Ch 153
Viewers 13k

အခန်း (၁၅၃) – အရမ်းဖော်ရွေတယ်

 

ကဏန်းအစပ်အပြင် ကျီကျောက်သည် ကြက်သွန်ဖြူကြက်တောင်ပံကြော်၊ ဘဲခေါင်းခြောက်ကြော်နှင့် မွှေးရနံ့သင်းပျံ့သည့် ဝက်သားဟင်းတို့ကိုပါ ချက်ပြုတ်ထားပါသေးသည်။

 

သေချာတာကတော့ အသားဟင်း လေးပွဲအပြင် မှိုနှင့် သီးစုံဟင်း၊ ဟင်းသီးဟင်းရွက်စွပ်ပြုတ်တစ်ပွဲကိုပါ ပြင်ဆင်ခဲ့ပါသည်။

 

“အနံ့က မွှေးရဲ့လား။”

 

“မင်း ပင်ပန်းသွားပြီလား။”

 

ကျီကျောက်သည် သူမ၏ မီးဖိုချောင်သုံးခါးစည်းစကို ချွတ်ပြီးနောက် ရှန်းယောင်ကို မသိစိတ်က လှမ်းကြည့်လိုက်ချိန်တွင် သူ့အသံကိုပါ ကြားလိုက်ရသည်။

 

“အနံ့မွှေးတယ်။”

 

“ကျွန်မ မပင်ပန်းပါဘူး။”

 

နှစ်ယောက်သား သူတို့၏ မေးခွန်းတွေကို အချင်းချင်း တညီတညွတ်တည်း ပြန်ဖြေခဲ့ကြသည်။

 

ဒီအချိန်တွင် သူတို့နှစ်ယောက်သား တစ်ယောက်ကို တစ်ယောက်ကြည့်ရင်း သူ့အလိုလို ပြုံးမိလိုက်ကြသည်။

 

“ကျွန်မတို့အချင်းချင်း ဖွင့်ဟပြောစရာမလိုဘဲ နားလည်မှု ရှိနေကြတယ်။” ကျီကျောက်၏ နှုတ်ခမ်းလေးတွေ အသာကွေးညွှတ်သွားခဲ့သည်။ ဒီအချိန်မှာ သူမ အရမ်းစိတ်ပျော်နေတယ်ဆိုတာ သိသာပါတယ်။

 

“အင်း” ရှန်းယောင်က သဘောတူသလို ခေါင်းညိတ်ပြကာ သူမ၏ ညာဖက်လက်လေးကို လှမ်းဆွဲလိုက်သည်။

 

ကျီကျောက်တစ်ယောက် တွေဝေနေစဉ် ရှန်းယောင်က သူမ၏ လက်ကောက်ဝတ်လေးကို စတင်ပွတ်သပ်ပေးနေခဲ့ပြီဖြစ်သည်။

 

“မင်း အခုလေးတင် ခုတ်ထစ်ပြီး ချက်ပြုတ်ပြင်ဆင်နေတာ၊ မင်း ညာလက်ကို အားအများကြီး သုံးထားပြီးပြီ။ မင်း ညာလက်ကို အကြောမလျှော့ဘူးဆိုရင် ကြွက်တက်သွားနိုင်တယ်” ရှန်းယောင်က အသံတိုးတိုးဖြင့် ရှင်းပြပြီးနောက် သူမ၏ လက်ကောက်ဝတ်ကို ဆက်လက်နှိပ်နယ်ပေးသည်။

 

“ဒါက အရမ်းသက်တောင့်သက်သာရှိတယ်” ကျီကျောက်သည် သူမ၏ မျက်ဝန်းတွေကို စိတ်ကျေနပ်စွာ မှေးမှိတ်ထားသည်။

 

“အာ့ထောင် မင်း ဟင်းတွေအများကြီးချက်ထားတာလား” လက်ထောက်ဆိုင်ရှင်ယို့က မီးဖိုချောင်ထဲ လှမ်းဝင်လာပြီး ဝမ်းသာအားရ မေးမြန်းလိုက်သည်၊ “ဟင်းတွေ အကုန်ချက်ပြီးတာလား။ အနံ့ အရမ်းမွှေးနေတာပဲ။”

