အခန်း
(၁၄၉) – ကိုယ် ဆန္ဒရှိတယ်
အကြီးဆုံးမရီးရှန်းသည်
နို့ပူတင်းကို အရသာမြည်းစမ်းပြီးနောက် အရမ်းချီးမွမ်းခဲ့သည်။
“အာ့ထောင်
ဒါက အရသာရှိလွန်းတယ်မဟုတ်ဘူးလား။”
“အကြီးဆုံးမရီး
ညီမ အစ်ကိုကြီးကို ဒီနို့ပူတင်းပြုလုပ်နည်း သင်ပေးပြီးပြီ။ ဒါ့အပြင် ညီမ ဒီနေ့ သခင်မကြီးမားရဲ့
မွေးနေ့ပွဲမှာ ဒီနို့ပူတင်းကို ကြေငြာပေးဖို့ အိမ်တော်ထိန်းမားကိုပါ တောင်းဆိုခဲ့ပြီးပြီဖြစ်လို့
အစ်မနဲ့ အစ်ကိုကြီးတို့ ဒီနို့ပူတင်းကို ရောင်းချဖို့ သင့်တော်တဲ့ အချိန်ကို ရွေးချယ်ဖို့ပဲ
လိုတော့တယ်။ ဒါပေမယ့် နို့ပူတင်းကို ပြုလုပ်ဖို့ ပါဝင်ပစ္စည်းတွေရဲ့ ကုန်ကျစရိတ်က မြင့်မားတာဖြစ်လို့
အစ်မတို့ ဒါကို အရေအတွက် အကန့်အသတ်နဲ့ ရောင်းချသင့်တယ်။ ပြီးတော့ နို့ပူတင်းက တစ်ညကျော်သွားရင်
အရသာ ပျက်စီးသွားတတ်တယ်။”
“ပြောရရင်
ညီမ တွေးမိသမျှကို ချရေးပေးဖို့ ရှန်းယောင်ကို ပြောထားတယ်” ကျီကျောက်က ပြုံးပြီး ရိုးရှင်းတဲ့
အစီအစဉ်ကို အကြီးဆုံးမရီးရှန်း၏ လက်ထဲ ထည့်ပေးခဲ့သည်၊ “ဒါပေမယ့် အစ်မနဲ့ အစ်ကိုကြီးတို့
ဒီအစာသွပ်မုန့်ဆိုင်ကို လည်ပတ်နေတာ အချိန်အတော်ကြာပြီဖြစ်လို့ အစ်မတို့မှာ ကိုယ်ပိုင်အကြံဉာဏ်တွေက
ရှိကြဦးမှာပါ။”
“အာ့ထောင်
နင်က တကယ်ကြင်နာတတ်တာပဲ” အကြီးဆုံးမရီးရှန်းက အရမ်းကျေးဇူးတင်ပြီး ဘာပြောရမှန်းပင်
မသိချေ။ “တစ်ခါက အမေပြောဖူးတယ်၊ ညီအစ်ကိုရင်းတွေဖြစ်ပါစေ ငွေရေးကြေးရေးကိစ္စတွေကို
ပြတ်ပြတ်သားသားပဲ လုပ်သင့်တယ်တဲ့။ ဒီနို့ပူတင်းပြုလုပ်နည်းက နင့်ရဲ့ တစ်ဦးတည်းပိုင်ဆိုင်မှုပဲ။
နောင်ကျရင် ငါတို့ ဒီအချိုပွဲကနေ ရတဲ့ အမြတ်ရဲ့ ငါးဆယ်ရာခိုင်နှုန်းကို နင့်ကို ပေးမယ်။
နင် ဘယ်လိုထင်လဲ။”
အကြီးဆုံးမရီးရှန်းသည်
အမြဲတမ်းလိုလို စဉ်းစားတွေးခေါ်တတ်သောလူဖြစ်ပြီး သူမသည် ကျီအာ့ထောင်ကို ရင်ထဲကနေ လှိုက်လှိုက်လှဲလှဲ
ကျေးဇူးတင်မိသည်။
