Ch 3
Viewers 2k

အခန်း(3) 


ရှဲ့စစ်ရှင်း ထွက်သွားသည်နှင့် စနစ်က စိတ်အေးသွားဟန်ဖြင့် သက်ပြင်းချလိုက်၏။ 


{သူထွက်သွားတာ တော်သေးတယ်} 


မဟုတ်လျှင် ရှဲ့စစ်ရှင်းမှ အမှန်တကယ်ကွာရှင်းပေးမည်ကို စိုးရိမ်နေရလိမ့်မည်။ 


ယွီဟန်က စိတ်ပျက်စွာနှင့် မေးလာသည်။


“ဘာဖြစ်လို့လဲ” 


စနစ်: {သူ့ကိုပြောင်းလဲဖို့ဆိုရင် သူ့ရဲ့ဇနီးအဖြစ်နဲ့လုပ်တာက အကောင်းဆုံးပဲလေ ၊ Host နောက်ထပ် ကွာရှင်းမယ်ဆိုတဲ့ အကြောင်းကို ဆက်မပြောသင့်ဘူးနော်} 


ယွီဟန်ကတော့ မူလကတည်းက ရှဲ့စစ်ရှင်းအား ပြောင်းလဲပေးရန် စီစဥ်မထားသည့်အကြောင်းကို စနစ်အားရှင်းပြရန်အတွက် အပင်ပန်းမခံနေတော့ချေ။ 


“မင်းဘာသာ စောင့်ကြည့်နေလိုက်” 


ယွီဟန်သည်ကား တစ်ခုခုကို လိုချင်ပြီဆိုသည်နှင့် မအောင်မြင်ခြင်း ဆိုသည်မှာ မရှိခဲ့ဖူးပါချေ။ 


သူက ရှဲ့စစ်ရှင်းထွက်သွားသည့်ဘက်သို့ လှည့်ကြည့်လိုက်ပြီးအေးတိအေးစက်အသံဖြင့် ပြတ်သားစွာ ပြောလိုက်၏။ 


“ငါ့ရဲ့လက်ထဲမှာ အာဏာတွေရတာနဲ့ မင်းတို့အားလုံး ငါ့ကို ဦးညွှတ်စေရမယ်” 


ဤသူသည်က သူ၏ နိုင်လိုစိတ်ပြင်းပြမှုကို မီးစမြှိုက်လိုက်လေပြီ။ 


တံခါးဝတွင် မတ်တပ်ရပ်နေသေးသော ဆေးရုံဒါရိုက်တာ:”.......” 


ဒီမဒမ်က တကယ့်ကို နေမကောင်းဘူး ထင်ပါရဲ့။ 


…… 


ရှဲ့စစ်ရှင်း ဆေးရုံခန်းမှ ထွက်ခွာလာပြီးသည့်နောက် ကုမ္ပဏီသို့သွားရန်အတွက် ကားထဲသို့ ဝင်ထိုင်လိုက်၏။ 


ကားထဲတွင်မူ ကျန်းစစ်နျန်က ယနေ့အတွက် အလုပ်အချိန်ဇယားကို တင်ပြ၍ ပြီးသွားလေပြီ။


ယခုအချိန်ထိ ပြတင်းပေါက်အပြင်ဘက်သို့ စိုက်ကြည့်နေသော ဥက္ကဌ၏ ချောမောခန့်ညားလှသော မျက်နှာဘေးတိုက်ပုံကို ကြည့်၍ သူ ထိတ်လန့်ကြောက်ရွံ့စွာနှင့်  တံတွေးမျိုချလိုက်ကာ သတိတကြီးနှင့် မေးလိုက်၏။ 


“မဒမ်… အဆင်ပြေရဲ့လား” 


သူ့အနေဖြင့် ယမန်နေ့ညက လင်းဟန် ဆေးရုံတွင် ပြဿနာရှာခဲ့သည့်အကြောင်းကို ကြားပြီးပြီးဖြစ်သည့်အတွက် ထိုအကြောင်းနှင့် ပတ်သတ်၍ အတော်လေးစိတ်ဝင်စားနေလေသည်။ 


 ယမန်နေ့ညက လင်းဟန်မှာ ခန္ဓာကိုယ်တောင်းတင်းသန်မာသည့် ကိုယ်ရံတော်လေးယောက်၊ ငါးယောက်ကို တစ်ယောက်တည်း တွန်းလှန်ပြီး ကျွမ်းကျင်အစောင့်များလက်ထဲမှပင် လွတ်မြောက်နိုင်ခဲ့ကြောင်းကို သူကြားခဲ့သည်။


