Ch 1
Viewers 839

🍊 Chapte 1


နွေဦးဦးပိုင်းကာလသည် မိုးဖွဲဖွဲရွာသွန်းနေပြီး စိုစွတ်ထိုင်းမှိုင်းကာ လေထုထဲတွင်လည်း မြူနှင်းလွှာများ ဖုံးလွှမ်းလျက်ရှိသည်။


နံနက် ၁၀ နာရီအချိန်တွင် ဗဟိုအထွေထွေရောဂါကုဆေးရုံကြီး၏ VIP လူနာဆောင်၌ လူတစ်ဦးသည် ဆေးရုံခုတင်ပေါ်တွင် လဲလျောင်းနေ၏။ သူမ၏ နက်ပြာရောင်ဆံနွယ်တိုလေးများသည် ခေါင်းအုံးပေါ်တွင် ဖရိုဖရဲဖြစ်နေပြီး ရှည်လျားနက်မှောင်ကာ တောက်ပသော မျက်တောင်ဖျားလေးများသည် တုန်ယင်လျက်ရှိရာ တိတ်ဆိတ်စွာ အိပ်မောကျနေသည့် အိပ်စက်နေသော အလှလေးတစ်ဦးနှင့် တူလှပေသည်။


"သူ ဘယ်တော့ နိုးလာမှာလဲ"


"ထိခိုက်လွယ်တဲ့ကာလ..."


"ဂလင်းတွေ..."


"မေ့ဆေးအရှိန်ကုန်ပြီဆိုတော့ သူ မကြာခင် နိုးလာတော့မှာပါ"


တိုးညှင်းပြီး လွင့်မျောနေသော ထိုအသံများသည် ဝေးကွာလှသည့် အိပ်မက်တစ်ခုဆီမှ လာနေသယောင် ထင်မှတ်ရပြီး သဲသဲကွဲကွဲ ကြားနိုင်ရန် ခဲယဉ်းလှသည်။


ထိုအသံများကို နားစွင့်ရင်း ခုတင်ပေါ်ရှိလူမှာ မျက်မှောင်ကြုတ်လိုက်ကာ ဖြူဖျော့သော နှုတ်ခမ်းလွှာများ လှုပ်ရှားလာ သည်။ ချူမူချင်းသည် မျက်လုံးများကိုဖြည်းညှင်းစွာ ဖွင့်ကြည့်လိုက်ပြီး သူ့အကြည့်များကို ဝေ့ဝဲကြည့်ရှုလိုက်၏။


ဖြူဖွေးသော မျက်နှာကျက်၊ ခုတင်ခေါင်းရင်းတွင် ချထားသောပန်းစည်းတစ်စည်းနှင့် လေထုထဲ၌ ပျံ့နှံ့နေသော ပိုးသတ်ဆေးနံ့သင်းသင်း။


သူသည် ကုမ္ပဏီ၌ အခြေအနေမသိဘဲ သတိလစ်သွားခဲ့ခြင်းဖြစ်သည်။ ချူမူချင်းသည် သူ့နဖူးပေါ်သို့ လက်တင်လိုက်ကာ အပြင်ဘက်မှ အခြေအနေများကို အနည်းငယ်စိုးရိမ်မိသွားပြီး "ရွှီချန်ခယ်" ဟု ခေါ်လိုက်သည်။ စကားပြောလိုက်သည်နှင့် လည်ချောင်းထဲမှ စူးရှသောနာကျင်မှုကို ခံစားလိုက်ရသဖြင့် ချူမူချင်းသည် စိတ်မရှည်သလို မျက်မှောင်ကြုတ်ကာ ပါးစပ်ကို လိမ်မာစွာပြန်ပိတ်ထားလိုက်တော့သည်။


လူနာဆောင်တံခါးမှာ ဖြည်းညှင်းစွာပွင့်လာပြီး ရွှီချန်ခယ်သည် လူနာဆောင်ထဲသို့ ခြေဖွဖွနင်းကာ ဝင်လာသည်။ ချူမူချင်းက ခေါင်းစောင်း၍ သူ့ကို ကြည့်လိုက်ရာ သူ့အကြည့်များမှာ အလွန်တည်ငြိမ်နေ၏။


ရွှီချန်ခယ် မျက်လုံးများမှာ ခဏတာအံ့အားသင့်သွားပြီး "သူဌေး နောက်ဆုံးတော့ နိုးလာပြီပဲ" 


ထိုသို့ပြောပြီးနောက် သူသည် အမြန်ရှေ့တိုးကာ ချူမူချင်းထိုင်နိုင်ရန် ကူညီပေးပြီး သူ့ကျောနောက်တွင် ခေါင်းအုံးကို ခုပေးလိုက်ကာ သူ့အတွက် ရေတစ်ခွက်ယူရန် လှည့်ထွက်သွားသည်။


