အပိုင်း ၁- ခင်ဗျားက ကျွန်တော်နဲ့မထိုက်တန်ဘူး။
မြို့တော် A ရှိ ပုဂ္ဂလိကဆေးရုံတစ်ရုံ၌။
Maybach ကားတစ်စီးသည် ဆေးရုံ၏ ပင်မဝင်ပေါက်အရှေ့ရှိ ကားရပ်ရာနေရာသို့ ချောချောမွေ့မွေ့ မောင်းဝင်လာသည်။ ကိုယ်ရံတော်တစ်ဦးက ကားတံခါးအားတစ်ဖက်မှ ဖွင့်ပေးချိန်တွင် အဆင့်မြင့်ဝတ်စုံ ဝတ်ဆင်ထားသော အမျိုးသားငယ်တစ်ဦး ဆင်းလာလေသည်။
ထိုအမျိုးသားငယ်မှာ တမူထူးခြားစွာ ချောမောသည့် မျက်နှာကိုပိုင်ဆိုင်ထား၏။
သူ၏ ပါးလွှာပြီး တင်းမာနေသော နှုတ်ခမ်းသားများက အနည်းငယ် တင်းတင်းစေ့ထားခံရကာ မာန်ပါလုနီးနီး ပြတ်သားလှသော မျက်လွှာများသည်က ရှေ့တည့်တည့်ကိုသာစိုက်ကြည့်နေသည်။
ဖန်ဆင်းရှင်မှ မျက်နှာလိုက်မျက်နှာလိုက်အသားပေးကာ ပုံဖော်ထားသော သူ၏ မျက်နှာရုပ်ရည်အသွင်အပြင်သည်က တောက်ပလွန်းသောကြောင့် ဖျော်ဖြေရေးနယ်ပယ်ထဲတွင်ဆိုပါက အံဝင်ခွင်ကျဖြစ်နေမည်မှာ အသေအချာပင်။
အဆင့်မြင့်ဝတ်စုံမှာ သူ၏ အရပ်ရှည်ပြီး အချိုးအစားကျလှသော ကိုယ်လုံးကိုယ်ပေါက်ပတ်ပတ်လည်သို့ လွှမ်းခြုံ၍ထားသည်။ သူ၏ အနည်းငယ် အေးစက်သော မျက်နှာထားသည်က မည်သို့ကဲ့သိုသော စိတ်ခံစားမှုမျိုးကိုမှ မပြသနေသကဲ့သို့ရှိကာ သူ့၏သွင်ပြင်အား သရုပ်ဖော်ပြနိုင်သည့် ပုံစံမှာ “လွယ်လွယ်နှင့်ချဉ်းကပ်၍မရ”ပင်ဖြစ်သည်။
သူ၏ပတ်ပတ်လည်ရှိ လူများသည်လည်း အတတ်နိုင်ဆုံးရိုသေမှုကို ပြသကြနေခဲ့ကြ၏။ မတိုင်မီတွင် အကြောင်းကြားချက်ကို ကြိုရရှိထားသောကြောင့် ပင်မဝင်ပေါက်တွင် စောင့်ကြိုနေသော ဆေးရုံဒါရိုက်တာပင် လျင်မြန်စွာထွက်လာကာ ယဉ်ယဉ်ကျေးကျေးဖြင့် နှုတ်ဆက်လာခဲ့သည်။
“ဥက္ကဌရှဲ့”
ရှဲ့စစ်ရှင်းက ဂရုမစိုက်ဟန်ဖြင့်သာ တုံ့ပြန်ခဲ့ပြီးနောက် အထဲသို့ လမ်းလျှောက်ဝင်သွားခဲ့လေ၏။
ဤအရာကို မြင်တွေ့ပြီးနောက် ဆေးရုံဒါရိုက်တာသည်က အလောတကြီး လိုက်လံကာ အခြေအနေကို တင်ပြလေသည်။
