏီတွင် ဤသခင်လေးလုပ်လာမည့်အရာများကို အမှန်တကယ်ပင် ကြောက်ရွံ့နေမိ၏။
ရှဲ့စစ်ရှင်းသည်က မကြာမီတွင် အစည်းအဝေးတစ်ခု တက်ရန်ရှိသည့်အတွက် ကျန်းစစ်နျဥ်က ဧည့်ကြိုရှိ အမျိုးသမီးငယ်တစ်ဦးနှင့် ‘စကားကောင်းကောင်း’ပြောနေသော ယွီဟန်ကို သွားရှာရလေတော့သည်။
အဝေးမှပင် ထိုလူငယ်လေး၏ အပြုံးက တောက်ပနေကာ ညို့ယူဖမ်းစားမှုအပြည့်ရှိနေသည်ကို မြင်တွေ့နေရသည်။
သူပြောဆိုလိုက်သော စကားတစ်ခွန်းက ကုမ္ပဏီ၏ အလှပဆုံး ဧည့်ကြိုကောင်မလေးအား ရှက်ရွံ့စွာ ရယ်မောသွားအောင် စွမ်းဆောင်စေနိုပေလေသည်။
ကျန်းစစ်နျန် အနားသို့ချဥ်းကပ်သွားသည့်အခါတွင် ယွီဟန်၏အဖြူရောင်လက်ရှည်ပေါ်ရှိ စကားလုံးများကို မြင်ရလေသည်:
“အကုန်လုံးက ဗီလိန်တွေချည်းပဲ”
“……”
“မင်္ဂလာပါ”
ကျန်းစစ်နျဥ်တစ်ယောက် သူ့၏လေသံက အလွန်တင်းမာနေ သည်ကို သူ့ကိုယ်တိုင် ကြားလိုက်ရလေသည်။
ယွီဟန် လှည့်ကြည့်လိုက်သောအခါတွင် ယွီဟန်၏ အဖြူရောင်လက်ရှည်အင်္ကျီ၏ အရှေ့တွင် ရိုက်နှပ်ထားသော “fuck” ဟူသောစကားလုံးကြောင့် မျက်လုံးများ စူးသွားရပြန်သည်။
ကျန်းစစ်နျဥ် : “….”
ဤကဲ့သို့ အင်္ကျီအမျိုးအစားများဆက်ရှိနေသေးသည်ကို သူ မသိခဲ့ပါချေ။
ကျန်းစစ်နျဥ် သူ၏စိတ်အတွင်းရှိ အံ့အားသင့်သွားမှုကို ထိန်းချုပ်လိုက်ကာ တစ်ဖက်လူကို နှုတ်ဆက်လိုက်ရသည်။
တစ်ဖက်တွင်တော့ စနစ်က ဝင်ပြောလိုက်၏။
{ဒါက ရှဲ့စစ်ရှင်းရဲ့ အတွင်းရေးမှူးပဲ၊ သူ့ရဲ့အလုပ်လုပ်နိုင်စွမ်းက အံ့မခန်းလောက်အောင် ကောင်းမွန်တယ်၊ ပြီးတော့ သူက ရှဲ့စစ်ရှင်းယုံကြည်တဲ့သူတွေထဲက တစ်ယောက်ပဲ၊
တကယ်လို့ host သာ သူ့ကို ကိုယ့်ဘက်ကို ရောက်လာအောင် လုပ်နိုင်မယ်ဆိုရင်တော့ ရှဲ့စစ်ရှင်းကို သက်ရောက်နိုင်ဖို့အတွက် အကူအညီကောင်းတစ်ခုရနိုင်တယ်~}
ယွီဟန်၏အာရုံက ချက်ချင်းဆိုသလိုပင် ပြောင်းလဲသွားလေသည်။
“အလုပ်လုပ်နိုင်စွမ်းက အံ့မခန်းရှိတယ်?”