တင်းယွမ်ခရိုင်သည် မကြာသေးမီနှစ်များအတွင်း မိုးခေါင်ရေရှားမှုဒဏ်ကို ခံစားခဲ့ရသည်။
ခရိုင်အတွင်းရှိ လူအများစုသည် ခြိုးခြံချွေတာပြီး နေထိုင်ခဲ့ရကာ
အစာသွပ်မုန့်များကို ဝယ်စားဖို့ အပိုဝင်ငွေ မရှိကြပေ။ တကယ်လို့ အာ့ထောင်သာ အချိန်ကိုက်
ပေါ်ထွက်လာပြီး သူတို့၏ ဆိုင်အတွက် ချင်မိသားစုနှင့် အောင်မြင်စွာ စာချုပ်ချုပ်ဆိုနိုင်ခဲ့စေသည့်
မတ်ပဲအေးကိတ်နှင့် လမုန့် ပြုလုပ်နည်းတို့ကို မထုတ်ပေးခဲ့ဘူးဆိုလျှင် သူတို့ဆိုင် အခုချိန်လောက်ဆို
ပိတ်နေရလောက်ပြီ။
“အစ်မကြီး
ညီမတို့က မိသားစုဝင်တွေပဲ။ အစ်မကြီး ညီမကို ဘာဖြစ်လို့ အပြင်လူတစ်ယောက်လို ဆက်ဆံနေရတာလဲ”
ကျီကျောက်က သူမ၏ ပြောစကားကို အမြန်ငြင်းပယ်ခဲ့သည်၊ “အချိန်လည်း လင့်နေပြီ။ အပြင်မထွက်ရအချိန်ကိုလည်း
ရောက်တော့မယ်။ ရှန်းယောင်နဲ့ ညီမတို့ စားသောက်ဆိုင်ကိုပဲ အရင်ပြန်နှင့်လိုက်ပါဦးမယ်။”
အကြီးဆုံးမရီးရှန်း၏
တုံ့ပြန်မှုကို မစောင့်ဘဲ ကျီကျောက်သည် ရှန်းယောင်၏ လက်မောင်းကို ဆွဲကိုင်ပြီး ထွက်ပြေးသွားခဲ့သည်။
သူတို့၏
နောက်ကျောကိုကြည့်ရင်း အကြီးဆုံးမရီးရှန်းသည် ရယ်မောကာ စိတ်လှုပ်ရှားသွားခဲ့မိသည်။
လရောင်သည်
ရေကဲ့သို့ ငြိမ်သက်ပြီး တိတ်ဆိတ်နေသည်။
ကျီကျောက်သည်
ရှန်းယောင်နှင့် လက်ချင်းတွဲပြီး ချင်းဟယ်လမ်းပေါ်တွင် လမ်းလျှောက်ကာ ပျော်ရွှင်စွာ
တေးညီးလိုက်ပါသည်။
“မင်းက
ကိုယ့်ရဲ့ တစ်ဦးတည်းသောသူပဲဆိုတာ သေချာတယ်… ငါ မင်းကို ချစ်တယ်လို့ ဖုန်းထဲမှာ ပြောခဲ့တယ်…
ငါ မင်းကို တကယ်ချစ်တယ်…” ကျီကျောက်သည် သူမရဲ့ အကြိုက်ဆုံးသီချင်းကို တမင်တကာ မရေမရာ
တေးညီးခဲ့သည်။
သို့ရာတွင်
ရှန်းယောင်သည် သူမ စိတ်ပျော်ရွှင်နေကြောင်းကို ပြောနိုင်ပေသည်။
“အာ့ထောင်
မင်း ပျော်နေလား” ရှန်းယောင်က ရုတ်တရက် သူမ၏ လက်ဖဝါးကို ကုတ်လိုက်ပြီး နူးညံ့စွာ ပြုံးလိုက်သည်။
“အင်း၊
