အခန်း (၁၆၂) – အာ့ထောင် ငါတို့ သီးသန့်စကားပြောဖို့ ခဏလောက် အချိန်ရမလား
ဟုန်ရှင်းစားသောက်ဆိုင်။
လက်ထောက်ဆိုင်ရှင်ယို့သည် သူ့မျက်နှာချင်းဆိုင်တွင် ထိုင်နေသော သခင်လေးကို စိုက်ကြည့်နေပြီး စကားပြောရန် တုံ့ဆိုင်းနေ၏။
“ဒီနေရာနှစ်ခုရဲ့ စာရင်းတွေက တစ်ခုခု မှားနေပုံရတယ်” ချင်မင်ဟုန်က စာရင်းစာအုပ်ပေါ်ရှိ နံပတ်တစ်ခုကို ညွှန်ပြကာ အနည်းငယ် မျက်မှောင်ကြုတ်ကာ လေးနက်သော အသံဖြင့် မေးမြန်းလိုက်သည်။
“သခင်လေး အဲဒီမှာ သုံးထားတဲ့ငွေက သခင်လေး တောင်းဆိုထားတဲ့ အပိုငွေပဲ” လက်ထောက်ဆိုင်ရှင်ယို့က ဂရုတစိုက် ရှင်းပြသည်၊ “အဲဒီနေ့မှာ မိန်းကလေးကျီက အစပ်ကဏန်းဟင်းချက်ပေးတုန်းက သခင်လေး ဆန်အရက် နှစ်ပုလင်း မတောင်းဆိုခဲ့ဘူးလား။”
ထိုအခါမှသာ ချင်မင်ဟုန်တစ်ယောက် အဲ့တာကို ပြန်အမှတ်ရသွားခဲ့သည်၊ “ဟုတ်သားပဲ။”
လက်ထောက်ဆိုင်ရှင်ယို့က သူ့ခြေချောင်းတွေကို တိတ်တဆိတ် ခေါင်းငုံ့ကြည့်လိုက်မိသည်။ သူက”သခင်လေး အာ့ထောင်ကို ကြိုက်နေတာလား” ဟု မမေးမြန်းခင် ကိုးရိုးကားရားနိုင်စွာ မျက်မှောင်ကြုတ်ပြီး တုံ့ဆိုင်းနေပြီးရင်း ရှိနေခဲ့သည်။
“အင်း” လက်ထောက်ဆိုင်ရှင်ယို့ကို အံ့အားသင့်သွားစေတာက ချင်မင်ဟုန်က တုံ့ဆိုင်းခြင်းမရှိ ဒါကို ဝန်ခံခဲ့တာပင်။
လက်ထောက်ဆိုင်ရှင်ယို့တစ်ယောက် သူ ဘာလုပ်ရမှန်းမသိဖြစ်သွားကြောင်း ရိုးရှင်းစွာ ဝန်ခံခဲ့မိပါ၏။
“ဒါပေမယ့် သခင်လေး အာ့ထောင်က လက်ထပ်ပြီးသားလေ။ ဒါ့အပြင် သူမနဲ့ တတိယညီလေးရှန်းတို့ရဲ့ ဆက်ဆံရေးက အရမ်းကောင်းတယ်” လက်ထောက်ဆိုင်ရှင်ယို့သည် အများကြီးစဉ်းစားချင့်ချိန်တွေးတောပြီးနောက် သူ့သခင်လေးကို နားမချဘဲ မနေနိုင်ခဲ့ပေ။ “ဒါ့အပြင် သခင်လေး သခင်လေးက ရုပ်ရည်ချောမောပြီး ခန့်ညားတဲ့အသွင်အပြင်လည်းရှိတယ်၊ မိသားစုနောက်ခံကလည်း ကောင်းတယ်၊ သခင်လေးလိုလူမျိုးက အရမ်းကို သာယာလှပတဲ့ အိမ်ထောင်ရေးမျိုးကို ဘယ်လိုလုပ်ပြီး မရှာနိုင်ဘဲ နေမှာလဲ။”
“လက်ထောက်ဆိုင်ရှင်ယို့” ချင်မင်ဟုန်က သူ့ရှေ့ရှိ စာရင်းစာအုပ်ကို ရုတ်တရက် ပိတ်လိုက်ပြီး သူ့ကို စေ့စေ့ကြည့်လိုက်သည်။ သူက ခပ်ဖျော့ဖျော့ ပြုံးရင်း “ရှန်းယောင်က အာ့ထောင်နဲ့ ထိုက်တန်တယ်လို့ မင်းထင်လား။ သူ့မိသားစုနောက်ခံကို မကြည့်နဲ့ဦး၊ သူက ခြေကျိုးတစ်ယောက်ပဲ။ သူက အာ့ထောင်ကို ပျော်ရွှင်မှု ပေးစွမ်းနိုင်မယ်လို့ မင်းထင်လား။”
