အခန်း (၃) - အထူးဝင်ခွင့်ရ သာမန်ကျောင်းသားတစ်ဦး
ရှန့်ယန်းသည် ထိုစကားကို ကြားသောအခါ နဥ်စုန့်အား တစ်ချက်လှမ်းကြည့်လိုက်၏။ သူ၏ ပိန်လှီသော ခန္ဓာကိုယ်လေးသည် ကျောပိုးအိတ်နှင့် ကတ်ထူဘူးကြားတွင် ညပ်နေပြီး ကြည့်ရသည်မှာ အားနည်းညှိုးငယ်နေပုံရသည်။
"သူက အောက်ဆိပ်ကမ်းက လာတာလို့ ငါကြားတယ်" လီချင်းယွမ်က ပြောလိုက်သည်။
သူတို့အားလုံး အောက်ဆိပ်ကမ်းအကြောင်း သိကြပါသည်။ သိသာသိကြသော်လည်း ဤသူဌေးသားလေးများသည် ထိုနေရာသို့ တစ်ခါမျှ မရောက်ဖူးကြပေ။ ယခု နဥ်စုန့်ကို မြင်လိုက်ရသောအခါမှသာ အောက်ဆိပ်ကမ်း၏ ဆင်းရဲမွဲတေမှုသည် ရုတ်တရက် လက်တွေ့ဆန်လာသကဲ့သို့ ဖြစ်သွားတော့သည်။ ဒါက...
"အောက်ဆိပ်ကမ်းက အဲ့ဒီလောက်တောင် ဆင်းရဲတာလားကွ!"
ဤမနက်ခင်းသည် နေရောင်ခြည် တောက်ပပြီး နွေဦးပန်းများ ဝေဆာနေသော သာယာသည့် နွေဦးမနက်ခင်းလေး တစ်ခုဖြစ်သည်။ သာမန်ဟု ထင်ရသော်လည်း ထူးခြားသောနေ့တစ်နေ့သာ။ ယခုချိန်၌ကား မကြာမီ အနာဂတ်တွင် ဤကောင်လေးသည် မြစ်ပြင်ထဲသို့ ပစ်ချလိုက်သော သာမန် ကျောက်ခဲလေးတစ်လုံးပမာ တစ်ကျောင်းလုံး၏ ငြိမ်းချမ်းမှုကို နှောင့်ယှက်လှုပ်ခတ်ပစ်လိမ့်မည်ဟု မည်သူကမျှ ထင်မှတ်မထားခဲ့ကြချေ။ ကျောက်ခဲလေး ရေအောက်သို့ မြုပ်သွားချိန်တွင် မည်သူမျှ ဂရုမစိုက်ခဲ့ကြသော်လည်း၊ အချိန်တန်သောအခါ ၎င်းသည် နှောင့်နှေးနေသော လှိုင်းလုံးတစ်ခုအသွင်ဖြင့် ရေနက်ထဲမှနေ၍ ရုန်းကန်ထကြွလာခဲ့လေတော့သည်။
ထိုအချိန်ရောက်လာသောအခါ တစ်ချိန်က အရောင်ကင်းမဲ့လုနီးပါး ပိန်လှီဖြူဖျော့ခဲ့သော နဥ်စုန့်သည် လုံးဝ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။
သူ၏ ဆံနွယ်များသည် ပင်လယ်ရေညှိများကဲ့သို့ နက်မှောင်နူးညံ့နေပြီး၊ မျက်ဝန်းထောင့်များသည် အပေါ်သို့ ကွေးညွတ်တက်နေကာ၊ ပယင်းရောင် မျက်လုံးအိမ်တို့သည် ဖြူစင်သော်လည်း ဆွဲဆောင်မှု ရှိနေလေသည်။ နှုတ်ခမ်းများသည် နှင်းဆီရည်ဖြင့် ဆိုးထားသကဲ့သို့ စိုရွှဲနီမြန်းနေ၏။ သူ၏ ခန္ဓာကိုယ်သည်ကား အချိုးအစားကျန ညီညာနေပြီး အသားအရေမှာ ချောမွတ်ဖြူဝင်းနေကာ၊ အနည်းငယ် ဆိတ်ဆွဲလိုက်ရုံဖြင့် သိသာထင်ရှားသော အနီရောင်အရာလေး ကျန်ရစ်မည့်ပုံ ပေါက်နေရော့၏။သူသည် နွေရာသီ နှင်းဆီပန်းများထက်ပင် ပိုမိုမွှေးပျံ့လှပပြီး အပြစ်တစ်ခု ဖြစ်လောက်သည်အထိ လှပလွန်းနေလေသည်။
