Ch 8
Viewers 2k

💊 Chapter 8

သတ္တိအပြည့်ဖြင့် ဖွင့်ဟဝန်ခံခြင်း



ရုံးဖွင့်ရက်ဖြစ်သော်လည်း စန်းဝမ်ခန်းမမှာ ယောက်ျား၊မိန်းမ၊ လူကြီး လူငယ်၊ အရွယ်သုံးပါးမရွေး လူနာများဖြင့်ပြည့်နေသည်။ 


ပိုင်မူနင် ပန်းစည်းကိုင်ကာ ဝင်သွားခိုက်၌ မျက်လုံးများစွာက သူ့ထံရောက်လာ၏။ သူက ချက်ချင်းဆိုသလို အာရုံစိုက်ရာဗဟိုချက် ဖြစ်သွားတော့သည်။


အားလုံးက ဆေးခန်းကို ကျေးဇူးတင်စိတ်ဦးထိပ်တင်လျက် လာကြခြင်းဖြစ်ကာ သူတစ်ဦးထဲကသာ ပန်းစည်းကိုင်လျက် ရောက်သွားသည့်အခါ မတူကွဲပြားကာ ထင်ထင်ရှားရှားကြီးဖြစ်နေခဲ့သည်။


နှင်းဆီအားလုံးက စွင့်စွင့်ကားကားပွင့်လန်းနေပြီဖြစ်ကာ တစ်ပွင့်ချင်းစီက အလှဆုံးသောအခြေအနေတွင်ရောက်နေသည်။ ထိုအခိုက်အတန့်တွင်ရောက်ရှိနေသော ပိုင်မူနင်ကဲ့သို့ပင်။


ယနေ့တာဝန်ကျသည့် ဧည့်ကြိုကောင်တာမှူးမှာ ယခင်ကအမျိုးသမီးငယ်လေးဖြစ်သည့် ကျွမ်းယွိမြန်ပင်။ ပိုင်မူနင်က သူမနှင့် ဂိမ်းအနည်းငယ် ကစားခဲ့ဖူးရာ သူတို့နှစ်ယောက်က အွန်လိုင်းဂိမ်းတစ်ခုတွင် အသင်းဖော်များ ဖြစ်နေကြလေပြီ။


သူမက ပိုင်မူနင် ဝင်လာသည်ကိုမြင်ရသည်နှင့် ချက်ချင်းပင် နှုတ်ဆက်ကာ မေးလိုက်သည်။

“အိုး... ဘုရားရေ... မင်း ဒီနေ့ ဘာဖြစ်လာတာလဲ”  


ပိုင်မူနင်က ပြောလိုက်သည်။

“မြန်ကျဲ... ကျွန်တော့်ကို ဒေါက်တာဝမ်ဆီမှာ နံပါတ်စာရင်းသွင်းပေးပါဦး... ကျွန်တော် သူ့ကို လာတွေ့တာ” 


ကျွမ်းယွိမြန်က အံ့အားသင့်မှုနှင့်အတူ ပြောစရာစကားမဲ့သွားရခဲ့ရသော်ငြား သူမက ရှေ့သို့ကိုယ်ကိုကိုင်းကာ တိုးတိုးလေးသတိပေးလာသည်။

“ငါ့ကို မင်း ဒေါက်တာဝမ်ကို ဖွင့်ပြောမယ်လို့တော့ မပြောနဲ့နော် အစီအစဥ်ရှိရင် လက်လျှော့လိုက်ဖို့ပဲ ကျဲကအကြံပေးလိုက်မယ်...”


ပိုင်မူနင်မှာ အရှက်ရှိသူမဟုတ်ပေ။ သူက ဝမ်ကျင်းကိုနောက်မဆုတ်စတမ်း ဆွဲဆောင်ဖို့ရာ ဆုံးဖြတ်ပြီးဖြစ်၍ ယင်းအား လျှို့ဝှက်ချက်အဖြစ်ထားပြီး ဖုံးကွယ်လုပ်ဆောင်တော့မည်မဟုတ်ပေ။ 


မဟာမိတ်ဖွဲ့ခြင်းက ကောင်း၏။ ဖွင့်ဟဝန်ခံမှုတစ်ခု ချောချောမွေ့မွေ့ဖြစ်ရန် မှန်ကန်သည့်လေထုကို လိုအပ်သောကြောင့် သူ့အနေဖြင့် ကူညီမြှင့်တင်ပေးမည့်သူတစ်ယောက်ကို လိုအပ်နေသည်။


သို့သော် ကျွမ်းယွိမြန်၏ အမူအရာက ပုံမှန်မဟုတ်ချေ။ သူမက သူ့အတွက် စိတ်ရင်းမှန်ဖြင့် စိုးရိမ်နေဟန်ပေါ်သည်။


“ဘာလို့လဲ... ဒေါက်တာဝမ်မှာ ကောင်လေးရှိလို့လား”

ဝမ်ကျင်း၏လိင်စိတ်ခံယူမှုက လျှို့ဝှက်ချက်မဟုတ်ပေ။ စန်းဝမ်ဆေးခန်းမှ လူတိုင်းက ၎င်းကို သိရှိကြသည်။


ငါ သိသလောက်တော့ ဝမ်ကျင်းနဲ့ သူဌေးရဲ့ရည်းစားက လမ်းခွဲထားပြီးသားပါ... ဝမ်ကျင်းကပဲ သူ့ကို လိုက်ပြီး နှောင့်ယှက်နေတာပါ...