"ဘယ်လိုလဲ၊ တစ်ခုခု နေလို့မကောင်းတာ ရှိသေးလား ? ဒီတစ်ခါတော့ သူဌေး ကျွန်တော့်ကို တကယ် လန့်ဖျပ်သွားစေတာပဲ"


ချူမူချင်းသည် ရေတစ်ငုံသောက်ကာ သူ့လည်ချောင်းကို စိုစွတ်စေပြီးနောက် "ငါ အဆင်ပြေပါတယ်" 


လည်ပင်းနောက်ဘက်ရှိ ဂလင်းနေရာမှာ နီရဲနေပြီး မေ့ဆေးအရှိန်လျော့သွားသည်နှင့်အမျှ နာကျင်မှုက အလယ်ဗဟိုမှ ပျံ့နှံ့လာသော်လည်း ထိုနာကျင်မှုမှာ အောင့်ခံနိုင်သောအဆင့်တွင်သာ ရှိသေးသည်။


"ကုမ္ပဏီမှာ တစ်ခုခုဖြစ်နေလို့လား"


"ဘာမှမဖြစ်ပါဘူး" ဟု ရွှီချန်ခယ်က ဆိုသည်။ 


"ဒီရက်ပိုင်း သူဌေး ထိခိုက်လွယ်တဲ့ကာလထဲရောက်နေမှန်း သူတို့သိထားကြတော့ ဘာမှ သံသယမဝင်ကြဘူး၊ ပရောဂျက်ကိုလည်း ဘယ်သူမှ လက်ဖျားနဲ့တောင် မထိရဲကြပါဘူး"


ချူမူချင်း ထိုစကားကို ကြားရသောအခါ အနည်းငယ် ဇဝေဇဝါဖြစ်သွားသည်။ ထိခိုက်လွယ်သောကာလနှင့် ခွဲစိတ်မှုကြောင့် သူသည် ကုမ္ပဏီသို့ တစ်ပတ်ခန့်မရောက်ဖြစ်သည်မှာ သဘာဝကျသော်လည်း လူတွေက ထိုမျှအထိ အေးအေးဆေးဆေးဖြစ်နေကြသည်မှာ မဖြစ်သင့်ပေ။


သူ အလွန်အကျွံ တွေးနေမိခြင်းလော။


"နင် သေချာလို့လား" 


ချူမူချင်း အကြည့်များသည် လက်ထောက်ဆီသို့ ဝေ့ဝဲသွားပြီးကြည့်လိုက်သည်။ သူ့အမူအရာက ပြောင်းလဲခြင်းမရှိသော်လည်း အကြောင်းပြချက်မရှိဘဲ လူကို အသက်ရှူကျပ်စေလောက်သည့် ဖိအားပေးမှုကို ပေးစွမ်းနေ၏။


Slevel Alpha တစ်ယောက် ဖြစ်သည့်အတိုင်း Beta တစ်ဦးဖြစ်သော သူပင်လျှင် သူ့ ဖယ်ရိုမုန်း လှိုင်းများ၏ သက်ရောက်မှုကို လျစ်လျူမရှုနိုင်ပေ။


သူ့အရှိန်အဝါကြောင့် လန့်သွားသော ရွှီချန်ခယ်သည် တစ်ခုခုကို ရုတ်တရက်သတိရသွားကာ "ပြောဖို့ မေ့နေတာ တစ်ခုရှိသေးတယ်၊ အဖိုးက သူဌေးအတွက် အိမ်ထောင်ဖက်စီစဉ်ပေးလိုက်ပြီ၊ စူးမိသားစုနဲ့ လက်ထပ်ပေးဖို့စီစဉ် လိုက်တာ"


"စူးမိသားစုလား"


"စူးမိသားစုက စူးဝမ်ချင်းလေ၊ Srank Omega တစ်ယောက်ဆိုတော့ သူဌေးနဲ့ ကိုက်ညီမှု ၉၅ ရာခိုင်နှုန်း ရှိတယ်"


ချူမူချင်းသည် စူးမိသားစုအကြောင်း အနည်းငယ်မှတ်မိနေသည်။ ယခင်က မိသားစုနှစ်ခုကြား ကလေးချင်း စေ့စပ်ထားဖူးသည်ဟု ထင်ရသော်လည်း ယခုအခါတွင်မူ လွတ်လပ်စွာလက်ထပ်နိုင်သော ခေတ်ဖြစ်သဖြင့် ထိုအိမ်ထောင်ရေးအကြောင်းကို မည်သူမျှ ပြန်မပြောကြတော့ချေ။ 


"ဘာလို့ ဒီလောက် ရုတ်တရက်ကြီးဖြစ်သွားရတာလဲ" 