ကျွန်မ အရမ်းပျော်နေတယ်…” ကျီကျောက်သည် သူမ၏ နှုတ်ခမ်းပါးကို ပျော်ရွှင်စွာ ကွေးညွှတ်လိုက်သည်၊
“ဒီနေ့ မားအိမ်တော်မှာ ကျွန်မ ဆုလာဘ်အနေနဲ့ ငွေ ခြောက်လျန်း ရခဲ့တယ်။ ဒါ့အပြင် အစ်ကိုယို့ကလည်း
ကျွန်မတို့ကို ဆိုင်ငှားပေးမယ်လို့ အရင်က ပြောဖူးတယ်မလား။ သေချာပေါက် ပိုအရေးကြီးတာက
အကြီးဆုံးမရီးက ကျွန်မကို မမုန်းတော့ဘူး။”
“မင်း
အကြီးဆုံးမရီးရဲ့ အထင်အမြင်ကို ဘာဖြစ်လို့ ဒီလောက်တောင် အရေးစိုက်နေရတာလဲ” ရှန်းယောင်က
သိချင်စိတ်ပြင်းပြစွာ မေးလိုက်သည်။
“သူမက
ရှင့်မိသားစုဝင်ဖြစ်တာကြောင့်လေ” ကျီကျောက်သည် စဉ်းစားတွေးတောခြင်းမရှိ ချက်ချင်းဆိုသလို
ပြန်ဖြေခဲ့သည်၊ “ပြီးတော့ ကျွန်မ အမေ့ဆီကနေ အကြီးဆုံးမရီးနဲ့ ဒုတိယမရီးက ရှင့်ခြေထောက်ဒဏ်ရာကို
ကုသဖို့ သူတို့ရဲ့ ခန်းဝင်ပစ္စည်းတွေကို မဆိုင်းမတွ ထုတ်ပေးခဲ့တယ်လို့ကြားမိတယ်လေ။”
“သူတို့တွေက
ရှင့်ကို တကယ်ဂရုစိုက်ကြတဲ့ ရှင့်မိသားစုဝင်တွေမို့လေ။ ဒါကြောင့် သူတို့ ကျွန်မအပေါ်
ဘယ်လိုထင်လဲဆိုတာကို ကျွန်မ ဂရုစိုက်တယ်။”
ရှန်းယောင်သည်
ကျီကျောက်၏ ရည်ရွယ်ရင်းက သူ့အတွက်ကြောင့် ဖြစ်နေလိမ့်မည်ဟု မမျှော်လင့်ထားခဲ့မိပေ။
ဒီအချိန်မှာ
သူ့စိတ်ခံစားချက်တွေ အနည်းငယ် ရှုပ်ထွေးသွားခဲ့မိသည်။
“အာ့ထောင်”
ရှန်းယောင်က ရုတ်ခြည်းဆိုသလို လျှောက်လက်စ ခြေလှမ်းတွေကို ရပ်တန့်လိုက်ပြီး သူမနှင့်
မျက်နှာချင်းဆိုင်လိုက်သည်။ သူက အသက်ပြင်းပြင်း ရှုထုတ်ပြီး လေးနက်သော အကြည့်ဖြင့်
မေးလိုက်သည်၊ “မင်း ကိုယ့်ကို လက်ထပ်မိတဲ့အတွက် နောင်တရလား။”
“ရှန်းယောင်
နောင်ကျရင် ရှင် ကျွန်မကို လက်လွှတ်မှာလား” သူ့ကို အံ့အားသင့်သွားစေသည်မှာ ကျီကျောက်က
ပြန်ဖြေရမည့်အစား မေးခွန်းဖြင့် ပြန်တုံ့ပြန်လာခဲ့ခြင်းကိုပင်။
“ဟင့်အင်း”
“ဒါဆို
ရှင် ကျွန်မကို တစ်သက်လုံး ကောင်းကောင်းမွန်မွန် ဆက်ဆံပေး၊ ချစ်ပေးပြီး စောင့်ရှောက်ပေးဖို့
ဆန္ဒရှိလား။”
“ကိုယ်
ဆန္ဒရှိတယ်။”