သူတို့နှစ်ယောက်ကြားမှာ ခံစားချက်တွေ ရှိနေသေးတယ်ဆိုရင်တောင်မှ နောက်ဆုံးမှာတော့ သူဌေးက ခွင့်လွှတ်ဖို့ ရွေးချယ်လိုက်တာပဲနေမယ်…


“အရင်ကတော့ ရှိဖူးတယ်... အခုတော့ မရှိတော့ဘူး... တကယ်တော့ အဲဒါကို ရည်းစားလို့တောင် သတ်မှတ်လို့မရပါဘူး” 

ကျွမ်းယွိမြန်က ပြောလိုက်သည်။ 

“ဒါပေမဲ့ အဲဒါက အဓိကမဟုတ်ဘူး... အဓိက,က  ဒေါက်တာဝမ်က ဖွင့်ပြောတာကို လက်မခံတာပဲ... သူ့ရဲ့ပါးစပ်က အဆိပ်ပြင်းတယ်... ငါက မင်း ဒါကို ခံနိုင်ရည်မရှိလောက်ဘူးလို့ ထင်တယ်...”


“ပြောရမယ်ဆိုရင် နှစ်ပေါင်းများစွာအတွင်းမှာ သူ့ကို ဖွင့်ပြောဖို့ ကြိုးစားခဲ့ကြတဲ့သူတွေ အများကြီးပဲ...သူတို့အများစုက မျက်ရည်တွေနဲ့ ထွက်သွားခဲ့ကြတာ... ဒီမြင်ကွင်းကိုပဲ စဉ်းစားကြည့်”


“အဲ့ဒီလောက်တောင် ကြောက်စရာကောင်းလို့လား”

 

ပိုင်မူနင်က စိတ်ရှုပ်ထွေးနေသည့်မျက်နှာဖြင့် မေးလိုက်ပြီး အငြင်းခံရခြင်းကို ခံနိုင်ရည်ရှိမရှိကို စိတ်ထဲမှ တွက်ချက်နေလိုက်၏။ ရိုးရိုးသားသားပြောရလျှင် ထိုမျှလောက်ဆိုးရွားမည်ဟု သူ မထင်ပေ။


ကျွမ်းယွိမြန်က အနီးအနားတွင် အခြားလူမရှိကြောင်း သေချာစေရန် ပတ်ပတ်လည်ကို လှမ်းကြည့်လိုက်ပြီးနောက် ပိုင်မူနင်ကို ဘေးသို့ဆွဲခေါ်ကာ တိုးတိုးလေး ကပ်ပြောလိုက်သည်။ 


"ဒေါက်တာချန်က ဒေါက်တာဝမ်အကြောင်း ဘယ်လိုပြောဖူးလဲသိလား... သူ ပြောတာက 'သူက တည်တည်ကြည်ကြည်နဲ့ ယဉ်ကျေးသိမ်မွေ့တဲ့ပုံပေါက်ပြီး ငြိမ်နေရင် ကျောက်စိမ်းနဲ့ထုထားတဲ့ လူကြီးလူကောင်းတစ်ယောက်လိုပေမဲ့ သူ့ပါးစပ်ဟလိုက်တာနဲ့ အရမ်းကိုအဆိပ်ပြင်းလွန်းလို့ သူ့ဆီက ဆေးသောက်ရမယ့်အစား ဝူတာ့လန်အတွက်လုပ်ထားတဲ့ ဆေးကိုပဲ ကိုယ့်ဟာကိုယ် သောက်လိုက်ချင်တယ်' တဲ့”

[T/N - ဝူတာ့လန်အကြောင်းရှာကြည့်တော့ ရွှေပန်းအိုးထဲက ဆီးသီးပန်းဆိုတဲ့ ဝတ္ထုထဲက ဇာတ်ကောင်လို့ပဲထွက်လာတယ်]


သူမက ထပ်ပြောလိုက်သည်။

“ဒီစကားက ဘယ်လောက်တောင် ဝန်လေးစရာလဲဆိုတာ မင်းပဲ တွေးကြည့်တော့...ရှောင်နင် ငါပြောမယ်... သူ ပြောတာက တကယ်ကို မှန်တယ်နော်"


"သတိပေးလို့ ကျေးဇူးပါပဲ... မြန်ကျဲ... ဒါပေမဲ့ ကျွန်တော် အဆင်ပြေမှာပါ"


ပိုင်မူနင်မှာ အခြားသူများနှင့် မတူချေ။ အခြားသူများက ဝမ်ကျင်း၏ မျက်နှာကြောင့်သာ ဆွဲဆောင်ခံရခြင်း ဖြစ်ကောင်းဖြစ်နိုင်သော်လည်း သူ သဘောကျသည်မှာမူ ထိုသူ၏စိတ်နေစိတ်ထားပင်။