“မဒမ်ရှဲ့က မနေ့က ညသန်းခေါင်လောက်မှာ သတိရလာပါတယ်၊ သူ နိုးလာတဲ့အချိန်မှာပဲ သူကို ဆေးရုံက ဆင်းခွင့်ပြုဖို့ ပြဿနာရှာလို့ ဥက္ကဌရဲ့ အမိန့်အတိုင်းပဲ ကျွန်တော်တို့လည်း သူ့ကို ထွက်ခွာဖို့ခွင့်မပြုခဲ့ပေမဲ့ မဒမ်ရှဲ့က တော်တော်လေး အားသန်လိမ့်မယ်လို့ မထင်ခဲ့ဘူး၊ ကျွန်တော်တို့ရဲ့လူတွေလည်း သူ့ကို မတားနိုင်တာနဲ့ သူထွက်ပြေးသွားပါတယ်”
“ပြီးတော့ရော”
ရှဲ့စစ်ရှင်း ဓာတ်လှေကာထဲသို့ဝင်လိုက်သည်။ သူ၏ မျက်နှာထားသည် မည်သည်ကိုမှ ထုတ်ဖော်ပြသခြင်းမရှိနေပေ။
“ကျွန်တော်တို့လူတွေလည်း မဒမ်ရှဲ့ ထွက်ပြေးကတည်းက လိုက်ဖမ်းနေတာပါပဲ၊ ဒါပေမယ့် မဒမ်ရှဲ့က… တော်တော်ပါးနပ်လွန်းလို့ ကျွန်တော်တို့ လိုက်လို့တောင် မမှီခဲ့ဘူး”
ရှဲစစ်ရှင်းတစ်ယောက် တစ်ချက်နှာမှုတ်လိုက်ပြီး ပြောလိုက်သည်။
“ဆက်ပြော”
ဆေးရုံဒါရိုက်တာက ဆယ်ထပ်မြောက်အလွှာသို့ ခလုတ်ကိုနှိပ်လိုက်ပြီးနောက် သူ့၏လေသံအတွင်းတွင် သက်ပြင်းချသံနှင့်အတူ ပြောလေသည်။
“မဒမ်က သူ့ခြေလှမ်းကို သူ မကြည့်မိဘဲ လှေကားပေါ်က ပြုတ်ကျသွားတယ်”
ရှဲစစ်ရှင်း: “......”
ရှဲ့စစ်ရှင်း၏ သဘောမကျဖြစ်နေသော မျက်နှာသွင်ကို သတိထားမိလိုက်သည့် ဒါရိုက်တာမှာ အမြန်ပင်ဖြည့်ပြောလိုက်ရလေသည်။
“စိတ်မပူပါနဲ့ ဥက္ကဌရှဲ့၊ မဒမ် အဆင်ပြေပါတယ်၊ ဒဏ်ရာနည်းနည်းလောက်ပဲရတာပါ”
ရှဲ့စစ်ရှင်းအဖို့ ဤအရာနှင့်ပတ်သတ်၍ ဒွိဟဖြစ်နေ၏။
ရှဲ့စစ်ရှင်းတစ်ယောက် ဓာတ်လှေကားတံခါးများပွင့်သည်နှင့်တစ်ပြိုင်နက် ညာဘက်တွင်ရှိနေသော တစ်ခန်းတည်းသော အခန်းသို့ ဦးတည်လျှောက်သွားလိုက်သည်။
ကိုယ်ရံတော်အင်္ကျီများဝတ်ဆင်ထားသော အမျိုးသားလေးယောက်က တံခါးနားတွင်ရပ်နေလေ၏။ ရှဲ့စစ်ရှင်းကို မြင်သည်နှင့် သူတို့က အရိုအသေပြုကာ နှုတ်ဆက်လိုက်ကြသည်။
“ဥက္ကဌ ရှဲ့”
“သူ အထဲထဲမှာလား”
ရှဲ့စစ်ရှင်း စိတ်မပါသောဟန်ဖြင့် မေးလိုက်လေသည်။
“ဟုတ်ပါတယ်”
ပုံမှန်အားဖြင့် အခန်းကိုစောင့်ကြည့်ရန် ကိုယ်ရံတော်အများကြီးမလိုအပ်သော်လည်း လွန်ခဲ့သောညတွင် ဖြစ်ခဲ့သော အဖြစ်အပျက်ကြောင့် ရှဲ့စစ်ရှင်း၏ဘေးမှ အတွင်းရေးမှုးကျန်းမှာ ဝင်ပေါက်အား စောင့်ကြပ်ရန်အတွက် နောက်ထပ်လူများကို ယာယီ တာဝန်ပေးခဲ့ရသည်။