“သခင်လေး၊ သခင်လေးရဲ့ အတွေးက မှားယွင်းနေတယ်လို့ ကျွန်တော်ထင်တယ်” လက်ထောက်ဆိုင်ရှင်ယို့က ခပ်မြန်မြန် ခေါင်းခါပြီး ငြင်းဆိုလိုက်သည်။ “အချစ်ရေးမှာ ထိုက်တန်တယ်၊ မထိုက်တန်ဘူးရယ်ဆိုတာ ဘယ်ရှိနိုင်ပါ့မလဲ။ လူနှစ်ယောက် အတူတူရှိကြတဲ့အခါ အရေးကြီးဆုံးက တစ်ယောက်နဲ့ တစ်ယောက် အပြန်အလှန် သဘောကျဖို့ပဲ။”
“သူတို့ လက်ထပ်ပြီးဖို့ မမျှော်လင့်ထားခဲ့ဘူးဆိုတာ ငါ ဝန်ခံပါတယ်” ချင်မင်ဟုန်က ဘာမှ မထူးခြားသလို ပြုံးလိုက်မိသည်၊ “ဒါပေမယ့် ငါတို့ အခုအချိန်ကနေ စပြိုင်ဖို့ဆိုတာ သိပ်နောက်ကျသွားပြီလို့ငါထင်တယ်။”
သူ့အသက် ဆယ့်ငါးနှစ်ကတည်းက သူ့အိပ်ရာကို နွေးထွေးစေဖို့ အိမ်အကူတွေဆိုတာ ပြတ်လပ်မှု မရှိခဲ့ဘူး။
နှစ်တွေကြာလာတာနဲ့အမျှ သူ့ကို ချစ်မိသွားအောင် လုပ်ဆောင်နိုင်တဲ့သူနဲ့ ဘယ်တော့မှ မဆုံတွေ့နိုင်ခဲ့ဘူး။
သို့ပေမယ့် ယောကျာ်းလေးအဝတ်အစား ဝတ်ဆင်ထားတဲ့ ကျီကျောက် သူ့ရှေ့ ပေါ်လာသည့်အခါမှာတော့ သူ့ကံကြမ္မာလေး ရောက်ရှိလာပြီဖြစ်ကြောင်း ချင်မင်ဟုန်တစ်ယောက် သိလိုက်၏။
ဒါ့အပြင် သူ အနီးအနားမှာ မေးမြန်းစုံစမ်းခဲ့ပြီးသားဖြစ်သည်။ အာ့ထောင်နှင့် ရှန်းယောင်တို့က သူတို့၏ အိမ်ထောင်ရေးကို လုံးဝ အထမမြောက်ကြသေးပါဘူး။
သူတို့က အမည်နာမအရသာ လင်မယားတွေ ဖြစ်၏။
သူတို့တွေ အိမ်ထောင်ရေးကိစ္စကို အထမမြောက်ကြသေးဘူးဆိုကတည်းက သူ့မှာ ကြိုးစားဖို့ အခွင့်အရေးလေး တစ်ခုများ ဘာဖြစ်လို့ မရနိုင်ရမှာလဲ။
သူ့သခင်လေး၏ အကြံအစည်က အလွန်အန္တရာယ်များသည်ဟု လက်ထောက်ဆိုင်ရှင်ယို့က ခံစားမိသော်လည်း သူ့ကို ဘယ်လိုနားချရမှန်း သူ မသိပေ။
ညနေ သုံးနာရီ ဆယ့်ငါးဝန်းကျင်တွင် ရှန်းမိသားစုသည် ဟုန်ရှင်းစားသောက်ဆိုင်ဘေးရှိ ဆိုင်ငယ်လေးဆီသို့ အပြေးရောက်ရှိလာကြသည်။
ကျီကျောက်သည် ဆိုင်သော့ကိုဖွင့်ဖို့ စိတ်စောလျက်ရှိကာ နောက်ဆုံးတွင် သံချေးတက်နေသော ကြေးနီသော့ကို အောင်မြင်စွာ သော့ဖွင့်လိုက်နိုင်ခဲ့ပြီး တံခါးကို ညင်သာစွာ တွန်းဖွင့်လိုက်သည်။