ဝမ်ကျင်း အခြားသူတစ်ဦးအပေါ် စိတ်ဝင်စားသွားအောင်လုပ်နိုင်မှသာ ပိုင်မူနင်၏တာဝန် ပြီးမြောက်လိမ့်မည် ။ ထို့ကြောင့် ဝမ်ကျင်းသူ့အား မည်သို့မည်ပုံငြင်းပယ်ပါစေ၊ ရိုက်နှက်၍လာလျှင်ပင် သူ့အနေဖြင့် လက်လျှော့နိုင်မည် မဟုတ်ပေ။


ထို့ပြင် ဝမ်ကျင်းမှာ အကြမ်းဖက်တတ်သည့်လူစားမျိုးလည်း မဟုတ်ပေ။ အဆိုးဆုံးမှာ စကားလုံးများဖြင့် နာကျင်အောင်လုပ်နိုင်သော်လည်း ပိုင်မူနင်ကမူ ၎င်းကို ခံနိုင်ရည်ရှိ၏။


ပိုင်မူနင်က စိတ်ဆုံးဖြတ်ချက် ခိုင်မာနေသည့်အသံဖြင့် ပြောလိုက်သည် ။

"ကြိုးစားရင် နောင်တရစရာ ဘာမှမရှိဘူး... ကျွန်တော်ကတော့ ဘဝမှာ နောင်တတွေမချန်ခဲ့ချင်လို့ ဖွင့်ပြောမှာပဲ..."


သူ့ကို စကားဖြင့် တားဆီး၍မရနိုင်တော့ကြောင်း သိလိုက်ရသည်နှင့် ကျွမ်းယွိမြန်က ဆက်လက်စည်းရုံးခြင်းကို လက်လျှော့လိုက်သည်။ သူမက သူ့ကို ဝမ်ကျင်းထံဆေးကုသနိုင်ရန် နံပါတ်စဥ်ပေးလိုက်ပြီး လက်မထောင်ပြ၍ ပြောလာသည်။

 "မင်းက တကယ်ကို ရဲရင့်တာပဲ... ရှောင်နင် ကံကောင်းပါစေ..."


သူ့အလှည့်ကျသည်ကို စောင့်နေရင်း ပိုင်မူနင်မှာ ပျင်းရိလာကာ ပတ်ပတ်လည်ကို လှည့်ပတ်လျက်ကြည့်တော့သည်။


စန်းဝမ်ဆေးခန်းမှာ တရုတ်ပြည်တွင်းရိုးရာဒီဇိုင်းကို အသုံးပြုထားသည်။ ခိုင်မာတောင့်တင်းသည့်သစ်သားများကို များစွာအသုံးပြုထားပြီး စောင့်ဆိုင်းခုံတန်းရှည်များပင်လျှင် သစ်သားများဖြင့် ပြုလုပ်ထားသည်။ ရှေးခေတ်ဆေးခန်းတစ်ခုထဲသို့ ဝင်ရောက်သွားသကဲ့သို့ ခေတ်မီပြီး ကျက်သရေရှိလှသည်။


နေရာနှင့်မလိုက်ဖက်သလို ခံစားရသော တစ်ခုတည်းသောအရာမှာ ဧည့်ကြိုကောင်တာ၏နောက်တွင် တစ်နည်းနည်းဖြင့် ရောက်ရှိနေသည့် ဧရာမငါးကန်ကြီးပင် ဖြစ်သည်။


အတွင်း၌ တော်ဝင်ဆန်သော ရွှေရောင်အာရိုဝါနာငါး[နဂါးငါး]တစ်ကောင်က ရေထဲတွင် ကျက်သရေရှိစွာ လှုပ်ရှားကူးခတ်နေသည်။ ၎င်း၏တည်ရှိမှုကပင် စျေးကြီးပုံရသည်။


(T/N - Arowana ငါးတွေက ရှားပါးပြီး စျေးကြီးသလို ကံကောင်းစေတယ်လို့ ယူဆပြီးမွေးကြတဲ့ အလှမွေးငါးတစ်မျိုးပါ။)


ပိုင်မူနင်က ရေသတ္တဝါမွေးမြူရေးကို လေ့လာခဲ့ဖူးသဖြင့် အလှမွေးငါးများအကြောင်းကို အနည်းငယ် သိထားသည်။ ထိုငါးက အနည်းဆုံး သိန်းဂဏန်းအနည်းငယ်ခန့် တန်ပေလိမ့်မည်။


ယခုခေတ်တွင် ဆေးခန်းဖွင့်ခြင်းက အမြတ်အစွန်းများသည့် လုပ်ငန်းတစ်ခုဖြစ်နေဆဲ ဖြစ်ပုံရ၏။


တစ်နာရီကျော်ကြာပြီးနောက် မွန်းတည့်ချိန်နီးမှ နောက်ဆုံးတွင်  ပိုင်မူနင်၏ နံပါတ်ကို ခေါ်လာ၏။ သူ ထရပ်၍ ဒေါက်တာဝမ်၏အခန်းသို့ ဦးတည်သွားလိုက်သည်။