လွန်ခဲ့သော ဆယ်စုနှစ်ကျော်က ထိုလက်ထပ်ပွဲကို ဆုံးဖြတ်စဉ်က မိသားစုနှစ်ခုလုံးမှာ အဆင့်အတန်း တူညီခဲ့သော် လည်း ယခုအခါချူမိသားစုမှာ လျင်မြန်စွာတိုးတက်ထွန်းကားလာပြီး စူးမိသားစုနှင့် ကွာဟချက်မှာ ပိုကြီးမားလာခဲ့ပြီ ဖြစ်သည်။


ချူမိသားစုနှင့် စူးမိသားစုကြားလက်ထပ်ပွဲမှာ ပျက်ပြယ်သွားပြီဟု သတ်မှတ်ထားသော်လည်း ဆရာဝန်က စူးဝမ်ချင်းနှင့် ချူမူချင်း၏ဖယ်ရိုမုန်းကိုက်ညီမှုကို ၉၅ ရာခိုင်နှုန်းဟု အဖြေထုတ်ပေးခဲ့သည်။


သုံးနှစ်ဆက်တိုက် မည်သည့် Omega ကမျှ ချူမူချင်းနှင့် ကိုက်ညီမှု ၃၀ ရာခိုင်နှုန်းထက်မကျော်ခဲ့ပေ။ ကိုက်ညီမှု မြင့်မားလေလေ သန္ဓေတည်ရန်လွယ်ကူလေလေဖြစ်သလို မွေးဖွားလာမည့် ကလေးများ၏အဆင့်အတန်းမှာလည်း ပို မြင့်မားလေဖြစ်သည်။


ထိုအချက်ကို ခဏဖယ်ထားလျှင်ပင် Alpha ထိခိုက်လွယ်သောကာလတွင် Omega ၏နှစ်သိမ့်ပေးမှုလိုအပ်ပြီး Slevel Alpha များအတွက်မူ ဖယ်ရိုမုန်းဆိုင်ရာ လိုအပ်ချက်မှာ ပိုမြင့်မားလှသည်။


"ရုတ်တရက်ကြီးတော့ မဟုတ်ပါဘူး၊ အဖိုးက သူဌေးရဲ့ ကျန်းမာရေးကို စိတ်ပူနေတာလေ၊ သူဌေးကို စောစောစီးစီး..."


ချူမိသားစုတွင် အမွေဆက်ခံသူ နည်းပါးလှပြီး Alpha အရေအတွက်မှာလည်း ရှားပါးသည်။ ချူမူချင်း အလှည့်တွင် သူသည် သူ့မျိုးဆက်ထဲ၌ တစ်ဦးတည်းသော Slevel Alpha ဖြစ်သော်လည်း သူ့ ဂလင်းများတွင် ပြဿနာရှိနေဆဲ ဖြစ်သည်။


အဖိုး၏အကြံမှာ ရိုးရှင်းလှသည်။ ဂုဏ်ဒြပ်နှင့် အဆင့်အတန်းကို ထည့်မတွက်ဘဲ Omega တစ်ဦးဖြစ်ကာအချက်အ လက်ကိုက်ညီမှု မြင့်မားနေလျှင်ပင် ချူမိသားစုတံခါးကို ဝင်ခွင့်ပြုနိုင်သည်ဟု သူ ယူဆထားသည်။


"လက်ထပ်ပွဲကို ကြေညာလိုက်ပြီလား"


"မကြေညာရသေးပါဘူး"


"စူးမိသားစုအကြောင်း စုံစမ်းလိုက်ပါ၊ အထူးသဖြင့် စူးဝမ်ချင်းအကြောင်းကိုပေါ့"


ဒါက ဘယ်လိုလုပ်ပြီး ဒီလောက်အထိ တိုက်ဆိုင်နေရတာလဲ။ ကုမ္ပဏီမှာ ပြဿနာတက်တယ်၊ သူ ထိခိုက်လွယ်တဲ့ ကာလမှာ ဆေးရုံတက်ရတယ်၊ ပြီးတော့မှ ရုတ်တရက် Omega တစ်ယောက်ပေါ်လာပြီး ကိုက်ညီမှုကလည်း အဲ့လောက်အထိ မြင့်မားနေရတယ်တဲ့လား ?