ရှဲ့စစ်ရှင်း ခေတ္တခဏ တန့်သွားပြီးနောက် အနည်းငယ်ပွင့်နေသော တံခါးကို ဖွင့်ရန် လက်ကိုလှမ်းလိုက်လေသည်။
တစ်ဖက်လူသည်ကား မျက်လုံးစုံမှိတ်၍ နောက်ကျောမှာ ဖြောင့်မတ်ပြီး တရားထိုင်နေသော ကိုယ်နေဟန်ထားဖြင့် အိပ်ရာထက်တွင် ထိုင်လျက်ရှိနေသည်။
သူ၏ ကျောက်ပတ်တီးသည် အနေခက်စေသော အနေအထားတွင် ရှိနေသည့်တိုင် မြူအတိဖုံးလွှမ်းနေသော မိုးစက်များကြားမှ စိမ်းစိုနေသော ဝါးပင်သကဲ့သို တင့်တယ်နေလေသည်။
လှေကားထစ်ပေါ်မှ ပြုတ်ကျထားသော သူတစ်ယောက်နှင့်ပင် လုံးဝတူညီနေခြင်းမရှိပေ။ ထိုအစား စိတ်တည်ငြိမ်ကာ အေးချမ်းနေသည်ဟုပင် ထင်ရလေသည်။
ရှဲ့စစ်ရှင်းသည် တံခါးဝ၌ ရပ်၍ သူ့အား ဂရုမစိုက်ဟန်ဖြင့် ကြည့်နေလေ၏။ သူ့၏ အတွေးများမှာ ခန့်မှန်း၍မရပေ။
ရှဲစစ်ရှင်း တိတ်တဆိတ်ဖြင့် ယွီဟန်ကို ငြိမ်သက်စွာ စိုက်ကြည့်နေလေသည်။
ဆေးရုံဒါရိုက်တာ၏ ချောင်းဟန့်သံကိုကြားမှသာ ယွီဟန်အနေဖြင့် အဆုံးတွင် တံခါးဝ၌ ရပ်နေသော ရှဲ့စစ်ရှင်းကို သတိထားမိသွားသည်။ယွီဟန်သည် မျက်ခုံးပင့်လိုက်ကာ လူနာဆောင်တံခါးဝတွင် ရုတ်တရတ်ပေါ်လာသော အမျိုးသားကို အပေါ်အောက်တစ်ချက်ကြည့်လိုက်ပြီးနောက် စနစ်နှင့် ဆက်လက်ငြင်းခုံရန် အတွက် ထိုသူကို လျစ်လျူရှုလိုက်လေသည်။
“သုန်မှုန်နေတဲ့ ဗီလိန်ကို ပြောင်းလဲခြင်းတဲ့လား အဓိပ္ပာယ်မရှိလိုက်တာ”
ယွီဟန် စနစ်ကို ပြောလိုက်မိသည်။
“ဒီလောင်ကျစ်က လုံအောင့်ထျန်းပဲ”
[Note -လုံ- နဂါး၊ အောင့်- ဂုဏ်ယူရသော၊ ထျန်း- ကောင်းကင်ဘုံ
ဒီမှာ လုံအောင်းထျန်းက ကောင်းကင်ဘုံရဲ့သားတော် (ဇာတ်လိုက်)အနေနဲ့ သုံးပါတယ် ]
စနစ်: {မဟုတ်ပါဘူး host၊ ကျွန်တော်က ဗီလိန်ကိုပြောင်းလဲခြင်းရဲ့စနစ်ပါ၊ သုန်မှုန်နေတဲ့ ဗီလိန်ကိုပြောင်းလဲဖို့အတွက် ဒီကမ္ဘာကို မင်း လာခဲ့ရတာပဲ}
ယွီဟန် အေးစက်စွာဖြင့် ပြန်ပြောလိုက်သည်။
“တောင်းပန်ပါတယ်၊ ဒါက ငါ လုပ်နေတဲ့ နယ်ပယ်အတိုင်းအတာအတွင်းမှာမဟုတ်ဘူး”