တံခါးမှာ အနည်းငယ်ဟနေသော်လည်း ပိုင်မူနင်ကမူ ယဉ်ကျေးစွာသာ ခေါက်လိုက်သည်။

"ဝင်လာပါ"


ပိုင်မူနင် အတွင်းသို့ ဝင်သွားလိုက်သည်။ ဝမ်ကျင်းက သူ့ကို မော့ကြည့်လိုက်ပြီး ခေါင်းကိုက်သွားသည့်အလား ချက်ချင်းမျက်မှောင်ကြုတ်လိုက်သည်။


သူ၏မျက်နှာပေါ်မှ အေးစက်စက် အကြည့်က "မင်း ဒီတစ်ခါရော ဘယ်လိုအဓိပ္ပါယ်မရှိတဲ့ ကိစ္စတွေ လုပ်နေပြန်တာလဲ" ဟု ပြောနေသကဲ့သို့ပင်။


ပိုင်မူနင်က ဝမ်ကျင်း၏ မျက်နှာပေါ်မှ အကြည့်ကို အလိုအလျောက် လျစ်လျူရှုလိုက်သည်။ သူက အခြားသူများ၏အကြောင်းကို ဂရုမစိုက်ဘဲ လျှောက်သွားကာ ပြောလိုက်၏။

 "ဒေါက်တာဝမ်... ကျွန်တော့်ရဲ့ အဖျားကို ကုပေးလို့ ကျေးဇူးတင်ပါတယ်... ဒီပန်းတွေက ခင်ဗျားအတွက် ပါ..."


ဝမ်ကျင်းက လက်ပိုက်ထားပြီး ပန်းစည်းကို မယူလိုက်ချေ။ သူ၏ဖီးနစ်မျက်လုံးများက ပိုင်မူနင်ကို စေ့စေ့စပ်စပ်ကြည့်နေပြီး  သတိပေးလိုက်သည်။

“ဒီပန်းတွေက မိန်းကလေးတွေနဲ့ ပိုလိုက်တာ” 


ပိုင်မူနင်က မကျေမနပ်လေသံဖြင့် ဆိုသည်။

"ဘယ်သူက မိန်းကလေးတွေပဲ နှင်းဆီပန်းလက်ခံလို့ရတယ်လို့ ပြောတာလဲ...ယောက်ျားလေးတွေလည်း ရတာပဲလေ အာ..."


"ကျွန်တော် ခင်ဗျားကို ပေးနေတဲ့ဟာကို..." 

ပိုင်မူနင်က ပန်းစည်းကို ထပ်မံ ပေးလိုက်သည်။


ဝမ်ကျင်း၏ လေသံမှာ အနည်းမျှ ပို၍အေးစက်လာသည်။ 

"နှင်းဆီရဲ့ အဓိပ္ပါယ်ကို မင်းသိရဲ့လား..."


"သိပါတယ်" 

ပိုင်မူနင်က သံပူတုန်းအခိုက် ချက်ချင်းထုလိုက်သည်။

"ဒေါက်တာဝမ်... ကျွန်တော် ခင်ဗျားကို ကြိုက်တယ်..."


ပိုင်မူနင်မှာ မျက်နှာအရေထူသူဖြစ်ကာ မျက်နှာပူတတ်သူမဟုတ်ချေ။ လိမ်ညာရာတွင်လည်း မျက်နှာမနီသွားသလို တွန့်ဆုတ်မနေပေ။ သူက ထိုသို့ ချောမွေ့စွာ ပြောလိုက်ရာ သဘာဝဆန်လှသည်။


ဝမ်ကျင်းက ဘာမှပြန်မပြောဘဲ သူ့ကို ကြည့်နေသည်။ ဖွင့်ဟဝန်ခံခြင်း ခံရသောသူက သူကိုယ်တိုင်မဟုတ်ဘဲ ဘေးလူတစ်ယောက် ဖြစ်နေသကဲ့သို့ပင်။ သူက စိတ်ဝင်စားမှုမရှိသော ဘေးလူတစ်ယောက်နှင့် ပို၍တူနေသည်။


ဝမ်ကျင်း မည်မျှအေးစက်နေသည်ကို ကြည့်ကာ ပိုင်မူနင်က ပို၍တွန်းအားပေးလိုက်သည်။ 

“ကျွန်တော် ဒီနေ့ ဒီကို ဖွင့်ပြောဖို့ လာခဲ့တာ... ဒေါက်တာဝမ်...ကျွန်တော် ခင်ဗျားကို အရမ်း အရမ်းကြီး တကယ်ကို ကြိုက်တယ်...”


"ခင်ဗျား ကျွန်တော့်ကောင်လေး ဖြစ်ပေးနိုင်မလား..."