သူသည် ဘုရားသခင်က သခင်လေးများအား ပေးသနားသော လက်ဆောင်မွန်တစ်ခု ဖြစ်သလို၊ ဆုလာဘ်တစ်ခု ဖြစ်သကဲ့သို့ ကျိန်စာတစ်ခုလည်း ဖြစ်နေပေတော့သည်။
အီစတန်ယောက်ျားလေးကျောင်းတွင် အဆောင်အဆောက်အအုံ စုစုပေါင်း လေးခု ရှိသည်။ အီစတန်ယောက်ျားလေးကျောင်း၏ အဆောင် အခြေအနေများသည် အီစတန်ပြည်နယ်တစ်ခုလုံးတွင် အကောင်းဆုံးများထဲ၌ ပါဝင်လေသည်။ ယောက်ျားလေးကျောင်း အများစုသည် "ဇိမ်ခံခြင်းက အကျင့်ပျက်စေပြီး ရိုးရှင်းခြင်းက ကိုယ်ကျင့်တရားကို မွေးမြူပေးသည်" ဟူသော မူဝါဒကို ကိုင်စွဲကြသဖြင့် ရိုးရှင်းခြိုးခြံကြသည်။ ဥပမာအားဖြင့် အခြားသော ဂုဏ်သတင်းကြီး ကျောင်းကြီးလေးကျောင်းထဲမှ တစ်ကျောင်းဖြစ်သည့် စိန့်ဂရေ့စ်ကျောင်းဆိုလျှင် အဆောင်များ၌ နှစ်ထပ်ကုတင်များသာ ထားရှိပြီး စစ်တပ်ပုံစံ တင်းကျပ်စွာ အုပ်ချုပ်လေသည်။
အီစတန်ယောက်ျားလေးကျောင်းရှိ အဆောင်များကိုမူ နာမည်ကတ်ပြား အရောင်ပေါ်မူတည်၍ ခွဲခြားထားပြီး၊ ထိုကတ်ပြားများကို စုစုပေါင်းရမှတ်ဖြင့် သတ်မှတ်သည်။ သို့သော် ဤစည်းကမ်းသည် သူဌေးကြီးများ၏ သားများနှင့် မသက်ဆိုင်ပေ။ သူတို့သည် လူတန်းစားအလွှာထဲတွင် အထက်တန်းအကျဆုံးများ ဖြစ်ကြသဖြင့် အကောင်းဆုံး အဆောင်များတွင်သာ နေထိုင်ကြသည်မှာ သဘာဝကျသည်သာ။
အဆောင်လေးခုအနက် ပထမဆောင်တွင် နေထိုင်သူ အနည်းဆုံးဖြစ်သည်။ ပထမဆောင်သည် ကြယ်ငါးပွင့်အဆင့်ရှိပြီး တင်းကျပ်သော လုံခြုံရေး၊ အဆောင်မှုးနှင့် သန့်ရှင်းရေးအမျိုးသမီးများပါ ထားရှိပေးထားသည်။ ထိုနေရာသည် လူတိုင်း သွားရောက်နေထိုင်ရန် ကြိုးပမ်းကြသည့် နေရာဖြစ်သည်။ လောလောဆယ်တွင် တစ်ဆောင်လုံး၌ လူ ၁၈ ယောက်သာ နေထိုင်သည်။ ပထမဆောင်တွင် အခန်းအရေအတွက် အကန့်အသတ်ရှိသဖြင့် နာမည်တံဆိပ် အဆင့်တစ်ခုစီရှိ လူအရေအတွက်ကို ကန့်သတ်ထားခြင်း