သူသည် စာအုပ်တိုင်းတွင် လုံအောင့်ထျန်းဇာတ်ကောင်အနေဖြင့် ဝင်ရောက်ရန် တာဝန်ပေးအပ်ခြင်းခံထားရသော စာအုပ်ထဲသို့ဝင်ရောက်ကူးပြောင်းခြင်းအဖွဲ့အစည်းမှ လုံအောင့်ထျန်း ဌာနခွဲရှိ ဝန်ထမ်းတစ်ယောက်ဖြစ်သည်။
မရေတွက်နိုင်သော ကမ္ဘာများထဲသို့ ဝင်ရောက်ကူးပြောင်းခဲ့ပြီးသည့်အပြင် ထိုကမ္ဘာတိုင်းတွင်လည်း ပြီးပြည့်စုံသောရလဒ်များရရှိခဲ့ပြီး လုံအောင့်ထျန်းများ၏ ဘုရင်တစ်ပါးအဖြစ် ဂုဏ်ပြုခြင်းခံထားရသည့် လုံအောင့်ထျန်းဌာနခွဲ၏ ရွှေဆုရ ဝန်ထမ်းဖြစ်ခဲ့သည်မှာ ကြာလေပြီပင်။
ဗီလိန်တစ်ယောက်အား ပြောင်းလဲဖို့ရာအတွက် သူ့လို လုံအောင့်ထျန်းများ၏ ဘုရင်ကို တောင်းဆိုခြင်းသည်ကား မိန်းမစိုးတစ်ယောက်မှ အစည်းအဝေးကျင်းပခြင်းနှင့် တူညီနေလေသည်။
အဓိပ္ပာယ်မရှိလိုက်တာ!
ထို့နောက် ယွီဟန် မေးမြန်းကြည့်လိုက်သည်။
“မင်းကို မမေးရသေးဘူး၊ ငါ ပိလီတိုက်ရဲ့ မြင့်မြတ်တဲ့ ဧကရာဇ်ဖြစ်လာတော့မလိုပဲရှိသေးတယ်၊ ငါ့ကို ဒီကို ခေါ်လာဖို့အတွက် မင်းကို ဘယ်သူက ခွင့်ပြုလိုက်တာလဲ”
သူသည်ကား မကြာသေးမီကပင် ပီလီတိုက်ဟု အမည်ရသည့် သိုင်းလောကကမ္ဘာထဲတွင် ရှိနေခဲ့လေသည်။ ပါရမီထုံထိုင်းသောကြောင့် မိသားစုမှ နှင်ထုတ်ခြင်းခံခဲ့ရသော ပျင်းရိလှသည့် သခင်လေးအဆင့်မှ သူ၏ အလှမ်းဝေးလွန်းသော ပန်းတိုင်အား ကြေညာခဲ့၏။
“မြစ်တွေက အရှေ့ဘက်ကို အနှစ် ၃၀ စီးဆင်းတယ်၊
အနောက်ဘက်ကိုလည်း အနှစ် ၃၀ စီးဆင်းတယ်၊
ဆင်းရဲနွမ်းပါးတဲ့ လူငယ်တွေကို အနိုင်မကျင့်သင့်ဘူး”
ထိုသို့ရွတ်ဆိုပြီးနောက် ခြေချော်၍ တောင်စောင်းမှ ပြုတ်ကျသွားသော်လည်း တောင်စောင်းအောက် လူသူဝေးရာအရပ်တွင် နေထိုင်လျက်ရှိသော မီးခိုးရောင်အင်္ကျီကိုဝတ်ဆင်ထားသည့် အဖိုးအိုကြီးက သတိထားမိသွားခဲ့ကာ သူ့အတွက် နေထိုင်ဖို့ရာနေရာ ပေးလိုက်လေသည်။
ထိုအချိန်မှ နှစ်ထောင်ပေါင်းများစွာ သိုင်းလောက ကမ္ဘာအတွင်းတွင် အရှားပါးဆုံးဖြစ်သော နေအထွတ်အထိပ် ခန္ဓာကိုယ်ဟုခေါ်သည့် ခန္ဓာကိုယ်ဖွဲ့စည်းပုံ တစ်ခုကိုပိုင်ဆိုင်ထားသည်ကို ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်သည်။