လူအများစုမှာ ဖွင့်ပြောခံရလျှင် အနည်းဆုံး အံ့သြခြင်း သို့မဟုတ် ရှုပ်ထွေးသွားခြင်းမျိုး ဖြစ်ပေလိမ့်မည်။ သို့သော်လည်း ဝမ်ကျင်းကမူ သူ့မျက်နှာအမူအရာကို လုံးဝမပြောင်းလဲခဲ့ချေ။


သူက ပန်းများကို လက်မခံသေးသလို ဖွင့်ဟဝန်ခံခြင်းအပေါ် မည်သည့်တုံ့ပြန်မှုမှ မပြခဲ့ပေ။ လေငြိမ်နေသော အေးစက်စက်ရေကန်ကဲ့သို့ သူက လုံးဝငြိမ်သက်နေသည်။

"ကိုယ့်ကို ဘာကြိုက်တာလဲ" 


ဖြူဖျော့ကာ သွယ်လျလှပသော လက်ချောင်းများဖြင့် သူက ပန်းစည်းထဲမှ ကတ်ပြားလေးကို ဆွဲထုတ်လိုက်သည်။ ထို့နောက် ချက်ချင်းဆိုသလို သူ၏နှုတ်ခမ်းထောင့်များ မြှင့်တက်သွားပြီး ပြုံးလိုက်သည်။


သူ ဘာကို ပြုံးနေတာလဲ...


ပိုင်မူနင် လန့်သွားသည်။ ပန်းစည်းကို ဈေးပေါပေါဖြင့် ရ၍ ပျော်ရွှင်နေသဖြင့် အတွင်းတွင် ကတ်ပြားတစ်ခု ပါရှိနေသည်ကိုမူ သတိမထားမိခဲ့ချေ။


အထဲမှာ နာမည် ပါမနေရင်ပိုကောင်းမယ်နော်…


ဝမ်ကျင်းက ခေါင်းမော့လိုက်ပြီး လက်ချောင်းနှစ်ချောင်းကြား ကတ်ပြားကို ညှပ်ထားလျက် ပြုံးလိုက်သည်။ 

"ဒါဆို ကိုယ်က ကျောင်းလင်လင်... မင်းက ဟယ့်ရန်ပေါ့ ဟုတ်လား..."


"ဘယ်ကောင်မလေးကများ ဒါကို မလိုချင်တာလဲ" 

သူက ပြတ်သားစွာ မေးလိုက်သည်။ 

"ဒီပန်းစည်းက သူများသုံးပြီးသား ပန်းစည်းလား..."


တစ်ခါသုံးပြီးသား နှင်းဆီပန်းတွေက တကယ် ရက်စက်တာပဲ အား..


ပိုင်မူနင်မှာ "ငါတော့ ဒုက္ခရောက်ပြီ" ဟု တွေးကာ အနည်းငယ် ထိတ်လန့်သွားရသည်။ 


"ဒေါက်တာဝမ်... ကျွန်တော့်ကို ရှင်းပြခွင့်ပေးနော်... နှင်းဆီတွေက တစ်ခါသုံးပြီးသားဖြစ်နေပေမယ့် ကျွန်တော့်ခံစားချက်တွေကတော့ တကယ့်အစစ်အမှန်တွေပါ..."


ဝမ်ကျင်းက သူ့မျက်ခွံများကို ပျင်းရိစွာ ပင့်လိုက်ပြီး အေးစက်စွာ ပြန်ဖြေသည်။ 

"ကလေးလေး... တခြားနေရာသွားပြီး ဆော့နေ... ကိုယ့်အလုပ်ကို လာမနှောင့်ယှက်နဲ့..."


သူက ပိုင်မူနင်အား နောက်တစ်ကြိမ်လေးပင် လှမ်းကြည့်မလာဘဲ ကတ်ပြားကို  အမှိုက်ပုံးထဲသို့ ပစ်ထည့်လိုက်သည်။


ပိုင်မူနင် တစ်ခုခုထပ်ပြောရန် ပြင်လိုက်စဉ် ကျွမ်းယွိမြန်၏အသံက အပြင်ဘက်မှ အလျင်အမြန် ထွက်ပေါ်လာသည်။

 "ဒေါက်တာဝမ်... လက်မောင်းအဆစ်လွဲနေတဲ့ ကလေးမလေးတစ်ယောက် ရောက်လာတယ်... အကူအညီလိုပါတယ်..."


ဝမ်ကျင်းက ထရပ်ပြီး ထွက်သွားသည်။ ပိုင်မူနင်က ပန်းစည်းကို ချထားခဲ့ပြီး သူ့နောက်မှ လိုက်သွားသည်။


လက်မောင်းဆစ်လွဲနေသော ကောင်မလေးက သူမ၏မိခင်နှင့်အတူ လာခဲ့ခြင်းပင်။ သူမက လေး၊ငါးနှစ်အရွယ်လေးဖြစ်ကာ ရှိုက်ကြီးတငင် ငိုနေသည်။

 "မေမေ... နာတယ်…"


မိခင်ဖြစ်သူမှာလည်း အသက်ငယ်ငယ်လေးဖြစ်ကာ စိုးရိမ်ပူပန်မှုများဖြင့် ရှုပ်ထွေးကာ ငိုနေသည်။ 

“ဆရာ ကျေးဇူးပြုပြီး ကျွန်မသမီးလေးကို ကူညီပေးပါဦး... သူ အရမ်းနာနေတာ...”