ဖြစ်သည်။ တစ်တစ်ယောက်က အဆင့်တက်သွားလျှင် အခြားတစ်ယောက်က အဆင့်ဆင်းပေးရသဖြင့်၊ မတူညီသော အဆင့်များကြားမှ ပြိုင်ဆိုင်မှုသည် ပို၍ပင် ပြင်းထန်လေသည်။ ကျောင်းသည် ဤအချက်ကို အသုံးပြု၍ လူတိုင်းအား စာကြိုးစားကြစေရန်နှင့် ဘယ်တော့မှ ပေါ့ပေါ့ဆဆ မနေကြစေရန် တွန်းအားပေးခြင်း ဖြစ်သည်။
အခြေအနေ အဆိုးရွားဆုံးဖြစ်သော စတုတ္ထဆောင်တွင်မူ ဒုတိယမြောက် လူအနည်းဆုံး နေထိုင်ကြသည်။ ထိုအဆောင်တွင် လူ ၈၀ ကျော် ရှိသည်။
ကျောင်းသားအများစုကတော့ အလယ်အလတ်အဆင့်ဖြစ်သော ဒုတိယဆောင်နှင့် တတိယဆောင်များတွင် နေထိုင်ကြ၏။ ထိုအဆောင်များတွင် အိပ်ခန်းသုံးခန်းနှင့် ဧည့်ခန်းတစ်ခုပါဝင်သော တွဲဖက်အခန်းများ ရှိသည်။ လူတစ်ယောက်စီတွင် ကိုယ်ပိုင်အိပ်ခန်း ရှိကြသော်လည်း ဧည့်ခန်းကို မျှဝေသုံးစွဲရသဖြင့် သူတို့အားလုံးတွင် အခန်းဖော်များ ရှိကြလေသည်။
ဇာတ်ကောင်တစ်ယောက်က ဒုတိယဆောင်သို့ ပြောင်းရွှေ့သွားရာ လိုက်ပိုးသူများစွာက သူ့အခန်းဖော်ဖြစ်ခွင့်ရရန် လုပွဲနွှဲလုနီးပါး ဖြစ်ခဲ့ကြသည့်အကြောင်း သူ့သူငယ်ချင်း ပြောပြသည်ကို သူ ကြားဖူးခဲ့သည်။ ထိုလိုက်ပိုးသူများသည် ဥဒေါင်းများသဖွယ် ကြွကြွရွရွ လမ်းလျှောက်ပြကြသည်။ သူတို့၏ ပိုးပန်းရမှတ်များ တိုးလာစေရန် နည်းလမ်းမျိုးစုံ သုံးကြသည်။ အဆက်အသွယ်များကို အသုံးပြုကြသည်။ သူတို့ သဘောကျနေသူ ကျေနပ်စေရန် အစွမ်းကုန် ကြိုးစားကြရင်း အားပြိုင်မှုများပြည့်နှက်နေသည့် ပြင်းထန်သော ဇာတ်လမ်းတစ်ပုဒ်ကို ဖန်တီးခဲ့ကြသည်။ စိတ်လှုပ်ရှားစရာ အကောင်းဆုံးအချက်မှာ ဤအရာအားလုံးကို တိတ်တဆိတ် လုပ်ဆောင်ခဲ့ကြခြင်းပင်။ အလိုက်ခံရသူမှာ ဘာမှမသိလိုက်သဖြင့် ဤတိုက်ပွဲများသည် သွေးထွက်သံယို မရှိသော်လည်း လျှို့ဝှက်ဓားမြှောင်များဖြင့် ပြည့်နှက်နေကာ သူ့သူငယ်ချင်းမလေးကို ပွေးတစ်ကောင်လို အော်ဟစ်အားရစေခဲ့သည်။
ထိုစဉ်ကတော့ သူ့သူငယ်ချင်း ပြောပြသည်များကို သူ စိတ်မဝင်စားတစား နားထောင်ခဲ့သော်လည်း၊ ယခု သူကိုယ်တိုင် ထိုအခြေအနေထဲ ရောက်နေရပြီဖြစ်ရာ ဤဇာတ်လမ်းများထဲမှ ဇာတ်လိုက်များက ဘယ်သူတွေများ ဖြစ်မလဲဟု သူ တကယ်ကို သိချင်သွားမိသည်။