“တစ်၊ နှစ်၊ သုံး…”
သူတို့ရှေ့ရှိ စားပွဲနှင့် ကုလားထိုင်အရေအတွက်က တစ်ချက်ကြည့်လိုက်ရုံနှင့် သိသာထင်ရှားသည်။
ဘယ်ဘက်မျက်နှာစာတွင် လူတစ်ဝက်ထက်မြင့်သော ကောင်တာ တစ်ခု ရှိပြီး တံခါးနှင့် ခြေတစ်လှမ်းသာ ကွာဝေးသည်။
ပေသီး၊ မှင်၊ စက္ကူနှင့် မှင်ကျောက်များကို ကောင်တာပေါ်တွင် သေသေသပ်သပ် ထားရှိထားသည်။
“ဒီဆိုင်က နည်းနည်းသေးပေမယ့် ကံကောင်းထောက်မစွာနဲ့ နင်တို့ လိုအပ်တာတွေ အကုန် ရှိနေတယ်” အကြီးဆုံးအစ်ကိုရှန်းက ဆိုင်ကိုတစ်ချက်ကြည့်ပြီး စားပွဲခုံကို သူ့လက်ချောင်းများဖြင့် ထိကြည့်လိုက်သည်။ “ပြီးတော့ စားပွဲခုံပေါ်မှာ ဖုန်မတွေ့ရဘူး။ အစ်ကိုယို့က ဆိုင်သန့်ရှင်းရေးလုပ်ဖို့ တစ်ယောက်ယောက်ကို ခိုင်းထားတာလို့ ငါထင်တယ်။ ငါတို့ မနက်ဖြန်ကျရင် သူ့ကို ကိုယ်တိုင်ကိုယ်ကျ ကျေးဇူးတင်စကားဆိုရမယ်။”
“အစ်ကိုရှန်း မင်း ငါ့ကို ကျေးဇူးတင်ဖို့မလိုပါဘူးကွာ” လမ်းလျှောက်ဝင်လာတဲ့ လက်ထောက်ဆိုင်ရှင်ယို့က ဒါကိုကြားတော့ ရွှင်မြူးစွာ ပြောလိုက်သည်၊ “လုပ်စမ်းပါ၊ ငါတို့ မနက်ဖြန်ကျရင် တစ်ခွက်လောက် အတူတူသောက်ရအောင်။”
“ကောင်းပြီလေ။”
အကြီးဆုံးအစ်ကိုရှန်းနှင့် လက်ထောက်ဆိုင်ရှင်ယို့တို့သည် ခင်မင်ရင်းနှီးလာခဲ့ကြတာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီ။ သူတို့နှစ်ယောက်သား တစ်ယောက်ကိုတစ်ယောက်ကြည့်ပြီး ရယ်မောလိုက်ကြသည်။
“အစ်ကိုယို့” ရှန်းယောင်နှင့် ကျီကျောက်တို့ နှစ်ယောက်စလုံးက သူ့ကို ပြုံးပြုံးရွှင်ရွှင်နှင့် နှုတ်ဆက်ခဲ့ပြီး သူတို့မျက်စိရှေ့က ဆိုင်ကို ဆက်လက်လေ့လာခဲ့ကြသည်။
ရှန်းယောင်သည် စုတ်တံနှင့် စက္ကူကို ကောက်ယူပြီး တစ်ဆိုင်လုံး၏ ရုပ်ပုံကို အမြန်ရေးဆွဲလိုက်ပြီး ကျီကျောက်ကို လှမ်းပေးလိုက်သည်။ “ပြင်စရာတွေ ရှိ၊ မရှိ ဒီမှာကြည့်ပြီး ပုံမှာ တိုက်ရိုက်မှတ်သားလိုက်လို့ရတယ်။”
“ဟုတ်ကဲ့” ကျီကျောက်သည် ရုပ်ပုံကားချပ်ကို စိုက်ကြည့်ပြီး သူ့ကို တိတ်တိတ်လေး လက်မထောင်ပြလိုက်သည်။
သူက တကယ့်ကိုပင် အရပ်ဘက်ရော စစ်ဘက်ဆိုင်ရာ ကျွမ်းကျင်မှုများပါ ရှိသည့် အာဏာကြီးမားတဲ့ ဝန်ကြီးချုပ်ဖြစ်လာမည့်သူ ပီသပေသည်။
