ကျောက်လန်ဟွာက ခေါင်းခါလိုက်သည်၊ “ဒုတိယချွေးမ
နင် ငါးကြင်းစွပ်ပြုတ်ကို နာနာခံခံ သောက်နေစမ်းပါအေ။ နောင် နင်ကလေးမွေးပြီး မီးတွင်းကာလကျော်တာနဲ့
ဒီအမေက နင့်ကို ကဏန်း လုံလုံလောက်လောက် စားစေရပါမယ်။”
ဒုတိယမရီးရှန်း၏ မျက်နှာသည် ပိုလို့တောင်
ဝမ်းနည်းညှိုးငယ်လာခဲ့သည်။ သို့သော် သူမ၏ ယောက္ခမက သူမ၏ အကျိုးစီးပွားအတွက် လုပ်ပေးနေတာကို
သိလေ၏။ “အမေ အဲ့တာဆို ဒီလိုပဲ သတ်မှတ်လိုက်ပြီနော်။ နောင် သမီး ကလေးမွေးပြီးတဲ့အခါကျရင်
အမေ သမီးကို ကဏန်းအကြီးကြီးစားဖို့ ခေါ်သွားပေးရမယ်။”
“အေးပါဟယ်”
“အမေ တကယ်တော့ ဒုတိယမရီး ကဏန်း တစ်ကောင်
နှစ်ကောင်လောက် စားတာ ဘာမှ မဖြစ်ဘူး” ကျီကျောက်က ပေါ့ပေါ့ပါးပါး ပြုံးကာ တိုးတိုးလေး
ပြောလိုက်၏။ “ကဏန်းတွေက အအေးစာဆိုပေမယ့် အစ်မ သူ့ကို အများကြီး မစားသရွေ့ ဘာမှ ဖြစ်လာမှာ
မဟုတ်ဘူး။”
“အာ့ထောင် ငါ တကယ်ပဲ စားနိုင်တာလားဟင်”
ဒါကိုကြားတော့ ဒုတိယမရီးရှန်း၏ မျက်လုံးတွေက တလက်လက် တောက်ပလာခဲ့သည်။
ကျီကျောက်က ပြုံးပြီး ကဏန်းအစပ် တစ်ခြမ်းကို
ကောက်ယူကာ ဒုတိယမရီးကို ကမ်းပေးလိုက်သည်၊ “ဒုတိယမရီး အစ်မ ဒီလောက်ပဲ စားလို့ရမယ်။”
“အေးပါ” ဒုတိယမရီးရှန်းသည် ကဏန်းကို ကောက်ယူဖို့
မစောင့်ဆိုင်းနိုင်တော့ပေ။ ကဏန်းကို ကောက်ယူပြီး သူမပါးစပ်ထဲသို့ထည့်ခါနီးအချိန်တွင်
သူမနှင့် ဆန့်ကျင်ဖက်မှာ ထိုင်နေတဲ့ ကျောက်လန်ဟွာကို မသိစိတ်က တစ်ချက်လှမ်းကြည့်မိပြီး
တောင်းဆိုသလို တိုးတိုးလေး အသံပြုလိုက်သည်။ “အမေ”
“အာ့ထောင်က စားလို့ရတယ်လို့ပြောတော့ နင်
အရသာသိအောင် မြည်းကြည့်နိုင်တယ်” ကျောက်လန်ဟွာက ပြုံးပြီး ခေါင်းညိတ်သည်၊ “ဒါပေမယ့်
နင် အဲဒီတစ်ပိုင်းကိုပဲ စားလို့ရမယ်နော်။ ပြီးရင် နင့်အခန်းကိုပြန်ပြီး ငါးစွပ်ပြုတ်
သောက်ချေ။ မဟုတ်ရင် နင် ငါတို့စားနေတာကိုကြည့်ပြီး စားချင်စိတ်ပေါက်နေလိမ့်မယ်။”