 

“အစ်ကိုယို့ ဟင်းပွဲတွေကို ပြင်ဆင်ပြီးရင် စစားလို့ရပြီ။”

 

“ဟုတ်ပြီ၊ ဟုတ်ပြီ၊ ဟုတ်ပြီ” လက်ထောက်ဆိုင်ရှင်ယို့က စားသောက်ဖို့ မစောင့်ဆိုင်းနိုင်တော့ဘူး။

 

“ဒါနဲ့ စကားမစပ် အာ့ထောင် ငါတို့ရဲ့ သခင်လေးလည်း နင်ချက်ထားတဲ့ ကဏန်းအစပ်ကို မြည်းစမ်းကြည့်ချင်နေတယ်။ ခဏနေကျရင် ငါတို့ နေ့လည်စာ အတူစားကြမလား။ စိတ်မပူပါနဲ့၊ ငါတို့သခင်လေးက အရမ်းဖော်ရွေပါတယ်” လက်ထောက်ဆိုင်ရှင်ယို့က ကဏန်းအစပ်ဟင်းပွဲပန်းကန်ကို သယ်ထုတ်လာရင်း ပြောလိုက်သည်။

 

“ကျွန်မတို့ အရင်ထွက်သွားဖို့ အကြောင်းပြချက်ရှာရမလား” ကျီကျောက်သည် သူမဘေးနားကလူထံမှ ရုတ်တရက် ထွက်ပေါ်လာတဲ့ ဖိအားကို ခံစားလိုက်ရပြီး တော်တော်လေး စိတ်ရှုပ်သွားသည်။

 

“မလိုပါဘူး” သူ့စိတ်ခံစားချက်တွေကို ချိန်ညှိပြီးနောက် ရှန်းယောင်က ခေါင်းခါလိုက်သည်၊ “တကယ်လို့ ကိုယ်တို့ ဒီလိုသာ ထွက်သွားလိုက်မယ်ဆိုရင် နောင်မှာ ကိုယ်တို့ အစ်ကိုယို့နဲ့ ဆက်ဆံရေး သေချာပေါက် ကျဲသွားလိမ့်မယ်။”

 

“ရှင်… တကယ်ပဲ စိတ်မရှိဘူးလား” ကျီကျောက်က သူ့ကို စိုက်ကြည့်လိုက်သည်။

 

တကယ်တော့ သူမသည်လည်း ချင်မင်ဟုန်၏ သူမအပေါ် စိတ်ခံစားချက်ရှိနေတာကို ခံစားမိပေသည်။

 

သို့သော် သူမသည် အလွန်စည်းကမ်းကြီးသူတစ်ဦးဖြစ်သည်။ အခု သူမ ကြိုက်နှစ်သက်သောသူသည် ရှန်းယောင်ဖြစ်သည်ကို သူမ ကောင်းကောင်း သိသောကြောင့် သူမသည် အခြားသော ယောကျာ်းသားများနှင့် အဆက်အသွယ် သိပ်မလုပ်ချင်ပေ။

 

“ကိုယ် စိတ်မရှိပါဘူး” ရှန်းယောင်က ရုတ်တရက် သူမ၏ လက်ကို ညှစ်လိုက်ပြီး သူမအနားကပ်လိုက်သည်။ သူက သူမ၏ နှုတ်ခမ်းပါးကို ညင်သာစွာ နမ်းပြီး “ကိုယ်တို့ တစ်ယောက်ကို တစ်ယောက် တံဆိပ်တုံးထုထားပြီးပြီမို့ ကိုယ် တကယ် စိတ်မရှိဘူး။” ဟု ပြောလိုက်သည်။

 

