Ch 10
Viewers 1k

🍃 Chapter 10


"ကျီချောင်ချင်၊ မင်းက အခု အသုံးမဝင်တဲ့သူတစ်ယောက်သာသာပဲ၊ ဂိုဏ်းချုပ်က မင်းကို သူ့ရဲ့ ဒုတိယဇနီးအဖြစ် ခွင့်ပြုပေးတာ မင်းကို မျက်နှာသာပေးနေတာ၊ မင်းကိုယ်မင်း အရင်တုန်းက ကျီချောင်ချင်လို့ ထင်နေတုန်းပဲလား"


ကျီချောင်ချင် စိတ်ထဲမှ တွေးလိုက်သည်။ သူမသည် အမှန်တကယ်ပင် ယခုအခါ အသုံးမကျသူတစ်ဦးမျှသာဖြစ်ပြီး နှစ်အနည်းငယ်အတွင်း သေဆုံးနိုင်သည်။ သို့သော် လွယ်လွယ်ကူကူလက်လျှော့ပါက ရှက်စရာကောင်းမည်ဖြစ်သောကြောင့် သူမနှင့်အတူ ရသလောက်ဆွဲခေါ်သွားပေမည်။


ကျီချောင်ချင် အကြည့်သည် သူတို့တစ်ယောက်ချင်းစီအပေါ် ရောက်သွားပြီး သူတို့၏ လောဘများရစ်သန်းနေသော မျက်နှာများကို ကြည့်လိုက်ကာ


"နင်တို့အားလုံးက ငါ့ရဲ့ အသက်ကိုဆုံးဖြတ်တဲ့မှော်လက် နက်ကို လိုချင်ရုံပဲ၊ ဘာလို့ ဖြောင့်မတ်သလို ဟန်ဆောင်နေတာလဲ၊ ငါ့မှာ ရေခဲချိုးဖျက်ယပ်တောင် မရှိတော့ဘူး၊ ဒါပေမယ့် တခြားတစ်ခုတော့ ပေးနိုင်တယ်"


ထို့နောက် ကျီချောင်ချင်သည် သူ့အင်္ကျီလက်ထဲမှ ခွင်းလွန်ဓားကို ဆွဲထုတ်လိုက်သည်။


"နင်တို့အားလုံး ဒီဓားကို သိကြတယ်မဟုတ်လား"


ခွင်းလွန်သည် ရှေးဟောင်းနတ်ဘုရားတစ်ပါး ကိုင်ဆောင် ခဲ့သော ဒဏ္ဍာရီလာ နတ်ဓားတစ်လက်ဖြစ်ပြီး ကောင်းကင်ကိုပင် ခုတ်ထစ်နိုင်စွမ်းရှိကယ ၎င်းသည် ရေခဲချိုးဖျက်ဓားထက်ပင် အစွမ်းထက်သည်။


သူမသည် ဤဓားကို ကျိုးကျွင်းလန်ဆီသို့  ပစ်ပေးလိုက်ပြီး သူသည်လည်း ဖမ်းယူရန်ကြိုးစားခဲ့သော်လည်း ဓားမှာ အလွန်အရှိန်ပြင်းလှသောကြောင့် သူ့လက်ကောက်ဝတ်ကို လှီးဖြတ်သွားပြီး အဝေးသို့ပျံသန်းသွားသည်။


ကျီချောင်ချင် ကျယ်လောင်စွာဖြင့် ပြောလိုက်သည်: "ဒီနေ့ကစပြီး ခွင်းလွန်ဓားက ကျီချောင်ချင်ရဲ့ပိုင်ဆိုင်မှု မဟုတ်တော့ဘူး၊ ထျန်းရွှမ်က ထူးချွန်သူတွေဘယ်သူဖြစ်ဖြစ် ယူနိုင်ပြီ"


ဤစကားကို ကြားသောအခါ လူတိုင်း၏မျက်လုံးများတွင် တပ်မက်မှုများ တရိပ်ရိပ်ရစ်သန်းလာသည်။


လမ်းစဉ်ခြောက်ခုမှတ်တမ်း! ခွန်လွန်ဓား!