အဆောင်အဆောက်အအုံလေးခုသည် တစ်ခုနှင့်တစ်ခု အတော်လေး ဝေးကွာကြပြီး၊ အထူးသဖြင့် ပထမဆောင်သည် ပိုဝေးသည်။ ၎င်းသည် ပေါင်းကူးတံတားကို ကျော်လွန်၍ ဆရာများ၏ နေအိမ်ဝင်းထဲတွင် ရှိသည်။ ပင်လယ်နှင့် ကပ်လျက်ရှိပြီး ပြိုင်ဘက်ကင်းသော ပင်လယ်ရှုခင်းကို ပိုင်ဆိုင်ထားပေလိမ့်မည်။
သူ ပထမဆောင်ဘက်သို့ လှမ်းကြည့်လိုက်သည်။ အပြင်ဘက်တွင် မီးခိုးရင့်ရောင် ဂရင်းနိုက်ကျောက်များ ကပ်ထားပြီး၊ အနီ၊ အဖြူ၊ ရွှေရောင် ရိပ်သန်းနေသော နှင်းခဲမှန်ပြတင်းပေါက်များ တပ်ဆင်ထားသည်။ ဝါးတဲလ်ပန်းပွင့်ဖြူများ(Acacia linifolia)ကြားမှနေ၍ အဆောင်အဆောက်အအုံ ရှေ့ရှိ ရေပန်းကြီးကို သူ ဝေဝါးဝါး လှမ်းမြင်နေရသည်။
သူ ပထမဆောင်ကို ကြည့်နေသည်ကို မြင်သောအခါ ကျိုးလွီက အေးစက်စက်ဖြင့် ပြောလာသည်။ "စေတနာနဲ့ သတိပေးလိုက်မယ်... ရှောင်လွှဲလို့ရရင် အဲ့ဒီ ပေါင်းကူးတံတားကို မသွားတာ ကောင်းမယ်။ မင်းအတွက် ဘာအကျိုးမှ ရှိလာမှာ မဟုတ်ဘူး"
သူ နားလည်လိုက်ပါပြီ။
အကယ်၍ သူသာ သူတို့လို နာမည်တံဆိပ်အနက်ရောင် ပိုင်ဆိုင်ထားပါက ထိုနေရာမှ ကျောင်းသားများနှင့် ရောနှောဆက်ဆံရန် ကြိုးစားနိုင်ပေလိမ့်မည်။ သို့သော် သူ့လက်ရှိ အခြေအနေနှင့်ဆိုလျှင် ထိုထိပ်တန်း သူဌေးသားများကို သွားမစတာ အကောင်းဆုံးပင်။
သူနေထိုင်ရမည့် စတုတ္ထဆောင်သည် ဟောင်းနွမ်းပုံ ပေါက်နေသည်။ အုတ်နီခဲများဖြင့် တည်ဆောက်ထားပြီး နံရံများတွင် အစက်အပြောက်များ ထနေ၏။ မွှေးပျံ့သော ဝါးတဲလ်ပန်းများသည် အောက်ဘက်မှနေ၍ လေးထပ်မြောက်အထိပင် တွယ်တက်လုမတတ် ဖြစ်နေသည်။ အခြေအနေ အဆိုးရွားဆုံးနှင့် အနိမ့်ဆုံးအဆင့်ရှိ ဤအဆောင်မှ ကျောင်းသားများကို တိုးတက်လာအောင် တွန်းအားပေးလို၍များလား မသိ၊ သီးသန့်ရေချိုးခန်းများပင် ထည့်သွင်းမပေးထားချေ။
ကျိုးလွီက သူ့ကို အထဲသို့ခေါ်သွားသည်။ သူ့အခန်းက သေးငယ်ပြီး အနည်းငယ် ရှုပ်ပွနေသည်။