ရွှီချန်ခယ်က မျှော်လင့်ထားသည့်အတိုင်း အချက်အလက်စာရွက် အချို့ကိုကမ်းပေးလိုက်သည်။


"သူဌေး ခွဲစိတ်နေတုန်းက ကျွန်တော် မစ္စစူးရဲ့ ကျန်းမာရေးစစ်ဆေးချက် စာရွက်ကိုစစ်ဆေးခဲ့ပါတယ်၊ သူဌေးရဲ့ ဖယ်ရိုမုန်းအဆင့်က လောလောဆယ် Alevel ဖြစ်ပြီး သူဌေးနဲ့ ကိုက်ညီမှုကလည်း တကယ်မှန်ကန်ပါတယ်၊ အချိန် သိပ်မရတော့ ကျွန်တော် ဒီလောက်ပဲ ရှာထားနိုင်သေးတယ်"


"လောလောဆယ် ဟုတ်လား"


ချူမူချင်းသည် အချက်အလက်များကို ယူကြည့်လိုက်သည်။


"အဲ့ဒီမတိုင်ခင်က အဖိုးက လက်ထပ်ဖို့အရွယ် Omega တွေအားလုံးကို စစ်ဆေးခဲ့ဖူးတယ်၊ အဲ့ဒီတုန်းက စူးဝမ်ချင်းရဲ့ အစီရင်ခံစာမှာ Beta လို့ပြနေလို့ သူ့ကိုချန်ထားခဲ့တာ"


"မကြာခင်ကမှ သူ ရုတ်တရက် ဒုတိယအကြိမ်မြောက်ခွဲခြားမှုဖြစ်သွားပြီး Omega ဖြစ်လာခဲ့တာပါ၊ ဆေးရုံအုပ်ကြီးက အဖိုးရဲ့ ကျေးဇူးကြွေးရှိနေတော့ Omega တစ်ယောက်ရှိတာနဲ့ သူဌေးနဲ့ကိုက်ညီမှုရှိမရှိ စစ်ဆေးပေးခဲ့တာ၊ ဒါပေမဲ့ မရည်ရွယ်ဘဲနဲ့ ကံကောင်းသွားလိမ့်မယ်လို့ မထင်ထားခဲ့ကြဘူး..."


"ဆေးရုံကပြောတာတော့ သူဌေးရဲ့ ခွဲခြားမှုအဆင့်က မတည်ငြိမ်သေးလို့ လောလောဆယ် Alevel ပဲ ရှိသေးတာတဲ့"


ချူမူချင်း နားလည်သွားသည်။ 


"ဒါဆိုရင် တည်ငြိမ်သွားတဲ့အခါ ကိုက်ညီမှုက ပြောင်းလဲသွားမှာလား၊ ဒါမှမဟုတ် တခြားတစ်ခုခုအဖြစ် ပြန်ပြောင်းသွားနိုင်လား"


ရွှီချန်ခယ်: "......"


"သီအိုရီအရတော့ မဖြစ်နိုင်ပါဘူး၊ တည်ငြိမ်သွားရင် ပိုပြီးတော့တောင် မြင့်မားလာဦးမှာပါ၊ မျိုးရိုးဗီဇကတော့ နောက်တစ်ခါ ထပ်မပြောင်းလဲနိုင်တော့ပါဘူး" ဟု ရွှီချန်ခယ်က ဆိုသည်။ 


"သေချာအောင်လို့ ဆေးရုံအုပ်ကြီးကို ကျွန်တော် မေးကြည့်ပြီးပါပြီ၊ သူလည်း ဒီအဖြေပဲ ပေးပါတယ်"


"......"


ချူမူချင်း တိတ်ဆိတ်သွားသည်။


ရွှီချန်ခယ် သက်ပြင်းချလိုက်ပြီး "သူဌေးချူ လက်မထပ်ချင်ဘူးလား" 


ချူမူချင်း သူ့မျက်လုံးများကို ပင့်ကြည့်ကာ သူ့ကို စိုက်ကြည့်လိုက်ပြီး "နင် ဘယ်လိုထင်လဲ"


"ဆရာဝန်က ပြောတာတော့ သူဌေးရဲ့ဂလင်းက နောက်တစ်ခါ ထိခိုက်လွယ်တဲ့ကာလကို ကျော်ဖြတ်နိုင်မှာ မဟုတ်ဘူးတဲ့"


 á€›á€˝á€žá€Žá€á€ťá€”်ခယ်က ထိုကိစ္စမှာ ဖြေရှင်းမရသော ပဟေဠိတစ်ခုလိုဖြစ်နေသည်ဟု ခံစားမိသည်။ ချူမူချင်း၏ ဂလင်းပြဿနာ မှာ သေမင်းကိုစောင့်နေရခြင်းနှင့် မခြားပေ။ 


"အကယ်၍ Omega မရှိဘူးဆိုရင် သူဌေးက..."