တစ်ချိန်က လက်တစ်ဖက်ဝေ့လိုက်ရုံနဲ့ တိမ်တိုက်များကို ဖန်တီးနိုင်ခဲ့သော ကျီချောင်ချင်မှာ ကောင်းမွန်တဲ့ပစ္စည်းတွေ ဘယ်လောက်တောင်ရှိနေလိုက်လဲ...


ခွန်လွန်ဓားသည် သူ့ သခင် စွန့်ပစ်လိုက်ကြောင်း သိသည့်အလားတစ်ညလုံး ထျန်းရွှမ်ဂိုဏ်းတစ်ဝိုက်တွင် ဝမ်းနည်းစွာ ငိုကြွေးနေခဲ့သည်။ 


ကျိုးကျွင်းလန်၏မင်္ဂလာပွဲကို တက်ရောက်လာသော ဧည့်သည်များသည် ဤမြင်ကွင်းကို မျက်မြင်တွေ့ခဲ့ကြသည်။ ထျန်းရွှမ်ဂိုဏ်းမှ အကြီးအကဲများမှစ၍ တပည့်များအထိ သူတို့အားလုံးသည် ခွန်လွန်ဓားကို လုယူရန် ကြိုးစားကြသည်။


ခွန်လွန်ဓား! လောကကြီးထဲက ရှားရှားပါးပါး နတ်ဘုရားပစ္စည်းတွေထဲက တစ်ခုက အခုအချိန် ကောင်းကင်ယံမှာ ပျံ၀ဲနေပြီး သူတို့ လက်ဆန့်လိုက်ရုံနဲ့ သူတို့ဟာဖြစ်လာလိမ့်မယ်...


ထိုဓားကိုရရှိသူသည် တချိန်က ကျီချောင်ချင်ကဲ့သို့ လော ကတွင် အတုမရှိသောလူတစ်ဦး ဖြစ်လာနိုင်သည့်အပြင် ကမ္ဘာကြီး၏အလယ်ဗဟိုပင်ဖြစ်လာနိုင်သည်။ 


လူတိုင်းက လိုချင်သောကြောင့် အပြိုင်အဆိုင် ကြိုးစားနေကြသည်။ သူတို့၏ လောဘကြီးသော မျက်နှာများသည် မှိန်ဖျဖျ မီးရောင်အောက်တွင် နတ်ဆိုးများပမာတဝင်း၀င်းတောက်နေကြသည်။


ကျိုးကျွင်းလန်သည် ဓားကိုယူရန် မကြိုးစားချေ။ သူသည် မည်းမှောင်နေသော မျက်နှာဖြင့် ကြင်နာတက်သူပမာ ကျီချောင်ချင်ရှေ့တွင် တိတ်တဆိတ်ရပ်နေခဲ့သည်။။ သူသည် နတ်ဆိုးတစ်ယောက်ပမာ ပြောင်းလဲသွားသော ညီမဖြစ်သူကို လမ်းမှန်ပြပေးရန်ကြိုးစားနေသည့် သနားစရာကောင်းသော အစ်ကိုကြီးတစ်ယောက်ပမာ ဟန်ဆောင်နေသည်။


ကျီချောင်ချင်သည်တော့ ခေါင်မိုးအောက်ရှိ ဝါးကုလား ထိုင်ပေါ်တွင် ထိုင်နေခဲ့သည်။ ညမှာ ပိုလို့မှောင်လာသည် နှင့်အမျှ သူ့မျက်နှာသည်လည်း အနည်းငယ်ဖြူဖျော့လာခဲ့သည်။


"ဘာလို့မယူတာလဲ ရှစ်ရှုန်းရဲ့၊ ခွင်းလန်ဓားက မလေးပါဘူး"


သူလည်း သွားယူချင်တာပေါ့...! ဒါပေမဲ့ ကျိုးကျွင်းလန် နည်းနည်းတော့ ဝေခွဲမရဖြစ်နေတယ်၊ ကျီချောင်ချင် သူ့ကို ကြိုက်နေတယ်လို့ သူအမြဲထင်ခဲ့တာပေမဲ့ ခုနက သူမရဲ့ စကားတွေက အရမ်းကို ရက်စက်လွန်းတယ် မသိရင် သူ့ကို ဂရုမစိုက်တဲ့ပုံမျိုးပဲ...