ဝမ်ကျင်း ထိုင်ချလိုက်သည်။ သူ၏မျက်နှာထက်တွင် နူးညံ့သောအပြုံးတစ်ခုရှိနေလျက် ပျော့ပျောင်းနေသည်။ သူက ကလေးမလေး၏ လက်ကို ကိုင်၍ အနည်းငယ်လှည့်လိုက်သောအခါ သူမ၏ငိုသံများ ချက်ချင်းရပ်သွားသည်။ ကလေးမလေးက သူမအမေကို လှမ်းဖက်လိုက်ပြီးပြောလိုက်သည်။

 "မေမေ မနာတော့ဘူး... ဒီဦးဦးက အံ့ဩဖို့ကောင်းတယ်" 


မိခင်ဖြစ်သူမှာ ဘာဖြစ်သွားသည်ကိုပင် ချက်ချင်း နားမလည်သေးချေ။ သူမက မယုံနိုင်သောမျက်လုံးများဖြင့် ကြည့်နေပြီး မေးလိုက်သည်။

"ရသွားပြီလား"


ဝမ်ကျင်းက ထမရပ်သေးဘဲ သူ့အိတ်ကပ်ထဲမှ သကြားလုံးတစ်လုံးကို ထုတ်ကာ ကလေးမလေးကို ပေးလိုက်သည်။ ကလေးမလေးကလည်း သူမ၏ လက်ကလေးဖြင့် လှမ်းယူလိုက်သည်။


ထိုအခါ ခပ်ငယ်ငယ်မိခင်ဖြစ်သူက သူမ၏သမီးဖြစ်သူမှာ လက်မောင်းအဆစ်လွဲနေသော လက်ဖြင့်ပင် သကြားလုံးကို ယူလိုက်သည်ကို ရုတ်တရက် သတိပြုမိသွားသည်။


"ကျေးဇူးတင်ပါတယ်ဆရာ... ဘယ်လောက် ပေးရမလဲ"


ကျွမ်းယွိမြန်က အချိန်ကိုက်ဝင်လာပြီး လုပ်ငန်းကတ်ပြားကို ပေးလိုက်သည်။ 

"လက်မောင်းအဆစ်လွဲတာအတွက် အခကြေးငွေ မယူပါဘူး... တခြားကျန်းမာရေးဆိုင်ရာ စိုးရိမ်ပူပန်မှုတွေ ရှိရင်လည်း စန်းဝမ်ဆေးခန်းကို လာခဲ့နိုင်ပါတယ်..."


ဝမ်ကျင်းက သူ၏ဆေးခန်းသို့ ပြန်လာပြီး ပိုင်မူနင်ကလည်း အမြီးလေးတစ်ခုကဲ့သို့ သူ့နောက်မှ ကပ်လိုက်လာသည်။


ဝမ်ကျင်း မျက်ခုံးပင့်လိုက်သည်။ 

"မင်း တစ်ခုခု ထပ်လိုသေးလား..."


ပိုင်မူနင်မှာ တရုတ်တိုင်းရင်းဆေးပညာရှင်တစ်ဦး၏ စွမ်းရည်အစစ်အမှန်ကို ပထမဆုံးအကြိမ် တွေ့မြင်ရခြင်းဖြစ်သဖြင့် သူသည် အနည်းငယ် မှင်သက်နေသည်။ ယခုမှသာ  ပြန်လည်သတိဝင်လာသည်။


ဝမ်ကျင်းမှာ တကယ့်ကို အံ့သြစရာကောင်းသည့် ဆရာဝန်တစ်ဦးဖြစ်၏။ အချစ်နှင့်ပတ်သက်လာသောအခါ၌မူ စိတ်မယိမ်းယိုင်ခြင်းက အနည်းငယ် နှမြောစရာပင်။


ပိုင်မူနင်က ပြောလိုက်သည်။ 

"ဒေါက်တာဝမ်... ကျွန်တော် ခင်ဗျားကို ဖွင့်ပြောပြီးပြီလေ... ခင်ဗျား ဘယ်လိုတွေးလဲ..."


"နှင်းဆီပန်းကိစ္စကို ကျွန်တော် ရှင်းပြနိုင်ပါတယ်... ကျွန်တော့်ရဲ့ ရည်ရွယ်ချက်က တကယ့်ကို ရိုးသားတာပါ.."


"ခင်ဗျား ကျွန်တော့်ရဲ့ ကောင်လေးဖြစ်ပေးနိုင်မလား..."


ဝမ်ကျင်းမှာ အနည်းငယ်မျှ စိတ်မရှည်တော့ပုံရသည်။ သူက မျက်လွှာပင့်ကာ ပြောလာသည်။

 "ဖွင့်ပြောတဲ့ကိစ္စဆိုရင် မင်း ပြန်လို့ရပြီ... က်ိုယ့်မှာ အလုပ်လုပ်စရာတွေ ရှိသေးတယ်..."