ထိုစကားလုံးကို သူ အဆုံးထိမပြောခဲ့ပေ။


ချူမူချင်းသည် ယခုတစ်ခေါက် ထိခိုက်လွယ်သောကာလအကြောင်းကို ပြန်စဉ်းစားမိသည်။ သူသည် ပြင်းထန်သော inhibitor နှစ်လုံးကို ကြိုတင်ထိုးထားသော်လည်း လုံးဝအာနိသင်မရှိခဲ့ပေ။ ထိခိုက်လွယ်သောကာလမှာ တစ်လစော၍ ရောက်လာခဲ့ပြီး ပထမတွင် သူ စိတ်မထိန်းနိုင်ဘဲ အနားယူဆောင်ရှိ ပစ္စည်းများကို ရိုက်ခွဲခဲ့ကာ နောက်ပိုင်းတွင် ဖယ်ရိုမုန်းများမှာ အင်အားကုန်ခမ်းသွားသည့်တိုင်အောင် ထိန်းမရသိမ်းမရလျှံထွက်နေခဲ့သည်။


ပြင်းထန်လှသော ဖယ်ရိုမုန်းများကြောင့် သူ့ကို အသက်ရှူကျပ်စေကာ မျက်လုံးပင် မဖွင့်နိုင်လောက်အောင် ဖြစ်ခဲ့ရသည်။ ကံကောင်းထောက်မစွာဖြင့် ရွှီချန်ခယ်မှာ beta တစ်ဦးဖြစ်နေ၍ သူက သူ့အားဆေးရုံသို့ အချိန်မီ ပို့ဆောင်ပေးနိုင်ခဲ့ပြီး ကုမ္ပဏီကိုလည်း အချိန်မီဆုံးရှုံးမှုတားဆီးနိုင်ခဲ့ကြောင်း ရှင်းပြနိုင်ခဲ့ခြင်းဖြစ်သည်။


"အဖိုး သူတို့ကို ဘာလက်ဆောင်တွေ ပေးလိုက်လို့လဲ" 


ချူမူချင်းသည် သူ့နှုတ်ခမ်းကို တင်းတင်းစေ့ထားပြီး စိတ်ကြည်လင်ပုံမရပေ။


"ချူမိသားစုရဲ့ ရှယ်ယာ ၅ ရာခိုင်နှုန်းကို တင်တောင်းလက်ဆောင်အဖြစ်ပေးမယ်လို့ ဆိုပါတယ်" 


ချူမူချင်း လှောင်ပြုံးပြုံးလိုက်ပြီး "၅ ရာခိုင်နှုန်း၊ သူတို့ စူးမိသားစုက တကယ်ပါးစပ်ဟရဲတာပဲ"


"ငါ့ကွန်ပျူတာ ယူလာပေး"


"မနက်ဖြန် ငါ ဆေးရုံဆင်းမယ်"


"သူဌေး၊ ဆရာဝန်က မနက်ဖြန်ဆေးရုံဆင်းလို့ မရသေးဘူးလို့ ပြောထားပါတယ်၊ သူဌေးရဲ့ ဖယ်ရိုမုန်းတွေကို စောင့်ကြည့်ဖို့ လိုသေးတယ်လေ"


ချူမူချင်း သူ့မျက်တောင်များကိုပင့်၍ စကားများနေသော လက်ထောက်ကိုကြည့်လိုက်ရာ...


ရွှီချန်ခယ် ချက်ချင်းပါးစပ်ပိတ်သွားပြီး "ကောင်းပါပြီ၊ ကျွန်တော် အခုချက်ချင်း ဆရာဝန်နဲ့ သွားဆွေးနွေးလိုက်ပါ့မယ်" 

ချူမူချင်းမှာ လူမမာဘဝဖြင့် အားအင်မရှိလှသော်လည်း ရွှီချန်ခယ်မှာမူ စကားအနည်းငယ် ပိုပြောမိသွားသည်။ အဓိကမှာ ဖရိုဖရဲဖြစ်နေသော အခန်းထဲတွင် လဲကျနေသည့် ချူမူချင်းကိုတွေ့ခဲ့ရသည့်အတွက် သူ အခုထိ စိုးရိမ်စိတ် မပြယ်သေးခြင်းကြောင့်ဖြစ်သည်။


လူနာဆောင်မှာ တိတ်ဆိတ်သွားသည်။ ချူမူချင်းသည် ခေါင်းအုံးကို မှီလိုက်ကာ ပြတင်းပေါက်အပြင်ဘက်သို့ ငေးကြည့်နေမိသည်။ မိုးရွာပြီးစ နေရောင်ခြည်မှာ အနေတော်ဖြစ်နေပြီး အခန်းထဲသို့ ဖြာကျနေကာ နေခြည်တန်း အချို့မှာ Tyndall effect အကျိုးသက်ရောက်မှုကို ဖြစ်ပေါ်စေသည်။