ထို့ကြောင့် ကျိုးကျွင်းလန် ကသိကအောက်ဖြစ်သွားသော် လည်း ကျီချောင်ချင် သူ့စိတ်၀င်စားမှုရရန် ဟန်ဆောင်နေသည်ဟုသာ ထင်လိုက်သည်။ သူမ ယခင်တုန်းကလည်း ယခုလိုလုပ်ဖူးသည်မဟုတ်ပါလား...


ကျိုးကျွင်းလန် သက်ပြင်းချလိုက်ပြီး ကျီချောင်ချင်ဆီ ဖြည်းညှင်းစွာ လျှောက်သွားခဲ့သည်။ 


"ရှစ်မေ့ မင်း ငယ်ငယ်တည်းက ဆရာ့တပည့်ဖြစ်ခဲ့တာ ရှစ်ရှုန်းမှတ်မိတယ်၊ အဲဒီတုန်းက မင်း ရှစ်ရှုန်းကိုအရမ်းအား ကိုးတဲ့ သွက်သွက်လက်လက်နဲ့ချစ်စရာကောင်းတဲ့ ကလေးလေးတစ်ယောက်ပါ၊ ဘယ်လိုလုပ် အခုလိုဖြစ်သွားရတာလဲ"


သူမ သဘောထားကြောင့် သူ အလွန်ဝမ်းနည်းနေသည့် ပုံစံမျိုးနှင့် ပြောလိုက်သည်။


ကျီချောင်ချင် ခပ်ဖွဖွရယ်မိလိုက်သည်။


 "ရှစ်ရှုန်း ဂိုဏ်းကို တိုက်ခိုက်ခံရတဲ့နေ့ကို မေ့သွားပြီလား ? ကျွန်မ ဂိုဏ်းကို ကာကွယ်ဖို့ အသေခံတိုက်ခိုက်ခဲ့တုန်းက ကျွန်မကို ပြန်လမ်းမရှိတဲ့ ချောက်ကမ်းပါးပေါ်ကနေ တွန်းချခဲ့တာ ရှစ်ရှုန်းပဲမဟုတ်လား"


ကျိုးကျွင်းလန် နှုတ်ခမ်းများ တင်းတင်းစေ့သွားပြီး ကျီချောင်ချင်ဘေးမှာ ဝင်ထိုင်လိုက်သည်။ သူ့မျက်လုံးထဲတွင် အပြစ်ရှိစိတ်အနည်းငယ် ထင်ဟပ်လာသည်။


ကျီချောင်ချင်က သူ့ကို မကျေမနပ်ဖြစ်နေတာပဲ၊ ဒါပေမဲ့ အခုလို မုန်းတီးမှုဆိုတာ ချစ်ခြင်းမေတ္တာတောင်မရှိခဲ့ရင် ဘယ်လိုလုပ်ရှိနိုင်မှာလဲ...


ထိုအတွေးကြောင့် ကျိုးကျွင်းလန် စိတ်သက်သာရာရသွားပြီး ရှင်းပြလိုက်သည်။


"အဲ့တုန်းက အခြေအနေက အရမ်းကို စိုးရိမ်စရာကောင်းနေခဲ့တာ၊ ရှန်းရှန်းက နူးညံ့တဲ့ မိန်းကလေးဆိုတော့ ကိုယ်မပါဘဲ ဘယ်လိုမှမနေနိုင်ဘူးလေ..."


ကျီချောင်ချင် ဖြတ်ပြောလိုက်သည်။ 


"ဒါကြောင့် ကျွန်မကို စတေးခဲ့တာပေါ့"


ကျိုးကျွင်းလန် လက်သီးကို တင်းတင်းဆုပ်လိုက်သည်။ 


"ဘယ်လိုပဲဖြစ်ဖြစ် ကိုယ် မင်း အပေါ်အပြစ်ရှိတယ်လို့ ခံစားရတယ်၊ ဒါပေမဲ့ ရှစ်မေ့ရယ်... ဒါတွေက မင်းလုပ်ခဲ့တဲ့အရာတွေအတွက် ရလာဒ်ပဲလေ၊ မင်း ခေါ်လာတဲ့သူက ဒီနေ့ဘာလုပ်ခဲ့လဲဆိုတာ မင်း သိလား? သူ ရုတ်တရက်ကြီး ရှန်းရှန်းရဲ့အခန်းထဲကိုပြေးဝင်လာပြီး သူ့ကို သတ်ဖို့ကြိုး စားခဲ့တာ၊ အကယ်၍ အကြီးအကဲတွေသာ သူ့ကိုအခမ်း အနားအတွက် ပြင်ဆင်ပေးဖို့ရှိမနေခဲ့ရင် နောက်ဆက်တွဲပြဿနာတွေက စဉ်းစားလို့တောင်မရနိုင်ဘူး"