ထိုမှစ၍ သူ၏ အထင်ကရဖြစ်သော ဘဝအစမှာ အမှတ်အသားအဖြစ် ထင်လာခဲ့လေသည်။
ဇာတ်ကြောင်းသည်ကား သူ၏ မလွှမ်းမိုးနိုင်သော ရန်သူများကို ချေမှုန်း၍ တဖြည်းဖြည်းနှင့် သိုင်းလောကကမ္ဘာထဲတွင် နံပါတ်တစ်ပုဂ္ဂိုလ်နေရာသို့ရောက်ရှိလာခဲ့ပြီး သူ၏တာအိုကို သက်သေပြရန်တိုက်ခိုက်သည့်အဆင့်ထိတိုင်အောင် ခရီးပေါက်လာခဲ့၏။
ကမ္ဘာကြီးအားအုပ်စိုး၍ များပြားလှစွာသော သတ္တဝါများ၏ သေခြင်းရှင်ခြင်းအား ထိန်းချုပ်လာနိုင်ရန်အတွက် ကမ္ဘာကြီးကို သက်သောင့်သက်သာ စိုးမိုးခြယ်လှယ်နိုင်မည့် မြင့်မြတ်သော ဧကရာဇ်ရာထူးနေရာသို့ တိုးမြှင့်ခြင်းခံရတော့မည့်ဆဲဆဲတွင်ဖြစ်ချေသည်။
မြင့်မြတ်သောဧကရာဇ်ဖြစ်လာမည်ဆိုလျှင် ပြီးပြည့်စုံသော အောင်မြင်မှုကို ရယူနိုင်သည်။
ပေးအပ်သောတာဝန်များကိုလည်း လက်စသတ်နိုင်သည်။ ပြီးနောက် ထိုကမ္ဘာကြီးမှ ဂုဏ်ကျက်သရေအပြည့်အဝနှင့် ထွက်ခွာလာခဲ့မည်။
သို့သော်လည်း နတ်ဆိုးလူမျိုးနွယ်စုကိုပင် အပြတ်မရှင်းရသေးခင် မျက်လွှာတစ်ချက်ခတ်လိုက်မိချိန်တွင် သူ့ကိုယ်သူ ဤနားလည်ရခက်သော ကမ္ဘာကြီးအတွင်း တွေ့ရှိလိုက်ရသည်။
သူ၏ လုံအောင့်ထျန်းစနစ်ပင်လျှင် ဤစကားပြောနူးညံ့ပြီး ခံပြောတတ်သည့် စနစ်ဖြင့် အစားထိုးခံလိုက်ရသည်။
စနစ်: {ကျွန်တော်လည်း မသိပါဘူး၊ ကျွန်တော်ရဲ့ အရင် host က သူ့မစ်ရှင်မှာ ရှုံးသွားတော့ သူလည်း စာအုပ်ထဲသို့ဝင်ရောက်ကူးပြောင်းခြင်းအဖွဲ့အစည်းဆီကို ပြန်ပို့ခံလိုက်ရတယ်၊
သူတို့ပြောတာတော့ ပိုပြီးတော့ အားကောင်းတဲ့တစ်ယောက် လွှတ်လိုက်မယ်တော့ ပြောတယ်]
ယွီဟန်: “ငါအစွမ်းကြီးတယ်ဆိုတာကိုတော့ ငါလက်ခံပါတယ်၊ ဒါပေမဲ့ လူတွေကို ကြုံရာကျပန်း လိုက်ဖမ်းနေလို့မရဘူးလေ ၊ အဲဒါကိုသိရဲ့လား၊ အမှားတစ်ခုကိုလုပ်ထားတယ်ဆိုတာကိုရော မင်းကိုယ်မင်း သိလား၊
တခြားသူတွေသာ ဒေါသမထွက်ခဲ့ရင် သူတို့ကိုလည်း အရူးလိုပဲဆက်ဆံတော့မှာလား”