ဤသည်က အထင်ကြီးလောက်စရာပင်ဖြစ်သည့်အတွက် သူကိုယ်တိုင်ပင် မတတ်နိုင်ဘဲ သဘောကျမိနေခဲ့လေ၏။ 


ပြောရမည်ဆိုလျှင် ကျန်းစစ်နျန်အနေဖြင့် ယခင်က သခင်လေးလင်းနှင့် တွေ့ဆုံဖူးသည်။ သူသည်ကား အတော်လေး ချောမောသော်လည်း  သူစိမ်းများအနားတွင်မူ ရှက်တတ်သောယုန်ဖြူလေးတစ်ကောင်ကဲ့သို့ အမြဲတမ်း ကြောက်ရွံ့တုန်လှုပ်နေကာ အားငယ်ကာ ပျော့ညံ့ဟန် ရှိလေသည်။ 


အစပိုင်းတွင် ကျန်းစစ်နျန်အနေဖြင့် လင်းဟန်တွင် ထိုကဲ့သို့ အစွမ်းအစမျိုးရှိမည်ဟု မယုံကြည်ခဲ့ပေ။ သို့သော်လည်း ဆေးရုံစင်္ကြံလမ်းမှ စီစီတီဗီကိုမြင်လိုက်ရသည့် အချိန်တွင် စကားမပြောနိုင်အောင်ပင် ဆွံ့အသွားခဲ့ရသည်။ 


ထို‌လောက် အလျင်ဖြင့် ရွေ့လျားနိုင်သော သူမျိုးကို သူ တစ်ခါမှပင် မကြုံတွေ့ဖူးပေ။ ထိုအကြောင်းကို ယခုပြန်တွေးမိချိန်တွင်ပင် အလွန်အံ့အားသင့်ဖွယ်ကောင်းသည်ဟု ထင်မြင်မိသည်။ 


ကျန်းစစ်နျန်မှာ သိုင်းကားတစ်ကားကဲ့သို့ စိတ်လှုပ်ရှားစရာကောင်းသော စီစီတီဗီ ဗီဒီယို၏ ကော်ပီအား ဥက္ကဌထံသို့ပင် ပို့လိုက်သေးသည်။ ထို့အပြင် ဗီဒီယိုကို ကြည့်ပြီးနောက် ဥက္ကဌ မည်သို့ တွေးမိမည်ကိုလည်း သိချင်မိသည်။ 


ရှဲ့စစ်ရှင်းမှာ ကျန်းစစ်နျန်ကို  စိတ်မဝင်စားသောဟန်ဖြင့် တစ်ချက်ကြည့်လိုက်လေသည်။ သူ မည်သည့်အတွေးမျိုး တွေးနေသည်ကို သိနေသကဲ့သို့ပင်။ 


“မနေ့က ဘာဖြစ်ခဲ့တယ်ဆိုတာကို တွေ့ခဲ့တဲ့လူတိုင်း ဘာတစ်ခုမှ ထုတ်မပြောအောင် သေသေချာချာလုပ်ထား၊ ပေါက်ကြားတာတွေ မရှိစေနဲ့” 


အကယ်၍ ဆေးရုံတွင် လင်းဟန် ဗြောင်းဆန်အောင်ပြသနာရှာထားသည့်အကြောင်းသာ ပေါက်ကြားသွားခဲ့လျှင် အတင်းအဖျင်းများက ပို၍ထွက်လာမည်မှာ မလွဲဧကန်ပင်။ 


လင်းဟန် သူနှင့် မင်္ဂလာဆောင်သည့်အချိန်မှစ၍ ရှဲ့စစ်ရှင်းနှင့်ပတ်သတ်လာလျှင် ကောလဟာလများက အမြဲလိုလိုရှိနေတတ်သည်။ 


ရှဲ့စစ်ရှင်းမှာ လက်တလောတွင် နိုင်ငံခြားစျေးကွက်ထဲသို့ ထိုးဖောက်ဖို့ရာအတွက်ကို အာရုံစိုက်နေရ၏။ ယခုချိန်သည် သူ့အတွက် အရေးကြီးနေသော အချိန်တစ်ခုဖြစ်ပေသည်။ အနှောင့်အယှက်တစ်ခုလေးတောင် မလိုချင်ပါချေ။ 


လက်တလောလည်း ဤကိစ္စ၏အရေးပါမှုကို နားလည်လိုက်သည့်အတွက် ခေါင်းညိတ်လိုက်ကာ ပြောလာခဲ့သည်။


“ကောင်းပါပြီ” 