“ဟုတ်… ဟုတ်… ဟုတ်…” ဒုတိယမရီးရှန်းက ဝမ်းသာအားရ
ခေါင်းညိတ်လိုက်သည်၊ “အမေ့ပြောစကားကို သမီး နားထောင်ပါ့မယ်။”
မိသားစု ညစာစားပွဲကို ပျော်ရွှင်စွာ ပြီးမြောက်ခဲ့ကြသည်။
ညစာစားပြီးနောက် ကျောက်လန်ဟွာသည် ကျီကျောက်ကို
သူတို့လင်မယား နေထိုင်ရာ ပင်မအခန်းဆီသို့ ခေါ်ဆောင်သွားခဲ့သည်။
“အမေ ဘာဖြစ်လို့လဲ။”
“အာ့ထောင် ရာသီဥတုက ပိုအေးလာတာကိုမြင်တော့
အမေ နင့်အတွက် အပေါ်ထပ်အင်္ကျီ တစ်ထည် အထူးချုပ်ပေးထားတယ်။ နင်နဲ့ အဆင်ပြေ မပြေ သိရအောင်
ဝတ်ကြည့်စမ်းပါဦး” ကျောက်လန်ဟွာက လှည့်ကြည့်ပြီး အပြာဖျော့ရောင် အထည်စပေါ်တွင် သလဲပန်းပွင့်လေးများပုံစံကို
ချည်ထိုးထားသည့် အပေါ်ထပ်အင်္ကျီကို ကောက်ယူကာ ပျော်ရွှင်စွာ ပြောလိုက်သည်။
ကျီကျောက်သည် စမ်းဝတ်ကြည့်ဖို့ မစောင့်ဆိုင်းနိုင်တော့ပေ။
သူမက စိတ်လှုပ်ရှားစွာ ပြုံးပြီး “အမေ ဒီအပေါ်ထပ်အင်္ကျီလေးက လုံးဝ ကွက်တိပဲ၊ ပြီးတော့
အရမ်းလည်း ကြည့်ကောင်းတယ်” ဟု ပြောလိုက်သည်။
“နင် သဘောကျရင် အဆင်ပြေပါတယ်။”
“ကျေးဇူးပါ အမေ” ကျီကျောက်က ကျေးဇူးတင်စွာ
ပြုံးလိုက်ပြီးနောက် တိုးတိုးလေး ပြောလိုက်သည်၊ “ဒါပေမယ့် နောင်အနာဂတ်မှာ ချည်ထိုးပန်းထိုးလုပ်တာတွေကို
လျှော့ချပါဦး။ ဒါက အမေ့မျက်လုံးတွေအတွက် မကောင်းဘူး။”
“အဆင်ပြေပါတယ်။ အပေါ်ထပ်အင်္ကျီတစ်ထည်လုပ်တာက
သိပ်မခက်ခဲဘူး” ကျောက်လန်ဟွာက မထူးခြားသလို ပြုံးလိုက်သည်။ ထို့နောက် သူမသည် တစ်စုံတစ်ခုကို
တွေးလိုက်မိပုံရသည်။ သူမက အသာလေး မျက်မှောင်ကြုတ်ပြီး တိုးတိုးလေး မေးလိုက်သည်၊ “အာ့ထောင်
နင့်မွေးစားအဖွား ပြဿနာဖြစ်ပြန်ပြီ။ အဲ့တာကို နင်သိလား။”
“အခု သူက ဘာဖြစ်လို့လဲ” ကျီကျောက်က စိတ်ရှုပ်ထွေးစွာ
မျက်တောင်ခတ်ပြီး သိချင်စိတ်ပြင်းပြစွာ မေးလိုက်သည်။
“သူမကို ဘီလစ်စာရေးတွေက ခရိုင်တရားရုံးကို ဆွဲခေါ်သွားတယ်လေ” ကျောက်လန်ဟွာက သူမ၏ လေသံထဲမှ ပျော်ရွှင်မှု