(Tyndall effect ဆိုတာ အလင်းတန်းတစ်ခုဟာ Colloid လို့ခေါ်တဲ့ အမှုန်အမွှားလေးတွေ ပါဝင်နေတဲ့ အရည် ဒါမှမဟုတ် ဓာတ်ငွေ့ (ဥပမာ  လေထု) ထဲကို ဖြတ်သန်းသွားတဲ့အခါ အဲ့ဒီအမှုန်လေးတွေက အလင်းကို ဟိုဟိုဒီဒီ ပြန့်ကျဲသွားအောင်လုပ်လိုက်တဲ့အတွက် အလင်းလမ်းကြောင်းကို မျက်စိနဲ့အထင်အရှားမြင်တွေ့ရတဲ့ ဖြစ်စဉ်ကို ခေါ်တာပါ။)


ချူမူချင်းသည် ခဏတာ ငေးကြည့်နေမိပြီး သူ့ စိတ်အစဉ်မှာလည်း ရှားရှားပါးပါး လွတ်လပ်ပေါ့ပါးနေ၏။


ရွှီချန်ခယ်မှာ ဆရာဝန်နှင့် သွားရောက်ဆွေးနွေးကာ ဆေးရုံဆင်းလျှင် လိုက်နာရမည့် အချက်များကို မေးမြန်းပြီး နေ့လယ်စာ မှာပေးခဲ့သည်။


ထိုသို့ လုပ်ဆောင်ပြီးနောက် ရွှီချန်ခယ်သည် ကားထဲမှ ချူမူချင်းကွန်ပျူတာကို သွားယူရန် အောက်ထပ်သို့ ဆင်းသွားသည်။ ဆေးရုံသို့ ပြန်အလာတွင် ဆေးရုံတံခါးဝ၌ ရိပ်ခနဲဖြတ်ပြေးသွားသော လူရိပ်တစ်ခုကို တွေ့လိုက်ရ၏။


သူ အပေါ်ထပ်သို့ ရောက်၍ လူနာဆောင်တံခါးကိုဖွင့်လိုက်သောအခါ ချူမူချင်းမှာ ပြတင်းပေါက်ရှေ့တွင် ရပ်နေသည် ကိုတွေ့ရသည်။ သူ့ ဖုန်းမှာ ဘေးသို့ချထားပြီး သူသည် ဖုန်းပြောဆိုပြီးရုံမျှသာ ရှိသေးပုံရသည်။


"ကွန်ပျူတာ" ရွှီချန်ခယ်က ကွန်ပျူတာကို ခုတင်ဘေးစားပွဲပေါ် တင်လိုက်ကာ ဘေးတွင် ရပ်နေလိုက်သည်။


"လုမိသားစုက ခုနကပဲ ဖုန်းဆက်လာတယ်"


"သူတို့ ဘာပြောလဲ"


"ငါ့ကျန်းမာရေးကို ဂရုစိုက်ဖို့တဲ့ ငါ ဆေးရုံတက်နေတာကို သူတို့ သိသွားကြပြီ"


ရွှီချန်ခယ်သည် ခုနကဆေးရုံတွင် တွေ့ခဲ့ရသည့် နောက်ကျောပုံရိပ်ကို သတိရသွားပြီး "ကျွန်တော် ခုနက မစ္စတာကုကို တွေ့လိုက်ရသလိုပဲ" ဟု သတိပေးလိုက်သည်။


"လုမိသားစုက သိမှတော့ ကုမိသားစုက သိဖို့ဆိုတာ အချိန်တစ်ခုပဲ လိုတော့တာပါ" 


ချူမူချင်းမှာ အလွန်အမင်း အံ့အားသင့်မနေပေ။ သူ့ ဂလင်းပြဿနာများကို သူတို့ သိသွားကြရန်မှာ အချိန်ပိုင်းကိစ္စသာ ဖြစ်သည်။


"နေ့လယ်စာ ရပါပြီ၊ အရင်ဆုံး တစ်ခုခုစားလိုက်ပါဦး" 


ရွှီချန်ခယ်သည် လူနာဆောင်တံခါးအပြင်ဘက်သို့ ထွက်သွားကာ လှေကားထစ်များရှိရာသို့ သွား၍ မှာထားသည့် အစားအစာများကို သွားယူသည်။


လှေကားတွင် လူအချို့ရှိနေပြီး ပျင်းပျင်းရိရိနှင့် အတင်းအဖျင်းများပြောနေကြရာ ပိတ်လှောင်ထားသော နေရာဖြစ်သည့်အတွက် အသံများမှာ သဲသဲကွဲကွဲ ကြားနေရသည်။


"ဆေးရုံအုပ်ကြီးက ဒီလောက်ကြာအောင်ရှာနေတာ၊ နောက်ဆုံးတော့ ဒေဝါလီခံတော့မယ့် စူးမိသားစု ဖြစ်နေလိမ့်မယ် လို့ မထင်ထားမိဘူး၊ စူးဝမ်ချင်းကတော့ တကယ်ကံကောင်းတာပဲ"


