Ch 143
Viewers 12k

အခန်း (၁၄၃) – မင်းမှာ အခွင့်အရေး မရှိဘူး

 

“မိန်းကလေးအာ့ထောင်က ထင်ရှားတဲ့ ရုပ်ဆင်းသွင်ပြင်နဲ့ နူးညံ့သိမ်မွေ့တဲ့ စိတ်နေစိတ်ထားရှိတယ်။ မင်းက သူနဲ့ မထိုက်တန်ဘူး” ချင်မင်ဟုန်က အပြုံးတစ်ပွင့်ဖြင့် အလေးအနက် ပြောလိုက်သည်။

 

ရှန်းယောင်က သူ့ကို လျစ်လျူရှုထားပြီး အကြည့်တစ်ချက်မျှ မပေးခဲ့ပေ။

 

ချင်မင်ဟုန်က သူ့နှာခေါင်းကို ကိုးရိုးကားရားနိုင်စွာ ပွတ်သပ်လိုက်သည်။ သူက ဝါဂွမ်းကို ထိုးနှက်လိုက်သလို ခံစားလိုက်ရသည်။

 

“အဲဒီနေ့က ကျွန်တော် မိန်းကလေးအာ့ထောင်ကို ပါးဖန်းခယ့်မှာ မြင်တွေ့ခဲ့တယ်။ သူမက အရမ်းစိတ်ဝင်စားဖို့ကောင်းတယ်” အဲဒီနေ့က မြင်ကွင်း သူ့စိတ်ထဲ ပြန်ပေါ်လာခဲ့သည်။ ချင်မင်ဟုန်က ပြုံးမိသွားပြီး သူ့အသံက ပိုလို့တောင် ပျော့ပြောင်းသွားခဲ့သည်။

 

“နောက်တော့ ကျွန်တော် သူမ အိမ်ထောင်ကျပြီးသားဆိုတာကို ရှာတွေ့ခဲ့တယ်။ ကျွန်တော် အနည်းငယ် စိတ်ပျက်သွားသလို ခံစားခဲ့ရတယ်” ရှန်းယောင်က သူ့ကို လျစ်လျူရှုထားတာတောင်မှ ချင်မင်ဟုန်က ဆက်ပြောနေခဲ့သည်၊ “အခု သူနဲ့ လက်ထပ်ထားတဲ့သူက ခင်ဗျားဆိုတာကို သိလိုက်ရတော့ ကျွန်တော် အရမ်းစိတ်ဓာတ်မကျတော့ဘူး။”

 

ငါ့ရှေ့ကလူက ခြေကျိုးတစ်ယောက်ပဲ။

 

ဒါက ကြောက်စရာကို မလိုတာပင်။

 

ရှန်းယောင်က သူ့စကားထဲက ခြိမ်းခြောက်ပြီး လှောင်ပြောင်တာကို ဘယ်လိုလုပ်ပြီး မကြားဘဲ နေမှာလဲ။ အခု သူနှင့် အာ့ထောင်တို့က တစ်ယောက်အပေါ် တစ်ယောက်ရဲ့ ခံစားချက်များကို ဖော်ပြပြီးဖြစ်လို့ သူ့မျက်လုံးထဲမှာတော့ သူ့ရှေ့ကလူက လူရွှင်တော်တစ်ယောက်ပါပဲ။

 

“မင်းမှာ အခွင့်အရေး မရှိဘူး” ရှန်းယောင်က ရုတ်တရက် ခေါင်းမော့ကြည့်ပြီး ပြုံးပြလိုက်သည်။

 

သူ့မျက်နှာပေါ်ရှိ အပြုံးရိပ်သည် အလွန်ယုံကြည်မှုလွန်ကဲနေသဖြင့် ချင်မင်ဟုန်ကိုတောင် အနည်းငယ် တွေဝေသွားစေခဲ့သည်။

 

စာအုပ် နှစ်အုပ်ကို ရွေးချယ်ပြီး ငွေရှင်းပြီးနောက် ရှန်းယောင်သည် စာအုပ်ဆိုင်မှ ထွက်ခွာခဲ့ပြီး သူ့အစ်ကို၏ အစာသွပ်မုန့်ဆိုင်သို့ သွားခဲ့သည်။