သူ အမှန်တကယ်ပင် ဒေါသထွက်နေခဲ့သည်။
ခရီးစဥ်တစ်ဝက်ရောက်နေပြီးဖြစ်သော သူ၏ ယခင်ကမ္ဘာမှ ဆွဲထုတ်ပြီး ပြီးပြည့်စုံနေပြီဖြစ်သော အောင်မြင်မှုတစ်ခုကို ဆုံးရှုံးစေခြင်းသည် သူ့အဖို့ ကြီးမားလှသော နစ်နာမှုတစ်ခုဖြစ်လေသည်။
ယွီဟန်အနေဖြင့် အတော်လေး မကျေနပ် အားရမနေခဲ့ပေ။“စာအုပ်ထဲသို့ဝင်ရောက်ကူးပြောင်းခြင်းအဖွဲ့အစည်းဆီကို မင်းအကြောင်း တိုင်ပစ်မယ်”
စနစ်မှာ စိတ်ထိခိုက်သောလေသံဖြင့်ပြောလေသည်။
{ကျွန်…ကျွန်တော် တောင်းပန်ပါတယ်}
ယွီဟန်: “ဘာမှမဖြစ်ပါဘူးလို့ ငါပြောမယ်ထင်နေတာလား”
စနစ်၏ စက်ကဲ့သို့အသံမှာ တော်တော်လေး စိုးရိမ်သည့်အသံပေါက်လို့နေလေ၏။
{Host, ကျွန်တော်က တကယ့်ကို ဗီလိန်ကိုပြောင်းလဲခြင်းရဲ့ စနစ်ပါ!}
ယွီဟန်လည်း ပြောလိုက်၏။
“ဒါပေါ့၊ မင်းက စနစ်အစစ်၊ ပြီးတော့ ငါကတော့ တကယ့် လုံအောင်ထျန်းအစစ်ပဲ”
စနစ်: {အဲဒါကြောင့် ကျွန်တော်ပြောတာကို မင်းလုပ်သင့်တယ်!}
ယွီဟန် ယဲ့ယဲ့ ပြုံးလိုက်သည်။
“ငါမလုပ်ဘူး”
ဤကဲ့သို့ အခြေတင်စကားများနေခြင်းမှာ ယွီဟန် ဤသို့ရောက်သည့်အချိန်ကတည်းက ဖြစ်ပေါ်နေခြင်းဖြစ်လေသည်။
စနစ်မှာလည်း ဤမျှလောက်ခေါင်းမာသော host အား ဘယ်သောအခါမှမမြင်ဖူးကြောင်း လက်ခံလိုက်ရ၏။
Host ဖြစ်သူမှာလည်း ဤမျှလောက် နားငြီးဖွယ်ကောင်းသော စနစ်အား တစ်ခါမှမဆုံဖူးကြောင်း လက်ခံလိုက်လေသည်။
စနစ်မှာ ယွီဟန်နှင့် စကားအချီအချ မပြောနိုင်တော့ပေ။ ထိုစနစ်မှာ ဤစာအုပ်၏ အကြီးမြတ်ဆုံးသော ဗီလိန်ကြီး နီးကပ်လာနေပြီကို သတိပြုမိကာ အလောတကြီးဖြင့် ပြောလိုက်သည်။
{Host.. အခုလာမယ့်သူက မင်း ပြောင်းလဲရမယ့်သူပဲ၊ မင်းဆီကို သက်ဆိုင်တဲ့ မှတ်ဉာဏ်တွေ ကျွန်တော် လွှဲပြောင်းပေးပြီးသွားပြီ၊
ဖတ်ပြီးရင် ကောင်းကောင်း ကိုင်တွယ်နိုင်ဖို့ ကြိုးစားပါ}
ဤအကြီးမြတ်ဆုံးသော ဗီလိန်ကြီး၏ ကျန်ရစ်ခဲ့သော ပုံရိပ်များသည် အင်မတန်ကြီးမားလွန်းခြင်းဖြစ်နိုင်သည့်အတွက် စနစ်မှာ ပြောပြီးပြီးချင်းပင် အလျင်စလိုပျောက်ကွယ်သွားလေသည်။
*