"ငါလည်း Omega တစ်ယောက်ပဲလေ၊ တိတ်တိတ်လေး ဆယ်ကြိမ်ထက်မက စစ်ဆေးကြည့်တာတောင် ၁၀ ရာခိုင်နှုန်းတောင် မပြည့်ဘူး"


"ငါလည်း နှစ်ခါ စစ်ဖူးတယ်၊ ၁၅ ရာခိုင်နှုန်းပဲ၊ သူ့ရဲ့ ဖယ်ရိုမုန်းက တကယ်လိုက်ဖက်ဖို့ ခက်ခဲတယ် တစ်ခုခု မှားနေမလားလို့တောင် ငါ သံသယဝင်မိတယ်"


"လူတိုင်းတော့ သူဌေးကြီးအိမ်ထဲ ဝင်ဖို့ကံမကောင်းနိုင်ကြပါဘူး"


"သူဌေးကြီးတင် မဟုတ်ဘူးနော်၊ နင်မသိလို့၊ ချူမူချင်းက တကယ်ချောတာ၊ ဟိုမှာ လဲနေတာတောင် အိပ်မောကျနေတဲ့ အလှလေးလိုပဲ၊ လှလွန်းလို့ ရင်တောင် တုန်တယ်"


"တကယ်ပါ၊ ငါ တိတ်တိတ်‌လေး ဓာတ်ပုံတောင်ရိုက်ထားသေးတယ်"


"နှမြောစရာပဲ၊ စူးမိသားစုက အဲ့ဒီလိုတောသူမနဲ့ လက်ထပ်ရမှာဆိုတော့ တကယ်ပဲ ကံကြမ္မာက မတရားလိုက်တာ၊ ကောင်းကင်ကြီးက မျက်စိမပါဘူးပဲ......"


ပြောဆိုနေကြသော လေသံများမှာ ပိုနှမြောတသဖြစ်လာကာ အသံများမှာလည်း ပိုကျယ်လောင်လာသည်။


ရွှီချန်ခယ်မှာ ထိုစကားများကို အတိုင်းသားကြားနေရ၏။


လက်ထပ်ပွဲမှာ အခုလေးတင်ဆုံးဖြတ်ရုံရှိသေးပြီး လူသိရှင်ကြား မကြေညာရသေးခင်မှာပဲ ဘယ်လိုဖြစ်ပြီး လူတွေ သိကုန်ကြတာလဲ ?


ရွှီချန်ခယ်သည် နေ့လယ်စာကို လက်တစ်ဖက်ဖြင့် ကိုင်ထားပြီး ကျန်လက်တစ်ဖက်ဖြင့် အင်တာနက်ပေါ်တွင် သတင်းများကို စတင်ရှာဖွေလိုက်သည်။


ဒါက ဘာဖြစ်တာလဲ ? အဖိုးက အစောကြီး မကြေညာသေးဘူးလို့ပြောထားတာ မဟုတ်လား၊ ဘာလို့ ဒီလောက် ရုတ်တရက်ကြီး ဖြစ်သွားရတာလဲ။


ရွှီချန်ခယ်သည် ဖုန်းကို ပြန်သိမ်းကာ လူနာဆောင်သို့ အပြေးအလွှား ပြန်လာခဲ့သည်။


စားပွဲကို ပြင်ဆင်လိုက်ပြီး ဟင်းလျာများကို တစ်ခုချင်းစီချထားပေးလိုက်သည်၊ ဆန်ပြုတ်နှင့် ဟင်းသီးဟင်းရွက်များ။


ပြင်ဆင်ပြီးနောက် သူသည် ဘေးတွင် ရပ်နေကာ ဖုန်းဖြင့် ဆက်လက်ရှာဖွေရင်း အဖိုး၏လက်ထောက်ဆီသို့ စာတစ်စောင် ပို့လိုက်သည်။


"ဘာဖြစ်လို့လဲ" ချူမူချင်းသည် သူ ဝင်လာကတည်းက စိတ်မပါ့တပါဖြစ်နေကာ ဖုန်းကို မချတမ်း ကိုင်ထားသည်ကို မြင်ရသဖြင့် တစ်ခုခု ထူးခြားနေသည်ကို ရိပ်မိလိုက်သည်။


"အဖိုး... အဖိုးက သူဌေးရဲ့လက်ထပ်ပွဲကို တရားဝင်ကြေညာလိုက်ပါပြီ"


ချူမူချင်းက သူ့ထမင်းစားတူကို ချလိုက်ပြီး "ငါ့ရဲ့ လက်ထပ်ပွဲအကြောင်း ငါ့ကို တစ်ခွန်းတောင် မမေးဘူးဆိုတာ ဘာသဘောလဲ"


"ငါ အဲ့ဒီ စူးဆိုတဲ့ တစ်ယောက်ကို မြင်တောင် မမြင်ဖူးသေးဘူး..."