"ဒီမှာ လူမနေတာ ကြာပြီ။ အပေါ်ဆုံးထပ်မှာ သန့်ရှင်းရေးပစ္စည်းတွေထားတဲ့ ဂိုဒေါင်ခန်း ရှိတယ်။ မင်းဘာသာ သန့်ရှင်းရေး လုပ်လိုက်တော့။ ဒီမနက် မင်းအတွက် ဂီတချိန် တစ်ချိန်ပဲ ရှိတာဆိုတော့ အတန်းချိန်ရောက်မှ သွားတက်လိုက်ပေါ့"
"ကျေးဇူးတင်ပါတယ် စီနီယာ"
ထိုကောင်လေးက ခေါင်းညိတ်ပြသည်။ သူသည် သန့်ရှင်းမှုကို အလွန်အမင်း မြတ်နိုးသူ ဖြစ်ဟန်တူ၏။ တံခါးဝမှာသာ ရပ်နေပြီး အထဲသို့ ဝင်မလာပေ။ တံခါးဖွင့်လိုက်စဉ်က သူ့လက်အင်္ကျီစသည် ဖုန်မှုန့်အချို့နှင့် ပွတ်တိုက်မိသွားသဖြင့် လက်ကိုင်ပဝါဖြင့် အကြိမ်ကြိမ် သုတ်နေလေသည်။
ယောက်ျားလေးတစ်ယောက် လက်ကိုင်ပဝါ ဆောင်ထားသည်ကို နဥ်စုန့် ပထမဆုံးအကြိမ် မြင်ဖူးခြင်းပင် ဖြစ်သည်။
အနှီကောင်လေး၏ မောက်မာသော်လည်း သပ်ရပ်သော ပုံစံသည် ထည်ဝါလှပသော ဥဒေါင်းတစ်ကောင်နှင့် အလွန်တူသည်ဟု သူ တွေးလိုက်မိသည်။
ထိုဥဒေါင်းသည် မှာစရာရှိသည်များကို မှာကြားပြီး အမြန်ထွက်ခွာသွားလေသည်။ မကြာမီ အောက်ထပ်မှနေ၍ သူ၏ ဖုန်းပြောနေသံ ထွက်ပေါ်လာ၏။ "အားလုံးစီစဉ်ပြီးပါပြီ... အောက်ဆိပ်ကမ်းက အထူးဝင်ခွင့်ကျောင်းသားလေ၊ ဘာများ မကျေနပ်စရာ ရှိလို့လဲ။ ဥက္ကဋ္ဌ... မင်း ဘယ်တော့လောက် ပြန်လာမှာလဲ..."
နဥ်စုန့် မျက်လုံးလှိမ့်ပစ်လိုက်ပြီးနောက် ကျောပိုးအိတ်ကို ချကာ လေဝင်လေထွက်ကောင်းစေရန် ပြတင်းပေါက် ဖွင့်လိုက်သည်။ စားပွဲနှင့် ကုတင်ပေါ်တွင် တင်ထားသော သတင်းစာများကို စုစည်းပြီးနောက် အပေါ်ဆုံးထပ်ရှိ ဂိုဒေါင်ခန်းဆီသို့ ထွက်လာခဲ့လေသည်။
စာသင်ချိန်ဖြစ်သောကြောင့် အဆောင်တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်နေသည်။ သူ အပေါ်ဆုံးထပ်သို့ တက်လာရာ ထပ်ခိုးပုံစံ အခန်းငယ်လေးတစ်ခန်းကို တွေ့လိုက်ရ၏။ အခန်းအပြင်ဘက်တွင် စွန့်ပစ်ထားသော စားပွဲနှင့် ခုံတန်းရှည်များ ပုံထားပြီး၊ ထိုအပေါ်တွင် ကြောင်တစ်ကောင် အိပ်စက်နေလေသည်။
ထိုအချိန်တွင် တိုးညင်းသော အသံတစ်သံကို သူ ကြားလိုက်ရသည်။