ရှဲ့စစ်ရှင်း အသံပြုလိုက်ပြီးနောက်  ထပာမေးလိုက်သည်။ 


“တံခါးအ‌ရှေ့မှာ လူဘယ်နှစ်ယောက် နေရာချထားတာလဲ” 


ကျန်းစစ်နျန် ပြန်ပြောလိုက်သည်။ 


“မဒမ်ရဲ့အခန်းတံခါးဝမှာ လေးယောက်၊ စင်္ကြံမှာက ခြောက်ယောက်၊ ဓာတ်လှေကားမှာက နှစ်ယောက်၊ ပြီးတော့ ဆေးရုံဝင်ပေါက်မှာလည်း ကျွန်တော်တို့လူတွေရှိပါတယ်” 


တစ်နည်းပြောရမည်ဆိုလျှင် တင်းကြပ်သော လုံခြုံရေးကွန်ရက်တစ်ခုကို ဖွဲ့စည်းထားခြင်းဖြစ်သည်။


 အကယ်၍ မဒမ် တောင်ပံပေါက်သွားခဲ့လျှင်ပင် သူတို့၏အစောင့်အထပ်ထပ်ကို ကျော်လွှားနိုင်မည်မဟုတ်ပေ။ 


ရှဲ့စစ်ရှင်းကတော့ စိတ်ကျေနပ်သွားသည်လား မကျေနပ်သည်လားကိုပင်မဖော်ပြဘဲ ခေါင်းတစ်ချက်သာ ညိတ်လိုက်လေ၏။ ထပ်မံ၍ မေးခွန်းမေးနေခြင်းမရှိပါပဲ သူ၏ မျက်လုံးတစ်စုံကိုလည်း မှိတ်လိုက်ချေသည်။သူက ကားထိုင်ခုံနောက်မှီတွင် မှီ၍ ထိုင်လိုက်ကာ သူ၏မျက်လုံးများကို မှိတ်ထားပြီး အသက်ရှုသွင်း၊ ရှုထုတ်ရာတွင်လည်း တည်ငြိမ်နေခဲ့သည်။


 နဖူးပြင်ပေါ်ရှိ ဆံနွယ်သားအချို့ကလည်း မျက်ခုံးပေါ်သို့ ဝဲကျနေခဲ့သည်။ သူ၏ မျက်လုံးများကိုမှိတ်ထားချိန်တွင် နဂို အရှိန်အဝါများက ပျော့ပျောင်းသွားသယောင် ထင်ရစေသည်။ 


ထိုသည်ကိုမြင်တွေ့သည့်အတွက် ကျန်းစစ်နျန်လည်း ဆက်ပြီး မနှောင့်ယှက်ရဲတော့ချေ။ 


သူက ရှဲ့စစ်ရှင်း ပင်ပန်းနေလောက်မည်ဟု ထင်နေခဲ့ကာ တိတ်ဆိတ်နေခဲ့သည်။ သို့သော်လည်း အမှန်တကယ်တွင် ရှဲ့စစ်ရှင်းမှာ တစ်စက်လေးမျှပင် အိပ်ချင်နေခြင်းမရှိပေ။ 


ရှဲ့စစ်ရှင်းတစ်ယောက် ဤတစ်ကြိမ် စာအုပ်ထဲသို့ ကူးပြောင်းလာသူက ယခင်သူများထက် တစ်မျိုးတစ်ဖုံ ကွဲပြားခြားနားနေသည့်အကြောင်း တွေးနေခြင်းသာဖြစ်သည်။ 


တစ်ဖက်လူက သူ့ကို ကိုင်တွယ်ဖို့ ခက်ခဲသည်ကို သိသောကြောင့် ဗျူဟာပြောင်းလိုက်ခြင်းများလား။ 


ရှဲ့စစ်ရှင်း မတိုင်ခင်က စာအုပ်ကူးပြောင်းသူအကြောင်းကို ပြန်တွေးမိသွား၏။ 


ထိုစာအုပ်ကူးပြောင်းသူသည်က အပေါ်ယံမှာမူ သိမ်မွေ့နူးညံ့၍ ရိုကျိုးသောပုံပေါက်သော်လည်း အမှန်တကယ်တွင် လိမ္မာပါးနပ်မှုကို အမြဲတမ်း ဖုံးကွယ်ထားလေသည်။