“ဟုတ်ပါပြီတဲ့ရှင်” ကျီကျောက်၏ မျက်နှာပေါ်တွင် ချိုမြိန်သော အပြုံးတစ်ပွင့် ပေါ်လာခဲ့ပြီး သူမ၏ မျက်ခုံးလေးတွေက ကွေးညွှတ်နေကော အလွန်အမင်းချစ်ဖို့ကောင်းနေသည်။

 

ပြတင်းပေါက်ရှေ့မှာ လက်နောက်ပစ်ပြီး မတ်တပ်ရပ်နေတဲ့ ချင်မင်ဟုန်က ကျိုင်းပင်အိုကြီး၏ ကြားကွပ်လပ်ကို ဖြတ်ပြီး ဒီမြင်ကွင်းကို မြင်လိုက်ရသည်။

 

ရှန်းယောင်က မိန်းကလေးအာ့ထောင်နှင့် မထိုက်တန်ဘူးဟု သူခံစားမိသည်။

 

ထို့ကြောင့် သူမသည် ပိုမိုကောင်းမွန်သော ရွေးချယ်မှုတစ်ခုနှင့် ထိုက်တန်ပေသည်။

 

ချင်မင်ဟုန်သည် ချက်ချင်းဆိုသလိုပင် သူ့အကြည့်တွေကို လွှဲဖယ်ကာ လေးထောင့်စားပွဲတွင် ဝင်ထိုင်ပြီး သူတို့ ရောက်ရှိလာမည့်အချိန်ကို တိတ်တဆိတ် စောင့်ဆိုင်းနေခဲ့သည်။

 

ဆယ့်ငါးမိနစ်လောက်ကြာတော့ လူလေးယောက် စားပွဲတွင် ဝိုင်းထိုင်ပြီးနောက် ချင်မင်ဟုန်က အရင်စကားစပြောလာခဲ့သည်၊ “မိန်းကလေးအာ့ထောင်နဲ့ ကျွန်တော်တို့ ဒီလောက်ကံစပ်လိမ့်မယ်လို့ မထင်ထားဘူး။”

 

“သခင်လေးချင်က ဒီဟုန်ရှင်းစားသောက်ဆိုင်ရဲ့ သခင်လေး ဖြစ်နေလိမ့်မယ်လို့ ကျွန်မလည်း မထင်ထားခဲ့ဘူး” ကျီကျောက်က ပြုံးပြီး တိုးသဲ့သဲ့ သက်ပြင်းချလိုက်သည်။

 

“ဒီလိုဆို ကျွန်တော်တို့ ဘာဖြစ်လို့ အတူမသောက်ရမှာလဲ” ချင်မင်ဟုန်က သူ့ရှေ့ရှိ ကျောက်စိမ်းဝိုင်ခွက်ကို အရင်ကောက်ကိုင်လိုက်သည်။ သူက နူးညံ့သိမ်မွေ့သောအပြုံးဖြင့် အကြံပြုလိုက်သည်၊ “မိန်းကလေးကျီ ဒါကို စမ်းသောက်ကြည့်လို့ရတယ်။ ဒီဟောသွန်းဝိုင်က ကျွန်တော် အကြာကြီး သိမ်းထားခဲ့တာ၊ ဒီဝိုင်က ချိုမြိန်ပြီး လုံးဝ မပူစပ်ဘူး။”

 

“ကျွန်မ သောက်တာနဲ့ မူးသွားလိမ့်မယ်” ကျီကျောက်က ယဉ်ယဉ်ကျေးကျေးပြုံးပြီး သူ့ကို ငြင်းပယ်လိုက်သည်၊ “သခင်လေးချင် ကျွန်မ ဝိုင်အစား ရေနွေးကြမ်းနဲ့ ဆုတောင်းပေးလို့ရမလား။”

 

“မိန်းကလေးကျီက မသောက်ချင်ဘူးဆိုတော့ ကျွန်တော် စိတ်မကောင်းဖြစ်သွားပြီ” ချင်မင်ဟုန်က စိတ်ပျက်သွားသလို ဟန်ဆောင်ပန်ဆောင် သက်ပြင်းချသည်။

 

“ကျွန်တော် သူ့အစား သောက်ပေးပါ့မယ်။”