အရိပ်အမြွတ်ကို ဖုံးကွယ်မထားနိုင်ပေ။ “လူအိုကြီးကျီ အသက်ရှင်နေစဉ် သူမက နင့်ကို ရောင်းစားခဲ့တယ်လေ။ နောက်တော့ သူမရဲ့ အမြှောင်လင်နဲ့ ယူဖို့ သူမရဲ့ မြေးရင်းကိုတောင်
စွန့်ပစ်ခဲ့တယ်လေ။ ငါကြားတာတော့ အဲ့အကြောင်းကို တစ်ယောက်ယောက်က ခရိုင်တရားရုံးမှာ တိုင်ကြားထားတယ်တဲ့။”
“သူမကို ဒီတစ်ကြိမ် ဖမ်းသွားတာ ငါကြားတော့
အနည်းဆုံး ထောင်ဒဏ် တစ်နှစ်ခွဲလောက် ပြစ်ဒဏ်ကျခံရလိမ့်မယ်တဲ့” ကျောက်လန်ဟွာက သူမလက်ကို
ဆုပ်ကိုင်ပြီး တိုးတိုးလေး နှစ်သိမ့်ပေးသည်၊ “ဒါက ကျွန်မတို့မိသားစုအတွက် ကောင်းတဲ့
ကိစ္စပဲ။”
“အမေ” ကျီကျောက်က ကျောက်လန်ဟွာ၏ မျက်လုံးတွေကို
စူးစိုက်ကြည့်ကာ သတ္တိတွေစုစည်းပြီး ပွင့်ပွင့်လင်းလင်း ပြောလိုက်သည်၊ “တကယ်တော့ အမျိုးသမီးရှဲ့ကို
ဒီလို အဖြစ်မျိုးနဲ့ အဆုံးသတ်စေတဲ့ အကြောင်းရင်းက သမီးက ခရိုင်တရားရုံးမှာ
အဲဒီအကြောင်းကို သတင်းသွားပို့တဲ့တစ်ယောက်ဖြစ်နေလို့ပါပဲ။”
ကျောက်လန်ဟွာတစ်ယောက် ချက်ချင်းဆိုသလို
ကြက်သေ သေသွားခဲ့သည်။ သူမက ကျီကျောက်၏ လက်ကို စိုးရိမ်တကြီး ဆွဲယူကာ အသေအချာ ကြည့်ရှုစစ်ဆေးတော့သည်၊
“နင် ခရိုင်တရားရုံးကို သွားခဲ့တာလား။ နင် အရိုက်ခံခဲ့ရလား။ နင်
ဒဏ်ရာရခဲ့လား။”
“အမေ…” ကျီကျောက် ရင်ထဲ ဆိုနင့်သွားကာ
မျက်ရည်များ ထိန်းမနိုင်သိမ်းမရ ကျဆင်းလာခဲ့သည်။ “အမေ…”
ကျီကျောက်သည် မူလက ကျောက်လန်ဟွာကို ဒီအကြောင်းကို
ပြောမပြချင်ခဲ့ပေ၊ ဘာဖြစ်လို့လဲဆိုတော့ ကျောက်လန်ဟွာ၏ စိတ်ထဲမှာ သူမကို ကျေးဇူးကန်းသောလူမျိုးအဖြစ်
ထင်မှတ်သွားစေမှာကို မလိုချင်သောကြောင့်ပင်။ သို့ရာတွင် ကျောက်လန်ဟွာက အဆိုပါ အကြောင်းအရာကို
အလေးမထားဘဲ သူမ ဒဏ်ရာခဲ့လားဆိုတာကို ပိုမိုစိုးရိမ်နေလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
သူမသည် လူကြီးသူမများ၏ ချစ်ခင်အလိုလိုက်ခြင်းကို
ခံရသောကလေးလေးလည်း ဖြစ်လေ၏။