 သူ့ကို စုံစမ်းရန် ကြိုးစားမှုများတွင် ခဏခဏ ကျရှုံးပြီးသောအခါ၌ ဓားမြှောင်ကို အခြားတစ်ဖက်သို့ ရွှေ့သည့်သဘောဖြင့် သူ၏ အာရုံစိုက်မှုကိုရရှိစေရန်အတွက် ကိုယ့်ကိုယ်ကိုယ် နာကျင်အောင်လုပ်ရန် ကြိုးစားခဲ့ပြန်၏။ 


မူလတွင် ရှဲ့စစ်ရှင်းတစ်ယောက် သူနှင့် ကြောင်နှင့်ကြွက်ဂိမ်းကစားပေးမည်ဟု ကြံရွယ်ထားသော်လည်း ထိုသူက ရှဲ့စစ်ရှင်း၏ နောက်ဆုံးသည်းခံနိုင်မှုအတိုင်းအတာအား ထိလိုက်မိသည်။ 


ထို့ကြောင့် ရှဲ့စစ်ရှင်း သည်းမခံနိုင်တော့သည့်အတွက်ကြောင့် စာအုပ်ကူးပြောင်းလာသူအတွက် အရှုံးကို စောစောစီးစီး ပေးပို့လိုက်ကာ ထိုသူ့ကို အိတ်ထဲသို့ ထည့်၍ ပင်လယ်သမုဒ္ဒရာထဲသို့ ပစ်လိုက်လေသည်။ 


ဤကဲ့သို စာအုပ်ကူးပြောင်းသူများသည်က အမှန်တကယ် သေမည်မဟုတ်ဘဲနှင့် စာအုပ်ကူးပြောင်းခြင်းအဖွဲ့အစည်းသို့ ပြန်လည်ရောက်ရှိသွားမည်ကို သူ သိထားသည်။


 သို့သော်လည်း သူ့အနေဖြင့် ဤအပ်ကြောင်းထပ်နေပြီးဖြစ်သော ကစားပွဲကို ငြီးငွေ့လှလေပြီ။ 


ဤတစ်ခေါက်မှာလည်း ခြားနားသွားမည်မဟုတ်ပေ။ 


သူ့အနေဖြင့် သူတို့ကို အခွင့်အရေး တစ်ပိုင်းတစ်စပင် ပေးမည်မဟုတ်။ 


ကောင်းပြီလေ။ 


ဒီတစ်ခေါက် စာအုပ်ကူးပြောင်းသူကရော ဘယ်လို ဉာဏ်နီဉာဏ်နက်များပြီး ဘယ်လိုမျိုး အဆုံးသတ်ကိုမရှိတဲ့ ဗျူဟာတွေနဲ့ ရောက်လာဦးမလဲဆိုတာကို စောင့်ကြည့်ကြသေးတာပေါ့။ 


*** 


“ကိုယ့်ကိုယ်ကိုယ် ထိခိုက်အောင်လုပ်တာ” 


ယွီဟန် လှောင်ပြုံးပြုံးလိုက်၏။ 


“မင်းရဲ့ အရင် host က တကယ် တုံးပါလား” 


စနစ်မှ သက်ပြင်းချလိုက်သည်။


 {သူက စိတ်လည်းမရှည်ဘူး၊ ရှဲ့စစ်ရှင်းကို ပြောင်းလဲဖို့ လပေါင်းများစွာ ကြိုးစားခဲ့ပြီးမှ ဆုံးဖြတ်ချက် အမှားတစ်ခု ချလိုက်မိတာပဲ} 


သူလည်း နောင်တရမိလေသည်။


အမှန်တွင် ယခင် host မှာ စာအုပ်ဝင်ရောက်ကူးပြောင်းခြင်းအဖွဲ့အစည်းတွင် ကျစ်သော့ရှင်းဟု အမည်ရသူဖြစ်သည်။


 သူနှင့်သာဆိုလျှင် မစ်ရှစ်မှာ လေပြေလေးတိုက်သကဲ့သို့ လွယ်ကူလှမည်ဟု ထင်ခဲ့သော်လည်း သူသည်လည်း ကျရှုံးခဲ့ပြန်သည်။ 


ယွီဟန်အနေဖြင့်တော့ ဤရှုထောင့်နှင့် သဘောမတူနိုင်ပါချေ။ 


“လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်၊ ဆံပင်၊ အ‌ရေပြားဆိုတာ မိဘက ပေးထားတာဖြစ်ပြီး လဲလှယ်လို့ရတဲ့ အရာတစ်ခုလို အသုံးပြုလို့ရတာမဟုတ်ဘူး၊ မင်းရဲ့ အရင် host က အခြေခံစိတ်ဓာတ်ကိုက မှားနေတာ” 