ရှန်းယောင်၏ လက်ရေးလက်သားနှင့် ပန်းချီကားများသည် အထူးကောင်းမွန်လှသည်။
သို့ရာတွင် ကျီကျောက်တစ်ယောက် အလွန်ပင် သိချင်စိတ် ပြင်းပြမိသည်။ ရှန်းယောင်သည် ဤကဲ့သို့ ထူးချွန်သော ပန်းချီစွမ်းရည်ကို ပြုစုပျိုးထောင်နိုင်စေရန်အတွက် မည်သည့်နေရာမှ လေ့လာသင်ယူခဲ့သနည်း။
ကျီကျောက်သည် ခေါင်းခါလိုက်ပြီး သူမစိတ်ထဲမှာ ရှုပ်ယှက်ခတ်နေတဲ့ အတွေးတွေအားလုံးကို ရှင်းထုတ်လိုက်သည်။ ထို့နောက် သူမသည် ပြုပြင်ပြောင်းလိုသည်များကို အလေးအနက် မှတ်သားခဲ့သည်။
အဆုံး၌ သူမသည် စိတ်ကျေနပ်စွာဖြင့် ရုပ်ပုံကားချပ်ကို ရှန်းယောင်၏ လက်ထဲ ပေးအပ်လိုက်ပြီး သူ့ပခုံးကို ပုတ်ပေးဖို့ကိုလည်း မမေ့ခဲ့ပေ။ သူမက ရိုးသားသည့် ဖိုးသခွားလေးလို ဟန်ဆောင်ပြီး ပြောလိုက်ပါသေးသည်၊ “ဒါက ကျွန်မတို့ရဲ့ ပထမဆုံး ခြေလှမ်းအစဖြစ်တာမို့ အလုပ်ကြိုးစားရမယ်။”
“အင်း” ရှန်းယောင်၏ နှုတ်လမ်းတွေ နူးညံ့သိမ်မွေ့စွာ ကွေးညွှတ်သွားခဲ့သည်။ ရှန်းယောင်က လက်မြှောက်ပြီး သူမ၏ မျက်နှာလေးကို ပွတ်သပ်ပေးလိုက်သည်။ သူ့မျက်လုံးတွေကတော့ အလွန်လေးနက်နေခဲ့သည်၊ “စိတ်မပူပါနဲ့၊ ကိုယ်တို့ရဲ့ ပထမဆုံး ခြေလှမ်းကို ကိုယ် သေချာပေါက် ကာကွယ်ပေးမယ်။”
“ကျွန်မ ရှင့်ကိုယုံတယ်။”
ကျီကျောက်က ချိုမြိန်စွာ ပြုံးလိုက်ပြီး ခြေဖျားထောက်ကာ သူ့ပါးပြင်ပေါ် အနမ်းပေးလိုက်သည်။
ဒီမြင်ကွင်းကို အခုလေးတင် ရောက်လာသည့် ချင်မင်ဟုန်က ပက်ပင်း မြင်တွေ့သွားခဲ့သည်။
“အဟမ်း…” သူက တမင်တကာ နှစ်ကြိမ်တိုင်တိုင် ချောင်းဟန့်ခဲ့ပြီး လူတိုင်း၏ အာရုံကို ချက်ချင်း ဖမ်းစားလိုက်ပါသည်။
“သခင်လေး”
“ငါ ပြန်ခါနီး ဒီမှာ အသံဗလံ နည်းနည်းကြားနေတာနဲ့ ဒီကို အထူးတလည် တစ်ချက်လာကြည့်လိုက်တာ” ချင်မင်ဟုန်က ဖြစ်စဉ်ကို လိုရင်းတိုရှင်း ရှင်းပြလိုက်သည်။ နောက်ဆုံးတော့ သူ့အကြည့်တွေက ကျီကျောက်ထံ ရောက်ရှိသွားပြီး နူးညံ့သိမ်မွေ့စွာ ပြုံးလိုက်သည်၊ “အာ့ထောင် ငါတို့ သီးသန့်စကားပြောဖို့ ခဏလောက် အချိန်ရမလား။”
“ငါ မင်းကို ကျီဟွေ့အကြောင်းပြောချင်လို့ပါ” သူမ မငြင်းပယ်ခင် ချင်မင်ဟုန်က ချက်ချင်း ပြောခဲ့သည်။ “တကယ်လို့ မင်း အခု အားတယ်ဆိုရင် ငါတို့ သီးသန့်စကားပြောလို့ရမလား။ တတိယသခင်လေးရှန်းကလည်း မငြင်းလောက်ပါဘူး၊ ဟုတ်တယ်မလား။”