သူက ကျန်းစစ်နျဥ်အား အချိန်အတော်ကြာအောင် ဂရုတစိုက်ဖြင့် စိုက်ကြည့်လိုက်လေသည်။
ကျန်းစစ်နျဥ်ကတော့ ယွီဟန်၏ မျက်လုံးအောက်တွင် ကျောရိုးတစ်လျှောက် အေးစက်သွားသကဲ့သို့ ခံစားလိုက်ရ၏။
ယွီဟန်က မည်သည့်စကားကိမျှ ပြောမနေနေသော်လည်း ကျန်းစစ်နျဥ်မှာ ဖိအားတစ်ခုကို ခံစားလိုက်ရပြီး သူကိုယ်သူ တည်ငြိမ်သည့်ဟန်ပေါ်အောင် အတတ်နိုင်ဆုံးကြိုးစားလိုက်ရသည်။
ကျန်းစစ်နျဥ်က ယွီဟန်ကို ကြီးမားလှသော အစည်းအဝေးခန်းတစ်ခုဆီသို့ ဦးဆောင်လမ်းပြသွားခဲ့သည်။
ယွီဟန်ကတော့ သူ့ကိုယ်ပိုင်အိမ်တွင် ရှိသကဲ့သို့ပင် ပေါ့ပေါ့ပါးပါး ထိုင်ချလိုက်လေ၏။ကျန်းစစ်နျဥ်လည်း ကော်ဖီတစ်ခွက်ကို ယူဆောင်လာကာ ယွီဟန်၏ အရှေ့တွင် ချပေးလိုက်သည်။ ထို့နောက် သူ့ကိုယ်သူ မထိန်းနိုင်ဘဲနှင့် ခိုးကြည့်လိုက်မိလေ၏။
လင်းမိသားစု၏ ဤသခင်လေးကို ကျန်းစစ်နျဥ် တွေ့မြင်ခဲ့ဖူးသည်မှာ အတော်လေး ကြာမြင့်ခဲ့လေပြီ။
ဥက္ကဌနှင့် တွေ့ဆုံရန်အတွက် လင်းဟန်ဘက်မှ ပထမဆုံးခြေလှမ်းလှမ်းကာ ကုမ္ပဏီသို့ ရောက်လာခဲ့ဖူးသည်ကို သူ မရေမရာ မှတ်မိနေခဲ့သည်။
ထိုအချိန်တွင် လင်းဟန်၏မျက်နှာမှာ ဖျော့တော့နေကာ ကြောက်ရွံ့တတ်သော ယုန်သူငယ်လေးကဲ့သို့ ထင်မြင်ရသည်။
ဗလာကျင်းနေသော အစည်းအဝေးခန်းအတွင်း၌ပင် အလွန်ကြောက်ရွံ့နေခဲ့ကာ အခုကဲ့သို့ ကျန်းစစ်နျဥ်မှ သူ့အရှေ့တွင် ကော်ဖီတစ်ခွက်ချပေးလိုက်ချိန်တွင် ကြောက်ကြောက်ရွံ့ရွံ့နှင့် မတ်တတ်ရပ်ကာ အကြိမ်ဖန်များစွာ ဦးညွတ်ခဲ့လေ၏။
အခုအချိန်တွင်တော့...
ယွီဟန်က စားပွဲပေါ်ရှိ ကော်ဖီခွက်အား မကျေနပ်ဟန်ဖြင့် တစ်ချက်လှည့်ကြည့်သည်။
“ငါက အပူချိန် ၆၀ ဒီဂရီရှိတဲ့ ရေနွေးကိုပဲသောက်တာ”
ကျန်းစစ်နျဥ်: “....ကောင်းပါပြီ”
ကျန်းစစ်နျဥ်မှ ရေနွေးခွက်တစ်ခွက် ယူလာပေးပြီးနောက် ယွီဟန် တစ်ငုံမျှသောက်ပြီး မေးလိုက်
“ရှဲ့စစ်ရှင်း ဘယ်မှာလဲ?”
ဥက္ကဌကို တကယ်ကြီး နာမည်နဲ့တပ်ခေါ်လိုက်တယ်!
ကျန်းစစ်နျဥ်တစ်ယောက် အံ့အားသင့်သွားမှုကို ထိန်းချုပ်လိုက်ကာ ပြန်ပြောလိုက်၏ ။
“ဥက္ကဌက အစည်းအဝေးတစ်ခုထဲမှာပါ။”
“အိုး”
ယွီဟန်မှ စိတ်မပါစွာ ပြောလိုက်လေသည်။
“ဒါဆို စောင့်နေလိုက်မယ်၊ သူ့ရဲ့ကိစ္စပြီးသွားရင် ငါ့ကိုလာတွေ့ခိုင်းလိုက်”
*