 

ဧည့်သည်များကို ဧည့်ခံနေသော အကြီးဆုံးအစ်ကိုရှန်းသည် သူ့တတိယညီ၏ မည်းမှောင်နေသော မျက်နှာကို မတော်တဆ လှမ်းမြင်လိုက်ရသည်။ သူက ရှန်းယောင်ထံ အလျင်စလို လျှောက်လာပြီး စိုးရိမ်တကြီး မေးလိုက်မိသည်၊ “စန်းလန် ဘာဖြစ်လို့လဲ။”

 

“ရာသီဥတုက ပူလို့ ကျွန်တော် နည်းနည်း စိတ်တိုနေတာ။ အစ်ကိုကြီး ကျွန်တော် မီးဖိုချောင်ထဲ ရေသွားသောက်လိုက်ဦးမယ်။” ရှန်းယောင်က သူ့ကို အကျဉ်းချုံး ရှင်းပြပြီး မီးဖိုချောင်ထဲ အလျင်စလို ဝင်သွားခဲ့သည်။

 

ရှန်းယောင်သည် ရေနှစ်လုတ်လောက်ကို တစ်ကျိုက်တည်း သောက်ချလိုက်သည်။ ထိုအခါမှသာ သူ့စိတ်ထဲမှ ဒေါသများကို မျိုသိပ်နိုင်သလို ခံစားလိုက်ရသည်။

 

မွန်းတည့်ချိန်နီးနေပြီ၊ သို့ပေမယ့် ကျီကျောက်ကတော့ မားအိမ်တော် မီးဖိုချောင်ထဲတွင် ရှိနေဆဲဖြစ်ပြီး ခြေမချနိုင်လုနီးပါး အလုပ်များနေခဲ့ပါသည်။

 

သိုးသားဂျယ်လီ အဆင်သင့်ဖြစ်ပြီဖြစ်သည်။ သူမသည် သိုးသားဂျယ်လီကို အတုံးသေးလေးတွေဖြစ်အောင် ဂရုတစိုက် လှီးဖြတ်လိုက်သည်။ ထို့နောက် သူမသည် ဆော့စ်တစ်ပန်းကန် ပြုလုပ်ကာ အဖြူရောင်ကြွေပန်းကန်ပြားပေါ်တွင် သိုးသားဂျယ်လီနှင့် ယှဉ်တွဲ အလှဆင်လိုက်သည်။

 

ခဏအကြာမှာတော့ ကျီကျောက်တစ်ယောက် အနားယူနိုင်ခဲ့ပြီး ပဲနီလေးယာဂု တစ်ပန်းကန်ကို ကိုင်ကာ မြိန်ရေရှက်ရေ သောက်သုံးခဲ့သည်။

 

သူမ၏ ဒီနေ့ မစ်ရှင် ပြီးဆုံးသွားခဲ့ပြီဖြစ်သည်။ သခင်မကြီးမား သူမ၏ အချက်အပြုတ်လက်ရာကို ကြိုက်နှစ်သက်သရွေ့ လက်ထောက်ဆိုင်ရှင်ယို့နှင့် သူမ အဆာပြေမုန့်ဆိုင် ဖွင့်လှစ်ဖို့ ဆွေးနွေးနိုင်ပါပြီ။

 

ကျီကျောက်သည် ဒီအကြောင်းကို ပိုတွေးလေလေ ပိုပျော်လာလေလေ ခံစားရသည်။ သူမ ဆိုင်ဖွင့်ပြီးသည်နှင့် ခြံဝန်း တစ်ခုနှင့် အိမ် တစ်အိမ် ဝယ်ဖို့ တတ်နိုင်ပါလိမ့်မည်…

 

ကျီကျောက်သည် အနာဂတ်အကြောင်း ဝမ်းသာအားရ တွေးတောနေစဉ် တံခါးအပြင်ဘက်မှ အလျင်စလို လျှောက်လာသော ခြေသံများကို ရုတ်တရက် ကြားလိုက်ရသည်။

 