ပထမတော့ ထိုနေရာ၌ လဲလျောင်းနေသော ကြောင်ဖြူလေး အော်မြည်နေသည်ဟု သူ ထင်မှတ်လိုက်မိ၏။ ကြောင်လေးသည် နွေဦးနေရောင်ခြည်အောက်တွင် လဲလျောင်းနေပြီး၊ ပြတင်းပေါက်မှ တိုက်ခတ်လာသောလေတွင် သင်းပျံ့ပျံ့ ချိုမြမြ ရနံ့လေး ပါလာရာ သက်ရှိသက်မဲ့ အရာအားလုံး ပြန်လည်နိုးထပွင့်လန်းလာတော့မည့် အငွေ့အသက်ကို ပေးစွမ်းနေသည်။
အီစတန်ပြည်နယ်သို့ နွေဦးရာသီ စောစီးစွာ ရောက်ရှိလာခဲ့လေပြီ။
သို့သော် ဂိုဒေါင်ခန်း တံခါးဝသို့ ရောက်သောအခါ အော်မြည်နေသည်မှာ ကြောင်လေးတစ်ကောင်တည်း မဟုတ်ကြောင်း သူ သိလိုက်ရလေသည်။
ကြောင်လေး၏ ချိုသာသော အော်မြည်သံနောက်ကွယ်တွင် လူငယ်လေးတစ်ယောက်၏ အသံကို ကြားနေရ၏။ ထိုအသံသည် နုနယ်သာယာပြီး နွေဦးပန်းပွင့်များအပေါ် ဖြတ်သန်းတိုက်ခတ်သွားသော လေညှင်းကဲ့သို့ပင် တုန်ရီနေသော ချိုမြမှုမျိုး ပါရှိနေပေသည်။
သူသည် တစ်ဝက်ဟနေသော တံခါးကြားမှတစ်ဆင့် ချောင်းကြည့်လိုက်ရာ ဟိုတစ်စ ဒီတစ်စ ပြန့်ကျဲနေသော ဝိုင်ပုလင်းများနှင့် ဆေးလိပ်ငွေ့များကြားတွင် ဒူးထောက်နေသော ကောင်လေးတစ်ယောက်ကို တွေ့လိုက်ရလေသည်။
သေသပ်စွာ ချုပ်လုပ်ထားသော ကျောင်းဘောင်းဘီရှည်သည် အချိုးအစားကျနသော တင်ပါးကို ဖုံးအုပ်ထားပြီး၊ အထက်သို့ ကွေးညွတ်တက်သွားကာ လှပသော ခါးလိုင်းလေးအဖြစ် ပေါ်လွင်နေတော့သည်။ သူသည် လည်တိုင်ကို မော့ထားပြီး ဝိုင်ပုလင်းကို မော့သောက်နေ၏။
အပြင်မှ ခြေသံကြားလိုက်ရ၍ထင်သည်၊ သူ လှည့်ကြည့်လာ၏။ မျက်ဝန်းများမှာ နီရဲနေပြီး တစ်ဝက်စားထားသော စတော်ဘယ်ရီ သကြားလုံးလေးကို ပါးစပ်ထဲမှ ထုတ်ပြထားသကဲ့သို့ တောက်ပသော အနီရောင် လျှာလေးကို ထုတ်ပြထားလေသည်။
"ဘာကြည့်တာလဲ"
တစ်ယောက်ယောက်က ထိုကောင်လေး၏ ပါးကို ရိုက်ချလိုက်၏။ "ဒီလိုအာရုံလွင့်နေပုံနဲ့ ယိုကောသဘောကျအောင် လုပ်ပေးချင်သေးတယ် လား"
ချက်ချင်းပင် ယုတ်မာကောက်ကျစ်သော ရယ်မောသံများ ထွက်ပေါ်လာသည်။
ထို့နောက် တစ်ယောက်ယောက်က ဂိုဒေါင်ခန်း တံခါးကို တွန်းဖွင့်လိုက်သည်။ ဆေးလိပ်ငွေ့များ ဖုံးလွှမ်းနေသော အခန်းထဲတွင် အရိပ်ထဲ၌ အစာချောင်းနေသော ဟိုင်အီးနားအကောင်များသဖွယ် စောင့်ဆိုင်းနေကြသည့် ကောင်လေးအများအပြားကို နဥ်စုန့် တွေ့လိုက်ရလေသည်။
သူ ကြောက်လန့်တကြားဖြင့် ချက်ချင်း လှည့်ထွက်လိုက်မိသည်။