သတိပြုခံရဖို့ရာအတွက် ကိုယ့်ကိုယ်ကိုယ် နာကျင်အောင်လုပ်ခြင်းသည်က  စဥ်းစားဉာဏ် လုံးဝမရှိသည့်လုပ်ရပ်သာ ဖြစ်ပေ၏။


စနစ်: {host ပြောတာ မှန်ပါတယ်၊ ဆိုတော့ host ရော နောက်တစ်ဆင့်အတွက် အစီအစဥ်ရှိလား} 


“မရှိဘူး၊” 


ယွီဟန် ပျင်းရိစွာနှင့်ပင် အိပ်ရာပေါ်သို့ လဲလျောင်းလိုက်သည်။ 


သူက တံခါးပေါက်တွင် စောင့်ကြပ်နေကြသော ကိုယ်ရံတော်များကို တစ်ချက်လှည့်ကြည့်လိုက်ပြန်သည်။


 အကယ်၍ အစီအစဥ်တစ်ခုရှိလျှင်ပင် သူ့ကို အနီးကပ်စောင့်ကြည့်နေသော ထိုကိုယ်ရံတော်များက မည်သည်ကိုမျှ ခွင့်ပြုမည်မဟုတ်ပေ။ 


ယွီဟန်တစ်ယောက် ရှဲ့စစ်ရှင်းကို ပြောင်းလဲပေးရန် ခဏခဏ တောင်းဆိုနေသော စနစ်ကို လျစ်လျူရှုထားလိုက်၏။ 


“ကြိုးစားမှုတွေကို အလဟာသ မဖြုန်းတီးနေနဲ့လို့တော့ ငါအကြံပေးလိုက်မယ်၊  စာအုပ်ဝင်ရောက်ကူးပြောင်းခြင်းအဖွဲ့အစည်းက အနှေးနဲ့အမြန်ဆိုသလို ဒီဟာကွက်ကို ရှာတွေ့သွားမှာပဲ” 


ယွီဟန်နှင့် အချိန်အတော်ကြာ အချီအချပြောပြီးသည့်နောက် စနစ်မှာတော့ ယုံကြည်ချက်က ပျက်ယွင်းလုနီးပါး ရှိနေလေပြီ။ 


သို့သော်လည်း တာဝန်ဝတ္တရားအရ ယွီဟန်ကို ဖျောင်းဖျရပေဦးမည်။ 


စနစ်: {Host၊ ကျွန်တော်တို့က အခု ‘လက်ထပ်တာကအရင်၊ အချစ်ကနောက်မှ’ ဆိုတဲ့ စာအုပ် အမျိုးအစားထဲမှာလေ၊ hostက ရှဲ့စစ်ရှင်းရဲ့ ဇနီးဖြစ်နေပြီ၊


 သူ့ကိုပြောင်းလဲဖို့ hostရဲ့ အချစ်ကို အသုံးချလို့ရတာပဲမလား၊ တစ်ယောက်ယောက်ကို အချစ်နဲ့ပြောင်းလဲနိုင်တယ်ဆိုတာက အံ့သြဖို့ကောင်းတယ်လို့ မထင်ဘူးလား” 


“ဆောရီး၊ ငါတို့ရဲ့ လုံအောင့်ထျန်းဌာနခွဲကတော့ ‘လောကဝတ်စကားက အရင်၊ ပြီးတော့ အင်အားကိုသုံးတော့’ ဆိုတာကိုပဲ အမြဲလက်ကိုင်ထားတာ”


ယွီဟန်၏ နှုတ်ခမ်းစုံပေါ်တွင် စိတ်မချချင်စဖွယ် အပြုံးတစ်ခု ပေါ်လာလေသည်။ 


“ငါက ရှဲ့စစ်ရှင်းရဲ့ ဇနီးဖြစ်နေပြီပဲကို’ ဟုတ်လား၊ ငါ့ရဲ့လက်သီးတွေကို သုံးပြီးတော့ သူ ငါ့ကို ကွာရှင်းလာအောင်လုပ်လို့ရတာပဲ၊


 တစ်ယောက်ယောက်ကို လက်သီးသုံးပြီး မေ့လဲအောင်လုပ်လိုက်တယ်ဆိုတာကရော အံ့သြဖို့ကောင်းတယ်လို့ မင်းမထင်ဘူးလား” 


စနစ်: {.......} 


စနစ်: {hostကို ဖျောင်းဖျဖို့ ကျွန်တော် မကြိုးစားတော့ပါဘူး၊ Host, ကျေးဇူးပြုပြီး ပေါက်တတ်ကရတစ်ခုခုမလုပ်ပါနဲ့] 


*