အိမ်တော်ထိန်းမားသည် မီးဖိုချောင်ထဲ အလျင်စလို ဝင်လာပြီး ဝမ်းသာအားရ ပြောလာခဲ့သည်၊ “မိန်းကလေးအာ့ထောင် သခင်မကြီးမားက မင်းရဲ့ သိုးသားဂျယ်လီဟင်းပွဲကို မြည်းစမ်းကြည့်ပြီး အဆုံးမရှိ ချီးကျူးနေတယ်။ သူက ဒီဆုလာဘ်ကို မင်းဆီ ပို့ပေးဖို့ ငါ့ကို အထူးတလည် စေလွှတ်ခဲ့တယ်။”

 

“သခင်မကြီးက အရမ်းကြင်နာလွန်းတယ်” ကျီကျောက်က ခပ်ဖျော့ဖျော့ပြုံးပြီး သူမ၏ မျက်ဝန်းထဲ အံ့အားသင့်ရိပ် ဖြတ်ပြေးသွားခဲ့သည်။

 

စားဖိုမှူးတစ်ယောက်အတွက် အကြီးမားဆုံးအောင်မြင်မှုမှာ သူမ၏ ဟင်းချက်လက်ရာအပေါ် ဧည့်သည်များ၏ အသိအမှတ်ပြုခြင်းပင် ဖြစ်သည်။

 

အိမ်တော်ထိန်းမာ၏ စိတ်အားထက်သန်မှုကို မခံနိုင်တော့ဘဲ ကျီကျောက်သည် ငွေ နှစ်လျန်းကို လက်ခံလိုက်ရသည်။ သို့ပေမယ့် သူမသည် အဆိုပါငွေများကို အိမ်တော်ထိန်းမာအား ပြန်ပေးခဲ့သည်။

 

“မိန်းကလေးအာ့ထောင်…” မာထုန်က စိတ်ရှုပ်ထွေးစွာ မျက်ခုံးပင့်လိုက်သော်လည်း ငွေကို ကိုင်ထားသည့် လက်တို့ကိုတော့ မလွှတ်လိုက်ပေ။

 

“အိမ်တော်ထိန်းမာရဲ့ ဂရုစိုက်ပေးမှုသာ မရှိဘူးဆိုရင် ကျွန်မရဲ့ ဟင်းချက်လက်ရာကို ပြသဖို့ မားအိမ်တော်ကို လာခွင့်ရမှာ မဟုတ်ဘူး။ ဘာပဲဖြစ်ဖြစ် ဒီငွေတွေကို ရှင် လက်ခံရမယ်။ ဒါကလည်း ကျွန်မရဲ့ သိတတ်မှုပါပဲ။”

 

“မိန်းကလေးအာ့ထောင်၊ မင်းက ယဉ်ကျေးလွန်းနေပါပြီ…” မာထုတ်က နုံအစွာ ပြုံးပြီး ငွေ နှစ်လျန်းကို သူ့အင်္ကျီလက်ထဲ ထည့်လိုက်သည်။

 

“ဒါနဲ့ စကားမစပ် ဒီနေ့ သခင်မကြီးရဲ့ မွေးနေ့ပွဲကို သူဌေးတွေ အများကြီး တက်ရောက်လာခဲ့တယ်။ မိန်းကလေးအာ့ထောင် မွေးနေ့ပွဲမပြီးခင် ဘာဖြစ်လို့ အဆာပြေမုန့်တချို့ပြုလုပ်ပြီး ဖြန့်ဖြူးမရောင်းချတာလဲ။” ငွေ နှစ်လျန်း လက်ခံပြီးချိန်မှာ မာထုန်က သူမကို သဘာဝအတိုင်း အကြံများပင် ပေးလာခဲ့သည်၊ “ကျွန်တော် လက်ထောက်ဆိုင်ရှင်ယို့ဆီကနေ မိန်းကလေးအာ့ထောင်ရဲ့ ခင်ပွန်းရဲ့ အစ်ကိုကြီးက အစာသွပ်မုန့်ဆိုင် ဖွင့်ထားတယ်ဆိုတာကို ကြားခဲ့ရတယ်။”