သေချာသည်က ပိုင်မူနင်မှာ ဤမျှလွယ်လွယ်နှင့် လက်လျှော့မည့်သူ မဟုတ်ပေ။ သူက လက်များကို စားပွဲပေါ်တင်ပြီး ရှေ့သို့ ကိုင်းလိုက်သည်။ 

"ကျွန်တော်က ဒီမနက်ပိုင်းစာရဲ့ နောက်ဆုံးချိန်းဆိုချက်ယူထားတဲ့လူပါ... အခု ခင်‌ဗျားရဲ့ အနားယူချိန်ပဲကို ကျွန်တော်က ခင်ဗျား အလုပ်ကို အနှောင့်အယှက်မပေးပါဘူး..."


"ကျွန်တော် သိချင်တာက ဘာလို့ ခင်ဗျား ကျွန်တော့်ကို ငြင်းနေတာလဲ..."


အလုပ်ရှင်က ဝမ်ကျင်းမှာ ရွှင်လန်းတက်ကြွသော ယောက်ျားလေးများကို ကြိုက်သည်ဟု ပြောခဲ့သည်။ သူက ချက်ချင်းပင် ရဲရဲရင့်ရင့် ဖွင့်ပြောတတ်သည့် အလုံအလောက် တက်ကြွဖျတ်လတ်သူပင်။


ဒီတော့ ဘာလို့ ဝမ်ကျင်းက အေးတိအေးစက်နဲ့ ငါ့ကိုတွန်းထုတ်နေရတာလဲ...


ငါက ငါ့အလုပ်ရှင်ရဲ့ ရည်းစားလောက် ကြည့်မကောင်းလို့လား...


"မင်း ဘယ်လိုထင်လဲ" 

ဝမ်ကျင်းက ပိုင်မူနင်၏ မေးခွန်းကို တိုက်ရိုက် မဖြေဘဲ သူ့ဆီသို့ပင် ပြန်ပစ်လိုက်သေးသည်။


သို့သော် ပိုင်မူနင်အနေဖြင့် အကြောင်းပြချက်အစစ်အမှန်ကို မသိနိုင်ပေ။ သူ၏ အကောင်းဆုံးခန့်မှန်းနိုင်သည်မှာ ဝမ်ကျင်းအနေဖြင့် သူ့အလုပ်ရှင်၏ချစ်သူကို စိတ်ထဲက ထုတ်မပစ်နိုင်သေးခြင်းပင် ဖြစ်သည်။


လင်ငယ်ဖြစ်ရတာက ဘာများကောင်းလို့လဲ... ငါ့လို တက္ကသိုလ်ကျောင်းသားကမှ ပိုကောင်းတဲ့ ရွေးချယ်မှု မဟုတ်ဘူးလား...


ပိုင်မူနင်က မကျေနပ်သောလေသံဖြင့် ပြောသည်။

 "ခင်ဗျားပဲ ကျွန်တော့်ကို သွားပြီး အချစ်ကို ရှာခိုင်းခဲ့တာ မဟုတ်ဘူးလား... အခု ကျွန်တော် ရှာပြန်တော့လည်း ခင်ဗျားက လက်မခံဘူး..."


သူက မျက်နှာပြောင်တိုက်ကာဖြင့်ပြောသည်။

"ကျွန်တော် ဂရုမစိုက်ဘူး... ကျွန်တော် ခင်ဗျားကို ကြိုက်တယ်... ခင်ဗျား ကျွန်တော့်ကောင်လေး ဖြစ်ကို ဖြစ်ရမယ်"


ဝမ်ကျင်းမှာ ဘာမှမပြောဘဲ ပိုင်မူနင်၏ ဟန်ပြဖျော်ဖြေမှုကိုသာ တိတ်တဆိတ် ကြည့်နေသည်။


ခဏအကြာတွင် ပိုင်မူနင်မှာ သူ၏အပြုအမူက အဆင်မပြေတော့ကြောင်း သဘောပေါက်လာသဖြင့် လက်လျှော့လိုက်ပြီး စကားပြောင်းလိုက်သည်။

 â€œá€’á€ąá€Ťá€€á€şá€á€Źá€á€™á€ş... ခင်ဗျားက ဘယ်လိုလူမျိုးကို ကြိုက်လဲ...”


ဝမ်ကျင်းက အလေးမထားသလို ပြန်ဖြေသည်။ 

"ငါက ပိုင်ကိန်းရဲ့ ဆယ်လီစိတ်ဒသမနေရာ ၁၀၀၀ အထိ ရွတ်နိုင်တဲ့သူမျိုးကို ကြိုက်တာ..."


ပိုင်မူနင်: "....?"


ပိုင်ကိန်းမှာ အဆုံးမရှိသလို ထပ်နေတာမျိုးလည်း မရှိလူးလေ... ဘယ်လိုပုံမှန်လူက ဒသမနေရာ ၁,၀၀၀ အထိ မှတ်မိနိုင်မှာလဲ...