သူ ကိုယ်တိုင်ပင် လင်ရှန်းရှန်းအတွက် ပြောနေသည်လား သို့မဟုတ် ထိုလူနှင့် ကျီချောင်ချင်၏မရေမရာဆက်ဆံရေးကြောင့် မကျေမနပ်ဖြစ်မိသည်လား မသိတော့ချေ။


ကျိုးကျွင်းလန်သည် စကားလမ်းကြောင်း မည်သို့လွှဲရမှန်း ကောင်းစွာသိသည်။ ကျီချောင်ချင် လှောင်ပြောင်ရန်ပြင်လိုက်စဉ်မှာပင် ခပ်ဝေးဝေးမှ ပိန်သွယ်သွယ် အမျိုးသမီးတစ်ယောက် လျှောက်လာသည်ကို သူမ တွေလိုက်ရသည်။ ထိုအမျိုးသမီးသည် ပိန်လှီနေကာ သူမ နူးညံ့သိမ်မွေ့သောမျက်နှာသည် သနားစရာကောင်းနေဟန်ထင်ရသည်။ ထိုလူမှာ လင်ရှန်းရှန်းပင်။


ကျီချောင်ချင်သည် လင်ရှန်းရှန်း၏မျက်နှာကို မြင်လိုက်ရသည်နှင့် သူမ ရင်ထဲတွင် ပြင်းထန်သော နာကျင်မှုကို ခံစားလိုက်ရသည်။


ဒီလူတွေက မပြီးနိုင်မစီးနိုင် တစ်ယောက်ပြီး တစ်ယောက်ရောက်လာနေတာပဲ၊ ဒီအတိုင်းသာဆိုရင် သူ သွေးအန်ပြီးသေတာပဲ ကောင်းမယ်...


ကျီချောင်ချင် ရုတ်တရက် ထရပ်လိုက်သည်။ 


"ဂိုဏ်းချုပ်ကျိုး၊ ကျွန်မရဲ့အခန်းထဲမှာ ကျွန်မကို စောင့်နေတဲ့အလှလေးရှိသေးတယ်၊ ရှင်တို့ နှစ်ယောက်က အခုလိူ စိတ်အနှောင့်အယှက်ပေးနေတော့ ကျွန်မ တကယ်ခေါင်းကိုက်လာပြီ"


ကျိုးကျွင်းလန်မျက်နှာအမူအရာသည် အနည်းငယ်ပြောင်း လဲသွားပြီး သူ့ရင်ထဲတွင် အမျိုးအမည်မသိသော ဒေါသတစ်ခုကိုခံစားလိုက်ရသည်။ 


"ကျီချောင်ချင်... မင်း ဘယ်လိုလုပ်ပြီး ယောက်ျားတိုင်းနဲ့ အတူတူနေရဲတာလဲ၊ မင်း ဘယ်လိုတောင်..."


"အဲ့တာ ရှင်နဲ့ဘာဆိုင်လို့လဲ!" 


ကျီချောင်ချင် လှောင်ပြောင်လိုက်သည်။ 


"အဲဒီတုန်းက ရှင်နဲ့ လင်ရှန်းရှန်းတို့ သိတာမကြာသေးပေမယ့် ရှင့်အခန်းထဲမှာ သူမနဲ့  အဝတ်တွေချွတ်ပြီးနေတာကျတော့ရော ? အခုကျမှ ကျွန်မကို လာထိန်းချုပ်ဖို့ကြိုးစားနေတာလား၊ ရှင့်မှာ သတ္တိရှိတယ်ပေါ့ ?"


ထိုသို့ပြောပြီးနောက် ကျီချောင်ချင်သည် ဝါးအိမ်လေးထဲ ဝင်သွားပြီး တံခါးကိုပိတ်လိုက်သည်။