ပြင်ပနှင့် အဆက်အသွယ်ဖြတ်ထားသော ဤယောက်ျားလေးကျောင်းတွင် မိမိတို့၏ ဟော်မုန်းများကို မည်သို့ထိန်းချုပ်ရမည်မသိသော သူဌေးသား သခင်လေးတစ်သိုက် ရှိနေကြသလို၊ တင်းကျပ်ပြီး ဖိနှိပ်ချုပ်ချယ်သော အဆင့်အတန်း ခွဲခြားမှုများလည်း ရှိနေပေသည်။
ဤအခြေအနေများက ဂနာမငြိမ်ဖြစ်စေပြီး ဖိစီးမှုများသော လေထုတစ်ရပ်ကို မွေးမြူပေးထားသကဲ့သို့ ဖြစ်နေသည်။ စနစ်ကျပြီး ခမ်းနားထည်ဝါသော ဤကျောင်းဝင်းကြီးသည် အရူးတစ်သိုက်ကို ဝှက်ထားပေးထားသလိုပင်။
ဒီနေ့ ကောင်လေးတစ်ယောက်က နောက်တစ်ယောက်ကို နံရံမှာ ကပ်ဖိထားမယ်။ မနက်ဖြန်ကျရင် နောက်တစ်ယောက်က တခြားတစ်ယောက်ကို အတင်းအဓမ္မ နမ်းမယ်။
သနားစရာ ကောင်လေးတစ်ယောက်ကတော့ ယုတ်မာတဲ့ သခင်လေးတွေရဲ့ ကစားစရာ ဖြစ်သွားမယ်၊ နောက်ထပ် လှပတဲ့ 'shou'လေးတစ်ယောက်ကတော့ အလိုက်ခံရမယ်။ 'gong'တစ်ယောက်က သည်းခံခွင့်လွှတ်တတ်ပေမယ့် နောက်တစ်ယောက်ကတော့ တဏှာစိတ်ရှိနေတတ်တယ်။
စာတော်တဲ့ ကျောင်းသားတစ်ယောက်က အင်္ကျီချွတ်လိုက်ရင် ကြွက်သားအမြှောင်းမြှောင်းနဲ့ ဖြစ်နေတတ်ပြီး၊ လူရှုပ်လူပွေကောင်လေးတစ်ယောက်ကတော့ တကယ်တမ်းမှာ လူပျိုစစ်စစ် ဖြစ်နေတတ်ပြန်တယ်။
ဒီနေ့ စာကြည့်တိုက်မှာ စာရွက်ပိုင်းလေးတစ်ရွက် တွေ့ခဲ့ရတယ်။ "မြန်မြန်လာကြည့်ကြ... မနက်ဖြန် ယောက်ျားလေးအဆောင်မှာ ရှက်စရာကောင်းတဲ့ ပြပွဲတစ်ခု ရှိမယ်တဲ့။ ဟိုကောင်လေး မျက်လုံးတွေ ဝေဝါးသွားတဲ့အထိ သူတို့ လုပ်ကြမှာတဲ့ဟေ့... မြန်မြန်လာခဲ့ကြနော်"တဲ့…
နေ့တိုင်းလိုလို သူ့သူငယ်ချင်းမလေးက ဂိမ်းဆော့နေတဲ့ သူ့ကို အတင်းဆွဲထုတ်ပြီး ဒါတွေပြောပြရင်း အော်ဟစ်နေတတ်တယ်။
ကံဆိုးစွာနဲ့ပဲ သူက ယောက်ျားချင်း ချစ်ကြိုက်တာကို စိုးစဉ်းမျှ စိတ်မဝင်စားခဲ့ဘူး။
သူငယ်ချင်းမလေးအပေါ် အရမ်း ပေါ့ပေါ့တန်တန် ဆက်ဆံခဲ့မိတာက အပြစ်တစ်ခု ဖြစ်သွားလို့များလား... အိပ်ရာနိုးလာတော့ သူ ဒီလို အန္တရာယ်များတဲ့ ဝတ္ထုကမ္ဘာကြီးထဲ ရောက်နေရတော့တာပါပဲ။
နဥ်စုန့် တိုက်ပေါ်ကနေသာ ခုန်ချချင်စိတ် ပေါက်သွားတော့၏။