ရောဂါရှာဖွေမှု ပြီးဆုံး : ဒီလူက တအားကို အဆိပ်ပြင်းတာပဲ


×××××


ပိုင်မူနင်မှာ တစ်စုံတစ်ယောက်ကို ငြင်းရန်အတွက် အကြောင်းအရင်းထောင်သောင်းချီ တွေးထားခဲ့သော်ငြား စိတ်မပါတပါပုံစံနှင့် ငြင်းခံရမည်ဟု မည်သည့်အခါကမျှ မမှန်းထားမိခဲ့ပေ။


၄င်းက လူကောင်းကတ် အပေးခံရသည်ထက်ပင် ပို၍နာကျင်စေနိုင်သည်။


"နောက်ထပ် ပြောစရာရှိသေးလား" 

ဝမ်ကျင်း၏ အသံက ပို၍ နိမ့်လာသည်။ သည်းခံစိတ်ကုန်လွန်သွားကာ မည်သူ့ကိုမှ ရှည်ရှည်ဝေးဝေး  မချော့မော့ချင်တော့သည့်အတိုင်းပင်။


သူ ဤကိစ္စကို အရေးမထားသည်မှာ ရှင်းလင်း၍နေ၏။


ပိုင်မူနင်က နှုတ်ခမ်းကို တင်းတင်းကိုက်ကာ မည်သည့်စကားမှ ထပ်မပြောတော့ပေ။ သူ၏ စိတ်ထဲမှ ဒေါသလေးက အလျင်အမြန်ထွက်ပြူလာသည်။


သူက ချောမောပြီး စကားကောင်းကောင်းပြောတတ်သည့်အတွက် ဤနှစ်ပေါင်းများအတွင်း အတားအဆီးအနည်းငယ်သာ ကြုံခဲ့ရသည်။ ချိုမြိန်ပြီး ဆွဲဆောင်မှုရှိသည့် မျက်နှာလေးပါပေါင်းထည့်လျှင် သူ့ဘဝက အလွန်ချောမွေ့နေသည်ဟုပင် ဆိုနိုင်သည်။


သူအစီအစဉ်မည်မျှပင်ဆွဲဆွဲ ဝမ်ကျင်း၏ ရှုံ့ချခြင်းကိုသာ ခံလိုက်ရသည်။ အဆိုးဆုံးအချက်မှာ သူ့တွင် ပြန်လှန် ငြင်းခုံနိုင်စွမ်း မရှိခြင်းပေ။


ဝမ်ကျင်း၏ အကြည့်က ကွန်ပျူတာဖက်သို့ ပြန်လှည့်သွားသည်။ ပိုင်မူနင်က အရှုံးမပေးချင်သေးဘဲ နှုတ်ခမ်းကိုသာ ကိုက်ရင်း ရှက်ရှက်နှင့် ခဏတာ ရပ်နေမိသည်။


သူ စိတ်ဆိုးစွာဖြင့် တွေးနေမိသည်။

ဒီချာတူးလံနေတဲ့ အလုပ်ကြီးကို လုပ်ချပ်တဲ့သူသာလုပ်တော့... ငါမလုပ်တော့ဘူး.... နောက်မှ အလုပ်ရှင်ဆီသွားပြီး အလုပ်ကို ဖျက်လိုက်တော့မယ်...


သို့သော် စန်းဝမ်ခန်းမ၏ မှန်တံခါးကို တွန်းဖွင့်လိုက်သည့်အချိန်တွင် အေးစက်သည့် လေတစ်သုတ်က သူ့ကို ရိုက်ခတ်လာပြီး ချက်ချင်းဆိုသလို သူ့ကို သတိပြန်ဝင်သွားစေသည်။


အလုပ်ရှင်ပေးထားသည့် လုပ်ခငွေကို သူ၏ ကျောင်းချေးငွေအား ပြန်ဆပ်ရန် သုံးလိုက်ပြီဖြစ်သည်။

ဘယ်လိုလုပ် ပြန်ပေးနိုင်မှာလဲ…


ဟေး...ဒီချာတူးလန်နေတဲ့ အလုပ်ကြီးကို ဆက်လုပ်ဖို့ လိုနေသေးတုန်းပဲ...


အဝင်ဝတွင် ရပ်ကာ အေးစက်သည့်လေကို တစ်မိနစ်ခန့် ခံစားပြီးနောက် ပိုင်မူနင်က သူ၏ စိတ်ခံစားချက်များကို ညှိလိုက်ပြီး ဝမ်ကျင်းထံသို့ ထပ်မံပြန်သွားလိုက်သည်။


အလျင်စလို ထွက်သွားစရာအကြောင်း ဘာရှိလို့လဲ...  အနည်းဆုံးတော့ "ကျွန်တော်လက်မလျှော့ဘူး" ဒါမှမဟုတ် "ကျွန်တော် ခင်ဗျားကို သေချာပေါက် ရအောင်လိုက်မှာ" ဆိုတဲ့ ဇာတ်လမ်းဆန်ဆန် စကားလုံးတွေ ပစ်သွင်းခဲ့သင့်တာ...


စိတ်ကောက်ပြီး အရှုံးနဲ့ ထွက်သွားရတာထက်စာရင် အဲ့ဒါကမှ ပိုကောင်းဦးမယ်... အခုက အရမ်းကို သိက္ခာကျတယ်...



💊💊💊