ချူမူချင်း တုံ့ပြန်လိုက်မိသည်၊ ကုမိသားစုက လက်ထပ်ပွဲသတင်းကို ကြားပြီးတာနဲ့ တစ်ခုခု လုပ်တော့မှာကို သူ စိုးရိမ်မိသည်။


"ဒီတစ်ခါတော့ စူးမိသားစုက လက်ထပ်ပွဲကို အမြန်ဆုံးဖြစ်အောင် တောင်းဆိုလိုက်ပုံရတယ်၊ သူတို့က ချူမိသားစုရဲ့ ဂုဏ်ဒြပ်ကို အသုံးချချင်ရုံပဲထက် မပိုဘူး၊ ကုမိသားစုနဲ့တော့ ဘာမှ ပတ်သက်ပုံမရပါဘူး"


"သူတို့ကို ပြောလိုက်၊ လက်ထပ်တာက ပြဿနာမရှိဘူး၊ ဒါပေမဲ့ မင်္ဂလာပွဲ ကျင်းပမှာ မဟုတ်ဘူးလို့၊ ပြီးတော့ လက်ထပ်ပြီးရင်လည်း စူးဝမ်ချင်းတစ်ယောက်တည်းရဲ့ အကျိုးစီးပွားကိုပဲ အာမခံနိုင်မယ်၊ ကျန်တဲ့ စူးမိသားစုကိုတော့ မရဘူးလို့"


"ငါက အခြေအနေကို အခွင့်ကောင်းယူချင်တာ မဟုတ်ဘူး၊ ဒါပေမဲ့ ငါ သူတို့မှာ တကယ် အရည်အချင်းရှိမရှိဆိုတာ ကိုလည်း သိချင်သေးတယ်"


ကုမိသားစုက စောင့်ကြည့်နေသလို ချူမူချင်း ကျန်းမာရေးမှာလည်း တစ်နေ့ထက်တစ်နေ့ ပိုဆိုးလာသည်။ ဤလက်ထပ်ပွဲတွင် အကျိုးစီးပွားများစွာ ရောနှောနေသော်လည်း လောလောဆယ်တွင်မူ ငြင်းဆန်၍ မရနိုင်သေးပေ။


သူ့ ဂလင်းပြဿနာများကို ဖြေရှင်းရပေမည်။ သို့မဟုတ်ပါက ကုမိသားစုနှင့် ထိပ်တိုက်မတွေ့ရသေးခင်မှာပင် သူ အရင်သေဆုံးသွားနိုင်ပြီး ချူမိသားစုမှာလည်း သူတစ်ပါး ဝိုင်းအာဏာပြခြင်းကို ခံရမည့် အခြေအနေတွင် ရှိနေသည်။


"အချိန်တစ်ခု ရှာလိုက်၊ လူတွေကို ပန်းကွေ့ဗီလာကို ခေါ်ခဲ့လိုက် လက်ထပ်ပွဲကိုကြေညာလိုက်မယ်"


"ဒါပဲလား" ရွှီချန်ခယ်ကမူ သူဌေးရဲ့ လက်ထပ်ပွဲမှာ အလွန်တလောတကြီးနိုင်လွန်းသည်ဟု ထင်မိသည်။


"ဒါမှမဟုတ်ရင် ငါ့မိသားစုရဲ့ ဂုဏ်ဒြပ်ကိုမက်မောပြီး ငါ့ကို လက်ထပ်ဖို့ နည်းမျိုးစုံသုံးလာတဲ့လူကို ငါက သံယောဇဉ်တွေ ပြနေရမှာလား"


ချူမူချင်း၏မြေခွေးမျက်လုံးများထဲတွင် အေးစက်သော အရိပ်အယောင်များဖြတ်ပြေးသွားသည်။ မင်းက လက်ထပ်ချင်နေတယ် ဟုတ်လား။ မစ္စတာချူဆိုတဲ့ ရာထူးက တကယ်ပဲ အဲ့လောက်အထိ ရဖို့လွယ်နေမယ် ထင်နေတာလား ?


ရွှီချန်ခယ် သူ့နှုတ်ခမ်းကို တွန့်သွားကာ ပြန်ပြောချင်သော်လည်း မျိုသိပ်ထားလိုက်သည်။ သူဌေး တစ်စုံတစ်ယောက်ကို ချစ်မြတ်နိုးနေမည့်ပုံရိပ်ကို သူ မမျှော်လင့်ရဲချေ၊ အဲ့ဒီလို မြင်ကွင်းမျိုးက တွေးကြည့်ရုံနဲ့တင် ကြောက်စရာကောင်းနေပြီ လေ။