သူ အမြန် အောက်ထပ်သို့ဆင်းကာ အခန်းထဲသို့ ပြန်ဝင်လိုက်သည်။ ခဏအကြာတွင် လူအများအပြား ဆင်းလာသကဲ့သို့သော ခြေသံများကို အပေါ်ထပ်မှ သဲ့သဲ့ကြားလိုက်ရလေသည်။
ခြေသံများ တိတ်ဆိတ်သွားသောအခါ သူ အခန်းထဲမှထွက်ပြီး အပေါ်ထပ်သို့ ပြန်တက်လာခဲ့သည်။ သို့သော် ထောင့်ချိုးတစ်ခုကို ကွေ့ပြီး စင်္ကြံလမ်းထဲသို့ ဝင်လိုက်သည်နှင့် ကောင်လေးအချို့နှင့် ဝင်တိုက်မိလေသည်။
ခေါင်းဆောင်ဖြစ်ပုံရသော အရပ်ရှည်ရှည် ကောင်လေးသည် ဤတိုက်မိမှုကို အခွင့်ကောင်းယူကာ သူ့ကော်လာကို ဖမ်းဆွဲပြီး ငှက်ပေါက်စလေးတစ်ကောင်ကို မလိုက်သကဲ့သို့ မြှောက်တင်လိုက်လေသည်။
အရပ်အမောင်း ကွာခြားချက်ကြောင့် နဥ်စုန့် ထိန်းချုပ်မရအောင် ကြောက်ရွံ့သွားမိသည်။ သူ့ကော်လာကို ဆုပ်ကိုင်ထားသော လက်မောင်းပေါ်ရှိ အပြာရောင် တက်တူးသည် သွေးကြောများတစ်လျှောက် အားကောင်းမောင်းသန် နွယ်ပင်ကြီးတစ်ခုသဖွယ် ရှည်ထွက်နေပြီး၊ အင်္ကျီလက်ထဲမှနေ၍ လည်ပင်းဘေးဘက်သို့ ပျံ့နှံ့နေလေသည်။
လီယို သူ့အား ငုံ့ကြည့်လိုက်၏။ မေးရိုးများက ထင်းနေပြီး စိုစွတ်သော နှုတ်ခမ်းပေါ်တွင် ကစားလိုသော အပြုံးတစ်ခုကို ဆင်မြန်းလျက် ပေါ့ပါးသော လေသံဖြင့် ပြောလိုက်လေသည်...
"မိပြီ"
***
စာရေးသူမှာ ပြောစရာရှိပါတယ်။
Extra:
လီယိုသည် လက်ဝှေ့လက်အိတ်များကို ချွတ်လိုက်ပြီး နဥ်စုန့်၏ ဖိနပ်ကြိုးကို ချည်ပေးရန် ထိုင်ချလိုက်သည်။ သူ့လက်ပေါ်ရှိ အပြာရောင် တက်တူးနှင့် ဟောင်းနွမ်းနေသော စနီကာဖိနပ်ဖြူတို့မှာ ဆန့်ကျင်ဘက် ဖြစ်နေလေသည်။
ကောကောပြည်ကြီးငါး - "ငါက ပလေးဘွိုင်းဆိုပေမယ့် တကယ်တမ်းကျ လူပျိုစစ်စစ်လေးပါကွ"
***
[Cela ၏ မှတ်စု]
လီယိုရဲ့ နာမည်က 李猷 ဖြစ်ပါတယ်။ "ဇီးသီး" နဲ့ "အကြံအစည်" ဆိုတဲ့ စာလုံးတွေ ပေါင်းစပ်ထားတာပါ။ သူ့နာမည်ပြောင်က ကောကောပြည်ကြီးငါး (ယိုယွီကော) ပါတဲ့။ ဘာလို့လဲဆိုတော့ ပြည်ကြီးငါး (Squid - 鱿鱼) မှာပါတဲ့ 'yóu' အသံထွက်က သူ့နာမည်က 'Yóu' နဲ့ အသံထွက်ချင်း တူနေလို့ပါ။
[BML- Squid-Ge ကို စာချောအောင် ကောကောပြည်ကြီးငါးလို့ပဲ သုံးလိုက်ပါတယ်]