ရှန်းယောင်သည် ချင်မင်ဟုန်၏ နည်းလမ်းတွေက တိုးတက်လာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ အခုဆို သူ(ချင်မင်ဟုန်)က သူ့(ရှန်းယောင်)အတွက် ထောင်ချောက် တစ်ခုကိုပင် ရိုးရှင်းစွာ ချလာနိုင်ခဲ့သည်။
ကျီကျောက်သည် ရှန်းယောင်ကို မသိစိတ်က လှမ်းကြည့်လိုက်မိသည်။ ထိုအခါမှသာ သူမသည် ရှန်းယောင်၏ မျက်နှာက အလွန်ဖျော့တော့အားနည်းနေပြီး အလွန်အမင်း အရုပ်ဆိုးနေသည်ကို တွေ့လိုက်ရသည်။
အဆုံးမှာတော့ သူက စားပွဲပေါ်သို့ လဲကျသွား၍ သတိလစ်သွားခဲ့သည်။
“မြန်မြန်… သူ့ကို အနီးဆုံးဆေးကုသဆောင်ဆီ အမြန်ပို့ပေးပါဦး” အကြီးဆုံးအစ်ကိုရှန်းသည် စကားတစ်ခွန်းမှ မပြောဘဲ သူ့တတိယညီကို သူ့ကျောပေါ်အမြန်တင်လိုက်သည်။ ကျီကျောက်သည်လည်း နောက်ကနေ အလျင်စလို လိုက်ပါသွားခဲ့သည်။
ကျီကျောက်၏ ပြာယာခတ်နေသော နောက်ကျောပြင်ကိုကြည့်ပြီး ချင်မင်ဟုန်တစ်ယောက် သူ့မျက်ဝန်းထဲမှ မကျေနပ်မှုများကို ဖုံးကွယ်ရန် မျက်လွှာချထားလိုက်သည်။
ရှန်းယောင်လို ဖျားနာနေတဲ့ လူတစ်ယောက်က အာ့ထောင်ကို ပျော်ရွှင်မှု ဘယ်လို ပေးနိုင်မလဲ။
မသိလိုက်ခင်မှာပင် မိုးချုပ်သွားခဲ့ပြီ။
“ရှန်းယောင်… ရှန်းယောင်… ရှင် အဆင်ပြေရဲ့လား” ကျီကျောက်က စိုးရိမ်ပူပန်စွာ မေးလိုက်သည်။ “သမားတော် သူ ဘာဖြစ်တာလဲ။”
“စိတ်အေးအေးထားစမ်းပါ” ဆေးစာရေးနေတဲ့ သမားတော်က ပြောလာခဲ့သည်၊ “အခု လူနာက သူ့ခန္ဓာကိုယ်ထဲ အပူများလွန်းလို့ သတိလစ်သွားတာပါ။ သူ့ကျောက်ကပ်ထဲရှိ အပူက အရမ်းပြင်းထန်တာကြောင့် ရုတ်တရက် အပူလျှပ်သွားတာပါ။”
...
“ဒါပေမယ့် အခု ဩဂုတ်လကို ရောက်နေပြီမဟုတ်လား။ ရာသီဥတုက ပုံမှန်ဖြစ်နေပြီမလား။”
“ဆောင်းဦးရာသီအစောပိုင်းကာလမှာ အူရောင်ငန်းဖျားရောဂါအမျိုးမျိုး အဖြစ်များကြတယ်။ လူနာတွေကို ရုတ်တရက် အပူလျှပ်စေတဲ့ အကြောင်းရင်းတွေက ပြင်ပအကြောင်းတရားတွေကြောင့်ပဲ မဟုတ်ဘူး။”
“ဒါဆို ကျွန်မခင်ပွန်းကို အနာဂတ်မှာ ဘယ်လို အစားအသောက်မျိုးတွေ မကျွေးရဘူးလဲ” ကျီကျောက်က မျက်မှောင်ကြုတ်ပြီး စိုးရိမ်ပူပန်စွာ မေးမြန်းလိုက်သည်။
***